စိတ်သည် မြင်နိုင်ခဲ၏။ သိမ်မွေ့၏။ မိမိနှစ်သက်ရာ အာရုံကို အာရုံပြုလေ့ရှိ၏။ ပညာရှိသည် မိမိ၏စိတ်ကို စောင့်ထိန်းရ၏။ အကယ်၍သာ... မိမိ၏စိတ်ကို စောင့်ထိန်းနိုင်ခဲ့သော် ထိုစိတ်သည် ချမ်းသာကို ဆောင်၏။

(ဓမ္မပဒ-သာသနာတော်၌ ငြီးငွေ့သော ရဟန်တစ်ပါး ၀တ္ထု)
စိတ်သည် ဆုံးမရန် အလွန်ခက်၏။ အလွန်လျှင်မြန်၏။ ရောက်ချင်ရာသို့ ရောက်တတ်၏။ ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်နိုင်၏။

ဓမ္မပဒ(မာတိကမာတာဝတ္ထု)

ရခြင်းအကြောင်းတရား(၄) ပါး...

ပညာရှိထံ၊ ရိုကျိုးနွံ၍၊ နည်းခံသင်မှ၊ ပညာရ၏။
ထကြွလုံ့လ၊ ဥဋ္ဌာနဖြင့်၊ လုံ့လရှိမှ၊ ဥစ္စာရ၏။
မခွနှုတ်လျှာ၊ မှန်ကန်စွာလျှင်၊ သစ္စာတည်မှ၊ ကျော်စောရ၏။
ကိုယ်ကဥစ္စာ၊ စွန့်လွှတ်ကာလျှင်၊ မေတ္တာရှေး၍၊ ပေးကမ်းတတ်မှ၊
ကုသိုလ်ရ၏။

(မဃဒေ၀လင်္ကာ)
ဖြစ်ပြီးအဟောင်း ၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်းစား ၊ မငြီးတွားနှင့်။ နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော ၊ စိတ်မမောနှင့်။ ဖြစ်ဆဲဧကန် ၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ ၊ နေစမ်းပါလော့။ သို့ပါလေမှ ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ ၊ ချမ်းသာလာလိမ့်။

“ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ”
အတွေးအခေါ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။ အတွေးအခေါ်ပညာနည်းတဲ့ပုဂ္ဂိုလ်ကကျ ကိုယ်ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။ အတွေးအခေါ်ပညာမရှိတဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။

ဆရာတော် အရှင်ဇ၀န