"ဧည့်သည်"

လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့
လက်တွဲခေါ်ကာ အဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင်ခက်နွယ် - နှောင်ကြိုးသွယ်ကြ
ပြုံးရယ်မဲ့ငို - ချစ်မုန်းပိုကြ
မလိုဒေါသ - လိုလောဘနဲ့
ဘ၀ရိပ်မြုံ - ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် - လက်တွဲဖြုတ်ကာ
သုတ်သုတ်ဆောလျင် - ခရီးနှင်သည်
တို့များ ' ဧည့်သည် ' ပါတကား။

"သင်သိပြီးပြီလား"

သင့်အတွက်သစ္စာပြုရန် ကောင်းမှုမည်မျှရှိနေမည်လဲ။
လမ်းပြရှင်အစစ်ရဲ့ဝါဒကို မည်မျှလိုက်နာခဲ့ဘူးသလဲ။
လွတ်မြောက်ခြင်းအစစ်ကို မည်မျှတွေ့ရှိရှာဖွေပြီးပြီလဲ။
သာသနာစောင့်ရှောက်သူအစစ်ကို မည်မျှကူညီကြမည်လဲ။
ဘ၀အတွက်တီထွင်ပေးသူအစစ် (သင့်မှာ) မည်မျှရှိပြီလဲ။
အားကိုးရာအစစ်ကား-သစ္စာ လမ်းပြရှင်အစစ်က-ဗုဒ္ဓ
လွတ်မြောက်ရန်အစစ်က-ဓမ္မ သာသနာမကွယ်ပျောက်အောင်
စောင်ရှောက်သူအစစ်က-သံဃာ ဘ၀အတွက်အကောင်းဆုံး
တီထွင်ပေးသူအစစ်က-သဒ္ဓါ
ဒီအနှစ်ငါးပါးကိုသိရှိနားလည်ထားသူအတွက်ကတော့
အမှားဆိုတာလည်းမရှိ၊အဆိုးဆိုတာလည်းမပါ
ကြောက်ထိတ်လန့်စရာကင်းကွာပြီး
လွတ်ငြိမ်းချမ်းသာမှုအစစ်ကိုဧကန်ရကြမည်မလွဲပါ
မေးနိုင်သလို ဖြေနိုင်ကြပါစေ။

"ပြောသလိုလုပ်မှသူတော်ကောင်း"

သတိအကြောင်း၊ ၀ိပဿနာအကြောင်းတွေ
ဖောင်ဖောင်ကြီးပြောနေပေမဲ့
စိတ်နေစိတ်ထားရော
ကိုယ်ကျင့်တရားနဲ့ ကိုယ်နှုတ်အမူအရာရော
ပြောင်းလဲတိုးတက်လာမှုမရှိဘူးဆိုရင်
အဲဒီလူဟာ
ချူန်းပြီးမရွာတဲ့မိုးနဲ့တူတူပါပဲ။