အကဲ့ရဲ့မလွတ်သောလောက

လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်း ဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစားဆောက်တည်နေရမှု စသော ဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေ ကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင်ပါတယ်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်း တရားများ ရှိခဲ့သောကြောင့် အကျိုးတရား ခန္ဓာကိုရလာ ခြင်းဖြစ်ပါတယ်။ အကြောင်း တရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက် ကျွန်တော်တို့၊ စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှ လွတ်မြောက်ရာလမ်းကို ရှာကြရပါမယ်။ အတိတ်ကာလက သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)။ တဏှာ၊ လောဘ (ပယ်သတ်ရမည့်တရား) များကိုပြုလုပ်ခဲ့၍ ယခုကာလတွင် ဒုက္ခသစ္စာ (ဆင်းရဲ ခြင်းအမှန်တရား)။ ဖြစ်-ဒုက္ခ၊ ပျက်-ဒုက္ခ (ပိုင်းခြားသိရမည့်တရား) ကိုရရှိ လာခြင်းဖြစ်ပါတယ်။ အတိတ်က မသိမှု (အ၀ိဇ္ဇာ)၊ လိုချင်တပ်မက်မှု (တဏှာ) ဦးဆောင်ခဲ့သဖြင့် ယခုတိုင် သံသရာရှည်နေခြင်းပါ။ ယခုအချိန်မှာတော့ သံသရာမှ လွတ်မြောက်ကြောင်း တရားများကိုသာကျင့်ကြံ အားထုတ်သင့်ပါပြီ။ လောကတွင် နေထိုင်ရသ၍ လောကဓံရှစ်ပါး (လာဘ်ရခြင်း၊ မရခြင်း။ အခြွေရံရှိခြင်း၊ မရှိခြင်း။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။ ကောင်ကျိုးချမ်းသာ ခံစားရခြင်း၊ မကောင်းကျိုးခံစားရခြင်း)နှင့် လည်းကြုံတွေ့ နေရမည်မှာ မလွဲပေ။

လောကကြီးမှာ မည်သည့် အကြောင်းနှင့်ဖြစ်စေ အကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်က ဟောကြားတော်မူခဲ့ပါတယ်။ ထိုကြောင့် မိမိတို့ ကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့် ကြုံလာရသည် ရှိခဲ့သော် ရန်တုံ့မပြန်မိစေရန် သတိရှိရပါမယ်။
မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလ ဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြပါတယ်။ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ် ကြပါတယ်။ အရှင်ရေ၀တသည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ အရှင်သာရိပုတ္တရာထံ သွားကြပါတယ်။ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာပြီး သင့်တော်သော တရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်တယ်။ အရှင်အာနန္ဒာက အခြေခံတရားများ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်တယ်။ ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်သို့သွားရောက်ကြပြီး လျှောက်ထားကြပြန်တယ်။ “အရှင်ဘုရား အရှင်ရေ၀တက တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါတယ်။ အရှင်သာရိပုတ္တရာက ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြရပါတယ်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါတယ်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါတယ်” ဟုလျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူခဲ့ပါတယ်။

“အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”

လောကလူများ၊ စိတ်အထာကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။ မချဲ့လိုရင်းသင့်ရုံရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊ အပြစ်တင်သည်၊ ဤလျှင်လူ့သဘောပေတည်း။
(ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု)၊

ကျနော်တို့ လောကမှာ ဖြစ်လာကြတဲ့ လူသားတွေ အားလုံး လောကဓံရှစ်ပါး ရှိသည့် အနက် ခုနှစ်ပါးသည် လူတိုင်းမခံစားကြရပါဘူး။ ဒါပေမယ့် ကဲ့ရဲ့ခြင်းကိုတော့ လူတိုင်းခံကြရစမြဲပါ။ ဒါကြောင့်ပဲ ဘုရားရှင်က လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းတာ လုပ်တာပဲဖြစ်ပစေ အကဲ့ရဲ့လွတ်ခြင်း မရှိပါလေ။ ထို့ကြောင့် ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ကြီးက “အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။” ဟု ဆုံးမစကား ဆိုခဲ့ပါတယ်။
ထိုဆုံမစကားများကို မှတ်သာနာယူပြီး မိမိတို့နေကြရတဲ့ ဘ၀တခုဆိုတဲ့ အချိန်တိုကာလလေးမှာ ကြုံတွေ့နေတဲ့ လောကဓံတရားကို ကောင်းစွာရင်ဆိုင် နိုင်ကြပါစေ။


စိတ်၏ အေးချမ်းမှုကို ရရှိခံစားနိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ…


မှတ်ချက်။ ။အရင်ကရေးခဲ့သော အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းပါ။