သာမဏေငယ်များနှင့် အနာဂတ်သာသနာ၊

ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ်ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သလို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သုံးရပ် ရှိပါတယ်။ “ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ်များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့်ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ်သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။
ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာတပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။
ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။
အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။


အမေး အဖြေ(၇)၊

ဗုဒ္ဒဘာသာ ကျွန်တော်တို့လူမျိုးတွေက ဘုရားရှင်ရဲ့ မူရင်းပုံရိပ်ကို မကိုးကွယ်ပဲ ဘာကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ်နေတာလဲ.. မူရင်း ဘုရားရဲ့ပုံရိပ်စစ်ကို ကိုးကွယ်ရင်မကောင်းဘူးလား.. အခုဗုဒ္ဒဘာသာမှာ ကိုးကွယ်နေတာတွေက စေတီတွေဆိုလည်း အမျိုးမျိုးပုံစံတွေနဲ့ ထိုင်းနိုင်ငံ တရုတ်နိုင်ငံ စသဖြင့် ဗုဒ္ဒဘာသာ နိုင်ငံတွေမှာ ကိုးကွယ်နေကြတဲ့ စေတီတွေဟာ အမျိုးမျိုးပုံစံတွေ ဖြစ်နေကြတယ်.. ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ... ဗုဒ္ဒဘုရားပုံစံဟာ တစ်မျိုးတည်းပဲရှိမနေပဲ အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေမြင်ကြမလဲ... ဒါလေးကိုသိချင်လို့ပါ...
မျိုးချစ်

မေးထားတဲ့ အကြောင်းလေးတွေ ကောင်းပါတယ်။ ပထမဆုံး ဘာ့ကြောင့် စေတီတွေကိုပဲ တည်ထားကိုးကွယ် နေတာလဲ ဆိုရာမှာ… စေတိယ= စေတီ ဆိုတာ မူလအနက်အရ လူတို့အမြတ်တနိုး ရှိခိုးဦးချ ကိုးကွယ်ကြတဲ့၊ အရိုအသေပြုအပ်တဲ့ အရာ၊ ဌာန မှန်သမျှကို ဆိုလိုပါတယ်။ ဗုဒ္ဓရဲ့ ဓာတ်တော်မွေတော်၊ အသုံးအဆောင်များ တွေကို ဌာပနာထားတဲ့ သာသနိက အဆောက်အဦးများနဲ့ ဌာပနာမပါပေမယ့် ဗုဒ္ဓကိုရည်မှန်း ဆောက်လုပ်ထားတဲ့ သာသနိက အဆောက်အအုံများကိုလည်း စေတီလို့ သတ်မှတ်ကြပါတယ်။ ဟိုအရင်က ဝေသာလီပြည်ကြီးရဲ့ အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသော အရာဌာနတွေကို စေတီလို့ သမုတ်ပြီး ကိုးကွယ်ခဲ့တာကြောင့် စေတီတွေ များစွာရှိခဲ့တယ်။ အချို့စေတီတွေက နတ်ဘီလူးကြီးတွေကို ရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်း တွေဖြစ်တယ်။ အချို့တော့ နတ်ကြီးတယ် ဆိုပြီး မခူးကြနဲ့ မဖျက်ဆီးကြနဲ့ စသဖြင့် သီးခြားသတ်မှတ်ထားတဲ့ ဥယျာဉ်ကြီးတွေဖြစ်တယ်။ အချို့စေတီတွေဟာ တောင်တွေ၊ တောတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တွေ အရိုအသေ အလေးအမြတ်ပြုကြတဲ့ သာသနာတွင်း စေတီတွေကတော့-


၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံး အဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော် များ။

စသဖြင့် စေတီလေးမျိုးရှိတယ်။ ဒါကြောင့် ရုပ်ပွားတော်၊ ပုံတော်များမှအစ ဘုရားပုထိုးများတိုင်အောင် စေတီလို့ ခေါ်နိုင်ပါတယ်။ မူရင်းပုံတော်ဆိုရာမှာလည်း ရည်မှန်းပူဇော်ရတဲ့ စေတီထဲမှာ ပါတယ်လို့ ဆိုနိုင်တယ်။ ဒီနေရာမှာ အဓိက သိရမှာက ပုံတော်တွေ၊ ဆင်းတုတော်တွေ၊ ရုပ်ပွားတော်ဆိုတဲ့ အရာဝတ္ထုကို မြင်ပြီး ရှိခိုး ပူဇော်ရမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ ပုံတော်၊ ဆင်းတုတော် ဘာကိုပဲ ရှိခိုးရပေစေ ဘုရားရှင် ကိုယ်တော် တိုင် သက်ရှိထင်ရှားရှိသလို ရည်မှန်းထားရမယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ၊ မေတ္တာတော်၊ မဟာကရုဏာ တော်တို့ကို ရည်မှန်းပြီးတော့ ရှိခိုးပူဇော်ရမှာပါ။ ဒါတွေက ကိုသိပြီး ကိုးကွယ်ဖို့က အရေးကြီးပါတယ်။

စေတီတွေကို ပုံစံအမျိုးမျိုးနဲ့ ကိုးကွယ်ကြတယ် ဆိုရာမှာ- ထိုင်း၊ တရုတ် တွေကျတော့ သူတို့ ပုံစံနဲ့ သူတို့ အနုပညာ ပါဝင်အောင် တည်ထားကြ၊ ထုလုပ်တာလို့ ထင်ပါတယ်။ ဒါတွေကတော့ အနုပညာနဲ့ လူမျိုးတခုနဲ့ တခု အမြင်မတူကြတာကြောင့် ပုံစံတွေက ကွဲလွဲနေတယ်လို့ပဲ သုံးသပ်ပါတယ်။ အိန္ဒိယကလည်း သူတို့ လူမျိုးနဲ့ အနီးစပ်ဆုံး တူအောင် ထုကြတာပဲ။ တရုတ်မှာဆိုရင်လည်း အရင်က ဗုဒ္ဓသာသနာ ထွန်းကားတဲ့ အချိန်မှာ ဘုရားဆင်းတုတော် အကြီးကြီးတွေ ထုလုပ်ခဲ့ကြတယ်။ နောက်ပိုင်း သာသနာဆိုတာ ဘာမှန်းမသိတော့ အဲလို ဆင်းတု တော်ကြီးတွေ ခေါင်းပေါ်မှာ သိုင်းကားတွေ ရိုက်ကြတာပဲလေ။ ဘယ်လောက်ပဲ ပုံတွေ၊ ရုပ်ထုတွေ ရှိနေပါစေ၊ ဘယ်လိုပုံစံနဲ့ပဲ တည်ဆောက်နေကြပါစေ၊ နှလုံးသားမှာ ဘုရားမတည်သေးရင်တော့ အကျိုးမရှိတဲ့ လုပ်ရပ်တွေလို့ ဆိုရမှာပါပဲ။ ထေရ၀ါဒမှာ စေတီတည်တယ် ဆိုတာ အောက်ဆုံး ပန်တင်ခုံးကနေ အထက် စိန်ဖူးတော် အထိ အဓိပ္ပာယ်ရှိပါတယ်။ (ဓမ္မစေတီ ဆရာတော် ဟောကြားတဲ့ နှလုံးသားဝယ် ဘုရားတည် တရားတော်များ) ကို နာယူကြည့်ရင် သိနိုင်ပါတယ်။
အသွင်အမျိုးမျိုးကိုးကွယ် နေခြင်းအားဖြင့် အခြားသော ဘာသာဝင်တွေက မိမိတို့အပေါ်မှာ ဘယ်လိုတွေ မြင်ကြမလဲ ဆိုရာမှာ- သူတို့က အသွင်မျိုးမျိုး ကိုးကွယ်နေကြတာမြင်တော့ မရှင်းမလင်းဖြစ်ပြီး မေးလာမယ်လို့ ထင်ပါတယ်။ အချို့စာအုပ်တွေမှာ မေးထားတာတွေ ရှိပါတယ်။ ဘာလို့ အုတ်ပုံကို ရှိခိုးနေကြတာလဲ ဆိုတာမျိုးပေါ့။ ဒါကို သေချာရှင်းပြ ပေးလိုက်တော့ သူတို့ လက်ခံသွားကြတယ်ဆိုတာ ဖတ်ခဲ့ဖူးပါတယ်။ သူတို့တွေက သိချင်လို့ မေးလာခဲ့ရင် ကိုယ့်ဘက်က ဘာကြောင့်ကိုးကွယ်တယ်ဆိုတာ ရှင်းပြပေးရမယ်။ အထက်က ရေးခဲ့တဲ့ အချက်အလက်တွေနဲ့ ပြန်ပြောပြရမှာပေါ့။ သူတို့တွေ ဘာသာမှာလည်း ရုပ်ထုတွေ၊ ပုံတော်တွေ ကိုးကွယ်တာရှိတာပဲ။ ဒီတော့ ပုံတော်တွေ၊ ရုပ်ထုတွေ ကိုးကွယ်တာနဲ့ ပတ်သတ်လို့ နားလည်ကြမှာပါ။ အသွင် အမျိုးမျိုး ဖြစ်နေတာနဲ့ ပတ်သက်လို့လဲ အတိုက်ခံလုပ်မယ်တော့ မထင်ပါဘူး။ အဓိက ဘာသာရေး သိမ်းသွင်းမှုပဲ လုပ်လာကြမှာပါ။ ဒီတော့ ကိုယ့်ဘက်က ကာကွယ်ထိန်းသိမ်းဖို့ပဲလေ။
မရှင်းတဲ့ အချက်တွေပါရင် ပြန်မေးပါ။

ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…


ရဟန်းမစားရသော ဆွမ်းတနပ်၊

ယခုတင်ပြထားတဲ့ ဇာတ်လမ်းကို သေချာကြည့်ရှု့ပြီး ဓမ္မအနှစ်သာရကို နာယူမှတ်သားကြစေလိုပါတယ်။
“ဒကာကြီးမှာလည်း အပြစ်မရှိပါဘူး၊ ရဟန်းမှာလည်း အပြစ်မရှိပါဘူး။ ဘ၀ ဘ၀ သံသရာက အကုသိုလ် ကံရဲ့ အကျိုးပေးသာ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ရဟန်းသီးခံပါတယ်”
“ဒကာမကြီး… ရဟန်းတို့မည်သည် မိမိအသက်ကိုငဲ့၍ တပါးသောသတ္တ၀ါ၏ အသက်အန္တရာယ်ကို မဖြစ်စေရပါ။ ဇာမဏီသားကောင်းသည် မိမိ၏အမြီးတပင် အတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ ထို့အတူ ရဟန်းမြတ်တို့ သည်လည်း မိမိတို့၏ သီလအတွက် အသက်ကို စွန့်မြဲဖြစ်ပါတယ်။ သံဃာရတနာရဲ့ အမြုတေဟာ သီလ ၀ိသုဒ္ဓိ ပဲ ဖြစ်ပါတယ်”
ဇာတ်လမ်းမှ-


ရှစ်ပါးသီလပေးခြင်း၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားချီးမြှင့်သော ရှစ်ပါးသီလပေး ဖြစ်ပါတယ်။ နှစ်သစ်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများသည် ဆရာတော်ကြီး သက်ရှိထင်ရှားရှိသလို အာရုံပြုပြီး သီလတော်ကို ခံယူ ဆောက်တည်နိုင်ပါတယ်။ ဥပုသ်ဆောက်တည်ရာတွင် လိုက်နာသင့်သည့် အချက်များကိုလည်း ရေးထားခဲ့ပြီး ဖြစ်ပါတယ်။ သတ္တ၀ါအားလုံး သူတော်ကောင်း တရားများကို စောင့်ထိန်း လိုက်နာနိုင်ကြသဖြင့် သူတော်ကောင်းတို့သွားရာ နိဗ္ဗာန်သို့တိုင်အောင် ရောက်နိုင်ကြပါစေ။


စိတ်၊

ဆရာတော်အရှင်ဆေကိန္ဒ ဟောကြားတော်မူသော “စိတ်” ဆိုတဲ့ တရားတော်ဖြစ်ပါတယ်။ စာဖတ်သူများ နှစ်သစ်မှာ တရားတော်များ နာယူကျင့်ကြံခြင်းအားဖြင့် ကောင်းကျိုးချမ်းသာများ ရရှိခံစားနိုင်ကြပါစေ။

သမ္မသနသုတ္တန်တရားတော်၊

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး ဟောကြားတော်မူသော သမ္မသနသုတ္တန်တရားတော် ဖြစ်ပါတယ်။ သင်္ကြန်အချိန်ကာလမှာ စာဖတ်သူများအနေဖြင့် တရားတော်ကို ရိုသေစွာနာယူမှတ်သား လိုက်နာသင့်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်မှာ တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိအောင် အသုံးချပြီး အသုံးကျတဲ့သူဖြစ်အောင် နေထိုင်ကျင့်ကြံနိုင်ကြပါစေ။


နှစ်သစ်ချမ်းသာ ရအောင်ရှာ၊

ကျနော်တို့ မြန်မာနိုင်ငံမှာ နှစ်သစ်ကူးပြောင်းခြင်း အထိမ်းအမှတ်အဖြစ် သင်္ကြန်ပွဲတော် ပြုလုပ်ကြပါတယ်။ သင်္ကြန်ဆိုတာ သင်္ကန္တ ဆိုတဲ့ ပါဠိမှ မြန်မာလို သင်္ကြန်လို့ အဆင့်ဆင့် ဆင်းသက်လာပြီး ကူးပြောင်းခြင်းလို့ ဆိုလိုပါတယ်။ တရက်မှ တရက်သို့ ကူးပြောင်းခြင်း၊ တလမှ တလသို့ ကူးပြောင်းခြင်း၊ တနှစ်မှ တနှစ်သို့ ကူးပြောင်းခြင်းတို့သည် သင်္ကြန်များ ဖြစ်ကြပါတယ်။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်သို့ ကူးပြောင်းတိုင်း ကျနော်တို့ရဲ့ ဘ၀သက်တမ်းသည် ဇရာ၊ မရဏ ဘက်ကို တနှစ်ထက်တနှစ် နီးကပ်လာပြီလို့၊ သတ္တလောကကြီး မခိုင်မြဲပုံကို “အ ၀ိညာဏက” ဖြစ်တဲ့ သစ်ပင်တွေက သတိပေးသလို ဖြစ်နေပါတယ်။ ဘယ်လိုလဲ ဆိုတော့ သစ်ပင်၊ ချုံနွယ် အပေါင်းတို့က မိမိတို့ အရွက်တွေ ရင့်ရော် နွမ်းဟောင်း ညှာညောင်း ပြုတ်ကျ မြေသို့ ခခြင်းအားဖြင့် အနိစ္စ သဘောတရားများကို ကျနော်တို့အား ပြောကြားသတိပေးသလိုပင် ရှိနေပါတယ်။ နှစ်သစ်ကူးပြောင်းတဲ့ အချိန်မှာ နှစ်ဟောင်းမှ အညစ်အကြေးကို နှစ်သစ်မှာ မပါလာရအောင် ဆေးကြောတယ်ဆိုကာ ရေသဘင် ပွဲတော်ကိုကျင်းပခဲ့တဲ့ အစဉ်အလာ ဖြစ်တည်ခဲ့ရတာပါ။ ဒီနေရာမှာ ကိုယ်ပေါ်မှာ ထင်မြင်နေရတဲ့ အညစ်အကြေးကို ဆိုလိုတာမဟုတ်ပဲ မိမိတို့ ကိုယ်ထဲမှာရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာမြူ အညစ်အကြေးများကို ဆေးကြောရမယ်ဆိုရင် သင့်တော်ပါလိမ့်မယ်။

မိမိကိုယ်ထဲတွင်ရှိနေသော ကိလေသာ အညစ်အကြေးကို သာမန်ရေဖြင့် ဖြန်းပက်လို့တော့ စင်ကြယ်ရိုး ထုံးစံမရှိပါ။ ကိလေသာဆိုတာ သုံးမျိုးရှိပါတယ်။
(၁) ၀ီတိက္ကမ ကိလေသာ - အကြမ်းစားကိလေသာ။ အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် လောဘ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ - အလတ်စားကိလေသာ။ မနောဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ - အနုစားကိလေသာ။ သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
ဒီတော့ ကိုယ်တိုင် တရားအားထုတ်မှ ကိလေသာသည် စင်ကြယ်နိုင်မယ်ဆိုတာ သိသာပါတယ်။ အခုအချိန်က ကိလေသာနည်းအောင်လုပ်ဖို့ နေနေသာသာ ကိလေသာ တိုးပွားစရာ အာရုံတွေနဲ့ပျော်ပြီး ကိလေသာတောမှာ မျောနေကြတာပါပဲ။ ဒီလို အပျော်အပါးတွေနဲ့ နေနေတာသည် အကုသိုလ် ဖြစ်နေကြ တာပါ။ ဒါ့ကြောင့် သင်္ကြန်တွင်းမှာ တရားစခန်းတွေဖွင့်ပြီး တရားဘာဝနာပွားများနိုင်အောင်၊ ကောင်းကျိုး ချမ်းသာ ရရှိနိုင်အောင် သံဃာတော်တွေက ဆောင်ရွက်ပေးနေတာပါ။ ဒီအချက်တွေသိလို့ တရားစခန်းဝင်ပြီး ကုသိုလ်ဘာဝနာ အလုပ် တွေလုပ်နေတဲ့ လူတွေကတော့ သင်္ကြန်ရုံးပိတ်ရက်ကို အကျိုးရှိစွာ အသုံးချပြီး အသုံးကျတဲ့သူဖြစ်အောင် နေသွားတာပါပဲ။ မသိတဲ့သူတွေကတော့ ဆက်ပြီးမိုက်ကြပါလိမ့်မယ်။
ရေသဘင်ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ရှေးရိုးအစဉ်အလာအရ ကျင်းပတယ်လို့ဆိုပေမယ့် ယနေ့ အခါကာလ မှာ အင်မတန် သရုပ်ပျက်လာကြပါပြီ။ သင်္ကြန်တွင်းမှာ ပျော်နေကြတဲ့ မြန်မာ အမျိုးသမီးများရဲ့ ၀တ်ဆင်မှု ရုပ် ပျက်၊ ဆင်ပျက် ဖြစ်လာကြတာ တွေ့ရပါတယ်။ အမျိုးသားများကလည်း သောက်စားမူးယစ်ပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ထင်တိုင်းကြဲပြီး အကုသိုလ်တောမှာ ပျော်မြူးနေပါလိမ့်မယ်။
အဆိုးဆုံး အချက်ကတော့ အမျိုးသမီးအချို့လည်း အရက်၊ ဘီယာ သောက်လာခြင်းပါပဲ။ မြန်မာအမျိုး သမီး ဆိုတာ ယဉ်ကျေးမှု ဓလေ့စရိုက်ကို ထိန်းသိမ်းပြီး ကိုယ့်ကျင့်တရားမှာ အားကောင်းခဲ့တဲ့ အစဉ်အလာပါ။ အတုမြင် အတတ်သင် ဆိုသလို လူမြင်ရာတွေမှာတောင် သောက်လာတာတော့ မဖြစ်သင့်ပါဘူး။ မူးယစ်တော့ ဟိရိသြတ္တပ္ပတရားတွေ မစောင့်ထိန်းနိုင် ဖြစ်ကြရမယ်။ ဟိရိသြတ္တပ္ပ တရားနှစ်ပါးကို လောကပါလ (ကမ္ဘာစောင့် တရား) လို့ခေါ်ပါတယ်။ ဒီလိုပဲ အရှက်အကြောက် မရှိပဲ ရှေ့ဆက်သွားရင် လောက ပျက်စီးခြင်းကို ရောက်ပါ လိမ့်မယ်။ ဒါကြောင့် မိမိတို့နဲ့ နီးစပ်ရာ ပတ်ဝန်းကျင်တွေမှာလည်း တတ်အားသလောက် စောင့်ထိန်းဖို့ လိုက်နာ ကြဖို့ ပြောကြစေချင်ပါတယ်။
နှစ်တွေ အလီလီဆန်းသစ်ခဲ့သလို မိမိ ရင်ထဲတွင် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါး အပေါ်မှာ တကယ်ပဲ ယုံကြည်ကိုးကွယ်တတ်ပြီလား? ကိလေသာတောထဲက ထွက်ပြီး စိတ်ထား တွေ ကောင်းမွန်မြင့်မြတ်လာပြီးလား ဆိုတာကို ကိုယ်တိုင်ဝေဖန် ကြည့်ပါ။ မိမိတို့ အသက်ရှင်ရာကို သွားနေ ခြင်းလား.? သေမင်းဆီကို သွားနေခြင်းလားဆိုတာ အလေးအနက်ထား စဉ်းစားကြည့်ပါ။ တနေ့ကုန်သွားတာနဲ့ သေမင်းက မိမိနေရမယ့် သက်တမ်းထဲမှ တနေ့ကို နှုတ်ယူသွားသည်ကို သတိသံဝေဂ ရကြပါတော့။ နှစ် တနှစ် ကုန်သွားတိုင်း ငါလည်းသေဖို့ တစ်နှစ်နီးလာပြီ ဆိုတဲ့ သံဝေဂ အသိလေးရှိကြပါ။ ဒါကြောင့် ရရှိတဲ့ အချိန်လေး တွေမှာ ဥပုသ်သီလဆောက်တည်ပြီး တရားနဲ့ မွေ့လျော် တရားနဲ့ပျော်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
သင်္ကြန်ရက်မှာ ဥပုသ်သီလ ဆောက်တည်လိုသူများအတွက် သီလနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တွေကိုရေးသား လိုက်ရပါတယ်။ ဘုန်းတော်ကြီးကျောင်းကို မသွားနိုင်တဲ့သူများလည်း မိမိတို့ ကိုယ်တိုင် အိမ်မှာ ဆောက်တည်လို့ ရပါတယ်။ (ဘုန်းတော်ကြီးကျောင်း မရှိတဲ့ ကျနော်တို့လို နေရာမျိုးအတွက်ပါ)။

စာဖတ်သူများ ကူးယူဖြန့်ဝေခြင်းဖြင့် ဓမ္မဒါနပြုနိုင်ပါတယ်။ နှစ်သစ်မှာ ကုသိုလ်တရားများနှင့် မွေးလျော် ပျော်နိုင်ကြပါစေ။



ဥပုသ်၊

ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှလာပါတယ်။ (ဥပ + ၀သထ)၊ ဥပ- ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ပြီး ဘုရားဂုဏ်တွေ ရွတ်ဖတ်ပွားများကာ ဘုရားကို အာရုံပြုကြည်ညိုနေရင် “ဗြဟ္မဥပုသ်” လို့ခေါ် ပါတယ်။

တရားဂုဏ်တော်တွေ ရွတ်ဖတ်ပွားများ အာရုံပြုနေရင် “ဓမ္မဥပုသ်” လို့ခေါ်ပါတယ်။

သံဃာဂုဏ်တော်တွေ ရွတ်ဖတ်ပွားများကာ အာရုံပြုနေရင် “သံဃာဥပုသ်” လို့ခေါ်ပါတယ်။

မိမိသီလ စင်ကြယ်ပုံကို ပြန်လည်ဆင်ခြင်ပြီး မိမိသီလကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ နေထိုင်ခြင်းကို “သီလဥပုသ်” လို့ခေါ်ပါတယ်။

မိမိနှင့် နတ်ပြည်ခြောက်ထပ်က နတ်တွေ သဒ္ဓါ၊ သီလ စတဲ့ သူတော်ကောင်းတရားတွေ တူညီပုံကို ဆင်ခြင်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ နေထိုင်ခြင်းကို “ဒေ၀တာဥပုသ်” လို့ခေါ်ပါတယ်။


နွားကျောင်းသားဟာ ဒီနေ့ ငါ့နွားတွေ ဘယ်စားကျက်မှာ ကျက်စားကြတယ်။ မနက်ဖြန် ဘယ်စားကျက်ကို စားစေမယ် တွေးနေသလို ငါ ဥပုသ် စောင့်တဲ့အခါ ဘယ်လို ဟင်းကောင်း ထမင်းကောင်းတွေစားမယ် တွေးပြီး စောင့်တဲ့ဥပုသ် ကို “ဂေါပါလ = နွားကျောင်းသား ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ရာတွင် လိုက်နာသင့်သည့် အချက်များ၊

၁။ ဥပုသ်စောင့်မည့် ပုဂ္ဂိုလ်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စများဖြင့် အချိန်မဖြုန်းသင့်သဖြင့် လုပ်ဆောင်စရာ ရှိသည်များကို ရက်ကြို၍ပြီးစီးအောင် ပြုလုပ်ထားရမည်။
၂။ ဥပုသ်စောင့်ခိုက် ခါတိုင်းထက်ပို၍ ကောင်းကောင်းစားရန် စီမံထားမှုမျိုး မပြုလုပ်သင့်ပါ။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် ဥပုသ်စောင့်ခိုက် ကိစ္စနည်းပါးစေရန် ကြိုတင်စီမံထားရမည်။
၎။ အရုဏ်တက် အချိန်ကစပြီး ကိုယ်လက်စင်ကြယ်အောင် ပြုလုပ်၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော တဏှာကင်းသည့် အ၀တ်ကို ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ရမည်။ (ကာမဂုဏ် အာရုံကို ဖြစ်ပေါ်စေသော ၀တ်စားမှုမျိုး မပြုလုပ်ရ)။
၅။ ပန်းပန်မှု၊ နံ့သာလိမ်းမှု စသည့် အထူးတလည် ပြင်ဆင်ထားမှုမျိုး မပြုလုပ်ရ။
၆။ သီလဆောက်တည်ပြီး မွန်းမလွဲမီစားသောက်သည့်အခါ အစားအသောက်အပေါ် တပ်မက်မှု မရှိရ။ မစားရသည့် ညနေစာအတွက်ပါ ရည်မှန်းပြီး ပိုမစားရ။ ဥပုသ်ဆောက်တည်ချိန်တွင် ပရိယတ်၊ ပဋိပတ်သာသနာ နှစ်ဖြာကောင်းစွာ ကျင့်ကြံအားထုတ်နိုင်ရန်၊ မိမိ၏ ခန္ဓာကိုယ် ချမ်းမြေ့နိုင်စေရေး၊ တည်တဲ့နိုင်စေရန် အတွက်သာ အာရုံပြု ရည်မှန်းပြင်ဆင်ပြီး စားသောက်သင့်သည်။ တပ်မက်သော တဏှာ မရှိစေရ။
၇။ ဥပုသ်ဆောက်တည်သော ပုဂ္ဂိုလ်သည် မိမိဆောက်တည်ထားသော သီလများ မပျက်စီး၊ မညှိုးနွမ်းစေရန် မပြတ်သော သတိဖြင့် စောင့်ထိန်းရမည်။


၈။ ဥပုသ်စောင့်စဉ်ကာလအတွင်း စိတ်ကြည်လင်ချမ်းသာစေရန် သန့်ရှင်း သပ်ယပ်စွာနေထိုင်ရမည်။
၉။ ဥပုသ်စောင့်စဉ် ကာလအတွင်း တရားနာခြင်း၊ တရားဆွေးနွေးခြင်း၊ ဆိတ်ငြိမ်ရာ နေရာ၌ သမထ၊ ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်း စသည်ဖြင့် မြတ်စွာဘုရားရှင်တို့ ဟောကြားအပ်သည့် တရားဒေသနာတော်များနှင့်အညီ နေထိုင်ပြီး အရိယာ ဥပုသ်မျိုးဖြစ်အောင် စောင့်ထိန်းရသည်။
၁၀၊ မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော အပြောအဆို၊ အပြုအမူ၊ အနေအထိုင်တို့ကို လုံးဝရှောင်ကြဉ်ရမည်။
၁၁။ ညဥ့်အချိန်သို့ရောက်သောအခါ မိမိ၏သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် ယနေ့အဖို့ အရိယာသူတော်ကောင်း ရဟန္တာအပေါင်းနှင့် မိမိတူမျှပုံကို အောက်မေ့ရာ၏။
၁၂။ ဥပုသ်ထွက်ပြီးနောက်လည်း လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစသည်တို့ နည်းပါးသွားအောင် မဖြစ်ပေါ်အောင် မပြတ်သော သတိဖြင့် စောင့်စည်းသင့်သည်။ အကျင့်ရလာသော အခါ တဏှာ၊ ရာဂ နည်းပါး ခေါင်းပါးလာကြောင်း ကိုယ်တိုင်တွေ့ကြုံခံစားရပေလိမ့်မည်။


ဦးသက်စိန် ရေးသော သာသနာ့အခြေခံစာအုပ်မှ-



ဥပုသ်သီလဆောက်တည်ရန်၊

၁။ ရတနာသုံးပါးအပါအ၀င် ခင်ပွန်းကြီးဆယ်ပါးတို့အား ရှိခိုးကန်တော့ခြင်း။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယ၊ ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီးဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး ၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျော့၊ ကန်တော့ပါ၏ အရှင်ဘုရား။

အနက်။ ။သြကာသ၊ သြကာသ၊ သြကာသ- ရှိခိုးပါရစေ ခွင့်ပြုတော်မူပါ (သုံးကြိမ် ခွင့် တောင်းခြင်းဖြစ်သည်)။ ကာယ၀စီ၊ မနောချီလျက်၊ သုံးလီစေတနာ၊ ပဏာမဖြင့်- ကာယကံ၊ ၀စီ ကံ၊ မနောကံစသည့် သုံးတန်သော စေတနာဖြင့် အစချီကာ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါးစသော ခင်ပွန်းကြီး ဆယ်ပါးတို့အား၊ ဘုရားတပည့်တော်၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍- နှစ်သက်မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော၊ အလေးအမြတ်ပြုအပ်သော၊ အတုမရှိ မြတ်သော၊ အလွန်ရခဲသော၊ ရှေးဘုန်းရှေးကံရှိသူတို့သာ တွေ့ကြုံခွင့် ရနိုင်သော ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊ သံဃာအမြတ်ဆုံးရတနာ အစဖြာသော၊ ဘုရား ပစ္စေကာ၊ ရဟန္တာနှင့်၊ အဂ္ဂ သာဝက၊ မိဘဆရာ၊ ဖန်ဖန်ဆုံးမ၊ ဆရာမြတ်တို့၊ ပစ္စည်းပေးသူ၊ တရားပေးလှူ၊ ဤဆယ်ဆူဟု ဆိုအပ်သော ခင်ပွန်းကြီးဆယ်ပါးတို့အား ရိုသေမြတ်နိုးလက်အုပ်မိုး၍၊ ရှိခိုး ပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား- ဟိတ်ဟန်မပြ မာန်မာနလျှော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား။



၂။ သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။


အနက်။ ။ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်းပုန်း အောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်း ကပ်ပါ၏။
ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲ လျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဒုတိယမ္ပိ- နှစ်ကြိမ်မြောက်လည်း၊ သံဃံ- အရိယာ သံဃာတော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ တတိ ယမ္ပိ- သုံးကြိမ်မြောက်လည်း၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ ဓမ္မံ- တရားတော်မြတ်ကို၊ သရဏံ- ကိုး ကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။ သံဃံ- အရိယာသံဃာ တော်မြတ်ကို၊ သရဏံ- ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခို ရာဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။

၃။ ဥပုသ်သီလ (ရှစ်ပါးသီလ)၊
(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

အနက်။ ။
(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။
(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။
(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေတတ်သည့် သေရည် အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများ ကိုပါယူရမည်။)၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ ကို၊ ဒဿန- ကြည့်ရှု နားထောင်ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍ သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင်မိ၍ သော် လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်း ဖြစ်သော မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါး စသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ်လှယ်ခြင်းငှာ လည်းကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ ၀ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာ မိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေ ကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည် တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


ဥပုသ်သီလ (ဆယ်ပါးသီလ)၊
(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(ဇ) မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( စ်) ဥစၥာသယန မဟာသယနာ ေ၀ရမဏိသိကၡာပဒံ သမာဒိယာမိ။
(ည) ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

ဇာတရူပ- ရွှေနှင့် ပြုလုပ်ထားသော လက်ဝတ်တန်ဆာများ၊ ရဇတ- ငွေအသပြာတို့ကို၊ ပဋိဂ္ဂဟဏာ- ကိုင်တွယ်ခံယူခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်တော်ကို သမာဒိယာမိ- မြဲမြံစွာဆောက်တည်ပါ၏။

မှတ်ချက်။ ။၁၀ပါးသီလတွင် အထက်ကိုးပါမှ အနက်သည် ရှစ်ပါးသီလအတိုင်းပင် ဖြစ်ပါတယ်။



၎။ အရပ်ဆယ်မျက်နှာ မေတ္တာပို့ခြင်း၊
အရှေ့အရပ်၌ရှိသော အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
အရှေ့တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်တောင်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အနောက်မြောက်အရပ်၌ရှိသော၊အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မြောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာ အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အရှေ့မြောက်အရပ်၌ရှိသော၊ အနန္တစကြာဝဠာအနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အထက်အရပ်၌ရှိသော၊ ထက်ဝန်းကျင် အနန္တစကြာဝဠာ အနန္တနတ်ဗြဟ္မာတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
အောက်အရပ်၌ရှိသော၊ ထက်ဝန်းကျင် အနန္တစကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တ၀ါတို့-
• ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
• ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
• ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
• နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၅။ အမျှဝေခြင်း၊
ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင့်မိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏။ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။ မိတ္တဆွေညာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိဉာဏ ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။ ထိုကုသလ မြတ်ပုညကို၊ အမျှရကြသည်ဖြစ်စေသော်။ ၀သုန္ဒရေ ဤမြေပံသု၊ သီလာထုလည်း၊ သက်သေအမှု၊ တည်စေသော်။

အားလုံး … (အမျှ အမျှ အမျှ… ယူတော်မူကြပါကုန်လော့။ သာဓု… သာဓု… သာဓု…)

(သုံးကြိမ်အမျှဝေ၊ သုံးကြိမ်သာဓုခေါ်ဆိုရန်)။