“ကမ္ဘာပျက်သည်ဆိုရာဝယ်”

ကမ္ဘာကြီးပျက်မယ် ဆိုတဲ့ အကြောင်းကို ကြားသိကြရတော့ အနည်းနဲ့ အများတော့ တုန်လှုပ်ကြတာတွေ ဖြစ်ကြပါတယ်။ တခါတည်း ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ပြီး ပုံမှန်အတိုင်းနေထိုင် နေတဲ့သူတွေလဲ အများကြီးပါ။ ဒီအကြောင်းတွေက အဓိက မကျပေမဲ့ လူအများစုတော့ စိတ်လှုပ်ရှားစေခဲ့တယ်။ ကမ္ဘာပျက်မယ်ဆိုတော့ အရိုးရှင်းဆုံးပြောရရင် ကျနော်တို့ သေတော့မှာလို့ ဆိုလိုတာပါပဲ။ သေခြင်းတရားကို ပုထုဇဉ် လူသားတိုင်း ကြောက်ကြတာအမှန်ပါ။ အမှန်တော့ ကျနော်တို့ရဲ့ ရှည်လျားလွန်းတဲ့ သံသရာခရီးမှာ အကြိမ်ကြိမ် သေခဲ့ရပါတယ်။ သေနည်းမျိုးစုံနဲ့ သေခဲ့ရပါတယ်။ ဒီလို မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေနဲ့ ဖြတ်သန်းလာခဲ့ရတာ ဘ၀ပေါင်း မရေတွက်လောက်အောင်ပါပဲ။ ဒါတွေက ခန္ဓာရလာလို့ဖြစ်ရတဲ့ ဒုက္ခတွေပါ။ ကျနော်တို့ အဓိက လုပ်ဆောင်ရမှာက ထို ဒုက္ခအပေါင်းက လွတ်မြောက်ရာဖြစ်တဲ့ နိရောဓ သစ္စာကို ဆိုက်ရောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက နဲ့ သာမည ကို ပိုင်းခြားသိရပါမယ်။ မိမိရဲ့နေ့စဉ် ဘ၀မှာ ကုသိုလ်ကောင်းမှု တွေသာ လုပ်ဆောင်ဖို့၊ မမေ့မလျော့ဖို့၊ အဓိက ကျပါတယ်။ ကမ္ဘာပျက်မှာ မပျက်တာက မသေချာဘူး။ မိမိ ခန္ဓာ ပျက်ရမှာတော့ သေချာပါတယ်။


“သဗ္ဗေသင်္ခါရာ အနိစ္စာ” လို့ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အားလုံးသော ဖြစ်ဖြစ်သမျှ အရာဝတ္ထုတို့သည် ပျက်စီးခြင်းသဘော ရှိကြပါတယ်။ သတ္တ၀ါတွေနေထိုင်တဲ့ ကမ္ဘာကြီးလဲ တနေ့ကျရင်တော့ ပျက်စီးရမှာပါ။ ကမ္ဘာပျက်ခါနီး နှစ် တစ်သိန်းအလိုမှာ နတ်တွေက “ကမ္ဘာပျက်လိမ့်မည်” လို့ကြွေးကြော်ကြပါတယ်။ နတ်တွေ ကြွေးကြော်သံကြားတဲ့ သတ္တ၀ါတွေက အရင်ကလို မမေ့မလျော့ကြပဲ ကုသိုလ်တရားတွေ ပွားများအားထုတ် တာကြောင့် ကမ္ဘာပျက်ခါနီးမှာ အားလုံးက ဗြဟ္မာ့ဘုံရောက်ဖို့ ဈာန်တရားတွေ ရရှိကြပါတယ်။ ကမ္ဘာပျက်ဖို့ အကြောင်းမှာ မီး၊ ရေ၊ လေ စသဖြင့် ၃ မျိုးရှိပါတယ်။ မီးကြောင့်ပျက်ရမဲ့ ကမ္ဘာမှာ ပျက်ချိန်တန်ရင် နေ ၂ စင်း ပေါ်လာပါမယ်။ နေ အသစ်က ည အခါမှာ ဆက်လက် တက်လာသဖြင့် အဲဒီအချိန်မှာ နေ့ အခါ၊ ညအခါ လို့မရှိတော့ပါဘူး။ ထို့နောက် ၃ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ မြစ်ကြီးတွေမှာ ရှိတဲ့ ရေတွေ ခမ်းခြောက်မယ်။ ၄ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ဟိမ၀န္တာတော အတွင်းမှာရှိတဲ့ အိုင်ကြီး ၇ အိုင်လဲ ခြောက်ခမ်းရမယ်။ ၅ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ သမုဒ္ဒရာရေတွေ ခြောက်ခမ်းမယ်။ ၆ စင်းမြောက် နေထွက်လာတဲ့ အချိန်မှာ ကမ္ဘာလောကမှာ အစိုအစေး ဓာတ်တွေ လုံးဝမရှိတော့ဘူး။ ၇ စင်းမြောက် နေထွက် လာတဲ့ အချိန်မှာ ကမ္ဘာလောကမျိုး တစ်သိန်းမျှ မီးဟုန်းဟုန်းထတောက်ပါမယ်။ ကာလအတန်ကြာ တောက်လောင်တဲ့ မီးဟာ ပထမဈာန် ဗြဟ္မာ့ဘုံအထိ တောက်လောင်တဲ့ အတွက်ကြောင့် နတ်ပြည် ၆ ထပ်လဲ မီးလောင် ပျက်ဆီးရပါတယ်။ မီးလောင်စရာ မရှိတဲ့ ပြာမှုန့် အထိ မကျန်တော့မှ ကမ္ဘာပျက်ခြင်း ပြီးပါတယ်။ (ရေဖျက်၊ လေဖျက်ဖို့ အလှည့်မှာလဲ ဆားငန်ရေထိပြီး ဆွေးမြည့်ကြေရပုံ၊ လေမုန်တိုင်းကျ၍ ကြေမွကြရပုံ တို့ကို သိကြပါ)။ ထိုသို့ ကမ္ဘာပျက်နေတဲ့ အချိန်ဟာ အန္တရကပ် ၆၄ ကပ် ကြာပါတယ်။ (၁၀နှစ်တမ်းမှ တဖြည်းဖြည်း တက်၍ အသက် အသင်္ချေတမ်းသို့ရောက်၊ ထို အသင်္ချေတမ်းမှ ၁၀နှစ်တမ်းသို့ရောက်၊ ထိုသို့ တက်ကပ်၊ ဆုတ်ကပ် တစ်စုံကို အန္တရကပ် လို့ခေါ်ပါတယ်)။
ကမ္ဘာပျက်မှာသည် နှောင်နှစ်ပေါင်းများစွာ လိုပါသေးတယ်။ နောက်ထပ် အရိမေတ္တယျ ဘုရားရှင် ပွင့်ပြီးမှ ကမ္ဘာလောက ပျက်ဆီးခြင်းသို့ ရောက်ပါမယ်။ အရိမေတ္တယျဘုရားရှင် ပွင့်ဖို့သည် အချိန်ကာလများစွာ လိုပါသေးတယ်။ ယခုပြောနေကြသော ကမ္ဘာပျက်ခြင်း ဆိုသည်မှာ ကမ္ဘာကြီး ဆိတ်သုန်းလောက်အောင် ပျက်ဆီးခြင်းမျိုး မဖြစ်နိုင်ပါဘူး။ အနည်းငယ်ပျက်စီးချင် ပျက်စီးပါလိမ့်မယ်။ ပျက်စီးချင်မှလဲ ပျက်စီးမယ်။ ဒီအကြောင်းတွေပြောပြီး ဖန်ဆင်းရှင်ဝါဒ၊ ကယ်တင်ရှင်ဝါဒတွေက သူတို့တွေရဲ့ ဘုရားက ကယ်နိုင်မယ်ဆိုပြီး သိမ်းသွင်းတာမျိုး ဖြစ်လာနိုင်တယ်။ အရင်ကလဲ ဒီလို ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအချက်တွေကို သတိထားကြစေချင်ပါတယ်။ ကမ္ဘာ့နေရာ အသီးသီးမှာ စစ်ဖြစ်နေတာတွေ၊ ငလျင်လှုပ်တာတွေ၊ မုန်တိုင်းတိုက်တာတွေ၊ ဆူပူသောင်းကျန်း နေတာတွေသည်လဲ ပျက်ဆီးခြင်းတွေပါပဲ။
မည်သို့ပင် ဆိုကြပါစေ… ကျနော်တို့တွေက အချိန်တိုင်း သေခြင်းတရားကို ဆင်ခြင်ပြီး မိမိမှာ ကောင်းမှုတွေ လုပ်နေရမယ် ဆိုတာ သိပြီးသားပါပဲ။ ကုသိုလ်ကောင်းမှုတွေမှာ မေ့လျော့နေတဲ့သူကို သေနေတဲ့ သူလို့ ခေါ်ဆိုထိုက်ပါတယ်။ “ကုသိုလ်မယူ အသက်ရှူ၊ ထိုသူ သေလို့နေတော့သည်၊ ကုသိုလ်လဲယူ အသက်ရှူ ထိုသူမသေ၊ ရှင်တော့သည်” လို့ ဆိုပါတယ်။ ကုသိုလ်ဆိုတာ တကူးတက လုပ်ယူနေရတာမျိုးမှ ဆိုနိုင်တာမဟုတ်ပါဘူး။ မိမိတို့နေ့စဉ် သွားလာနေထိုင်နေတဲ့ အပေါ်မှာ သတိလေးရှိပြီး လုပ်ဆောင်နေမယ်၊ မိမိ စိတ်အစဉ်ရဲ့ ဖြစ်မှု၊ ပျက်မှု သဘောတရားလေးတွေကို သိပေးနေမယ်၊ မိမိခန္ဓာကပြတဲ့ ဖောက်ပြန်မှု သဘောလေးတွေကို ပေါ်လာတိုင်း အပျက်သဘောပဲ ရှိပါလား ဆိုတာ သိပေးနေရင် မိမိအတွက် အကောင်းဆုံး နေနည်းဖြစ်ပါ တယ်။ သာသနာတွင်း ကာလမှသာ ဒီသဘောတရားတွေကို သိခွင့်ရကြရတာပါ။ ယခုအချိန်လို သာသနာနဲ့ ကြုံနေစဉ်၊ မိမိတို့မှာ အားထုတ်နိုင်တဲ့ ခန္ဓာနဲ့ တရားတွေကို သိနိုင်တဲ့ ဉာဏ်ပညာရှိနေလျက်နဲ့ မကျင့်ကြံကြ ရင်တော့ အကြိမ်ကြိမ် သေကြရဦးမယ် မှတ်ပါ။ ကမ္ဘာလောက ပျက်မယ်ဆိုတာကြားတာနဲ့ ငါကြားလိုက်တဲ့ ကြားသိစိတ်လေးက ဖြစ်ပြီး ပျက်သွားပါလား ဆိုတဲ့ အသိလေးရအောင် ကျင့်လိုက်ကြပါ။
တဆက်တည်းပြောလိုသည်မှာ ဒီကမ္ဘာပျက်ပြီးလို့ နောက် ဖြစ်လာမဲ့ ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ ဘုရားမပွင့်တဲ့ ကမ္ဘာပါ။ နောက်ဘုရားရှင်၏ သာသနာတော်ကို မမှီလိုက်ရင်တော့ တရားနဲ့က ပိုပြီး ဝေးရဦးမှာပါပဲ။ ထို့အတူ အကြိမ်ကြိမ် သေရဦးမှာပါပဲ။ အခုအချိန်မှာ အားထုတ်ကျင့်ကြံမှသာ ယခုဘ၀မှာ တရားမရခဲ့ရင်တောင် နောက်ဘုရားသာသနာနဲ့ တွေ့ရဖို့ အတွက် ကျေးဇူးပြုနိုင်တယ်။ ယခုလဲ မကောင်းမှု ဒုစရိုက်တွေနဲ့သာ မွေ့လျော်ကြရင်တော့ မသေချာလှပါဘူး။

“ကျန်ရှိနေတဲ့ အချိန်မှာ အဓိကနှင့် သာမည ခွဲခြားသိရှိပြီး မိမိ ရုပ်၊ နာမ်တွေရဲ့ ဖြစ်ပျက် အစဉ်ကို ထိုးထွင်းသိမြင်နိုင်တဲ့၊ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ။”


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


“သံဃာ့ဂုဏ်ရည် -၂” အပိုင်း (၁)

သံဃာ့ဂုဏ်ရည် အပိုင်း(၂) တရားတော်ကို ဆက်လက်နာယူကြပါ။ နာတဲ့ အတိုင်းလဲ သိကြပါစေ။ သိတဲ့ အတိုင်းလဲ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

video

“သံဃာ့ဂုဏ်ရည် -၂” အပိုင်း (၂)

video

“သံဃာ့ဂုဏ်ရည်” အပိုင်း(၁)

သံဃာတော် အရှင်သူမြတ်များသည် ထေရ၀ါဒ သာသနာတော်ကို တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရပါတယ်။ ယနေ့အချိန် ကျနော်တို့တွေသည် စစ်မှန်သော တရားနည်းလမ်းတွေ လေ့လာသိရှိခွင့်၊ နာကြားခွင့်၊ ကျင့်ကြံအားထုတ်နိုင်ခွင့် ရရှိနေခြင်းမှာ သံဃာတော်များ၏ ကျေးဇူးကြောင့်ပင် ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်သည် ဘေးဒုက္ခအားလုံးမှ လွတ်မြောက်ရာ တရားနည်းလမ်းများကို လမ်းညွှန်ဟောကြား ဆုံးမတော်မူခဲ့သလို၊ လောကအတွင်း နေထိုင်နည်း၊ စီးပွားရှာနည်း၊ လူသားတို့ တိုးတတ်နည်း စတဲ့ လောကကြီး အေးချမ်းသာယာစေမည့် တရားနည်းလမ်းများကိုလဲ ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားတော်များကို သံဃာတော်များကပင် ပြန်လည်ဟောကြား ဆုံးမတော်မူကြပါတယ်။ ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူသော “သံဃာဂုဏ်ရည် တရားတော်” ကို အားလုံးနာကြားသိရှိ လိုက်နာစေချင်ပါတယ်။
ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားသောတရားများကို အောက်ပါလင့်မှာ ကူးယူနိုင်ပါတယ်။


video

“သံဃာ့ဂုဏ်ရည်” အပိုင်း(၂)

video

“ဘာကြောင့် မငြိမ်းချမ်းကြပါသလဲ..?”

မကြာခင်က ဘလော့တခုမှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဆူပူမှုတွေ အကြောင်းရေးထားတာ ဖတ်မိပါတယ်။ ထို့အတူ ကမ္ဘာအရပ်ရပ်မှာလဲ စစ်တွေဖြစ်လိုက်၊ ဆူပူမှုတွေဖြစ်လိုက်နဲ့ တကယ့်ငြိမ်းချမ်းမှုကို ခံစားခွင့်ရတာ နည်းပါးကြပါတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေကြလဲ? လူတွေအသီးသီး မငြိမ်းချမ်းရခြင်းဟာ လူတိုင်းခေတ်ပညာ မတတ်လို့၊ စာ၊ ၀တ်၊ နေရေး မဖူလုံလို့၊ မချမ်းသာကြလို့ ဟုပြောဆိုကြသည်မှာ တစိတ်တဒေသ အားဖြင့် မှန်ပါတယ်။ လုံးဝ မှန်ကန်တယ်လို့တော့ မဆိုနိုင်ပါ။ စားဝတ်၊ နေရေးပြည့်စုံနေတဲ့ သူတွေသည်လဲ ငြိမ်းချမ်းမှုကို မရနိုင်ကြသေးပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ပူလောင်နေကြတာပါပဲ။ သိပ္ပံပညာ တိုးတတ်မှုတွေသည်လဲ သွားလာ၊ ဆက်သွယ်ရာမှာ လွယ်ကူစေတဲ့ အထောက်အပံ့တော့ ဖြစ်စေပါတယ်။ တကယ့်ငြိမ်းချမ်းမှု အစစ်မှန်ကိုတော့ ပေးဆပ်နိုင်စွမ်းမရှိပါဘူး။


ထိုမငြိမ်းချမ်းရခြင်း၏ အရင်းအမြစ်ကတော့ “ကိလေသာ” ထူထပ်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့ ကိလေသာ ထူတဲ့သူတွေကိုပဲ “ပုထုဇဉ်” လို့ခေါ်ပါတယ်။ အကျယ်အားဖြင့် ကိလေသာ ၁၅၀၀ ရှိပါတယ်။ (အချစ် ၁၅၀၀ ဆိုသည်မှာ ကိလေသာ ၁၅၀၀ ကိုပြောခြင်းပါ)။ အကျဉ်းအားဖြင့်တော့ ၁၀ပါး ရှိပါတယ်။
(၁) လောဘ = လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ = အမျက်ထွက်ခြင်း။
(၃) မောဟ = မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
(၄) မာန = ထောင်လွှား၊ မော်ကြွားခြင်း။
(၅) ဒိဋ္ဌိ = အယူလွဲမှားခြင်း။
(၆) ၀ိစိကိစ္ဆာ = ယုံမှားခြင်း၊ သံသယဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
(၇) ထိန = ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်း။
(၈) ဥဒ္ဓစ္စ = စိတ်ပြန့်လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
(၉) အ ဟီရိက = အကုသိုလ်ပြုရန် မရှက်ခြင်း။
(၁၀) အ နောတ္တပ္ပ = အကုသိုလ်ပြုရန် မကြောက်ခြင်း တို့ဖြစ်ကြပါတယ်။
ပုထုဇဉ် ဆိုရင် လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ်၊ ဗြဟ္မာပဲ ဖြစ်ဖြစ်၊ မြေလျှိုး မိုးပျံနိုင်တဲ့ သူပဲဖြစ်ဖြစ် ယခု ပြောခဲ့တဲ့ ကိလေသာ ၁၀ပါး ရှိနေပါတယ်။
ကိလေသာကို အမျိုးအစားအားဖြင့်လည်း ခွဲလို့ရပါသေးတယ်။
ကိလေသာ (၃)မျိုး၊
(၁) ၀ီတိက္ကမ ကိလေသာ - အကြမ်းစားကိလေသာ။ အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် လောဘ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ - အလတ်စားကိလေသာ။ မနောဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ - အနုစားကိလေသာ။ သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
“မနောဒွါရ” မှ အလွန်ကြမ်းတမ်းစွာ ထကြွသောင်းကျန်း လှုပ်ရှားကြတဲ့ “၀စီဒုစရိုက်” တွေ၊ “ကာယဒွါရ” မှ အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ “ကာယဒုစရိုက်” တွေကို “၀ီတိက္ကမ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာတွေ ထကြွခြင်းကို မျက်မြင်အားဖြင့် လူတိုင်းပဲ သိနိုင်ပါတယ်။
ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ လှုပ်ရှားထကြွခြင်း၊ သောင်းကျန်းခြင်း မရှိသေးပဲ စိတ်မှာသာ ထကြွနေတဲ့ “ဒေါသ” စတဲ့ တရားတွေကို “ပရိယုဌာန ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေသာ သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေးပဲ၊ စိတ်သန္တာန်မှာ အမြဲကိန်းနေတဲ့ လောဘ၊ ဒေါသ စတဲ့တရားတွေကို “အနုသယ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမှတပါး ဘယ်သူမှ မမြင်နိုင်၊ မသိနိုင်ကြပါ။
ဝီတိက္ကမ ကိလေသာ နဲ့ ပရိယုဌာန ကိလေသာကို သာသနာပ ကာလမှာလဲ ပယ်သတ်နိုင်ကြပါတယ်။ အနုသယ ကိလေသာ ပယ်သတ်နည်းကိုတော့ ဘုရားရှင် ပွင့်တော်မူမှာသာ သိကြရပါတယ်။ ဗုဒ္ဓ၏ သာသနာတော်နှင့် ကြုံပါသော်လဲ၊ “မကြိုက်တဲ့ပုဂ္ဂိုလ်”၊ “မလိုက်နာတဲ့ပုဂ္ဂိုလ်”၊ “မထိုက်တဲ့ ပုဂ္ဂိုလ်” တွေက တော့၊ သိရှိလိုက် ကျင့်သုံးနိုင်ခြင်း မပြုကြပါ။
ကိလေသာ ၁၀ပါး တိုရဲ့ခေါင်းဆောင်ကတော့ “ဒိဋ္ဌိ” ပဲဖြစ်ပါတယ်။ ဒိဋ္ဌိဆိုတာလဲ “အတ္တဒိဋ္ဌိ” (ငါစွဲ) ကိုဆိုလိုပါတယ်။ သူရဲ့နောက်မှာတော့ “တဏှာ” နဲ့ “မာန” က ကပ်ပြီးပါလာပါတယ်။ ထိုသုံးခု ပေါင်းလိုက် ပြီးတော့ “ပပဉ္စတရား ၃ပါး” (သံသရာနယ်ချဲ့တရား) လို့ ဆိုပါတယ်။ ယခုအချိန်မှာ “အတ္တဒိဋ္ဌိ” (သို့မဟုတ်) “သက္ကာယဒိဋ္ဌိ” ခေါင်းဆောင်ကြီးကို မနှိမ်နင်းနိုင်လို့ သူရဲ့တွဲဘက်၊ ရဲဘော်ဖြစ်ကြတဲ့ “တဏှာ”၊ “မာန” တို့ ထကြွသောင်းကျန်းတာကို ခံနေကြရပါတယ်။ တကမ္ဘာလုံး ငြိမ်းချမ်းရေးမရခြင်းရဲ့ အမြစ်ဟာ ထို ဒိဋ္ဌိကြီး ကြောင့်ဖြစ်တယ်ဆိုတာ ကောင်းစွာသိထားဖို့ လိုပါတယ်။ သံသရာတလျောက်လုံးမှာလဲ ထို “အတ္တဒိဋ္ဌိ” ခေါင်းဆောင်တဲ့ “ပပဉ္စအဖွဲ့ကြီး”က အောက်အ၀ီစိ တိုင်အောင် နယ်ချဲ့တတ်ပါတယ်။ ၃၁ ဘုံက မလွတ်သ၍ ဘယ်ပုထုဇဉ်မှာ လွတ်လပ်ရေးမရနိုင်ကြပါ။ အို၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ ဘေးကြီးတွေနဲ့ ပြေးမလွတ်နိုင်အောင် ရင်ဆိုင်တွေ့ကြရမှာပါပဲ။ (ဗုဒ္ဓဟောကြားတဲ့ တရားတွေကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ထားမှသာ စိတ်ချရပါမယ်)။ “မွဲ၊ ကွဲ” ဆိုတာကတော့ ဘယ်လောက်ချမ်းသာတဲ့ သူပဲဖြစ်ပစေ သေတဲ့အခါကျရင် ပိုင်ဆိုင်သမျှထားခဲ့ရတာပါ။ လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်နဲ့သာ သွားရှာရပါတော့တယ်။ ဒါကြောင့် သူ့ထက် “မွဲ” တဲ့သူမရှိတော့ပါ။ မိမိချစ်ခင် မြတ်နိုးတဲ့ သား၊ မယား၊ ဆွေမျိုး တွေနဲ့လဲ ခွဲခွာသွားရ တဲ့အတွက် “ကွဲ” တယ်လို့ ဆိုလိုပါတယ်။ သေခြင်းတရားနဲ့ နှိုင်းယှဉ်ကြည့်တော့ ငါ့ကိုယ်၊ ငါ့ဟာ ဆိုတာ တွေဟာ ဘာမှ သုံးလို့မရတော့ပါဘူး။ ကိုယ့်ရဲ့သန္တာန်မှာ သစ္စာတရားတွေကို ထိုးထွင်းသိမြင်ထားပါမှ စိတ်ချရပါမယ်။ ယခုအချိန်မှာ လူသားအားလုံး ကိလေသာတွေ နည်းအောင်ကျင့်ကြံ ကြမှသာ လောကလဲ ငြိမ်းချမ်းနိုင်ပါလိမ့်မယ်။ လူသားတွေရဲ့ စိတ်သန္တာန်မှာ ကိလေသာတွေ ထူပိန်းနေသ၍ လောကကြီး မငြိမ်းချမ်း နိုင်ပါဘူး။ ထို့အတူပဲ မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အေးငြိမ်းမှု အရသာကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ အနည်းဆုံး ဒိဋ္ဌိကိလေသာနှင့် ၀ိစိကိစ္ဆာကိလေသာ နှစ်ပါးကို ပယ်သတ်ခြင်း မပြုနိုင်သမျှ ဘယ်တော့မှာ ငြိမ်းချမ်းမှု မရနိုင်ပါဘူး။
ထို့ကြောင့် ကိလေသာတွေ နည်းပါးအောင် သီလစောင့်ထိန်းမှု၊ သမထဘာဝနာ ကျင့်ကြံမှု၊ ၀ိပဿနာ ဘာဝနာ အားထုတ်မှုတို့ဖြင့် မွေ့လျော်ရပါမယ်။ သို့မှ မိမိတို့ လောကကြီး ငြိမ်းချမ်းနိုင်သလို၊ မိမိရဲ့ စိတ်သန္တာန် မှာလဲ ကြည်လင်နိုင်ပါလိမ့်မယ်။

“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”


“မုန်းရတဲ့ (၁၀)ချက် နှင့် နှစ်သက်မိတဲ့ ကဗျာ တစ်ပုဒ်။”

အကိုပုလုကွေးက Tag ထားတာကြာပြီ။ ကျနော်အခုရက်ပိုင်း မအားတာနဲ့ ရေးတာ နောက်ကျသွားတယ်။ နောက်ကျတဲ့ အတွက် တောင်းပန်ပါတယ် အကို။ ကိုယ့်ကို မုန်းတဲ့ အချက်တွေဆိုတော့…

(၁) ဘုရားတွေမှာနေရှိတဲ့ နတ်စင်တွေ၊ စောင်းတန်းက ဗေဒင်၊ လက္ခဏာ ခန်းတွေကို ရွေ့ပြောင်းချင်တာ။

(၂) စိတ်မြန်တတ်တာ။ (တခုခု အလိုမကျရင် ချက်ချင်းပြောတတ်တဲ့ အကျင့်)

(၃) မနက်အစောကြီး မထချင်တာ။ (နိုးရင်လဲ ပြန်အိပ်လိုက်ချင်တာ)

(၄) ဟင်းချက်ပျင်းတာ။ (ဖြစ်သလိုစားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ပြီဆိုရင်လဲ ကောင်းကောင်း ချက်တတ်တယ်၊)



(၅) ဖတ်မှတ် လေ့လာ သလောက် မမှတ်မိတာ။ (လိုအပ်လို့ ကျက်ထားလဲ ရုတ်တရက် မေ့နေတတ်တာ)

(၆) စကားများများ ပြောလာရင် လက်ပါတတ်တာ၊ (အရင်က စကားများလာပြီဆိုရင် လက်ကအရင် ရောက်သွားတတ်တယ်။ အခုနောက်ပိုင်းတော့ သည်းခံတတ်လာပါတယ်)

(၇) မလိုပဲ စကားအများကြီးပြောနေတာကို မကြိုက်တတ်တာ။

(၈) စိတ်ခံစားမှု လွယ်တတ်တာ။ (ချို့တဲ့တာတွေ့ရင် အရမ်းသနားတတ်တယ်)

(၉) ကိုယ်သိသလောက် မလုပ်နိုင်သေးတာ။ (ဒီအချက်ကတော့ အင်မတန် ဆိုးတယ်။ တော်တော်ကြိုးစား ရမယ်)

(၁၀) ဘလော့တွေ ဖတ်တိုင်း စီဘောက်မှာ စာမရေးတတ်တာ။ (ဘာရေးရမှန်း မသိတာလဲ ပါပါတယ်)။

ကျနော့်ရဲ့ အားနည်းချက်တွေ စဉ်းစားပြီးရေးလိုက်တာပါ။ ခင်မင်လို့ Tag လိုက်တဲ့ မွေးနေ့တူ အကိုပုလုကွေး ကိုလဲ ကျေးဇူးတင်ပါတယ်။




မကြာခင်လေးကပဲ အစ်မမက်မက်က Tag လိုက်ပါပြီတဲ့။ ကဗျာဆိုတော့ နဲနဲတော့ အမောသက်သာသွားတယ်။ ကျနော် ၈ တန်း ကတည်းက လက်ရေးနဲ့ရေးပြီး သိမ်းထားတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။ အခုလဲ အဲဒီ လက်ရေးလေးနဲ့ သိမ်းထားတာရှိပါတယ်။ အမေ့ရဲ့ ကျေးဇူးတွေကို ပေါ်လွင်စေလို့ပါ။ ကဗျာလေးရေးဖြစ် အောင် Tag တဲ့ အစ်မမက်မက်ကိုလဲ ကျေးဇူးပါ။



“သား၊ သမီးတို့ရဲ့ အမေ”

မီးဖွားခန်းတွင်၊ ပင်ပန်ကြီးစွာ၊

ဝေဒနာခံစား၊ အံကြိတ်ထား၏၊

ချွေးပေါက်ချွေးသီး၊ ဖြိုင်ဖြိုင်စီးလည်း၊

မငြီးမငြူ၊ အားယူလှုပ်ရှား၊

စွမ်းအား အမေ စိုက်၊

တိုက်စင်္ကြာဝဠာ၊ တုန်ခါလောက်၏၊

သေမင်းနဲ့ပြိုင်၊ ရင်ဆိုင်ဆင်နွှဲ၊

သည်လွန်ပွဲမှ “အူဝဲ” သံသာ၊

ပျံ့လွင့်လာသော်၊ မာတာမိခင်၊

ရင်မှာအေးမြ၊ ဒုက္ခလွင့်စင်၊

ပြုံးရွှင်မျက်နှာ၊ ထိန်ထိန်သာပေါ့၊

စန္ဒာငွေလ ရှုံးပြီထင့်….၊




မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး၊

သာသနာထွန်းကားရာ ကျနော်တို့ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့ရဲ့ သူ့ကျွန်ဘ၀ ရောက်ခဲ့ရပြီး နှစ်(၁၀၀)၀န်းကျင် သာသနာတော် ညှိုးနွမ်းခဲ့မှုအပေါ် အကြောင်းခံပြီး သာသနာနှစ် (၂၄၉၈)တွင် သင်္ဂါယနာ တင်ခဲ့ပါတယ်။ ထိုအချိန်မှာ မဟာစည်ဆရာတော်ဘုရားကြီး၏ မေးခွန်းများကို မင်းကွန်းဆရာတော်ကြီးက ဖြေဆိုတော်မူခဲ့ပါတယ်။ ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီးမှ ပိဋကတ်တော်များကို စာအုပ်များတွင် ရိုက်နှိပ်ပြီး သာသနာတော် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ဘုရားရှင်၏ ဘုရားလောင်း ဘ၀မှ ကျေးဇူးတော်၊ ဘုရားဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်၊ ဘုရားရှင်၏ သာဝကများ၊ သားတော်များဖြစ်သော၊ ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင်သူမြတ်များ၏ ကျေးဇူးတော်တို့ကို ကျနော်တို့တွေ မမေ့အပ်ပါဘူး။ ထို့အတွက်ကြောင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာ ဘိဝံသ ၏ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ အနှစ်ချုပ် တင်ပြလိုက်ရပါတယ်။

ရောက်လာကြတဲ့ မောင်နှမများအားလုံး ဘုရား၊ တရား၊ သံဃာတော်တို့၏ ကျေးဇူးတရားများကို ပိုမိုသိရှိကာ တရားတော်များကို လိုက်နာကျင့်ကြံ အားထုတ်နိုင်ကြပါစေ။


video

“သေတတ်ကြရအောင်၊”

ယခုအချိန်မှာ အတုအယောင်တွေ၊ ထေရ၀ါဒ မဟုတ်သော အယူအဆများသည် ထေရ၀ါဒကို တိုက်ရိုက်မတိုက်ခိုက်သော်လည်း သာသနာကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက်နေကြသည်ကို ကျနော်တို့တွေ သိရှိပြီး လက်မခံကြဖို့ အရင်ဆုံးပြောပါရစေ။ မည်သို့ပင်ဖြစ်စေကာမူ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်သည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရရှိပြီး နိဗ္ဗာန်ကို ရောက်ရှိရန် တရားအားထုတ်ဖို့ဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ မဟုတ်သော မည်သည့် အယူအဆကို မဆို ဂရုစိုက်စရာ မလိုတော့ပါ။ ဒီတော့ ကျနော်တို့၏ ရည်မှန်းချက်ကို အနီးဆုံးသောလမ်းနဲ့ သွားကြရပါမယ်။ ထို့ကြောင့် သစ္စာတရားများ နာကြားသိရှိစေရန်နှင့် သိရှိပြီးသော တရားကို ကျင့်ကြံအားထုတ်ဖို့ သတိပေးပါရစေ။ တရားနှင့် သေဆုံးသော မထက်ထက်အောင်၏ ဈာပန ဗွီဒီယို ကို ပြီးဆုံးအောင်ကြည့်ကြပါ။ ကြည့်ပြီး မိမိတို့သည်လည်း တနေ့တော့ သေရမယ် ဆိုတာ သတိသံဝေဂရကြပါ။ အသက်ငယ်ပါသေး ဆိုပြီးတော့ တရားကို မျက်နှာလွဲထားရင်တော့ သံသရာ တကြောမှာ မျောရပေးဦးမယ်။ တရားတော်ကို နာယူမှတ်သားကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာပိတ်ပြီးမှတရားဖွင့်ပါ။




video

“တို့များဧည့်သည်ပါတကား၊”

ဧည့်သည်ဆိုတာကတော့ မိမိအိမ်ကို ခဏတာလာတဲ့သူ၊ အချိန်တိုကာလမျှသာ နေထိုင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကို ပြောကြတာပါ။ တို့များဧည့်သည်ပါ ဆိုတော့… ကျနော်တို့တွေ အားလုံးက ဧည့်သည်တွေ လို့ ဆိုလိုခြင်းပါ။ လူ့လောက ဆိုတဲ့ အိမ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။ အမှန်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ကုန်ဆုံးခဲ့ပြီးတဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင်ပဲ ထင်မြင်နိုင်ပါတယ်။ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှာ မိမိတို့ကိုယ်တိုင် မည်သည့်အရာတွေနဲ့ မွေ့လျော်ခဲ့တယ်ဆိုတာ ပြန်ပြီး သုံးသပ်သင့်ပါတယ်။ လူ့သက်တမ်းအရ ကြည့်ရင်ပဲ ကျနော်တို့ ဒုတိယအရွယ်ကို ရောက်လာပါပြီ။ ဒီနေရာမှာ လူ့သက်တမ်း တွက်ပုံလေး တင်ပြချင်ပါတယ်။ ဘုရားရှင်လက်ထက်က လူ့သက်တမ်းက (၁၀၀)နှစ် ပါ။ သာသနာတော်နှစ် ၁၀၀ ပြည့်တိုင်း


လူ့သက်တမ်းက ၁ နှစ်လျော့တာဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် (၂၅၅၂) ဖြစ်တာကြောင့် ၂၅နှစ်လျော့ပြီး ၇၅ နှစ်ဖြစ်တာပါ။ သက်တမ်းအရ အသက်ရှည်ခွင့်ရဦးမယ်လို့ ပုံသေတွက်ထားလို့ မရပါဘူး။ သေခြင်းတရား ဆိုတာ အမှည့်လွန်တဲ့ အသီးလိုပဲ အချိန်မရွေး ကြွေကျသွားနိုင်တယ် ဆိုတာ နှလုံးသွင်းဖြစ်ကြပါ။ (နာဂစ်မုန်တိုင်းကြောင့် အချိန်တိုအတွင်းမှာ အသက်များစွာ သေခဲ့ရတာတွေဟာ သက်သေပေါ့။ သံဝေဂ ရစရာပါပဲ။)။ ဒီလို နှလုံးသွင်းဖြစ်မှ သံဝေဂဉာဏ်ရပါမယ်။ သံဝေဂဉာဏ်ရမှ တရားအား ထုတ်ချင်စိတ်ဖြစ်ပါမယ်။ သံဝေဂဉာဏ် မရပဲ လက်ရှိအခြေအနေကို ရေရှည်တည်တံ့မယ်ထင်ပြီး ပျော်ပါးနေဦးမယ် ဆိုရင်တော့ သံသရာ တကြောမှာ မျောရပါတော့မယ်။ ပုထုဇဉ်ဆိုတာ ကိလေသာ အင်မတန် ထူထဲပါတယ်။ ဒီနေ့လောကမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေ များလာတာတွေ့ရပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတတ်လာတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဆုတ်ယုတ်စေပါတယ်။ ဥပမာ၊ ဖုန်းတွေ စပေါ်တော့ လူတိုင်းကိုင်ချင်ကြတယ်။ ဒီတော့ ကြိုးစားရပြီ။ လူက မသိပေမဲ့ စိတ်ကိုသေချာကြည့်မယ်ဆိုရင် လောဘက ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ (လောဘသည် ကိလေသာ တရားပါ)။ ဖုန်းရပြီးတော့လည်း နောက်ထပ်ရမယ် ဆိုရင် ထပ်လိုချင်ပြန်တာပဲ။ ဒီတော့ လောဘအလို လိုက်ရင်တော့ လမ်းဆုံးကို ရောက်မှာ မဟုတ်တော့ပါ။ ဒါတွေရဲ့အကြောင်းက ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကြောင့်ပါ။ တိုးတတ်လာမှုကို မကောင်းပြောခြင်း မဟုတ်ပါဘူး။ ကိလေသာနဲ့ ယှဉ်ပြီး ကြိုးစား မလုပ်မိစေရန် အသိပေးတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးက ဒကာထွန်းတင်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။

“မောင်ထွန်းတင်ရေ… အခုလို သိပ္ပံပညာတွေ ထွန်းကားလာပြီးတော့ အသံဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင်လည်း အပါယ်ငရဲကို ဇောက်ထိုးဆင်းဖို့ပဲ၊ သတိရှိဖို့လိုတယ်”

ကျနော်တို့တွေ တကယ့်ကို လေးလေးနက်နက် နာယူလိုက်နာသင့်ပါတယ်။ ယခု ကွန်ပျူတာတွေရှိ နေခြင်း ကြောင့် သာသနာနဲ့ဝေးရာ ရောက်နေသော်လည်း ဆရာတော်ဘုရားကြီးတို့၏ တရားတွေ၊ စာအုပ်တွေကို ဖတ်ရှု မှတ်သားနိုင်ပါတယ်။ ဒါက သိပ္ပံပညာရဲ့ ကျေးဇူးပါပဲ။ အသုံချမှ အသုံးကျတတ်တဲ့ သဘောလေးပါ။ သတိရှိပြီး ကောင်းတဲ့ဘက်မှ အသုံးချဖို့ အရေးကြီးပါတယ်။ အမ်ပီသရီးလေးတွေနဲ့ အသံဖိုင်ထဲ့ပြီး တရားတွေ နာလို့ရနေပါတယ်။ နားကို အလှဆင်တာဟာ နားကပ်မဟုတ်၊ တရားစကားနာကြားခြင်း ဆိုတဲ့ စာသားလေး ကို မှတ်သားဖူးပါတယ်။ မိမိတို့ ရလာတဲ့ ဧည့်သည်ဘ၀လေးမှာ အသုံးကျကျ နေသွားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ အသုံးမချရင်တော့ အရှုံးကြီး ရှုံးရပါမယ်။ ကျနော်တို့တွေဟာ အခု ရနေတဲ့ ခန္ဓာက သေမင်းဆီက ခဏတာငှားထားရတာပါ။ အချိန်တန်လို့ သေချိန်ရောက်ရင် ဒီခန္ဓာကြီးကို သေမင်းဆီ ပြန်အပ်ခဲ့ ရမယ်။ ဒီတော့ မသေခင်မှာ အသုံးချဖို့ လို့ပါလိမ့်မယ်။ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန် အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ ကျနော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့ သေမင်းဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ ဒီခန္ဓာကြီးကို တန်အောင်ခိုင်းသင့်ပါတယ်။ ဒီခန္ဓာကို ကျန်းမာအောင် အာဟာရဖြည့်ဆည်း၊ ဆေးဝါးနဲ့ပြုပြင် ပေးရတာရှိမယ်။ ပြီးတော့ဝိပဿနာရှုဉာဏ်ကို ခန္ဓာကို စေလွှတ်ပေးရမယ်။ ဒီလို ခန္ဓာကို ဝိပဿနာဉာဏ် စေလွှတ်ပေးခြင်းသည် ဒီခန္ဓာကို အသုံးချတာပဲ။

ဝိပဿနာ အားထုတ်ဖို့သည် အရေးကြီးလို့ အရင်ပြောတာပါ။ ၀ိပဿအလုပ် အားမထုတ် ဖြစ်ခဲ့ရင်တောင်မှ အိမ်ရှင် လောကကြီး ကျေးဇူးကို တဖန်ပြန်ဆပ်ဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီအလုပ်ကလည်း သူတပါးအကျိုးလုပ်ဆောင်ရင်း မိမိအကျိုးအတွက် လုပ်တာပါပဲ။ အသက်မဲ့တဲ့ ညောင်ပင်က လူတွေ အတွက် အရိပ်ရအောင် ပေးဆပ်နိုင်တယ်။ ကျေးငှက်တွေစားဖို့ အသီးပေးနိုင်တယ်။ အသိဉာဏ် မရှိတဲ့ နွားတွေက လူတွေရဲ့ အလုပ်မှာ များစွာကျေးဇူးပြုတယ်။ အဟာရရှိတဲ့ နွားနို့တွေပေးဆပ်နိုင်တယ်။ အသိဉာဏ် ရော အသက်ပါရှိတဲ့ ကျနော်တို့ လောကလူသား ဧည့်သည်တွေက လောကကြီး ကောင်းကျိုးအတွက် လေးတော့ လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်မနေပဲ အများအကျိုး ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်းလေးတွေပါ လုပ်ဆောင်သင့်ပါတယ်။ ပရဟိတ လုပ်ဆောင်ပြီဆိုရင်တော့ အတ္တဟိတ ဆိုတဲ့ ငါ့အကျိုး၊ ငါ့အတွက်ဆိုတာကို စွန့်သင့်ရင် စွန့်ရပါတယ်။ ဒီလို ကိုယ့်ရဲ့ စိတ်မှာ လောဘတွေ လျှော့ပြီး မေတ္တာ၊ ဂရုဏာနဲ့ အများအကျိုး လုပ်ဆောင်ရင်ပဲ လောဘပယ်ပြီးသား ဖြစ်ပါတယ်။ မေတ္တာရှေ့ထားလုပ်တဲ့ အတွက်ကြောင့် ဒေါသလည်း မဖြစ်ရပါဘူး။ ဒီတော့ လောဘ၊ ဒေါသ စတဲ့ ကိလေသာ တွေနည်းပါး ပျောက်ကွယ်သွားအောင် သတ်ခြင်းဖြစ်တာကြောင့် တရားအလုပ် လုပ်နေတာပဲ ဖြစ်ပါတယ်။ (အနုသယ ကိလေသာကိုတော့ ၀ိပဿနာဉာဏ်နှင့်မှသာ ပယ်နိုင်ပါမယ်)။ ဒီတော့ ကျနော်တို့ ရလာတဲ့ ခဏတာ အချိန်အတွင်းမှာ လောကအကျိုး၊ မိမိအကျိုးကို ဆောင်ရွက်ကြတာဟာ လောက အတွက် ဧည့်သည်ကောင်းဖြစ်ပါလိမ့်မယ်။ လောကီ အာရုံတွေမှာပဲ အလိုက်မှားနေကြရင်တော့ ကံကို ထိုင်စားရာ ရောက်ပြီး ကိုယ့်သံသရာ သမိုင်းကို ကိုယ်တိုင်ရေးရပါမယ်။ အဲဒီ သမိုင်းကတော့ စာနဲ့ ရေးခြင်း မဟုတ်ပဲ။ ခန္ဓာတွေဖြစ်ပြီး အကြိမ်ကြိမ် မွေးဖွားခြင်း၊ သေဆုံးခြင်းတွေနဲ့ လည်ပတ်နေပါလိမ့်မယ်။ ဒီတော့ ဘုရားရှင် နောက်ဆုံး မှာကြားခဲ့တဲ့ “၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ” (သင်္ခါရ- အဘိသင်္ခါရတရားတို့သည်၊ ၀ယဓမ္မာ- ပျက်စီးခြင်းသဘောရှိကြပါပေကုန်၏၊ အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့၊) ဆိုသည့်အတိုင်း ပျက်စီးတတ်တဲ့ သဘောကို နှလုံးသွင်း လိုက်နာကျင့်ကြံဖို့ တိုက်တွန်းပါရစေ။ မိသားစုတွေမှာ အမိ၊ အဖ သေခါနီးရင် မှာကြားတဲ့ အတိုင်း သားသမီးတွေက လိုက်နာ လုပ်ဆောင်ကြပါတယ်။ မိဘဆိုတဲ့ ကျေးဇူးတရား အသိစိတ်လေးနဲ့ပဲ နားထောင်လိုက်လုပ်ကြတယ် ဆိုရင် မဟာကရုဏာနဲ့ ဆုံးမဟောကြားခဲ့တဲ့ ဘုရားရှင်၏ တရားတော်တွေသည် ပိုပြီးတော့ လိုက်နာသင့်ပါပြီ။

မိမိတို့ ခဏတာ နေခွင့်ရတဲ့ ဧည့်သည်ကာလမှာ အချိန်ကို အကျိုးရှိအောင် အသုံးချပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ အောင်မြင်နိုင်ကြပါစေ။



“မွေးနေ့အလှူ”

ဒီနေ့ (၁၈.၁၁.၂၀၀၈) ဟာ ကျနော်ရဲ့ ၂၄နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ လာရောက်ကြတဲ့ မောင်နှမ၊ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ အရင်ဆုံး ကျနော်ကပဲ ဆုတောင်းလိုက်ပါတယ်။

မွေးနေ့အတွက် ကျေးဇူးတော်ရှင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားတဲ့ မွေးနေ့အလှူတရားနဲ့ ကောင်းမှုပြုပါတယ်။ တရားတော်ကို နာယူကြည်ညိုကြပါ။ ဓမ္မဒါန စာအုပ်များကိုလည်း ကူးယူပြီး လေ့လာမှတ်သား၊ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ။





(၁) ပိဋကတ်သုံးပုံ ပါ။ (ပါဠိ မြန်မာပြန် ဖြစ်ပါတယ်)။ ကူးယူထားကြပါ။

(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ပုံတော်။ ဗုဒ္ဓ၀င်အကျဉ်း။ တရားဦး ဓမ္မစကြာဒေသနာတော်။ (ပါဠိ မြန်မာပြန်)။ အနတ္တလက္ခဏသုတ်။ (ပါဠိ မြန်မာပြန်)။ ပဋ္ဌာန်းဒေသနာတော် စာအုပ်များ။ (ပါဠိ မြန်မာပြန် အကျဉ်း)။ အဘိဓမ္မာ အခြေခံစာအုပ်။ သုတေသန သရုပ်ပြအဘိဓာန်။ ဆရာတော်ကြီးများ၏ သြ၀ါဒစကား မှတ်စုများ။ စာဖိုင်များ။

http://www.mediafire.com/?oejwiaron0d (ပိဋကတ်သုံးပုံ)

http://www.mediafire.com/?sharekey=fcc415443ce3111ad2db6fb9a8902bda (စာအုပ်များ)


ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လိုအပ်မယ်ထင်တဲ့ စာအုပ်လေးတွေပါ။ ဖိုင်တခုထဲမှာ ဇစ်ဖိုင်ချုပ်ပြီး တင်ထားပါတယ်။ မိမိတို့ မိတ်ဆွေများကို ထပ်မံဖြန့်ဝေပေးခြင်းဖြင့် ဓမ္မဒါန ပြုကြပါ။

တရားနာကြားပါရန်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ ဘုရားခန်းပုံမှာ ပိတ်ပြီးမှ တရားဖွင့်ပါ။



အချိန် ၁ နာရီလောက်သာ ကြာပါတယ်။




“သားတို့ရဲ့ အမေ”

အမေ… ဒီနေ့ ၁၈.၁၁.၂၀၀၈ ရက်နေ့ဟာ သားကို အမေ မွေးဖွားပေးခဲ့တာ ၂၄ နှစ် တိုင်ခဲ့ပါပြီ။ ရုတ်တရက် အမေ ပြောဖူးတဲ့ စကားလေး တစ်ခွန်းကို အမှတ်ရမိတယ်။ “သားရယ်… သားကို မမွေးဖွားခင် ညတုန်းကတော့ အလူးအလဲ ခံစားရတာပေါ့၊ နောက်နေ့မနက်မှာ သားကို မွေးလည်းပြီးရော အမေ ခံစားခဲ့ရတာတွေက ဘယ်ရောက်သွား မှန်းကို မသိဘူး”။ အဲဒီအချိန်က အမေ ပြုံးပြီးတော့ ပြောခဲ့တာပါ။ သားကို ဘယ်တော့မှ မမေ့အပ်စေတဲ့ စကားလေး တစ်ခွန်းပါ အမေ။ သား ဒီနေ့အချိန်မှာ ရပ်တည်နေထိုင်နိုင်တာဟာ အမေ့ ကျေးဇူးတွေ ကြောင့်ပါပဲ အမေ။ အမေ အကြောင်းစာအုပ်တွေဖတ်ရင်းနဲ့ အရှင်အာစာရလင်္ကာရ ရေးသားတဲ့ “အသက်ပေးပြီး ချစ်တဲ့ အမေ” စာအုပ်ထဲမှာ…



“ဗဟုပကာရ ဘိက္ခဝေ မာတာပိတရော ပုတ္တာနံ၊”

“ချစ်သားတို့… မိဘတွေဟာ သားသမီးတွေအတွက် အလွန်ပင် ကျေးဇူးကြီးမားပါပေတယ်”

● နို့ချိုတိုက်ကျွေး၊ သက်ရှင်ရေး၊ ပြုပေးတတ်တာ မိဘပါ။

● ကောင်းကျိုးကိုတွေး၊ လောကရေး၊ သင်ပေးတတ်တာ မိဘပါ။

ဆိုတဲ့ စာတွေကို ဖတ်မိတော့ အမေ့မျက်နှာကို မြင်ယောင်မိပါတယ်။ အမေဆိုတာ သားသမီး တွေကို မြတ်နိုးတတ်သော စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးကို ခေါ်တာပါပဲ အမေ။ အဲဒီ မြတ်နိုးတဲ့ စိတ်မှာ တစ်စုံတစ်ခုသော ကိလေသာ မပါ ပါဘူး။ ငယ်စဉ်က သားတို့ အတွက်ရသမျှ အလုပ်ကို လုပ်ပြီး သားတို့ကို ကျွေးမွေးခဲ့ရတာ သားမှတ်မိပါသေးတယ်။ အမေ ရေထမ်းရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ ချက်ကျွေးခဲ့တဲ့ ဘဲဥဟင်းဟာ သားတို့ အတွက် အကောင်းဆုံး ဖြစ်ခဲ့ရတယ်။ သားတွေကို ပညာတတ်ဖြစ်ပြီး တင့်တယ်စေချင်ခဲ့တဲ့ အမေ့ရဲ့ စေတနာ၊ မေတ္တာကို အခုအချိန်မှာ ပိုပြီး နားလည်ခဲ့ရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်ရင် ၀တ်ဖို့ အကျီ၊ ဘောင်းဘီ၊ လွယ်အိတ် တွေကို နွေရာသီ ကတည်းက အမေ စီစဉ်ပေခဲ့ပေးတာတွေ၊ ကျောင်းသွားခါနီးရင် ဦးနှောက်ရွှင်အောင်ဆိုပြီး အုန်းဆီတွေ ရွဲနေအောင် လိမ်းပေးခဲ့တာတွေ၊ ၀တ်ထားတဲ့ ထမီလိပ်ကြားထဲက ထုတ်ပေးခဲ့တဲ့ ကျောင်းမုန့်ဖိုးတွေ၊ သားတို့ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် ပင်ပန်းဆင်းရဲကြလိမ့်မယ်လို့ ပြောခဲ့တဲ့ စကားသံတွေဟာ သားတို့အပေါ်ထားတဲ့ မေတ္တာစိတ် တစ်ခုတည်းကြောင့် ဆိုတာ သား သိခဲ့ရပါတယ်။ အဲဒီပုံရိပ်လေးတွေက သားတို့ အတွက် မေ့ဖျောက်ထားလို့ မရခဲ့ပါဘူး အမေ။ အခုအချိန်ထိ သား ဘ၀ရဲ့ ရလာတဲ့ အောင်မြင်မှုတွေဟာ အမေ့ ကျေးဇူးတွေကြောင့်ပါ။ သား အတွက်စိတ်အေးရပေမဲ့ ညီလေး အတွက်ဆိုပြီး အမေ အမြဲ စိတ်ပူနေတာပဲနော်။ သား တို့ကို ဘယ်တော့မှများ စိတ်ချတော့မှာလဲ အမေ။ သားတို့ အတွက် လောကဓံတွေကို အန်တုခဲ့ရတာတွေ၊ မျက်ရည်ကျခဲ့ရတာတွေဟာ သားတို့ကို အမေ ပေးခဲ့တဲ့ ခွန်အားတွေပဲပေါ့။ အခုဆိုရင် အမေ အသက်က ၅၀ ပြည့်တော့မယ်။ သာမန်အမြင်လေးနဲ့ပဲ ကြည့်ရင် တတိယ အရွယ်ကို ရောက်တော့မယ် အမေ။ ရုန်းကန်ခဲ့ရတဲ့ ဘ၀က ကြမ်းတမ်းခဲ့တာကြောင့် အမေ့မှာ ဝေဒနာတွေ မကြာခဏ ခံစားနေရတာလည်း သားသိပါတယ်။ အမှန်တော့ သားတို့တွေက လူ့ဘ၀ကို လာတဲ့ ဧည့်သည် တွေပါပဲ။ သားနဲ့ အမေဆိုတာ သံသရာ ခရီးသွားချင်း လူ့ဘ၀ ခဏတာမှာ ဆုံတွေ့လာတဲ့ သူတွေပါ အမေ။ ဒီသဘောလေးကိုတော့ အမေ့ရင်ထဲမှာ နှလုံးသွင်း မှန်မှန် နားလည်ထားပါ။ သားတို့က လက်ရှိ ဘ၀ဖြစ်နေတဲ့ သမုဒိနယ်ကိုလဲ သိရမယ် အမေ။ အမေက သားတို့အပေါ်ပြုခဲ့တဲ့ ကျေးဇူးတွေက များလှပါပြီ။ အမေ့ရဲ့ ကျေးဇူးတွေကို သား ဆပ်ခွင့်ရနေတာ အင်မတန် ၀မ်းသာမိပါတယ်။ အမေရဲ့ ကျေးဇူးတရားတွေကို ငွေကြေးတွေနဲ့ ဆပ်လို့ ဘယ်တော့မှ မကျေနိုင်ပါဘူး အမေ။ ဓမ္မပူဇာ ဆိုတဲ့ တရားနဲ့ ဆပ်မှာသာ ကျေနိုင်မှာပါ။ ဒီတော့ အမေရေ… သားပို့ပေးတဲ့ တရားခွေတွေနာပြီး တရားဓမ္မနဲ့ မွေ့လျော်စေချင်ပါပြီ။ ငါ့သားတို့ နောင်ရေး အတွက်ဆိုတဲ့ အမေ ဖြစ်ချင်နေတဲ့ ဆန္ဒတွေကို လျော့ချပြီး အမေရဲ့ သံသရာ ခရီးအတွက် ပြင်ဆင်ပါတော့ အမေ။ သေမင်းနဲ့ ရင်ဆိုင်ဖို့ အားမွေးပါ အမေ။ နောက်တခုက ဘ၀ဆိုတဲ့ ဒုက္ခသစ္စာ မှာဖြစ်နေတော့ ဒုက္ခတရားတွေနဲ့ တွေ့ရတာဟာ မထူးဆန်းပါဘူး အမေ။ ဘ၀မှာ လူဆင်းရဲလို့ အပါယ်မရောက်ပါဘူး။ ဥစ္စာမရှိလို့လည်း အပါယ်ရောက် မသွားပါဘူး။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတပ္ပ ဆိုတဲ့ သူတော်ကောင်း ဥစ္စာ(၇)ဖြာ ရှိနေရင် ချမ်းသာတာပါပဲ အမေ။ သားတို့တွေ ဇာတိ ဆိုတာ ဖြစ်ခဲ့ပြီးမှတော့ ဇရာ(အိုခြင်း)၊ ဗျာတိ(နာခြင်း)၊ မရဏ(သေခြင်း) ဆိုတဲ့ အရာတွေကို ရှောင်လို့မရဘူး အမေ။ ဒီတော့ သာတို့ ပြင်ဆင်ထား ရတော့မယ်။ ခဏလေးနဲ့ ပြင်ဆင်မှုဟာ အောင်မြင်မှု အတွက် အခွင့်အရေးနည်းပါတယ်။ အချိန်တိုင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးတင်ပြီး ၀ိပဿနာ တရားတွေ အားမထုတ် နိုင်ခဲ့ရင်တောင် ကုသိုလ်စိတ်လေးနဲ့တော့ မွေ့လျော်နေပါတော့ အမေ။ ဒီအတွက် ဘုရားရဲ့ ဂုဏ်တော်တွေကို ဆင်ခြင်၊ သတိရတဲ့ ဗုဒ္ဓနုဿတိလေး ပွားနေတာ အမေ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ သား ထင်မိတယ်။ သားတို့တွေဟာ အချိန်နဲ့ အမျှသေမင်းဆီကို သွားနေကြရတာပါ။ သေခြင်းဆီကို သွားနေတဲ့ သူတွေပေါ့။ သေခြင်းဆီကို သွားနေတဲ့ သားတို့က သေခြင်းကင်းလွတ်ရာအမှန် နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို အားထုတ်ကြရမယ်လေ။ တရားအားထုတ်တဲ့ အလုပ်ကို ဘုရားရှင်ချီးမွမ်းပါတယ်။ သိပြီးတော့ ဘာမှမလုပ်ပဲ၊ ဘုရားကို ကန်တော့ နေသူကို ဘုရားရှင် မလိုလားဘူး အမေ။ ဘုရားရဲ့ တရားအတိုင်း ကျင့်ကြံတာကိုပဲ သားတို့ ဘုရားက ချီးမွမ်းတာပါ။ ဒီတော့ သားတို့လည်း ဘုရားဖြစ်စေချင်တဲ့ အတိုင်း တရားကျင့်ရမယ် အမေ။ တရားတွေနာပြီး လက်တွေ့ကျင့်ကြံ အားထုတ်နိုင်ပါစေ။ တရားအားထုတ်ရာမှာလည်း မိမိ ခန္ဓာ ကောင်းစွာ ရပ်တည်နိုင်ဖို့ အတွက် ကံ၊ စိတ်၊ ဥတု၊ အဟာရ လေးပါးလုံး ညီညွတ်အောင် နေရမယ်၊ လုပ်ဆောင်ရမယ်။ အဲဒီလေးပါးထဲက တပါးပါး ချို့ယွင်းရင် ခန္ဓာက ကောင်းစွာ မနေနိုင်တော့ဘူးပေါ့။ ဒါကြောင့် နေ့တိုင်း ကုသိုလ်ကောင်းမှု ကံတွေနဲ့ ထုံမွမ်းထားပါတော့။ စိတ်ကလေး တည်ငြိမ်အေးချမ်းအောင် ထားပြီး တရားအားထုတ်တဲ့ အလုပ်ကို နေ့တိုင်း လုပ်ဆောင်ပါ အမေ။ ပြောင်းလွယ်၊ ဖောက်ပြန်လွယ်ရှိတဲ့ ရာသီဥတုတွေမှာ ကျန်းမာရေး အတွက် မျှတအောင်နေပါ။ လိုအပ်တဲ့ အစားအစာ၊ ဆေးဝါးတွေ သုံးစွဲပြီး ကျန်းမာအောင်နေပါ အမေ။ အမေ အတွက်လည်း သား ပြုသမျှ ကောင်းမှုကုသိုလ်တွေကို အမြဲတမ်း အမျှပေးဝေပါတယ်။ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုပါ အမေ။


အမေ တရားတော်များကို နေ့စဉ်၊ နေစဉ်နှင့်အမျှ အားထုတ်ကြိုး စားနေနိုင်ပြီး စိတ်၏ငြိမ်းအေးမှုကို ထာဝရပိုင်ဆိုင်ပါစေ။



“ဖြေကြားခြင်း”

သ ဥပါဒိသေသ နိဗ္ဗာန် နဲ့ သုညတနိဗ္ဗာန် ဆိုတာက လူပုဂ္ဂိုလ်တွေ ကျင့်ကြံပြီး
ရောက်ရှိနိုင်တဲ့ နိဗ္ဗာန် ခေါ်တာလား... ပြီးတော့ ဒိဋ္ဌဓမ္မနိဗ္ဗာန် အကြောင်းလေးကို ရှင်းပြ
ပေးပါနော့်.. ဘုရား၊ ရဟန္တာတို့ အသက်ထင်ရှားရှိစဉ် ခံစားအပ်သော နိဗ္ဗာန် တဲ့ အဲဒါကိုသိပ်နားမလည်ပါ။ အသက်ရှိစဉ်ခံစားအပ်တယ်ဆိုတော့ ဘယ်လိုမျိုးကို ပြောတာလဲဆို တာနားမလည်ပါဘူး။



သ ဥပါဒိသေသ နိဗ္ဗာန် နဲ့ သုညတနိဗ္ဗာန်ကို လူတွေကျင့်ကြံပြီး ရောက်ရှိနိုင်ပါတယ်။ ကျင့်ဖို့ နည်းလမ်းအတွက်တော့ ဆရာကောင်း အရေးကြီးတာပေါ့။ ကိုယ်တိုင်းလည်း တကယ်ကို နိဗ္ဗာန်လိုချင်စိတ် ရှိရမယ်။



ဒိဋ္ဌဓမ္မနိဗ္ဗာန် ဆိုတာက ဘုရားရှင် နဲ့ ရဟန္တားတာတွေ ဖလသမာပတ် ၀င်းစားတဲ့ အခါမှာ စိတ်ထဲမှာ မကြာမကြာ ထင်ပေါ်နေတဲ့ နိဗ္ဗာန်ကို ခေါ်ပါတယ်။ မျက်မှောက် ဘ၀မှာပဲ အားရုံပြု ရသောကြောင့် “ဒိဋ္ဌဓမ္မနိဗ္ဗာန်” လို့ခေါ်ပါတယ်။ ၀ိပါတ်စိတ် (အကျိုးစိတ်) များ နဲ့ ကမ္မဇရုပ် (ကံကြောင့်ဖြစ်တဲ့ရုပ်) များ ကို “ဥပါဒိ” လို့ခေါ်ပါတယ်။ အဲဒီ ဥပါဒိ ရှိနေစဉ်မှာပဲ အားရုံပြုရတာ ဖြစ်ခြင်းကြောင့် “သ ဥပါဒိသေသ” နိဗ္ဗာန်လို့ ခေါ်ဆိုခြင်းပါ။

ဒါတွေက ကျနော် သိသလောက် အကျဉ်းလေး ရှင်းပြလိုက်ရတာပါ။ ၀ိပတ်စိတ်နဲ့ ကမ္မဇရုပ် အကြောင်းတွေကျတော့ အဘိမ္မာသင်ဖူးရင် ပိုရှင်းမယ်ထင်တယ်။ အရှင်ဇနကာဘိဝံသ ရေးတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် စာမျက်နှာ ၃၄၅ မှာ အဲဒီအကြောင်း ရေးထားပါတယ်။
နိဗ္ဗာန် အကြောင်းပတ်သတ်လို့ လယ်တီနိဗ္ဗာန်ကျမ်းမှာတော့ စုံအောင်ရေးထားတာ တွေ့ရတယ်။ အောင်ကလင့်က တဆင့်သွားနိုင်ပါတယ်။

http://dhammadownload.com/First-LeDiSayaDaw-eBook-Myanmar.htm

အစ်မမက်မက်.. လပြည့်နေ့မှာ အလုပ်နဲနဲများနေလို့ ချက်ချင်း မဖြေပေးနိုင်ခဲ့တာပါ။ မရှင်းသေးတာရှိလည်း ထပ်မေးပါ။ ကျနော် သိသလောက်တော့ ဖြေပါမယ်။


“စိတ်ချမ်းသာပါစေ…”


“တရားနာကြရအောင်”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့ … ယနေ့ သာသနာတော်နှစ် (၂၅၅၂)ခုနှစ်၊ ကောဇာ သက္ကရာဇ် (၁၃၇၀)ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၁၂.၁၁.၂၀၀၈ (ဗုဒ္ဓဟူး)၊ “သာမညဖလ အခါတော်နေ့” ဖြစ်ပါတယ်။

သာမညဖလ အခါတော်နေ့ တရားတော်ကို www.shwepyithu.blogspot.com တွင် နာကြား ကြဖို့ တိုက်တွန်းပါရစေ။


“ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ” သင့်တင့်လျောက်ပတ်တဲ့ အခါမှာ သူတော်ကောင်း တို့၏ တရားတော်ကို နာကြားခြင်းသည် ကောင်းမြတ်သော မင်္ဂလာတရားဖြစ်ကြောင်း ဘုရားရှင်က မင်္ဂလသုတ်မှာ ဟောကြားထားပါတယ်။ တရားနာကြားတဲ့ အခါမှာလည်း ပုဂ္ဂိုလ်မရွေး၊



ဂိုဏ်းမရွေးပဲ တရားတော်ကို နားကြားသင့်ပါတယ်။ အမှန်တော့ မြတ်စွာဘုရား၏ တရားတွေကို နာကြားရာမှာ ဟောတဲ့ပုဂ္ဂိုလ် အဆင့်အတန်းကို ရွေးချယ်နေဖို့ အကြောင်းမရှိပါဘူး။ “ခုဇ္ဇုတ္တရာ” ကျွန်မကြီးရဲ့ ဟောပြောချက်ကို သခင်မ “သာမာဝိတီ” နဲ့ ရံရွှေတော်တွေ ရိုသေ၊ လေးစားမှု အပြည့်နဲ့ နာယူကြတဲ့ အကြောင်းတွေကို အားလုံး သိရှိပြီး ဖြစ်မှာပါ။ အချို့ကျတော့လဲ တရားနာဖို့ မလိုပါဘူး။ တရားဆိုတာ ရင်ထဲရှိရင် ပြီးရောလို့ ပြောတတ်ကြပါတယ်။ တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်နေကြတာ၊ တရားရှိပြီးသား လူက လုပ်စရာ မလိုဘူး လို့လဲ ပြောကြပါတယ်။ ဒါတွေက ပညာမရှိလို့ ပြောထွက်ကြတာပါ။ အင်မတန် မှားယွင်းပါတယ်။ တရားနာခြင်းကြောင့် လက်တွေ့မှာပဲ အကျိုးကျေးဇူး တွေရရှိပါတယ်။

(၁) အသုတံ သုဏာတိ = မကြားဘူးတဲ့ စကားကို ကြားရခြင်း။

(၂) သုတံ ပရိယောဒါပေတိ = ကြားဖူးတဲ့ စကားကိုလဲ ထပ်မံကြား၍ ရှင်းလင်းစွာသိရခြင်း။

(၃) ကင်္ခံဝိဟနတိ = ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။

(၄) ဒိဋ္ဌိံဥဇုံ ကရောတိ = အယူဖြောင့်မှန်အောင် ပြုပြင်နိုင်ခြင်း။

(၅) စိတ္တံသီဒတိ = စိတ်နှလုံးကြည်ခြင်း။

“သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊

စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။”

(ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ )


နံပါတ်(၃) နဲ့ နံပါတ်(၄)တို့မှာ ပြဆိုထားတဲ့ စကားဟာ “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ” ကို တရားနာခြင်း ဖြင့် ရှေဦးစွာ အကြမ်းပယ်ခွာ နိုင်တယ်ဆိုတဲ့ စကားမျိုးနှင့် အဓိပ္ပါယ်တူပါတယ်။ ဒါ့ကြောင့် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရာကြီးက “ဒိဋ္ဌိ” နှင့် “၀ိစိကိစ္ဆာ”ကို တရားနာခြင်း၊ တရားဆွေးနွေးခြင်း ဆိုတဲ့ “သိမှု” ဖြင့် ရှေးဦးစွာ ခွာထားရမယ်။ ဒုတိယအဆင့်ကတော့ “ကျင့်မှု” ဖြင့် ခွာရမယ်။ တတိယအဆင့်ကတော့ မဂ်ဉာဏ်ဆိုတဲ့ “ပယ်မှု” ဖြင့် ခွာရမယ်လို့ ဟောကြား သတိပေးတော် မူခဲ့ပါတယ်။

နိဗ္ဗာန်ရောက်ကြောင်း တရားကို မြတ်စွာဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါ အလောင်းတို့မှ တပါး၊ အခြားသော အဂ္ဂသာဝကအလောင်း၊ မဟာသာဝကအလောင်း တွေဟာ တရားနာမှုနှင့် ကင်းပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို မရနိုင်ကြပါ။
တရားနာပေမဲ့ တရားမရနိုင်တဲ့ အကြောင်း ငါးပါးရှိပါတယ်။

(၁) တရားတော်ကို မထီမဲ့မြင်ပြုခြင်း။

(၂) တရားဟော ပုဂ္ဂိုလ်အား မထီမဲ့မြင်ပြုခြင်း။

(၃) မိမိကိုယ်ကိုမိမိ မထီမဲ့မြင်ပြုခြင်း။ (ငါက နုပါသေးတယ်။ ငယ်ပါသေးတယ်။ စာလည်း ကောင်းကောင်းမတတ်၊ အိမ်ယာထောင်တဲ့ လူ့ဘောင်ကိုလဲ မစွန့်နိုင်… စသဖြင့် မထီမဲ့ပြုခြင်း ဖြစ်ပါတယ်)။

(၄) ပျံ့လွင့်တဲ့ စိတ်၊ မတည်ကြည်တဲ့ စိတ်ဖြင့် တရားတော်ကို နာခြင်း။

(၅) မသင့်မတင့်တဲ့ အကြောင်းဖြင့် နှလုံးသွင်းခြင်း။

အထက်ပါ ၅ ချက်နှင့် တရားမနာမိကြဖို့ သတိပေးပါရစေ။ အထူးသတိပေးလိုသည်မှာ- တရားနာကြားရုံနှင့် တရားမရနိုင်ပါ။ တရားနာကြားလို့ ရရှိလိုက်တဲ့၊ သိလိုက်တဲ့ အသိပေါ်မှာ လက်တွေ့ကျင့်သုံး မှသာလျှင် မဂ်တရား၊ ဖိုလ်တရား ရနိုင်မှာပါ။ ဘုရားရှင်က ကိုယ့်ဘေးနား မှာ ရှိနေပေစေ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှု မရှိသ၍ တရားမရနိုင်ပါဘူး။


ထို့ကြောင့် တရားမှန်ကို ရှာဖွေခြင်း၊ တရားနာခြင်း၊ သူတော်ကောင်းထံ ဆည်းကပ်ခြင်း၊ ဆွေးနွေးခြင်း၊ တရားတော်ကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်း ပြုလုပ်ကြပါရန် တိုက်းတွန်းအပ်ပါတယ်။

“ဖြေကြာခြင်း (နိဗ္ဗာန်အကြောင်း)။”

နိဗ္ဗာန် ၉ပါးကို အကျယ်သိချင်ပါတယ်။ မသိလို့မေးတာပါနော်။ အဲဒါလေးကို ရှင်းပြပေးပါ
နော်။ နိဗ္ဗာန် ၉ပါးဆိုတာ ဘာကိုခေါ်တာလဲ သိချင်လို့ပါ။



နိဗ္ဗာန်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောတာကိုက အနက်ပေါင်း၊ ပရိယာယ်ကွဲ ပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ အမျိုးအစားတူရာ သင့်ရာကို ခွဲပြီး နိဗ္ဗာန်(၃) မျိုး၊ နိဗ္ဗာန် (၅) မျိုး၊ နိဗ္ဗာန် (၇)မျိုး စသည် ခွဲခြားပြောကြပါတယ်။ (သုခမှတ်စု စာအုပ်မှာ (၅)မျိုး၊ ဦးသြဘာသ ရေးထားတဲ့ သုတေသနသရုပ်ပြ အဘိဓာန်မှာ (၇) မျိုး တွေ့ ရပါတယ်)။

မေးထားတဲ့ နိဗ္ဗာန် ၉ပါးဆိုတာတော့ မတွေ့ရသေးပါဘူး။ အရှင်ဇနကာဘိဝံသ ရေးသားထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှာတော့ နိဗ္ဗာန်၏ ဂုဏ်တော်အချို့လို့ ရေးထားတာတွေ့ ရပါတယ်။ အဲဒီမှာ နိဗ္ဗာန်၏ ဂုဏ်တော် ၉ပါးကို ထုတ်ဖော်ရေးထားပါတယ်။



ပထမဆုံး နိဗ္ဗာန်ရဲ့ ဝေါဟာရတွေ များနေပေမယ့် နိဗ္ဗာန်ဆိုတာ အလုံးစုံသော ဒုက္ခမှ လွတ်မြောက်ခြင်း ဆိုတာကို အကြမ်းအားဖြင့် နားလည်ထားရင် လုံလောက်ပါတယ်။


(၁) သ ဥပါဒိသေသ နိဗ္ဗာန် = ခန္ဓာကိုယ်အကြွင်းရှိသော နိဗ္ဗာန်၊ အရိယာတွေ အသက်ရှင်လျက်နဲ့ အခု ၀ိပဿနာလုပ်ရင်း အခု ခံစားရရှိလိုက်တဲ့ နိဗ္ဗာန်၊ မသေဘဲရတဲ့ နိဗ္ဗာန်ပေါ့။ ဒါကို ဒိဋ္ဌွဓမ္မ နိဗ္ဗာန်လို့လဲ ခေါ်တယ်။ (ဒါကို ရဖို့အရေးကြီးတယ်။ ဒါမှ ပြုံးပြီးသေနိုင်မယ်)။

(၂) အနုပါဒိသေသ နိဗ္ဗာန် = ရဟန္တာတွေ၊ ဘုရားရှင်တွေ နောက်ဆုံး ပရိနိဗ္ဗာန် ပြုခြင်းကို ပြောတာ။ နောက်ထပ် ခန္ဓာ အသစ်လဲ မဖြစ်တော့ဘူး။ အလုံးစုံသော မွေး၊ သေ၊ ဒုက္ခ၊ သံသရာဝဋ်တွေကနေ လွတ်မြောက်သွားတာကို ပြောတာပါ။ ဘုရားရှင်တို့လို၊ မိုးကုတ် ဆရာတော်ကြီးတို့လို အသက်သေသွားပြီးမှ ခံစားရရှိသော နိဗ္ဗာန်။ (သမ္ပရာယိက နိဗ္ဗာန် လို့ လဲ ခေါ်တယ်)။


(၃) သုညတ နိဗ္ဗာန် = ကိလေသာတွေ ဆိတ်သုဉ်းနေသော နိဗ္ဗာန်။ သင်္ခါရ တို့မှ ကင်းလွတ်သွားသော နိဗ္ဗာန်။ ဒီမှာ နိဗ္ဗာန်ကို သုညနဲ့ ယှဉ်ရင် ရုပ်နာမ်တွေ အလုံးစုံ သုည ဖြစ်သွားတာလို့ မယူဆရဘဲ ကိလေသာတွေ သုညဖြစ်သွားတာလို့ သိရပါမယ်။

(၄) အနိမိတ္တ နိဗ္ဗာန် = သင်္ခါရ နိမိတ်တို့မှ ကင်းလွတ်သွားသော နိဗ္ဗာန်။ ဒါကတော့ ဒါနပြုလို့လဲ နောက်ဘ၀ ဘယ်လိုကောင်းသွားမယ် ဆိုတာမျိုး မရှိတော့တာပေါ့။ ဒီအချက်မှာ ဆရာတော်တွေ သဘောထားမတူတာတွေ ရှိတယ်။ ဥပမာ၊ ဘုရားရှင် တရားဟောပြတာ ကုသိုလ်ရတယ်၊ ဒါပေမယ့် ဒီကုသိုလ်က နောက်ပဋိသန္ဓေကို အကျိုးမပေးတော့တဲ့ ကုသိုလ်လို့ ယူဆတဲ့ ဆရာတော်တွေ ရှိတယ်။ နောက်တစ်မျိုးကတော့ ကုသိုလ်ဆိုတာကိုက ပါဠိမှာ အပြစ်ကင်းသော ချမ်းသာခြင်း ဖြစ်ပြီးနောင်အကျိုးပေး ကောင်းမှုကို ရည်ရွယ် အနက်ဖွင့်တာမို့လို့ ဘုရား၊ ရဟန္တာတွေ ကောင်းမှုတွေ ဆက်လုပ်တာဟာ ကုသိုလ်အနေနဲ့ မရတာ့ဘူး။ ကြိယာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြုပြင်စီရင်ခြင်း သင်္ခါရ နိမိတ်တွေကနေ ကင်းသွားတာပေါ့။ ပဋိသန္ဓေ သင်္ခါရ ကင်းသွားပြီး အပဋိသန္ဓေ နိဗ္ဗာနံ ဖြစ်သွားတာလို့ စာလိုပြောကြတယ်။

(၅) အပ္ပဏိဟိတ နိဗ္ဗာန် = တဏှာ တို့မှ ကင်းလွတ်သွားသော နိဗ္ဗာန်။ ဒါကတော့ ရှင်းပါတယ်။ အားလုံးအပေါ် လိုချင်တောင့်တခြင်း ကင်းသွားတဲ့ သဘောပါပဲ။


နိဗ္ဗာန် (၇)မျိုး ကို အောက်ပါအတိုင်း မှတ်သားခဲ့ရပါတယ်။ (၉မျိုး ဆိုတာ အခုတော့ မတွေ့ရ သေးပါဘူး)။

(၁) ဒိဋ္ဌဓမ္မနိဗ္ဗာန် = ဘုရား၊ ရဟန်းတာတို့ အသက်ထင်ရှားရှိစဉ် ခံစားအပ်သော နိဗ္ဗာန်။

(၂) သမ္ပရာယိက နိဗ္ဗာန် = ပရိနိဗ္ဗာန် စံပြီးနောက် နိဗ္ဗာန်။

(၃) သ ဥပါဒိသေ နိဗ္ဗာန် = ခန္ဓာကိုယ် အကြွင်းရှိသော နိဗ္ဗာန်။

(၄) အနုပါဒိသေသနိဗ္ဗာန် =ခန္ဓာကိုယ် အကြွင်းမရှိသော နိဗ္ဗာန်။

(၅) သုညတနိဗ္ဗာန်= ကိလေသာ ကင်းစင်သော နိဗ္ဗာန်။

(၆) အနိမိတ္တနိဗ္ဗာန် = သင်္ခါရ နယ်နိမိတ် ကင်းစင်သော နိဗ္ဗာန်။

(၇) အပ္ပဏိဟိတ နိဗ္ဗာန်= တဏှာ တောင့်တခြင်း ကင်းစင်သော နိဗ္ဗာန်။


လယ်တီဆရာတော် ဘုရားကြီးက “နိဗ္ဗာန်၏ အကြောင်းကို ချဲ့ထွင်ပြီး အသေစိတ် မသိချင်နေပါစေ။ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ကိုသိရှိ ကျင့်ကြံဖို့က သာ၍ အရေးကြီးကြောင်း၊ လိုးရင်း ဖြစ်ကြောင်း” မိန့်ဆိုတော် မူခဲ့ဖူးပါတယ်။

နိဗ္ဗာန်ဟူသည် ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း မရှိတဲ့ အသင်္ခတနယ် လို့လည်း ပြောကြပါတယ်။ ပဋိစ္စသမုပ္ပါဒ် အရဆိုရင် နိဗ္ဗာန်ဟာ အကျိုး၊ အကြောင်းမှ ကင်းလွတ်ပါတယ်။ ဥပမာ၊ အကုသိုလ် အကြောင်းတရား ၅ကျပ်ဖိုး လုပ်မိရင်၊ ကုသိုလ် အကြောင်းတရား ၅၀ဖိုးလောက် ပြုလုပ်ပြီးတော့ ရှေ့ကပြုခဲ့တဲ့ အကုသိုလ် အကျိုးနည်းအောင် လုပ်လို့၊ ပြင်လို့ရပါတယ်။ ဒါပေမဲ့ အကုသိုလ်က အကျိုးမပေးတာ မဟုတ်ဘူး။ ကုသိုလ်များတော့ အကုသိုလ် အကျိုးက မသိသာသလို ဖြစ်တဲ့သဘောပါ။ ( ဆား တဇွန်းဟာ ဖန်ခွက်အသေးလေးထဲ ထဲ့ရင် ငန်တဲ့ အရသာက သိသာမယ်။ ရေကန်ထဲ ထဲ့လိုက်ရင် ငန်တာက မသိသာ သလိုပဲပေါ့)။ နိဗ္ဗာန်မှာက ပြုပြင် ပြောင်းလဲမှုက လွတ်ပါတယ်။ မဂ်တရား၊ ဖိုလ်တရား တွေရရင် အားလုံးက တန်းတူဖြစ်သွားတာပါ။ (သုပ္ပဗုဒ္ဓနူနာသည်ရဲ့ သောတပတ္တိမဂ်နဲ့ အနာထပိဏ်သူဋ္ဌေးရဲ့ သောတပတ္တိမဂ်က အတူတူပါပဲ)။

ဇာတိစတဲ့ ဆင်းရဲ ဒုက္ခအမျိုးအမျိုး၊ ကိလေသာ အမျိုးမျိုး၊ ဒုက္ခ အမျိုးမျိုးတို့ တည်ရာ ခန္ဓာငါးပါး မရှိခြင်းကို နိဗ္ဗာန် လို့ဆိုပါတယ်။ “ဥပဓိ ၄ပါး” မှကင်းလွတ်ရင်လည်း နိဗ္ဗာန်လို့ ခေါ်မှတ်နိုင်ပါတယ်။ ဥပဓိ လေးပါးကတော့…

(၁) ကာမုပဓိ = ၀တ္ထုကာမလို့ ဆိုတဲ့ ကာမဂုဏ် ငါးပါးကို အစွဲဟုပြီး သုခဝေဒနာ၊ သောမ နဿဝေဒနာ၊ တို့ဖြစ်တယ်။ ထိုဝတ္ထုကာမ တို့ဟာ သုခဝေဒနာ၊ သောမနဿဝေဒနာ တို့ရဲ့ တည်ရာဖြစ်ခြင်းကြောင့် “ကာမုပဓိ” လို့ခေါ်ပါတယ်။

(၂) ခန္ဓုပဓိ = ခန္ဓာငါးပါးတို့ဟာ ဇာတိစတဲ့ ဆင်းရဲတို့ရဲ့ တည်ရာ၊ မှီရာဖြစ်ခြင်းကြောင့် “ခန္ဓုပတိ” လို့ခေါ်ပါတယ်။

(၃) ကိလေသုပဓိ = ကိလေသာတို့ဟာ အပါယ်ဆင်းရဲတွေရဲ့ တည်ရာ၊ မှီရာ ဖြစ်ခြင်းကြောင့် “ကိလေသုပဓိ” လို့ခေါ်ပါတယ်။

(၄) အဘိသင်္ခါရုပဓိ = ၀ဋ်ဆင်းရဲ ဘ၀အမျိုးမျိုး တိုရဲ့ တည်ရာ၊ မှီရာ ဖြစ်ခြင်းကြောင့်၊ ပုညာဘိ သင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အနဉ္ဇာဘိသင်္ခါရ တို့ကို “အဘိသင်္ခါရုပဓိ” လို့ခေါ်ပါတယ်။


မဖောက်မပြန် အလွန်မှန်တဲ့ ပရမတ္ထသစ္စာလေးပါးမှာ “နိဗ္ဗာန်” ကို “နိရောဓသစ္စာ” လို့ဆိုပါ တယ်။ “နိရောဓသစ္စာ” ဆိုတဲ့ စကားကို ပုဒ်ခွဲလိုက်တော့၊ “နိ + ရောဓ + သစ္စာ” လို့ သုံးမျိုး ထွက်လာပါတယ်။ “နိ” ဆိုတာက “မရှိ”၊ “ရောဓ” ဆိုတာက သံသရာဝဋ်ဒုက္ခတွေ အကြိမ်ကြိမ်၊ အဖန်ဖန်ဖြစ်ရခြင်း၊ “သစ္စာ” ဆိုတာက မဖောက်မပြန်၊ အလွန်မှန်ကန် ခြင်း လို့အဓိပ္ပာယ် သက်ရောက်ပါတယ်။


ဓမ္မစေတီဆရာတော် ဦးကောသလ္လ ဟောကြားထားတဲ့ တရားတော်မှာတော့ မှတ်သားမိစရာ လင်္ကာလေးတွေနဲ့ မှတ်သားခဲ့ရပါတယ်။


နိဗ္ဗာန်ဆိုတာ ဘယ်ဟာလဲလို ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ။

ငါးပါးအာရုံ ကာမဂုဏ်တရားနှင့် အာရုံမများတဲ့ နိဗ္ဗာန်ကြီးပါ။



နိဗ္ဗာန်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ။

ကိလေငြိပွေ ဒုက္ခဘေးတို့ အလွန်အေးတဲ့ နိဗ္ဗာန်ကြီးပါ။



နိဗ္ဗာန်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ။

မွေးသေ - မွေးသေ ဒုက္ခဘေးတို့ အလွန်အေးတဲ့ နိဗ္ဗာန်ကြီးပါ။



နိဗ္ဗာန်ဆိုတာ ဘယ်ဟာလဲလို့ သဘာဝသိအောင် ရှာလိုက်စမ်းပါ။

ရုပ်နာမ်ခန္ဓာ ချုပ်ပြတ်ငြိမ်း၍ အရှုပ်ဇာတ်သိမ်းတဲ့ နိဗ္ဗာန်ကြီးပါ။



မေးထားတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ တိကျစွာ မဖြေပေးနိုင်ခဲ့ပါဘူး။ ဒီအတွက်လည်း အားနာမိပါတယ်။ ကျနော်ရေးတာနဲ့ ပတ်သတ်လို့ မရှင်းတာရှိရင် ကျနော့်ကို ပြန်ပြောပေးပါ။ အခြားသိချင်တဲ့ အချက်တွေ ရှိရင်လည်း ပြောပါ။ နိဗ္ဗာန်ဆိုင်ရာ အတွေးအမြင် ဗဟုသုတ တွေကို စုံအောင် ဒီနေရာမှာ ထပ်မံ ဖတ်ရှုမှတ်သားနိုင်ပါတယ်။
http://pyayzaw.phpnet.us/?cat=7



“ရုပ်၊ နာမ် နှစ်ပါးလုံး ကျန်းမာ ချမ်းသာကြပါစေ…”


`ဘာကိစ္စနှင့် လာကြပါသလဲ..?´

ကျနော်တို့တွေသည် အသိဉာဏ်ပညာ ရှိသော၊ ဝေဖန်စဉ်းစားနိုင်စွမ်းရှိသော လူ့ဘ၀၊ လူ့လောကကြီးမှာ နေထိုင်ကျင်လည် နေကြသူတွေပါ။ ဒီလို လူ့ဘ၀ကို ဘာတွေလုပ်ဖို့ လာကြသလဲ..? ဘာကိစ္စနဲ့လာကြသလဲ..? ငါကတော့ အင်မတန် ရခဲလှတဲ့ လူ့ဘ၀ကို ရောက်လာခဲ့ပြီ ငါ ဘာတွေလုပ်ရမလဲ..? ငါ ဘာတွေလုပ်သင့်လဲ..? စသဖြင့် မိမိတို့ ကိုယ်တိုင် စမ်းစစ်သင့်တယ် လို့ ထင်မိပါတယ်။ `ဤလူ့လောကကို ကျနော်တို့ ဘာကိစ္စနှင့် လာကြပါသလဲ´လို့မေးလျှင်၊ အောက်ပါအတိုင်း အဖြေ(၄)မျိုး ရရှိပါလိမ့်မယ်။


(၁) ယခုပစ္စုပ္ပန်ကာလမှာ စား၊ ၀တ်၊ နေရေး အတွက် လူချင်းတူ၊ သူချင်းမျှအောင် ဥစ္စာစီးပွား ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၂) နိဗ္ဗာန်မရခင်စပ်ကြား သံသရာမှာ ကျင်လည်ကြရဦးမယ်။ ကျင်လည်နေစဉ် အထက်တန်း ကျကျနှင့် မျက်နှာပန်းလှလှဖြစ်တဲ့ သူဋ္ဌေး၊ လူချမ်းသာ၊ ဘုရင်၊ တို့၏ စည်းစိမ်တွေကို လိုချင်ပါသေးတယ်။ အဲသည်လို `တမလွန် လူ့စီးပွား´တွေကို ရှာဖို့လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၃) လူထက်သာလွန်တဲ့ နတ်ပြည် ၆ထပ်က ကောင်းကျိုးချမ်းသာမျိုးကို ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၄) လူစည်းစိမ်၊ နတ်စည်းစိမ်တို့ထက် ထူးကဲသာလွန်တဲ့ ဗြဟ္မာ့စည်းစိမ်ကို ရှာဖွေဖို့ ရောက်လာ ကြပါတယ်လို့ ဖြေကြပါလိမ့်မယ်။

ယခုပစ္စုပ္ပန် လောကီစီးပွားအတွက်..

၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လ ၀ိရိယရှိခြင်း။

၂။ အာရက္ခသမ္ပဒါ = ရှာဖွေလို့ ရရှိသမျှ ဥစ္စာပစ္စည်းတို့ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ခြင်း။

၃။ ကလျာဏမိတ္တ = မိတ်ကောင်း၊ ဆွေကောင်းများရှိခြင်း။

၎။ သမဇီဝိတာ = အ၀င်နှင့် အထွက် မျှတအောင်သုံးစွဲခြင်း၊ ဆိုတဲ့ သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံအောင် တရားသဖြင့် လုပ်ရပါတယ်။

တမလွန်လောကမှာ လူ့စီးပွား၊ နတ်စီးပွားတွေကို ရရှိရေးအတွက် `ဒါန´`သီလ´တွေနှင့် ရင်းနှီးရပါလိမ့်မယ်။

ဗြဟ္မာ့စည်းစိမ်အတွက် `မဟဂ္ဂုတ်´ ကုသိုလ်ဆိုတဲ့ သမထတရားတွေနှင့် ရင်းနှီးရပါလိမ့်မယ်။

လူ၊ နတ်စည်းစိမ်ကို ရစေတဲ့ ဒါန၊ သီလနှင့် ဗြဟ္မာ့စည်းစိမ်ကို ရစေတတ်တဲ့ `သမထ´ တရားတွေကို `စရဏမျိုးစေ့´ လို့ခေါ်ပါတယ်။
စရဏမျိုးစေ့ တွေဟာ ၃၁ဘုံဆိုတဲ့ သံသရာမှ ထွက်မြောက်အောင် တိုက်ရိုက် အကျိုးမပြုနိုင်ကြပါ။ အထောက်အပံ့သာဖြစ်လို့ `လောကီကုသိုလ်´ လို့ခေါ်ရပါတယ်။ ထိုလောကီတရား ဆိုတဲ့ `စရဏ´ မျိုးစေ့တွေဟာ လောကဓံ မုန်တိုင်းမှာ ပြေးလွှားနေကြရတဲ့ သံသရာခရီးသည်များ အဖို့ ဖြစ်လေရာရာဘ၀မှာ မျက်နှာပန်းလှလှ အထက်တန်းကျကျ စား၊ ၀တ်၊ နေရေးအတွက် များစွာပင် ကျေးဇူးပြုကြပါတယ်။ ဥပမာ။ ရထားစီးရာမှာ ရိုးရိုးတန်းစီးတဲ့ လူဆင်းရဲတို့မှာ ကြပ်တည်းငြိုငြင်စွာနဲ့ ခရီးသွားကြရပါတယ်။ အထက်တန်းစီးနိုင်တဲ့ လူချမ်းသာတွေကတော့ သက်သာချောင်ချိစွာ ခရီးသွားနိုင်ကြပါတယ်။ ထိုနည်းတူ `စရဏမျိုးစေ့´နည်းတဲ့ ပုဂ္ဂိုလ်တွေမှာ အဆင့်အတန်း နိမ့်ပြီး၊ ဆင်းရဲမွဲတေလျက် ဘ၀သံသရာကို လည်ကြရပါတယ်။

`စရဏမျိုးစေ့´ဖွံ့ဖြိုးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဖြစ်လေရာ ဘ၀မှာ အဆင့်အတန်းမြင့်စွာ သွား၊ လာ၊ နေထိုင်နိုင်ပါတယ်။ သို့သော် `ဒိဋ္ဌိ´ (မှားယွင်းစွာသိမြင်မှု) နှင့် `၀ိစိကိစ္ဆာ´ (ဘုရား၊ တရား တို့၌ ယုံမှား သံသယရှိမှု) မပြုတ်သေးတဲ့ လောကီကုသိုလ်ပိုင်ရှင် ပုထုဇဉ်တွေဟာ ကုသိုလ်အရှိန်ကုန်တာနဲ့ အပါယ်ဘုံတွေကို လျောကျကြရပါတယ်။ ထို့ကြောင့် `ငရဲ၊ တိရစ္ဆာန်၊ ပြိဿာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ တို့ဟာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ မပြုတ်သေးတဲ့ ပုထုဇဉ် တို့၏ ဇာတိချက်ကြွေ၊ အမြဲနေထိုင်ရာ အိမ်နှင့်တူပါတယ်´ လို့ ဆိုကြပါတယ်။

ထို့အတွက်ကြောင့် လောကသို့ ကျနော်တို့ ဘာကိစ္စနှင့်လာကြပါသလဲ..? ဆိုတဲ့ မေးခွန်း ဖြေရာမှာ `ဒါန၊ သီလ၊ သမထ ဆိုတဲ့ စရဏ ကုသိုလ်ကို ရှာဖို့လာကြပါတယ်´ လို့ဖြေရင် မပြည့်စုံသေးပါဘူး။ `၀ိဇ္ဇာဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို အဓိကထားပြီး ရှာရန် လာကြပါတယ်´ လို့ ဖြေဆိုမှသာ မှန်ကန်ပြည့်စုံပါလိမ့်မယ်။ `လောကုတ္တရာ´ ဆိုတဲ့ စကားကို `လောက+ ဥတ္တရ´ လို့ပုဒ်ခွဲရပါတယ်။ လောကဆိုတာ `ကာမဘုံ (လူ၊ နတ်ပြည် ၆ထပ်)၊ ရူပဘုံ (ရုပ်နာမ်ရှိသော ဗြဟ္မာဘုံ (၁၆) ဘုံ)၊ အရူပ (ရုပ်မရှိသော ဗြဟ္မာဘုံ (၄) ဘုံ)၊ စတဲ့လောက သုံးပါးကို ဆိုလိုပါတယ်။ ဥတ္တရ ဆိုတာက `ထွက်မြောက်ခြင်း´ လို့ အဓိပ္ပါယ်ရပါတယ်။ ထိုစကားနှစ်လုံး ပေါင်းစပ်လိုက်တော့ `လောကသုံးပါး´မှ ကျွတ်လွတ် ထွက်မြောက်ခြင်းလို့ ဆိုလိုပါတယ်။ ထိုလောကမှ ထွက်မြောက် ကျွတ်လွတ်တဲ့ လောကုတ္တရာ တရားတို့မှာ.. မဂ်လေးပါ၊ ဖိုလ်လေးပါ၊ နိဗ္ဗာန် ဆိုပြီး (၉) ပါးရှိပါတယ်။ ထိုတရား (၉)ပါးကို နှုတ်ပယ်ပြီး ကျန်တဲ့ တရားဟူသမျှက လောကီတရားတွေသာ ဖြစ်ကြပါတယ်။ လောကုတ္တရာ တရားတို့ကိုလည်း ဗုဒ္ဓ၏ သာသနာတော်တွင်းနှင့် ကြုံကြိုက်မှသာ ရှာဖွေနိုင်ပါတယ်။ ယခု သာသနာတော်နှင့် ကြုံနေပါပြီ `ကြိုက်ဖို့သာ´ လိုပါတော့တယ်။
ပျမ်းမျှအားဖြင့် ယခုခေတ်သက်တမ်း ၇၅နှစ် ထားကြပါစို့။ ၂၅ နှစ်ကျော်ရင် ဒုတိယအရွယ်ထဲ ရောက်နေကြပါပြီ။ ဘယ်လိုတရားတွေနဲ့ ရင်းနှီးပြီးတော့ ကုန်လွန်ခဲ့တယ် ဆိုတာ မိမိတို့ ကိုယ်တိုင် အသိဆုံးပါ။ ဘာလိုပင် ဖြစ်နေပါစေ.. လွန်ခဲ့တဲ့ အချိန်တွေဟာ ယခုစာဖတ်နေသူနှင့် ဘာမှ မသက်ဆိုင်တော့ပါ။ သေမည့်ဘက်ကို တစ တစ နီးကပ်လာပြီဖြစ်လို့ အသက်သည် `ကြီးလာပြီ´ လို့မဆိုထိုက်ပဲ၊ `ငယ်၍ ငယ်၍၊ လျော့လျော့ လာပြီ´၊ သေဘက်သို့ နီးကပ်၍ လာပြီလို့ ဆိုလျှင် ပိုပြီးမှန်ပါလိမ့်မယ်။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ `၀ိဇ္ဇာ´ဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို မရှာကြပဲ၊ စရဏ ဆိုတဲ့ လောကီ ကုသိုလ်တွေနှင့်သာ တင်းတိမ်၊ ရောင့်ရဲ နေခဲ့ကြရင်တော့ ဇာတိချက်ကြွေ အပါယ်လေးဘုံသို့ ပြန်ကြရပါလိမ့်မယ်။

ဤသို့ဖြင့် `၀ိသာခါ၊ သာမာဝတီ၊ ခုဇ္ဇုတ္တရာ၊ အနာထပိဏ်´စတဲ့ ပုဂ္ဂိုလ်တွေလို လူဝတ်နှင့်ပင် `၀ိဇ္ဇာမျိုး´ ကုသိုလ်လို့ ဆိုတဲ့ `၀ိပဿနာ´တရား ကို အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတွေက မဦးခင် ကြိုတင် ကြိုးစား အားထုတ်ကြပါရန် ရေးသား ဒါနပြုလိုက်ရပါတယ်။



“ဗုဒ္ဓဘာသာ နှင့် ဗေဒင်၊ နက္ခတ်”

“နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။

အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာတိ။”

နက္ခတ်ကောင်းကို စောင့်မျှော်နေသော လူမိုက်ကို ကောင်းကျိုးချမ်းသာများက လွန်မြောက်သွားကြသည်။ ကောင်းသောအလုပ်ကို စလုပ်သောနေ့သည်ပင် ကောင်းသော နက္ခတ်ဖြစ်၏။ ကောင်းကင်မှာ သွားနေသော နက္ခတ်များသည် အဘယ်အကျိုးစီးပွားမှ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်မည် မဟုတ်။

(ဧကနိပါတ်၊ နက္ခတ္တဇာတက၊ န၀မဇာတက (၁)၊ စာမျက်နှာ(၁၂) )။


ကျနော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ မြတ်ဗုဒ္ဓ၏ အဆုံးအမတွေကို လိုက်နာကျင့်ကြံတဲ့သူလို့ အရိုးရှင်းဆုံး ပြောလို့ရပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် အခြေခံအားဖြင့် ကံနှင့် ကံ၏ အကျိုးကို ယုံကြည်ရပါမယ်။ အဲဒီလို ယုံကြည်လိုက်တာကို ကမ္မဿကတ သမာဒိဋ္ဌိဉာဏ် ရှိတယ်လို့ ဆိုပါတယ်။



ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ ဘုရား၊ တရား၊ သံဃာသည်သာ ကိုးကွယ်အားထားရာ အမှန်လို့ ရွတ်ဆိုနေပြီးတော့ အခြားသော လောကီပညာရပ်တွေ အပေါ်မှာ အားထားရာအနေဖြင့် လုပ်ဆောင်လာကြသည်မှာ မသင့်တော်ပါ။ ဘာလို့ဒီလိုတွေ ဖြစ်လာကြလဲ စမ်းစစ်ကြည့်ရင် ကံ၊ ကံ၏ အကျိုးအပေါ်မှာ ယုံကြည်ချက် အားနည်မှု၊ လောကီရေးရာ လတ်တလော အဆင်ပြေချင်မှု တွေကိုတောင့်တ၊ မက်မောတဲ့ အတွက်ကြောင့်လို့ သုံးသပ်မိပါတယ်။ လူဆိုတာ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ်လုပ်ဆောင်တာဖြစ်လို့ မိမိတို့ အားထားချင်ရာတွေကို လုပ်ဆောင်ကြတာ အပြစ်ဆိုခြင်း မဟုတ်ပါဘူး။ အမှား၊ အမှန်သေချာ ခွဲခြား သိစေချင်တာပါ။ ဗေဒင်၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ နက္ခတ်တွေ အပေါ်မှာ ယုံကြည်မှု၊ အားထားရာတစ်ခုလို့ ထင်မှတ်နေခြင်းတွေသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လုံးဝ မသင့်တော်ပါဘူး။ ထိုအရာတွေကို ကိုးကွယ်အားထားလို့ လက်ရှိအခြေမှာ စီးပွားရေး၊ လူမှုရေး အဆင်ပြေကောင်း ပြေပါလိမ့်မယ်။ သို့သော် အပါယ်သံသရာကို မကျဘူးလို့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ မှတပါး အခြားသော ကိုးကွယ်မှုများသည် အာမခံချက် မရှိပါဘူး။ မြတ်စွာဘုရားရှင်၏ သာသနာတော်နှင့် တွေ့ကြုံပြီး တရားတွေနာကြား ကျင့်ကြံနိုင်တဲ့ ယခုလို အချိန်အခါမှာမှ တရားတွေ မကျင့်ကြံ၊ မလိုက်နာကြဘူးရှိရင် လူဖြစ်ရှုံး ရပါမယ်။ သံသရာ တလျောက်လုံးက ပါလာတဲ့ အမှားတွေကို စွန့်လွတ်ဖို့ အချိန်တန်ပါပြီ။ လောကသတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတွေ ဖြည့်ကျင့်ခဲ့ရတဲ့ ဘုရားရှင်၏ ကျေးဇူးတရားတွေ၊ ဘုရားရှင် ဖော်ထုတ်ဟောခဲ့တဲ့ တရားတွေ၏ ကျေးဇူးတွေ၊ ထိုတရားတွေကို ထိန်းသိမ်းစောင့်ရှောက် ဟောကြားဆုံးမခဲ့တဲ့ ဆရာတော်ကြီးတွေ၏ ကျေးဇူးတရားတွေကို သိတတ်ကြရပါမယ်။ အချို့သောသူတွေ လုပ်တတ်တာလေးတွေ ပြောပါမယ်။ မိမိတို့ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံး ဖြတ်ဖြစ်ပြီးမှ လက်ခံကြပါ။ ဗေဒင်ဆရာက ယတြာချေခိုင်းလို့ ဘုရားမှာ အမွေးတိုင်၊ ဆီမီးပူဇော် ကြတယ်။ ဘုရားကို ကိုးကွယ်ပူဇော်မှုသည် သက်ရှိထင်ရှား ရှိသလို နှလုံးသွင်းပြီး ကိုးကွယ်ရတယ်ဆိုတာ သိနှင့်ပြီးသားပါ။ ဘုရားရှေ့မှာ အမွေးတိုင်တွေ၊ ဖယောင်း တိုင်တွေ စုပြီး ထွန်းညှိပူဇော်တာ မသင့်တော်ပါဘူး။ ကိုယ့်ရှေ့မှာတောင် အမွှေးတိုင် ၅တိုင်လောက်ထွန်းပြီး နေကြည့်နိုင်ပါ့မလား။ ဆရာတော်အရှင်ဆန္ဒာဓိက စာအုပ်မှာတော့ ဘုရားကို ညှော်တိုက်နေကြတာပါ လို့ရေးထားပါတယ်။ ဗေဒင်ဆရာက သက်စေ့ ရေသပ္ပါယ်ရမယ် ဆိုတော့ ဘုရားရှင်ကို ဆောင်းတွင်းဖြစ်နေပစေ ခေါင်းကနေ ရေလောင်းတတ်ကြပါတယ်။ ပေါက်မြောက်အောင်လို့ ပေါက်ပန်းလှူခိုင်းတယ်။ အကြံအစည် အောင်ဖို့ ကြံစည်းလှူခိုင်းတယ်။ အရာရာအောင်ဖို့ အဝေရာညွှန့် လှူခိုင်းပါတယ်။ ဒီလိုခိုင်းတိုင်း လုပ်ရင်တော့ မသင့်တော်ပါ။ ဘုရားဂုဏ်တော် ပုတီးစိပ်ရာမှာလည်း မိမိနှစ်သက်တဲ့ အခေါက်ရေကို စိပ်လို့ရပါတယ်။ ဘယ်နှခေါက်စိပ်ရမယ်၊ ဘယ်ဂုဏ်တော်ပွားရမယ် ဆိုတာ ထေရ၀ါဒမှာ ကန့်သတ်ချက်မရှိပါ။ လူတွေက ကျဉ်းကြပ်အောင် ကန့်သတ်နေကြတာပါ။ ရက်ရာဇာနေ့မှာ သူတပါးအသက် သတ်လည်း အကုသိုလ်ဖြစ်တယ်။ ပြဿဒါးနေ့မှာ ဥပုသ်စောင့်လည်း သီလကုသိုလ်ရတာပါပဲ။ ဒီတော့ အချိန်တွေ၊ နေ့ရက်တွေက ပဓာန မကျဘူးဆိုတာ သိသာပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ ပုဗ္ဗာဏှသုတ်ဟာ ကိုယ်၊ နှုတ်၊ စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသောနက္ခတ်၊ ကောင်းသော နိမိတ်များသာ ဖြစ်နေမည့်အကြောင်း ရတနာ (၃)ပါးကို အခြေခံတိုင်တည် သစ္စာ တရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။

ဗေဒင်ပညာဆိုတာ တိုက်ရိုက်တော့ သာသနာကို မထိခိုက်သလိုပါ။ မည်သည့် ဗေဒင်ဆရာမှ သူများအသက်သတ်ရမယ်လို့ ယတြာမပေးပါဘူး။ သူတပါး ပစ္စည်းခိုးပြီး စားရမယ်လို့လည်း မပြောကြပါဘူး။ ဘုရားကို ဘယ်လိုပူဇော်ရမယ်။ ဘာတွေလှူရမယ် စသဖြင့်သာ ပြောကြတာပါ။ ဗေဒင်နဲ့ ပတ်သတ်ပြီးတော့ ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်း ဆရာတော်ဦးဉာဏ က ယခုလို ရေးသားထားပါတယ်။ “ဗေဒင်က ရက်ရာဇာနှင့် ပြဿဒါးကို ပဓာန ထားသကွဲ့။ မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ်ကို ပဓာန ထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့။ မြတ်စွာ ဘုရားနဲ့ဆန့်ကျင်တာကို ယုံလျှင် ဘုရား၊ တရား မယုံရာ ကျတာပေါ့။” အင်မတန် သတိပြု သင့်ပါတယ်။


ကျနော်ကိုယ်တိုင်လည်း မဟာဘုတ်ထူတာ၊ နာမည်ပေးနည်း ( ယခင်က ခင်ကြီးဖျော်နည်း၊ နောက်ပိုင်းတော့ မင်းသိင်္ခတို့ သုံးကြတယ်)၊ လက်မှတ်ထိုးတာ၊ လက္ခဏာပညာ၊ အိမ်ထောင်ဖက်ရွေးနည်း၊ ( ဓမ္မသောက အင်းဝရာဇာ။ ဥဿာစိန်ပန်း ဒန်းလှကိုရှာ စတဲ့ လင်္ကာ လေးတွေနဲ့ပါ) စသဖြင့် လေ့လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒီပညာတွေဆိုတာ ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ၊ တွက်ချက်တာတွေ၊ ဆုံးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက် တွေကြောင့်လဲ လွဲနိုင်ပါတယ်။ ဗေဒင်မေးတဲ့သူက ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။ ဤနေရာမှာ ဆရာတော်အရှင်ဇ၀န ရေးသားသော စာအုပ်ထဲမှ ထုတ်နှုတ် တင်ပြပါမယ်။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က စာချဘုန်းကြီးတပါး၏ ဇာတာကို ကြည့်ပြီး အရှင်ဘုရားမှာ ခန္ဓာပျက်ကိန်းရှိနေပါတယ်။ ယတြာမချေလို့ မရပါဘူးလို့ လျှောက်ထားရာ တပည့်စာသင်သား သံဃာတွေက တုန်လှုပ်သော်လည်း စာချဘုန်းကြီးကတော့ တုန်လှုပ်ခြောက်ချားခြင်း မရှိပါဘူး။ အေးမြကြည်လင်တဲ့ မျက်နှာက တစ်ချက်လေးမှ ပျက်သွားခြင်းမရှိ၊ ပကတိအတိုင်းပါပဲ။ တပည့်များရော၊ ဗေဒင်ဆရာရော ဆရာတော်ပြောမည့် စကားကို နားထောင်နေကြပါတယ်။ စာချ ဘုန်းကြီးထံမှ စကားသံအချို့ ထွက်လာပါတယ်။ “ဒကာကြီး အခုလိုဟောကြားသတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဦးပဉ္စင်းအတွက်တော့ ကိစ္စမရှိပါဘူး”။ ထိုစကားကို ဗေဒင်ဆရာ က မကြိုက်ပါ။ သူ့ပညာကို မယုံကြည်သောကြောင့်လို့ ယူဆပါတယ်။ ထိုမကျေနပ်တဲ့စိတ်က မပြေပြစ်တဲ့ စကားတွေပြောပါတယ်။ “အရှင်ဘုရား.. တပည့်တော်ပြောတဲ့အတိုင်း ယတြာမချေဘဲ နေရဲနေကြည့်ပါ။ အခုနှစ် ၁၃၅၃ ခုနှစ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပိုတွဲလေးလ အတွင်းမှာ ခန္ဓာပျက်ရင်ပျက်၊ မပျက်ရင်လည်း သေလောက်နီးပါး ရောဂါကို ခံစားရမယ်၊ အကယ်၍ တပည့်တော် ပြောတဲ့အတိုင်း မဖြစ်ဘူးဆိုရင် တပည့်တော်တို့ ဗေဒင်ကျမ်းတွေ အကုန်မီးရှို့ပစ်မယ်”။ လူတစ်ယောက်၏ ကောင်းကျိုးဆိုးကျိုးကို ကံတရားထက် ဂဏန်းသင်္ချာများက ပို၍ ဖန်တီးနိုင်သည်ဟု ယူဆလိုက်လျှင် ဗုဒ္ဓဘာသာဝင် မပီသနိုင်တော့ပါ။ ဗေဒင်ဆရာက သူပြောချင်တာ ပြောပြီး ပြန်သွားပါတယ်။ ဗေဒင်ဆရာ၏ အတိအကျဟောချက်ကြောင့် တပည့်များက စိုးရိမ်သဖြင့် ယတြာချေဖို့ အတင်းအကြပ်လျှောက်ထားရာ စာချဘုန်းကြီးက “ငါအမြဲတမ်း ယတြာ ချေနေတာ မင်းတို့ မတွေ့ကြဖူးလား” ပြန်မေးတော့ တပည့်များက “တွေ့ပါတယ်ဘုရား” ဟု လျှောက်ကာ ပြန်ခဲ့ကြပါတယ်။ အချိန်တွေကုန်လွန်ပြီး ဆရာတော်ကား ဘာရောဂါ အသက်ဘေးမှ မဖြစ်ပဲ၊ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်ဘုန်းကြီး ဘ၀သို့ပင် ရောက်ခဲ့ပါတယ်။ ထိုအခါမှ ဗေဒင်ဆရာ ဟောခဲ့သလို အဘယ့်ကြောင့် အသက်အန္တရာယ် မဖြစ်ရကြောင်း ဟောကြားပါတယ်။ အတိုချုံ့ ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကံတွေကို ဆရာတော်က ယခင်ကတည်းက နေ့စဉ်ပြုလုပ်ခဲ့ခြင်း၊ ကောင်းမှုတွေနဲ့ ထုံမွှမ်းနေလာခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗေဒင်ပညာရှင်တွေဆိုတာ ပုထုဇဉ်တွေပဲ။ အဲဒီတော့ အမှားဆိုတာ ဘယ်ကင်းပါ့မလဲ။ ဗေဒင်၊ နက္ခတ်ပညာဆိုတာ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်သိနိုင်စွမ်းရှိတဲ့ လောကီပညာ တစ်ခုပါ။ ဒါပေမဲ့ လိမ်းဆေးကို စားဆေးအဖြစ် သုံးလိုက်ရင် အသက်အန္တရာယ် ဖြစ်နိုင်သလို ဒီဂြိုလ်ထဲရောက်နေလို့သာ ဒီလိုဖြစ်ရတာ၊ အတိတ်ကံ ပစ္စုပ္ပန်ကံနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆလိုက် ရင်တော့ ဗုဒ္ဓ၀ါဒကို ဖျက်ဆီးတဲ့ အဓိကအန္တရာယ်ကြီး ဖြစ်သွားနိုင်တယ်။ ဘုရားလောင်း မွေးဖွားစဉ်က ဘုရားဖြစ်မယ်ဆိုပြီး လက်ညိုးတစ်ချောင်းတည်း ထောင်ခဲ့တဲ့ ကောဏ္ဍညပုဏ္ဏားတောင် ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅)ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတာပဲ။ ဘုရားဖြစ်ပြီး ဓမ္မစကြာတရား ပြန်လာဟောတော့မှ ဘုရားဖြစ်ပြီဆိုတာ သိကြတာပါ။ ဒီတော့ သာမန် လက္ခဏာ၊ ဗေဒင် ပညာမှာ မုချမှန်ပါမယ်လို့ ပြောလို့မရနိုင်ပါဘူး။

ဤသို့ဖြင့် ဒီပညာတွေဟာ လေးစားစရာ၊ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျ ဟောနိုင်၊ ပြောနိုင်တာတွေ ရှိသလို၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း သေချာနေပါ တယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ သုံးသင့်တဲ့ ဆေး ကို သောက်ရင် ပြဿနာ အကြီးအကျယ်တတ်ပါမယ်။

ဒါ့ကြောင့် ပညာတစ်ရပ်အနေနဲ့ သုံးချင်သုံးနိုင်ပါတယ်။ သို့သော် ကိုးကွယ်အားထားရာ အစစ်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့ထက် ပိုပြီး အလေးမြတ်ပြုရင်တော့ မသင့်တော်ပါ။ အမှားနှင့် အမှန်၊ အတုနှင့် အစစ် ကွဲပြားဟန်ကို ပိုင်းခြားသိမြင်ပြီး စစ်မှန်သော ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ။


“ဆရာကောင်းဆိုရာဝယ်...”

နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊

ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊

ငရဲအပါယ်၊ အမြစ်တွယ်၊

ဝဋ်နွယ်ရှည်လျားရာ၊

(ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး)


ကျနော်တို့ မြန်မာလူမျိုးအများစုဟာ သာမန်အားဖြင့် သဒ္ဓါတရား(ယုံကြည်မှု့) ကောင်းကြပါတယ်။ ဘာသာဝါဒတိုင်းဟာ ယုံကြည်မှု (မျက်စိမှိတ်ယုံကြည်မှု)ကို အခြေခံကြပါတယ်။ အခြားဘာ သာဝင်တွေ နားလည်ကြတဲ့ သက်ဝင်မှု၊ ယုံကြည်မှုများက ဗုဒ္ဓ၀ါဒနှင့် ပတ်သတ်ခြင်း မရှိပါဘူး။ ဗုဒ္ဓ၀ါဒမှာ သဒ္ဓါတရားဆိုတာ ယုံကြည်မှု သက်သက်မဟုတ်၊ ကိုယ်တိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီးမှ ဖြစ်ပေါ်လာတဲ့ စိတ်ချယုံကြည်မှုမျိုးဖြစ်ပါတယ်။ ထိုယုံ ကြည်မှုက ရတနာသုံးပါးအပေါ်မှာ ဖြစ်တည်မှသာ သံသရာဝဲဂယက်မှ ရုန်းထွက်နိုင်မှာပါ။



ထို့ကြောင့်ပင် သဒ္ဓါယ တရတိ သြဃံ (အခက်အခဲမှန်သမျှကို ယုံကြည်ချက်ဖြင့် လွန်မြောက်၏) ဟုဗုဒ္ဓမြတ်စွာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ သဒ္ဓါတရားနှင့် ပြီးပြည့်စုံ၍ မိမိတို့အမှန်တကယ် မဂ်ဖိုလ် ရဖို့ ဆည်းကပ်ကိုးကွယ်ရာမှာ ဆရာရွေးမှန်ကန်ဖို့ အင်မတန်အရေးကြီးပါတယ်။ ယခုအခါမှာ အခြားသော အတုအယောင်များစွာက နေရာယူလာကြပါတယ်။ ထို့ကြောင့်ပင် စတုတ္တအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ သဒ္ဓမ္မအစည်းအဝေးမှာ သဘာပတိ ဥက္ကဋ္ဌ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မြင်းခြံမြို့ ကိုးဆောင်တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ မှ အောက်ပါအစည်းအဝေးဖွင့် သြ၀ါဒကထာကို မိန့်ကြားခဲ့ပါတယ်။ “ဆရာတော်ဘုရားများ အထူးသတိပေးလျောက်ထားလိုသော အချက်မှာ ယခုအခါ တပည့်တော်တို့ မြန်မာနိုင်ငံ၌ နတ်၊ မှော်၊ ၀ိဇ္ဇာ၊ ဂါထာ၊ မန္တယား စသော တန္တရ၊ မန္တရ ၀ါဒများ ကြောက်မတ်ဖွယ်ကောင်းအောင် တိုးပွားနေသည်ကို ဆရာတော်ဘုရားများ သတိပြုစေချင်ပါ သည် ဘုရား၊ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အများစုဟာ ထေရ၀ါဒသာသနာ စစ်စစ်ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှုနည်းပါးပြီး ထိုတန္တရ၊ မန္တရ၀ါဒများဘက်သို့သာ လိုက်ပါနေကြပါသည်။ ဤအချက်ကို အခွင့်ကောင်းယူ၍ အချို့ရဟန်းများသည် ဂန္ထဓူရ (စာပေသင်ခြင်း)၊ ၀ိပဿနာဓူရ (တရားအားထုတ်ခြင်း) ဟူသော ရဟန်းတော်တို့၏ တာဝန်ကို ပစ်ပယ်၍ တန္တရ၊ မန္တရအလုပ်ကို ရဟန်းတော်တို့ တာဝန်အလား ကြိုးစားအားထုတ် ပြုလုပ်နေကြသည်မှာ သာသနာတော်အတွက် ကြောက်မတ်ဖွယ်ကောင်းသော ဘေးရန်တစ်မျိုးဖြစ်ပါသည် ဘုရား...”။ ဤအချက်တွေကို နာယူခြင်းဖြင့် ထေရ၀ါဒသာသနာအပေါ် အရောင်ဆိုးသော အရာများကို ပေါ်လွင်စေပါတယ်။ လူတွေသည်လည်း နေ၊ ထိုင်၊ ပြောဆိုတက်ဖို့လိုပါတယ်။ အချို့သော လူများက ဘုရားကြီးကျောင်းရောက်ရင် မဂ်ဖိုလ်ရောက်ကြောင်းတရား၊ ဒါန၊ သီလစတဲ့ တရားအကြောင်းများကို မေးမြန်းခြင်းမရှိပဲ၊ ဘာဂဏန်းကောင်းလဲ၊ ဘာထိုးရမလဲ စတဲ့ ၂လုံး၊ ၃ လုံးဂဏန်းများတောင်းဖို့သာ စဉ်းစားကြပါတယ်။ ဤနေရာ ကိုယ်တွေ့လေးတစ်ခု ပြောပြချင်ပါတယ်။ ကျနော့် ဂျီတော့မှာ တင်ထားတဲ့ ကိုရင်ပုံလေးကိုတွေ့တော့...“ဦးဇင်းလေးလား၊ တပည့်တော်ကို ၂လုံးဂဏန်းပေးပါတဲ့..”။ ဒါနဲ့ သံဃာကို အလေးအမြတ်ပြုတတ်ဖို့ ပြောပြလိုက်ပါတယ်။ အဓိက ဆိုလိုချင်တာက လူတွေကိုကလည်း ရတနာမြတ်သုံးပါး အပေါ်မှာ အလေးအမြတ် ပြုတက်ဖို့ လိုပါတယ်။ လောကီကောင်းကျိုးတစ်ခုပဲ ကြည့်ပြီးတော့ အခြားသော အတုအယောင် များအပေါ် အားထားချင်ကြတော့ လိမ်တဲ့သူက ပိုပြီးကြိုက်တာပေါ့။ ကျနော်တို့ အိမ်နားမှာ ဘိုးတော်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ ဘယ်လိုဖြစ်လာလဲဆိုတော့ သာသနာပွဲထိုးတာက ကန်တော့ပွဲမှာ ၀လုံးတွေ ပေါ်လာတယ်ဆိုပြီးတော့ ၀လုံးဘိုးတော်လို့ နာမည်ကြီးပါတယ်။ (အမှန်တော့ ဘုရားရှေ့မှာ အုန်းစိမ်း၊ ငှက်ပျောစိမ်းတွေနဲ့ ကန်တော့ပွဲလုပ်တာ မသင့်တော်ပါ။ သာသနာပွဲဆိုတာ မိသားစုတွေလိုက် ကိုယ့်အိမ်မှာ တရားဆွေးနွေး၊ တရားနာ၊ ဘုရားဆွမ်းတော် ကပ်တဲ့ ပွဲလေးလို့ နားလည်ပါတယ်)။ တနေ့တော့ ကျနော်လည်း ဦလေးနဲ့ ဘိုးတော်ဆီကိုသွားပြီး ၀လုံးပေါ်တယ် ဆိုတာသွားကြည့်တယ်။ ကျနော့် အမြင်တော့ ဘာမှကို မတွေ့ခဲ့ပါဘူး။ သူ့အိမ်မှာလည်း ကန်တော့ပွဲတွေရှုပ်နေတာပါပဲ။ နောက်တော့ အဲဒီဘိုးတော်က ၂လုံး၊ ၃လုံးတွေ ပေးတာမှန်တယ်ဆိုပြီး အတော်များများ ကိုးကွယ် လာကြပါတယ်။ ဘိုးတော်က နတ်ပွဲလည်း ပေးပါတယ်။ သူကိုယ်တိုင်လည်း နတ်ဝင်ကတယ်။ လူတွေလာရင် ငါ့သမီးကြီး၊ ငါ့သားကြီးဆိုပြီး ဓာတ်ပေးတယ်ဆိုတာလည်း လုပ်ပါသေးတယ်။ လူတွေကလည်း အဲလိုဆိုရင် အတော်ကိုသဘော ကျတာပါ။ နောက်တော့သူ့ကို ယုံစားကိုးကွယ်တဲ့ သူတွေ စီးပွားပျက်တာပါပဲ။ သူလည်း အရင်လို မဟုတ်တော့ပဲ၊ သာမန်လူတစ်ယောက်လို ဖြစ်နေပါပြီ။ အတုအယောင်ဆိုတာ ဘယ်တော့မှ ကြာရှည်မခံပါဘူး။ သတိဉာဏ်ယှဉ်ပြီးမှ ယုံကြည်တတ်ဖို့ အရေးကြီးပါတယ်။ ဓမ္မစေတီဆရာ တော်ဘုရား၏ “နှလုံးသားဝယ်ဘုရားတည်” တရားမှ ယခုလို မှတ်သားခဲ့ဘူးပါတယ်။


၁. သရဏဂုံတည်စေသောဆရာ = ဆရာကောင်း၊ မိတ်ဆွေကောင်း (Good Teachers)။

၂. သစ္စာ ၄-ပါး သိစေတဲ့ဆရာ = ဆရာမှန်၊ မိတ်ဆွေမှန် (Right Teachers)။

၃. အာသဝေါတရား ၄-ပါး ကုန်စေတဲ့ဆရာ = ဆရာမြတ်၊ မိတ်ဆွေမြတ် (Nobel Teachers)။





“ကုန်ရှုံးတော့ တစ်ခေါက်”၊ “လင်ကုန်ရှုံးတော့ တစ်သက်လုံး မှောက်”၊ “ဆရာကုန်ရှုံးတော့ တစ်သံသရာလုံးမှောက်..” ဟူသောစကားအတိုင်း ဘာသာရေးမှာ ဆရာရွေးမှားရင် ယခုပစ္စုပ္ပန်၊ သံသရာနှစ်ဖြာလုံး ဒုက္ခရောက်တတ်ပါတယ်။ ဆရာရွေးမှန်ရင်လည်း မိမိကောင်းကျိုးအားလုံး ပြီးစီးတတ်ကြောင်းကို ဗုဒ္ဓမြတ်စွာက အရှင်အာနန္ဒာကို မိန့်ကြားခဲ့ဖူးပါတယ်။ မိမိတို့မဂ်ဖိုလ်ရဖို့ အတွက် ဆည်းကပ်ကိုးကွယ်သင့်သော ဆရာကောင်းများ၏ အင်္ဂါလက္ခဏများကို သတ္တတ အင်္ဂုတ္တိုရ် ပါဠိတော်တွင် ဘုရားရှင်က ဟောကြားထားပါတယ်။ ထိုအချက်တွေကို နှောင်းလူများ အလွယ်တကူ မှတ်မိစေရန် မန်လည်ဆရာတော်က မဃဒေ၀လင်္ကာသစ်တွင် ယခုလိုဖွဲ့ဆိုခဲ့ပါ တယ်။

“ ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊

လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊

ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍၊

ကျိုးနည်းမတန်း၊ ခုနှစ်ခန်းနှင့်၊

ပြည့်လျှမ်းညီညာ၊ ဤဆရာ၊

ဖွေရှာတပည့်ခံ”။

အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုသော်..၊

၁။ ရိုသေထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၂။ ချစ်ခင်ထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၃။ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးနှင့် ပြည့်စုံခြင်း၊

၎။ မိမိ၏လွဲမှားမှု၊ မိုက်မဲမှုကို ဆုံးမခြင်း၊

၅။ မိမိမေးသမျှကို ဖြေဆိုနိုင်ခြင်း၊

၆။ နက်နဲသော ဓာတ်၊ ပရမတ်၊ သစ္စာတရားများကို ဟောကြားနိုင်ခြင်း၊

၇။ အကျိုးနည်းသော အလုပ်များကို တားမြစ်၍ အကျိုးရှိသော အလုပ်များကို ညွှန်ပြနိုင်ခြင်း၊

ဤနေရာမှာ.. ရိုသေထိုက်၊ ချစ်ခင်ထိုက်၊ ချီးမွမ်းထိုက်သော ဂုဏ်လေးပါးမှာ အတူတူဖြစ်ပါတယ်။ ထိုအချက်တွေကတော့...

၁။ ဒါန = လောဘမကြီးဘဲ ပေးကမ်းစွန့်ကြဲသူ ဖြစ်ရမယ်။

၂။ ပိယ၀ါစာ = ဒေါသမကြီးဘဲ မေတ္တာနှင့်ယှဉ်သည့် ချစ်ခင်ဖွယ်ရာ စကားရှိရမယ်။

၃။ အတ္တစရိယာ = တပည့်တို့၏ ကောင်းကျိုးကို ကျင့်ဆောင်ရမယ်။

၎။ သမာနတ္ထတာ = မနှိမ့်ချဘဲ ပုံမှန်တန်းတူ ဆက်ဆံရမယ်။

ထို့ကြောင့် မိမိတို့တွေသည် အပြော၊ အဟော၊ အရေးကောင်းတိုင်း ဆရာကောင်း မဟုတ်နိုင်ကြောင်း သတိပြုသင့်ပါတယ်။

“ကြည်ညိုရာမှာ၊ အများသံဃာ၊

ကိုးကွယ်ရာမှာ၊ ရွေးချယ်ပါ၊” ဟူသော စာဆိုလေးအတိုင်း ရဟန်သံဃာမှန်သမျှ ကြည်ညိုပါ။ တက်နိုင်သမျှလှူဒါန်းပါ။ ကြည်ညိုလှူဒါန်းသော မိမိ၏ ကောင်းမှု အကျိုးကို မလွဲမသွေ ရရှိမှာဖြစ်ပါတယ်။ သို့သော် ဆရာအဖြစ် ကိုးကွယ်တော့မည်ဆိုရင်တော့ ရွေးချယ်ရပါမည်။

ဤသို့ဖြင့် ဆရာကောင်းတပည့်၊ ပန်းကောင်းပန်ုဆိုတဲ့ စကားလေးအတိုင်း စာဖတ်သူများသည် ဆရာကောင်း၊ ဆရာမြတ်များထံ ကိုးကွယ်ဆည်းကပ်ကာ နိဗ္ဗာန်မဂ်ဖိုလ်သို့ မျက်မှောက်ပြုနိုင်ကြပါစေ။



“ဟီရိနှင့်သြတ္တပ္ပ”

မကောင်းမှု ဒုစရိုက်ကို ပြုလုပ်ရမှာ ရှက်ခြင်းက ဟိရီဖြစ်ပြီးတော့၊ ကြောက်လန့်ခြင်းက သြတ္တပ္ပ ဖြစ်ပါတယ်။ ထိုတရားနှစ်ပါးမှာ မိမိဂုဏ်သိက္ခာကို စောင့်ရှောက်တဲ့သူတို့မှာ ဟီရိတရားက ထင်ရှားပြီး ဆရာ၊ မိဘ ဆွေမျိုးစသူနှင့် အခြားသူများကို လေးစာသူတို့မှာ သြတ္တပ္ပတရား ထင်ရှားပါတယ်။ ဥပမာ.. “ငါသည် အမျိုးကောင်းတစ်ယောက်ဖြစ်တယ်၊ ငါ့လိုအမျိုးကောင်းသူ မကောင်းမှုပြုနေလျှင် (ဥပမာ..တံငါလုပ်ရင်၊ ကြက်တိုက်၊ ဖဲရိုက်၊ အရက်သောက်နေရင်) ရှက်စရာဖြစ်လိမ့်မယ်” ဆိုပြီး ကိုယ့်ရဲ့အမျိုးဂုဏ်ကို စောင့်ထိန်းသောအနေနဲ့ မကောင်းမှုပြုရ


မှာရှက်တာပါ။ ပညာတက်တဲ့သူကလည်း “ငါ့လိုပညာရှိ တစ်ယောက်က အောက်ကျသော မကောင်းမှုပြုလုပ်ရင် (သူ့ဥစ္စာ မတရားယူရင်) ရှက်စရာကောင်းတယ်။” အသက်ကြီးသူကလည်း “ငါလို အဘိုးကြီးက မကောင်းမှုကို ပြုရင်တော့ (လိမ်နေရင်၊ ဆဲနေရင်၊ ပေါက်တတ် ကရတွေပြောနေရင်) ရှက်စရာကောင်းတယ်” ဆိုပြီး ကိုယ့်မှာရှိနေတဲ့ ဂုဏ်တစ်ခုခုကို လေးစားသူက ဟိရိတရားကို ထင်ထင်ရှားရှားဖြစ်စေပါတယ်။ ငါက မကောင်းမှုပြုလိုက်ရင် ငါ့မိဘ၊ ငါ့ရွှေမျိုး၊ ငါ့ဆရာသမားတွေ ကဲ့ရဲ့ခံရမှာစိုးရိမ်လို့ ဒုစရိုက်တရားတွေလုပ်ရမှာကို ကြောက်လန့်တတ်တာက သြတ္တပ္ပတရားဖြစ်ပါတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာ၊ မိဘ၊ ဆရာသမား တွေရဲ့ဂုဏ်သိက္ခာကို မကြည့်ပဲ ရွဲ့ချင်တိုင်းရွဲ့၊ လုပ်ချင်တာလုပ်နေသူတွေမှာတော့ ဟီရိ၊ သြတ္တပ္ပတရားနှစ်ပါးလုံး မရှိပဲ ဒုစရိုက်တရားတွေနဲ့သာ ပြည့်နက်နေပါမယ်။ ဟီရိနဲ့သြတ္တပ္ပ တရားနှစ်ပါးက လောကလူသားအများကို သားနှင့်အမိ၊ မောင်နှင့်နှမ စသဖြင့် ခြားနားအောင် စောင့်ရှောက်တက်သောကြောင့် “လောကပါလ=ကမ္ဘာစောင့်တရား” လို့လည်း ခေါ်ပါတယ်။ ဖြူစင်သန့်ရှင်း အပြစ်ကင်းအောင် ပြုတတ်တာကြောင့် “သုက္ကဓမ္မ=ဖြူစင်သောတရား” လို့ လည်းနာမည်ရပါတယ်။ လောကမှာ ဒီတရားနှစ်ပါးမရှိရင် တိရစ္ဆာန်နဲ့ မခြားပဲ မှားချင်တိုင်း မှားပြီး မကြားဝံ့မနာသာ တွေဖြစ်လာနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ ဟီရိသြတ္တပ္ပတရားမရှိသူတွေ များလာပါပြီ။ မလုံခြုံသောအ၀တ်စားတွေ၊ ခေတ်စတိုင်ဆိုပြီး ၀တ်နေတာတွေက တော်တော်များပါတယ်။ သူတို့တွေမှာ လောကပါလ တရားဆိုတာလည်းသိမှာ မဟုတ်ပါဘူး။ မသိလို့လည်း လုပ်နေကြတာပါ။ ပြောရင်တော့ ခေတ်ရေစီးကြောင်း စကားကို လက်ကိုင်ထား ကြမှာပေါ့။ ဒီအတိုင်းသွားရင်တော့ ယဉ်ကျေးမှုတွေ ပျက်စီးပါမယ်။ နိုင်ငံတနိုင်ငံ၊ လူမျိုးတခု ဆိုတာက ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ဖွဲ့စည်းထားရတာပါ။ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ ပျက်စီးလာရင်တော့ မကောင်းတော့ပါဘူး။ ဒီအချက်တွေက တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်ကြရမှာပါ။ ရှက်မှု၊ ကြောက်မှုကို ဟီရိသြတ္တပ္ပတရားလို့ ပြောပေမဲ့ နေရာတိုင်း၊ တွေ့ကရာ ရှက်ကြောက်မှုတွေကို ပြောလို့မရပါဘူး။ ဒုစရိုက်တရားတွေ ပြုလုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်းကိုသာ ဟီရိသြတ္တပ္ပတရား လို့မှတ်ယူရပါမယ်။ ဥပမာ.. ဥပုသ်စောင့်ရမှာ၊ တရားနာရမှာ၊ ဘုရားသွားရမှာ၊ ပရိသတ်အလယ်မှာ စာဖတ်၊ စကားပြော ရမှာကို ရှက်တာ၊ အလုပ်လက်မဲ့နဲ့ လူပေလုပ်ရမှာကို မရှက်ပဲ အောက်ကျတယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ရမှာ ရှက်တာ၊ ကောင်လေးနဲ့ ကောင်မလေးတွေ့တဲ့ အခါမှာ ရှက်တာ တွေက ဟီရိမဟုတ်ပါဘူး။ ပရိယာယ်၊ မာယာများတာ၊ ဟန်ပန်ကြီးတာ ဖြစ်ပါတယ်။
လောကီ အကျိုးစီးပွားကိုပြတဲ့ နီတိကျမ်းတွေမှာတော့…

(၁) ရောင်းဝယ်ဖောက်ကား အတိုးပွားပေးသောအခါ။

(၂) ဆရာ့ထံ ချဉ်းကပ်၍ အတက်ပညာသင်သောအခါ။

(၃) အစာစားသောအခါ။

(၄) ဇနီးခင်ပွန်းအချင်းချင်း ရင်းရင်းနှီးနှီး ပျော်မွေ့သောအခါ။

အဲဒီအခါတွေမှာ အရှက်တရားကို ဖယ်ထားရမယ်လို့ရေးထားပါတယ်။ (ထိုအရှက်မရှိမှုမှာ ကုသိုလ်ဖြစ်၊ မဖြစ်ကို ပြောတာမဟုတ်ပါဘူး၊ မိမိအကျိုးရှိမည့် အရာမှာ မရှက်ရလို့ ပြောခြင်းဖြစ်ပါတယ်)။ တရားရုံးမှာ တရားသူကြီးကိုကြောက်ခြင်း၊ ရထား၊ သင်္ဘောပေါ်တွေမှာ တောသားတွေ အိမ်သာမသွားရဲပဲ ကြောက်ခြင်း၊ လူတစ်ယောက်နှင့် တစ်ယောက်ကိုကြောက်ခြင်း၊ ပြိဿာတွေကိုကြောက်ခြင်း၊ မရောက်ဖူးသောနေရာကို ခရီးသွားရမှာကိုကြောက်ခြင်း၊ ဆရာ၊ မိဘတို့ရှေ့မှာ စကားမပြောတက်အောင်ကြောက်ခြင်းတွေဟာ သြတ္တပ္ပတရားအစစ် မဟုတ်ပါဘူး။ သတ္တိညံ့ဖျင်းခြင်း (တရားသဘောအရဆိုရင်) ဒေါမနဿပြဋ္ဌာန်းသော အကုသိုလ်စုပင် ဖြစ်ပါတယ်။ အထက်မှာရေးခဲ့သလောက်ဆိုရင် အကုသိုလ်မဖြစ်တဲ့ ကိစ္စမှာ မရှက်သင့်၊ မကြောက်သင့်ဘူးလို့သိကြပါ။ ဒါပေမဲ့ မရှက်မကြောက်ပဲ လူမိုက်အားကိုး ရဲရမယ် မပြောပါဘူး။ လူမိုက်ကို အားကိုးတဲ့ ရဲစိတ်မျိုးဟာ တဖက်သားကို မလေးစားတဲ့ အဂါရ၀ ဒေါသ၊ မာနတရားတွေ ဖြစ်ပါတယ်။ လောကမှာ လူအများစုက မကြောက်ရမယ့်နေရာမှာ ကြောက်ကြတယ်။ ကြောက်ရမယ့်နေရာကျတော့ မကြောက်တက်ကြဘူး။ ဒါ့ကြောင့် မရှက်သင့်၊ မကြောက်သင့်သော ကိစ္စမှာမရှက်၊ မကြောက်ပဲ၊ အမှန်တကယ်ရှက်ကြောက်ရမယ့် ဒုစရိုက်တရားတွေကို ရှောင်ကြဉ်ပြီး ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံး ညီညွတ်စွာ နေထိုင်ကျင့်ကြံနိုင်ကြပါစေ။



ကျမ်းကိုး။ ။ ကိုယ်ကျင့်အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)


“ချစ်တတ်ကြရအောင်”

“သဒ္ဓါ၊ မေတ္တာရှေ့ရှုကာ ချစ်တာမြင့်မြတ်သည်။ သတိဉာဏ်ယှဉ် မုန်းတက်လျင် ၀ဋ်ခွင်လွတ်မြောက်သည်။ ဘ၀တိုင်းမှာ စောင်းမြောင်းကာ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ မူးယစ်ကာ သောက်တာကင်းပါစေ”

ဆရာတော်အရှင်ဆန္ဒာဓိက


အချစ်ဆိုတဲ့ စကားလုံးကို ကျနော်တို့ လူမှန်းသိတက်စအရွယ်ထဲက ကြားသိခဲ့ရတာပါ။ “ကလေးလေးက ချစ်စရာလေး၊ ငါ့သားလေးက ချစ်စရာလေး၊ အဖိုးကလည်း အဘွားကို ချစ်တယ်ပြောမှာဘဲ..စသဖြင့်ပေါ့”။ နောက်ပိုင်းသိလာပြန်တော့လည်း “အချစ်ဆိုတာ ပကတိ အနေအထားအတိုင်းရှိနေတဲ့ လူတစ်ယောက်ကို ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ



စိတ်ရဲ့အမှန်အတိုင်း ချစ်တက်ဖို့ပဲလိုတယ်။ ဘာလုပ်ပေးမှ ဘယ်လိုဖြစ်မှ ချစ်မယ်ဆိုတဲ့ အတ္တကိုစေခိုင်းတာမျိုးကျတော့ အချစ်လို့မခေါ်တော့ဘူး”တဲ့။ “အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု မေတ္တာဟာအေးမြတဲ့ စမ်းချောင်းငယ်တစ်ခု” စတဲ့ သီချင်းစာသားလည်း ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဓမ္မအမြင်နဲ့ကြည်ရင် အချစ်ဆိုတာက လောဘပါပဲ။ လောကမှာ ချစ်ခြင်းအမျိုးမျိုးရှိပါတယ်။ သားချစ်၊ သမီးချစ်၊ ဇနီးချစ်၊ ညီအကို မောင်နှမချစ် စသဖြင့်ပေါ့။ သစ္စာလေးပါးမှာ လောဘဆိုတဲ့ ချစ်ခြင်းတရားကို သမုဒယ လို့သုံးပါတယ်။ သမုဒယဆိုတာကတော့ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခလောင်းလို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ရေးသား ထားပါတယ်။ အချစ်ဆိုတဲ့ လောဘကြောင့်ပဲ သံသရာတစ်လျှောက် ဒုက္ခနဲ့မိတ်ဖွဲ့ပြီး တ၀ဲလည်လည် ဖြစ်နေရတာပါ။ အချစ်ကြီးရင် ဒုက္ခကြီးမယ်၊ အချစ်နည်းရင် ဒုက္ခနည်းမယ်၊ အချစ်မရှိရင်တော့ ဒုက္ခလည်း မရှိတော့ဘူးပေါ့။ (ဒါက အချစ်ကြောင့်ဖြစ်လာရမဲ့ ဒုက္ခတွေကို ပြောတာပါ)။ ချစ်မိကြပြီဆိုရင် အချစ်နွံ့က ရုန်းနိုင်ဖို့ဆိုတာ တော်တော်ကို ခက်ပါတယ်။ ဒါကြောင့်ပဲ “အချစ်အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း။ ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း အပြစ်မမြင် မဆင်ခြင်ပဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်၊ ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း” လို့ ရေးစပ်ခဲ့ကြပါတယ်။ သေခါနီးအချိန်တွေမှာလည်း သားသမီး၊ ဇနီးမယားအပေါ်မှာ ချစ်ခင်စွဲလန်းမှု၊ ပစ္စည်းဥစ္စာများကို ချစ်ခင်စွဲလန်းမှုတွေကြောင့် ပြိတ္တာဘ၀ ရောက်သွားရတာတွေလည်း မနည်းတော့ပါဘူး။ ဘုရားရှင်လက်ထက်က ရဟန်းတစ်ပါး မိမိရဲ့ သင်္ကန်းအသစ်လေး အပေါ်စွဲလန်းမိတဲ့အတွက် အဲဒီသင်္ကန်းပေါ်မှာ (၇)ရက် “သန်း” ဖြစ်ခဲ့ရပါ တယ်။ ချစ်ခင်စွဲလန်းမှုတွေဟာ အပါယ်လမ်းအတွက် ၀င်ပေါက်တံခါးတစ်ခုနဲ့ တူနေသလိုပါပဲ။ ပုံသေပြောတာမဟုတ်ပါဘူး။ အချစ်ကြောင့် သီလစောင့်ထိန်းသွားတဲ့ သူတွေကိုလည်း တွေ့ဘူးပါတယ်။ (ချစ်သူက ဘီယာမသောက်ပါနဲ့ပြောလို့ လုံးဝ မသောက် တော့တာမျိုးပါ)။ မြတ်စွာဘုရားက တရားဦး ဓမ္မစကြာဒေသနာတော်မှာ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” (ချစ်ခင်နှစ်သက်သူများနဲ့ ဝေးကွာရခြင်းသည် ဒုက္ခ)၊ “အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော” (မချစ်မနှစ်သက်သူများနဲ့ အတူနေရခြင်းသည် ဒုက္ခ)၊ လို့ဟောတော်မူခဲ့ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ ဘယ်သူမှ ကွေကွင်းမနေချင်ကြပါဘူး။ ချစ်မြတ်နိုးသူတွေနဲ့ ဘ၀သံသရာမှာ ပါရမီဖြည့်ဖက်အဖြစ် လက်တွဲသွားချင်ရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ နည်းလမ်းလေး ပြောပြပါမယ်။ ယခုဘ၀မှာ စိတ်တူကိုယ်တူဖြစ်ကြသော သူနှစ်ယောက်က နောင်ဘ၀မှာလည်း အမြဲမကွဲ၊ မကွာ ဖြစ်ချင်ရင် တစ်ယောက်နဲ့တစ်ယောက် သဒ္ဓါ၊ သီလ၊ စာဂ ပညာအရာတို့ တူစေရပါမယ်။ တစ်ယောက်က သဒ္ဓါကောင်းရင် ကျန်တစ်ယောက်ကလည်း သဒ္ဓါကောင်းရပါမယ်။ တစ်ယောက်က သီလစင်ကြယ်ရင် ကျန်တစ်ယောက်ကလည်း သီလစင်ကြယ်ရပါမယ်။ တစ်ယောက်ရဲ့ ကုသိုလ်လုပ်ငန်းကို တစ်ယောက်က မတားမြစ်ရဘူး။ မယ်ကလှူတာကို မောင်ကကြည်ဖြူတာမျိုး ဖြစ်ရပါမယ်။ ဒါ့ကြောင့် သံသရာတစ်လျှောက် စမ်းရေတွေအတူသောက် ပန်းတွေအတူကောက်ပြီး ပါရမီဖြည့်ဖက်ဘ၀ ဟန်းနီးမွန်းခရီးသည်များ ဖြစ်ချင်ရင်တော့ မြတ်ဗုဒ္ဓပေးတဲ့ အချက်တွေကို ခိုင်မြဲစွာကျင့်သုံးရပါမယ်။ အမှန်ပြောရရင် သူတစ်ပါးချစ် နေဖို့ထက် မိမိကိုယ်ကို ချစ်နေဖို့က ပိုအရေးကြီးပါတယ်။ ပသေနဒီကောသလမင်းကြီးက ဘုရားရှင်အား “အဘယ်သူသည် မိမိကိုယ်ကို ချစ်ရာရောက်၍ အဘယ်သူသည် မိမိကိုယ်ကို မချစ်ရာရောက်ပါသနည်း” လို့မေးပါတယ်။ ထိုအခါ မြတ်စွာဘုရားက “အကြင်သူသည် ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် မကောင်းမှုဒုစရိုက်တို့ကို ပြုလုပ်ပြောဆိုကြံစည်နေလျင် မိမိကိုယ်ကို မချစ်ရာရောက်၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးဖြင့် ဒုစရိုက်တရားတို့ကိုရှောင်၍ သုစရိုက်တရား တို့ကိုပြုနေလျင် မိမိကိုယ်ကို ချစ်ရာရောက်၏”လို့ ပြန်လည်ဟောကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ၊ သားသမီး၊ ဇနီးမယား၊ ပစ္စည်းဥစ္စာများအပေါ် အချစ်လျော့ပြီး သုစရိုက် တရားများလိုက်နာကျင့်သုံးကာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးသင့်ပါတယ်။



ကျနော့်ရဲ့ဓမ္မမိတ်ဆွေ တစ်ယောက်က Tag လိုက်လို့ ဒီပို့လေး ရေးဖြစ်သွားတာပါ။ ဒါမျိုးက လူတယောက်နဲ့ တစ်ယောက်အမြင်၊ ခံစားချက်တွေက မတူကြတော့ ရေးရလို့ တော်တော်ခက်တယ်။ ကျနော့်ကို Tag လိုက်သော အစ်မနှင့်အတူ စာဖတ်သူများ ကျေနပ်နှစ် သိမ့်နိုင်ပါစေ။ အမြင်လေးတွေလည်း ရေးထားပေးခဲ့ပါ။



ဖြေကြားခြင်း၊

ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် သိက္ခာအထပ်ခံရတဲ့ ဘုန်းကြီးရော၊ သိက္ခာထပ်ပေးတဲ့ ဒါယကာ၊ ဒါယိကာမမှာ ဘာအကျိုးရလဲ သိချင်ပါတယ်။ ဖြစ်နိုင်ရင် Post ရေးပေးပါလို့ Request လုပ်ပါတယ်။


ရဟန်းတစ်ပါးဟာ ရဟန်းဘ၀ကိုရောက်ပြီး ကတည်းကရဟန်း သိက္ခာအကျဉ်း(၂၂၇)သွယ်၊ အကျယ်ကုဋေကိုးထောင်ကျော်ရပြီး၊ ရှိပြီးသားပါ။ သိမ်ထပ်တယ်ဆိုတာ အဲဒီရှိပြီး၊ ရပြီးသားကိုဘဲ ပိုပြီးစင်ကြယ်အောင်၊ မွန်မြတ်အောင်၊ သင်္ကန်းပရိက္ခရာ လှူဒါန်းပြီး သိမ်ထဲမှာထပ်ပြီး ရဟန်းခံပေး၊ ရဟန်းပြုပေးတာကိုခေါ်ပါတယ်။ ပိုမိုပြည့်စုံရှင်းလင်းအောင် ဘုံဘေမှာ သာသနာ့ တက္ကသိုလ်တက်ရောက်နေသော ဘုန်းဘုန်း ဦးသာဓိန (ခေတ္တ၊ ဘုံဘေ)ထံ လျောက်ကြား လိုက်ပါတယ်။ ဆရာတော် ပြန်လည် မိန့်ကြားတဲ့ အတိုင်းရေးသားတင်ပြလိုက်ပါတယ်။



ရှေးဆရာတော်ကြီးများရဲ့ မိန့်ကြားချက်တွေနဲ့ကိုးမှ ပိုပြည့်စုံမှာ၊ သို့သော် ဘုန်းဘုန်း လက်လှမ်းမီသလောက်တော့ရှင်းပါမယ်။


ပုနောပသမ္ပဒကံဆိုတဲ့ သိက္ခာထပ်တဲ့အလုပ်ကို ဘုရားရှင်ဟောကြားထားတဲ့ စာပေတွေထဲမှာ ဘုန်းဘုန်း သိသလောက်ကတော့ မတွေ့ခဲ့ဘူးပါဘူး၊ ဒါဟာ ရဟန်းဖြစ်ပြီးသား ရဟန်းတစ်ပါးကို သိက္ခာထပ်တင်တဲ့အမှု၊ မပြည့်စုံတဲ့ ရဟန်းခံခြင်း ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အဲဒီရဟန်းဟာ ပထမဦးဆုံး သိမ်ထဲမှာ သိမ်ဝင်ကမ္မ၀ါတစ်ကြိမ် ဖတ်ပြီးထဲက ရဟန်းဖြစ်ခဲ့ပါပြီ၊ တစ်ချို့ ပရိတ်သတ်မသန့်လို့ ရဟန်းဖြစ်ခဲ့ချင်မှဖြစ်ခဲ့မယ် အဲလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့နောက် သိက္ခာထပ်သူ ပိုအကျိုးများတာပေါ့။


ရှေးတုန်းက အကြောင်းလေး တစ်ခုပြောပြမယ်၊ ညောင်ရမ်းခေတ် ဒုတိယအင်းဝခေတ်က တောင်ဖီလာဆရာတော်ဘုရားကြီးဆိုတာ ကြားဘူးကြလိမ့်မယ်၊ အဲဒီဆရာတော်ကြီးဟာ ပထမရဟန်းဖြစ်ခဲ့ပြီးပေမယ့် နောက်တစ်ခါ ကလျာဏီသိမ်မှာ သိက္ခာထပ်ခဲ့တယ်၊ အဲဒီအခါကစပြီးမှ သူ့ရဲ့ရဟန်းဝါကိုရေတွက်တယ်လို့ ဘုန်းဘုန်းမှတ်ခဲ့ဘူးတယ်။ အကျဉ်းချုပ်ကိုကောက် ချက်ချရရင်တော့…၊


၁။ ရဟန်းဖြစ်ပြီးသား ရဟန်းစစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကိုသိမ်ထပ်ခြင်းသည် အကျိုးမများလှ၊ သို့သော် ဒါယကာ ဒါယကာမတို့ဟာ သူတို့ရဟန်းရှိခဲ့ပြီဆိုပြီး ပစ္စည်းလေးပါး မပြတ်လှူဒါန်း၊ သာသနာနဲ့ ဆွေမျိုးဖြစ်ပြီးဆိုတဲ့ အသိနဲ့ကုသိုလ်တွေ အများကြီးဖြစ်တယ်။


၂။ ရဟန်းမဖြစ်ခဲ့ဘူး၊ ကိုယ်တိုင်လည်း မသိသူအတွက် နောက်သိက္ခာထပ်တဲ့အခါမှ ရဟန်းဖြစ် သွားမယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး အကျိုးပိုများကြတာပေါ့။ ထပ်ပြောရရင် သိက္ခာထပ်တဲ့အလုပ်ဟာ အလှူတစ်ခုကတော့ မလွဲမသွေဖြစ်တယ်၊ သို့သော် ရဟန်းခံတဲ့အလုပ် အစစ်ကတော့ မဟုတ်ဘူး၊ ရှေးလူရဲ့ အလုပ်လောက် အကျိုးမများဘူး၊ ဘုန်းကြီးတွေ ဘုန်းကြီးတော့ ဒကာ၊ ဒကာမတွေကပိုပြီး သာသနာ့ဆွေမျိုးတွေအဖြစ်နဲ့ အလှူအတန်းလုပ်တဲ့ အခါမှာတော့ သာသနာတော်အတွက် အကျိုးများ၊ လှူသူမှာလည်း အကျိုးများပါကြောင်း ဘုန်းဘုန်း ဖြေလိုက်ရပါတယ်။



SMNTL မရှင်းတာရှိရင် ထပ်မေးပါ။ ကျနော် ဆရာတော်ကို ထပ်လျောက်ပေးပါမယ်။

ကျနော်အနေနဲ့ အားလုံးကို အကြံပြုချင်တာက ဘာကောင်းမှုကိုဘဲ လုပ်လုပ် အကျိုးတရားကို မျှော်ကိုးလုပ်တာ အကျိုးမကြီးလှပါဘူး။ ကျနော်တို့တွေ မရောက်ဖူးတဲ့နေရာဆိုလို့ အနာဂါမ်တွေ သေရင်ရောက်တဲ့ ဗြဟ္မာဘုံ ငါးဘုံဘဲ ကျန်ပါတော့တယ်၊ သူတို့က အဲဒီဘုံမှာဘဲ နေပြီး နိဗ္ဗာန်ကို ရောက်ကြပါတယ်။ ဒါကြောင့် ကျနော်တို့တွေ မရောက်ခဲ့ဖူး ဘူးလို့ပြောရတာပါ။ ကျနော်တို့ရဲ့ရည်မှန်းချက်က သံသရာက လွတ်မြောက်ဖို့ပါဘဲ။ ဒါကြောင့် ဘာကုသိုလ်ဘဲ လုပ်လုပ် နိဗ္ဗာန်ကိုဘဲ ရည်စူးထားသင့်ပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာလောက်နဲ့ မတင်းတိမ်သင့်ပါ။ ဘာသာခြားလူချမ်းသာ နတ်ချမ်းသာတွေ အများကြီးပါဘဲ။ သာသနာနဲ့လွဲသွားရင် ကိုယ်ကျိုးကြီးနည်းပါပေါ့လား။ နိဗ္ဗာန်ကို ရည်မှတ်၍ ကုသိုလ်ပြုကြဖို့သာ တိုက်တွန်းလိုက်ပါတယ်။


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


သီတင်းကျွတ်လပြည့်နေ့၊

မြန်မာလ ၁၂လရှိရာ သီတင်းကျွတ်လသည် ခုနှစ်ခုမြောက်လဖြစ်သည်။ ဥတုသုံးပါးရှိရာ မိုးဥတုတွင်ပါဝင်သည်။ သီတင်းကျွတ်လကို ရှေးအခါက သန်တူလဟုခေါ်ဝေါ်ကြသည်။ သံတူလ အဓိပ္ပာယ်မှာ ၀ဿာနမိုးဥတုကို “သန်”ဟူ ၍ရှေးကခေါ်ဝေါ်ကြောင်း ဝေါဟာရလီနတ္ထဒီပနီ ကျမ်း၌ဆိုသည်။ အချို့ပညာရှင်တို့က “သန်” ဟူသောပုဒ်သည် တိဗက်စသော ဘာသာတို့မှလာသော ဝေါဟာရဖြစ်သည်။ “ကောက်စပါး” ဟုအဓိပ္ပာယ်ရသည်။ “တူ”ပုဒ်သည် အနီးစပ် ဆုံး“ထူ”ပုဒ်နှင့်တွဲယူရမည်ဟုဆိုသည်။ ထောင်သည်၊ မတ်သည် ဟုအဓိပ္ပာယ်ဆောင်သည်။


ထို့ကြောင့်သန်တူလသည် ကောက်စပါးပင်များ ထောင်မတ်လာသောကာလဟု အဓိပ္ပာယ် ဟုယူဆကြသည်။ ဝေါဟာရလီနတ္ထဒီပနီကျမ်း၌ သီတင်းကျွတ်လခေါ်သည်မှာ ၀ါဆိုလပြည့်နေ့ မှစ၍ ၀ါတွင်းသုံးလ၊ ရက်ပေါင်း(၉၀)၊ သီတင်းသုံးရာ ကျွတ်သောကြောင့် “သီတင်းကျွတ်လ” ဟူ၍ခေါ်ဆိုသည်ဟုဆို၏။ ရှေးမြန်မာဘိုးဘွားများလက်ထက်ကတည်းက သီတင်းကျွတ် လပြည့်နေ့တွင် ဆီမီးထွန်းခြင်း၊ ဘုရားစေတီများကို မီးပူဇော်ခြင်း၊ မိဘဘိုးဘွားဆရာသမားတို့ကို အာမိသ၀တ္ထုဖြင့် ကန်တော့ခြင်းစသော ပူဇာစ ပူဇနေယျာနံ မင်္ဂလာ၊ ဂါရ၀၊ နိဝါတ မင်္ဂလာ အမှုတို့ကို နှစ်စဉ်ပြုလုပ်ကြပါသည်။


သီတင်းကျွတ်လပြည့်နေသည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ် တစ်နေ့လည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့် နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများ လည်းကျင်းပကြသည်။ တစ်နည်းဆိုလျှင် သီတင်းကျွတ် လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူသည်။ ထိုသို့နတ်ဗြဟ္မာများခြံရံလိုက်ပါ ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိတင့်တယ်ပြည့်စုံသော အသရေတော်ကို ဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင်စိတ်တွေပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့ အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးလည်းရရှိကြသည်။

အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်းဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆုပန် သောနေ့စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင်ဖြစ်ပါသည်။


ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ တရားချစ်ခင် သူတော်စင်အပေါင်းတို့အား တရားတော်များနာယူ ကြည်ညိုနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။



ဘလော့မှာ ဖွင့်၍ နားကြားမရပါက တိုက်ရိုက်ဒေါင်းလုပ်ချ၍ နာကြားကြပါ။


ပဋ္ဌာန်းဒေသနာတော်၊

ဝါကျွတ်လေတိုင်း မျက်ရည်ဝိုင်း၊

မိဘမေတ္တာ သားလိမ္မာ၊


သာသနာတော်နှစ်(၂၅၅၂) ခုနှစ်၊ ကောဇာသက္ကရာဇ်(၁၃၇၀)ခုနှစ်၊ သတင်းကျွတ်လပြည့်နေ့၊
၁၄.၁၀.၂၀၀၈ (အင်္ဂါ) နေ့တွင်ကျရောက်သော “အဘိဓမ္မာအခါတော်နေ့” အတွက် ဓမ္မဒါနပြု ရေးသားလိုက်ရပါသည်။


ကိုးကားချက်။ ။ဓမ္မပိယဆရာတော်အရှင်သံဝရာလင်္ကာရ (“သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်” စာစောင်မှ)၊

ပဋ္ဌာန်းဒေသနာတော်၊

အခါအားလျော်စွာ တရားနာကြားခြင်းသည်
ကောင်းမြတ်သော မင်္ဂလာတရားဖြစ်၏။
video

“၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း”

အရှင်အာစာရလင်္ကာရ ဟောကြားတော်မူသော “၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်း” တရားတော်ဖြစ်ပါတယ်။

video

မိဘမေတ္တာ သားလိမ္မာ၊

အရှင်သုဇာတ ဟောကြားသော “မိဘမေတ္တာ သားလိမ္မာ” တရားတော်ဖြစ်ပါတယ်။ အချိန် ၁ နာရီပဲ ဟောကြားထားတာပါ။ စာဖတ်သူများ နာကြားကုသိုလ်ယူနိုင်စေရန် ဓမ္မဒါနပြုအပ်ပါတယ်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်မှ ဘုရားခန်းပုံမှာ ပိတ်ထားနိုင်ပါတယ်။

video