မိတ်ဆွေစစ် (ဥပကာရ မိတ်ဆွေ) လေးမျိုး

(၁) မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
(၂) မူးယစ်နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
(၃) ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
(၄) ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လာက အကူအညီ တောင်းခံသည်ထက် နှစ်ဆတက်သော စည်းစိမ် အထောက်အပံ့ ပေးတတ်၏။

ဆောင်ပုဒ်။ ။ မေ့လျော့စောင့်လှာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊ နှစ်ဆဥစ္စာ ၊ ချေးပေးလှာသည်၊ လေးဖြာ ဥပကာရတည်း။

(ဆရာတော်ဦးဗုဓ်)

"သံဝေဂလင်္ကာ"

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။