သာသနာနဲ့ သာသနာပြု

သာသနာက ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း ယထာပရာဓသာသနာ၊ ယထာနုလောမသာသနာ၊ ယထာဓမ္မသာသနာလို့ သုံးရပ်ရှိတယ်။
ပရိယတ္တိသာသနာဆိုတာ ဘုရားဟော ထားခဲ့တဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ဆိုတဲ့ ပိဋကတ်စာပေတွေကို သင်ယူခြင်း၊ လေ့လာခြင်း၊ မှတ်သားခြင်း၊ သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း၊ နှုတ်ငုံဆောင်ထားခြင်း တို့ကိုခေါ်တယ်။
ပဋိပတ္တိသာသနာဆိုတာကတော့ ဘုရားဟောထား၊ ဆုံးမထားတဲ့ တရားတော်အတိုင်း လိုက်နာကျင့်ကြံ၊ အားထုတ်ခြင်းကိုခေါ်တယ်။ ပဋိဝေဓသာသနာ ဆိုတာကတော့ အပတ်တကုတ်ကျင့်ကြံ အားထုတ်လို့ မဂ်ဖိုလ် နိဗ္ဗာန်တရားတွေကို ထိုးထွင်း သိခြင်းပဲ။
သီလသာသနာဆိုတာ လူတွေမှာ ငါးပါး သီလ၊ ရှစ်ပါးသီလ။ ရဟန်းတော်တွေမှာ ၂၂၇ သွယ် ရှိတဲ့ သိက္ခာပုဒ်သီလတွေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာခြင်းပဲ။ သမာဓိသာသနာဆိုတာ ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပွားခြင်း၊ ပုတီးစိတ်ခြင်းစတဲ့ စိတ်အေးငြိမ်းကြောင်း၊ စိတ်တည်ငြိမ်ကြောင်း သမာဓိလုပ်ငန်းတွေကို လုပ်ခြင်းပဲ။ ပညာသာသနာ ဆိုတာကတော့ ၀ိပဿနာအလုပ်ကိုအားထုတ်လို့ ရုပ်နာမ်ကိုသိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်ခြင်းပဲ။

ယထာပရာဓသာသနာဆိုတာ အပြစ်ရှိတဲ့ သတ္တ၀ါတွေ အပြစ်အားလျော်စွာ ဆုံးမထားတဲ့ ၀ိနည်းပိဋကတ်ကိုခေါ်တာ။ ယထာနုလောမ သာသနာဆိုတာ သတ္တ၀ါတွေရဲ့ အလိုဆန္ဒ အဇ္ဈာသယ၊ ကိန်းဝပ်နေတဲ့ အနုသယအားလျော်စွာ ဟောကြားဆုံးမထားတဲ့ သုတ္တန်ပိဋကတ်ကိုခေါ်တာ။ ယထာဓမ္မသာသနာဆိုတာ ရုပ်အစုအဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိတဲ့ ဒီခန္ဓာကြီးကို ငါ၊ ငါလို့ထင်မှတ်နေတဲ့ သတ္တ၀ါ တွေကို ရုပ်အစု အဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိ ပါလားလို့ထင်အောင်မြင်အောင် ဆုံးမ၊ ဟောကြားထားတဲ့ အဘိဓမ္မာပိဋကတ်ကိုခေါ်တာ။
တစ်ခွန်းတည်းခြုံပြောရရင်တော့ သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမစကားတော်၊ မိန့်ခွန်းတော်၊ နှုတ်ခပတ်တော်၊ ပညတ်တော်ပါပဲ။
သာသနာပြုတယ်ဆိုတဲ့ ဝေါဟာရဟာ ဒီခေတ်ထဲမှာ ဖောဖောသီသီ လှိုင်လှိုင်ကြီးကို သုံးစွဲ နေကြတာပဲ။ ဘုရားဖူး သာသနာပြုအဖွဲ့တဲ့။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုတာလို အများစုဟာ ဘုရားဖူး နာမည်ခံပြီး အပျော်အပါးထွက်ကြတာ များတာပါ။ အလုပ်တွေ၊ တာဝန်တွေနဲ့ ဖိအားတွေများတော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ဘုရားဖူးနာမည်ခံပြီး လွပ်လပ်မှုတစ်ခု ရှာကြတာ၊ ခံစားကြတာ များတာပါ။
ကျေးဇူးတော်ရှင် တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားက သာသနာဆိုတာ အဆောက် အဦးကို ခေါ်တာ မဟုတ်ဘူးလို့ မိန့်ခဲ့တယ်။ ဒါကြောင့် သာသနာဆိုတာ ဘုရားမဟုတ်ဘူး။ စေတီမဟုတ်ဘူး၊ ပုထိုးမဟုတ်ဘူး။ ကျောင်းမဟုတ်ဘူး။ ကန်မဟုတ်ဘူး။ သာသနာဆိုတာ ဘုရား အဆုံးအမကိုခေါ်တာ။
ဘုရားတည်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ကိုယ် သူတို့ သာသနာပြုလိုင်းတဲ့။ သာသနာပြုပုဂ္ဂိုလ်တဲ့။ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့အလိုဆိုရင် ဟုတ်၊ မဟုတ် စဉ်းစားကြည့်ပေါ့။ ဘုရားမရှိတဲ့အရပ်မှာ ဘုရားတည် တာကောင်းပါတယ်။ ဘုရားရှိပြီးသား အရပ်မှာတော့ နောက်ထပ်အသစ်တည်ဖို့မလိုပါဘူး။ ဘုရားထက်အရေး ကြီးတာတွေ အများကြီးရှိ ပါသေးတယ်။
ကိုယ့်ဖယောင်းတိုင်မှာ မီးတောက် မရှိဘဲ တခြားဖယောင်းတိုင်ကို မီးကူးပေးလို့ မရဘူး။ ဒီလိုပဲ.. ကိုယ့်သန္ဓာန်မှာ သာသနာ မရှိဘဲ သူများကို သာသနာပြုလို့မရဘူး။ သာသနာပြုတယ်ဆိုတာ လူတိုင်းနဲ့ တန်တာ မှတ်လို့။
နိုင်ငံရပ်ခြား သာသနာပြုထွက်ကြတယ်။ ကောင်းပါတယ်။ ပဏ္ဍိတာရာမ ဆရာတော်ဘုရား ကတော့ သာသနာပြုဆိုတဲ့ ဝေါဟာရကြီးဟာ ကြီး ကျယ်လွန်းလို့ မသုံးရဘူး။ ပြည်ပသွားတာ ဓမ္မဒူတခရီးလို့ပဲ အမည်တပ်တယ်။
ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုကြတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ။ ဒါကြောင့် နံပါတ်တစ် သာသနာပြုပုဂ္ဂိုလ်စစ်စစ်ဟာ စာချပုဂ္ဂိုလ်ပဲ။ ဒီနောက်မှာတော့ တရားဟော၊ တရားပြပုဂ္ဂိုလ်တွေပေါ့။
ပရိယတ္တိက ရေကန်ကြီးရဲ့ ကန်ဘောင်နဲ့တူတယ်။ ပဋိပတ္တိက ရေကန်ထဲက ရေတွေနဲ့တူတယ်။ ပဋိဝေဓက ရေကန်ထဲက ပွင့်နေတဲ့ကြာမျိုး ငါးပါးနဲ့တူတယ်။ ပရိယတ္တိ ကန်ဘောင်ခိုင်မှ၊ ကောင်းမှ၊ လုံခြုံမှ၊ ပဋိပတ္တိရေတွေ ကြာရှည်တည်တံ့နိုင်တယ်။ ပဋိပတ္တိရေတွေ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း တည်ရှိမှ ပဋိဝေဓ ကြာပန်းတို့ပွင့်လန်းနိုင်တယ်။

ဓမ္မပိယဆရာတော်
အရှင်သံဝရာလင်္ကာရ

အကဲ့ရဲ့မလွတ်သောလောက

လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်း ဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစားဆောက်တည်နေရမှု စသော ဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေ ကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင်ပါတယ်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်း တရားများ ရှိခဲ့သောကြောင့် အကျိုးတရား ခန္ဓာကိုရလာ ခြင်းဖြစ်ပါတယ်။ အကြောင်း တရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက် ကျွန်တော်တို့၊ စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှ လွတ်မြောက်ရာလမ်းကို ရှာကြရပါမယ်။ အတိတ်ကာလက သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တရား)။ တဏှာ၊ လောဘ (ပယ်သတ်ရမည့်တရား) များကိုပြုလုပ်ခဲ့၍ ယခုကာလတွင် ဒုက္ခသစ္စာ (ဆင်းရဲ ခြင်းအမှန်တရား)။ ဖြစ်-ဒုက္ခ၊ ပျက်-ဒုက္ခ (ပိုင်းခြားသိရမည့်တရား) ကိုရရှိ လာခြင်းဖြစ်ပါတယ်။ အတိတ်က မသိမှု (အ၀ိဇ္ဇာ)၊ လိုချင်တပ်မက်မှု (တဏှာ) ဦးဆောင်ခဲ့သဖြင့် ယခုတိုင် သံသရာရှည်နေခြင်းပါ။ ယခုအချိန်မှာတော့ သံသရာမှ လွတ်မြောက်ကြောင်း တရားများကိုသာကျင့်ကြံ အားထုတ်သင့်ပါပြီ။ လောကတွင် နေထိုင်ရသ၍ လောကဓံရှစ်ပါး (လာဘ်ရခြင်း၊ မရခြင်း။ အခြွေရံရှိခြင်း၊ မရှိခြင်း။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။ ကောင်ကျိုးချမ်းသာ ခံစားရခြင်း၊ မကောင်းကျိုးခံစားရခြင်း)နှင့် လည်းကြုံတွေ့ နေရမည်မှာ မလွဲပေ။

လောကကြီးမှာ မည်သည့် အကြောင်းနှင့်ဖြစ်စေ အကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်က ဟောကြားတော်မူခဲ့ပါတယ်။ ထိုကြောင့် မိမိတို့ ကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့် ကြုံလာရသည် ရှိခဲ့သော် ရန်တုံ့မပြန်မိစေရန် သတိရှိရပါမယ်။
မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလ ဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြပါတယ်။ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ် ကြပါတယ်။ အရှင်ရေ၀တသည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ အရှင်သာရိပုတ္တရာထံ သွားကြပါတယ်။ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာပြီး သင့်တော်သော တရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်တယ်။ အရှင်အာနန္ဒာက အခြေခံတရားများ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်တယ်။ ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်သို့သွားရောက်ကြပြီး လျှောက်ထားကြပြန်တယ်။ “အရှင်ဘုရား အရှင်ရေ၀တက တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါတယ်။ အရှင်သာရိပုတ္တရာက ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြရပါတယ်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါတယ်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါတယ်” ဟုလျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူခဲ့ပါတယ်။

“အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”

လောကလူများ၊ စိတ်အထာကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။ မချဲ့လိုရင်းသင့်ရုံရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊ အပြစ်တင်သည်၊ ဤလျှင်လူ့သဘောပေတည်း။
(ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု)၊

ကျနော်တို့ လောကမှာ ဖြစ်လာကြတဲ့ လူသားတွေ အားလုံး လောကဓံရှစ်ပါး ရှိသည့် အနက် ခုနှစ်ပါးသည် လူတိုင်းမခံစားကြရပါဘူး။ ဒါပေမယ့် ကဲ့ရဲ့ခြင်းကိုတော့ လူတိုင်းခံကြရစမြဲပါ။ ဒါကြောင့်ပဲ ဘုရားရှင်က လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ကောင်းတာ လုပ်တာပဲဖြစ်ပစေ အကဲ့ရဲ့လွတ်ခြင်း မရှိပါလေ။ ထို့ကြောင့် ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ကြီးက “အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။” ဟု ဆုံးမစကား ဆိုခဲ့ပါတယ်။
ထိုဆုံမစကားများကို မှတ်သာနာယူပြီး မိမိတို့နေကြရတဲ့ ဘ၀တခုဆိုတဲ့ အချိန်တိုကာလလေးမှာ ကြုံတွေ့နေတဲ့ လောကဓံတရားကို ကောင်းစွာရင်ဆိုင် နိုင်ကြပါစေ။


စိတ်၏ အေးချမ်းမှုကို ရရှိခံစားနိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ…


မှတ်ချက်။ ။အရင်ကရေးခဲ့သော အကြောင်းအရာများကို ပြန်လည်တင်ပြခြင်းပါ။


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဓမ္မသံဝေဂနှင့် သြ၀ါဒ ကထာများ၊

၁။ ဖြစ်ပျက်မှန်သမျှ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်၊ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊ ရုပ်နာမ်အား လုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်မှတ်၊ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ဟုမှတ်။
၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင် မဂ်ရကြောင်း။
၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ိရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊ ဤငါးပါး၊ တရားမဂ်ဖိုလ်၊ ဝေးလေသ တည်း။
၎။ သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
၅။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
၆။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၇။ ရခဲတဲ့ ဘ၀ကလေးမှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့။
၈။ နားက တရားနာပါ၊ ဉာဏ်က ခန္ဓာလှည့်ပါ။


၉။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၁၀။ နားကြီးကြီးနဲ့ တရားနာပါ။
၁၁။ ၀ိပဿနာ နားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဉာဏ်က မဦးဘဲနဲ့ အသေဦးသွားရင် ကိုယ့်အတွက် “နာ” မည်။
၁၂။ ၀ိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၁၃။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး၊ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၁၄။ မိမိခန္ဓာထဲမှာရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ကို မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၅။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာကမှ ပညာသိ။
၁၆။ သညာသိနှင့် နိဗ္ဗာန်မရောက်နိုင်ပါ။ ပညာသိနဲ့မှ နိဗ္ဗာန်ရောက်နိုင်မည်။
၁၇။ ရှေ့နောက် ခွဲတတ်ပါစေ။ မိမိအရေးက ရှေ့ထား၊ သားရေး၊ သမီးရေး၊ စီးပွားရေးက နောက်ထား။
၁၈။ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၉။ ဒါနက သံသရာရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၂၀။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၂၁။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ၊ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါဦး။
၂၂။ အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
၂၃။ အရှိနှင့် အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၂၄။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၅။ ရှေ့နာမ်ကို နောက်ဉာဏ်နှင့်ရှုတာ ၀ိပဿနာ။
၂၆။ ရှေ့အသေကို နောက်အနေနှင့်ရှုတာ ၀ိပဿနာ။
၂၇။ အသေက ဖြစ်ပျက်၊ အရှင်ကမဂ်၊ အပျက်နဲ့မဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၈။ ရှေ့က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၉။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာဖြစ်မည်။
၃၀။ သူများစိတ်အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ်ကို ကိုယ်အကဲခတ်တာမှ အမှန်ရမည်။
၃၁။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၃၂။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၃၃။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၄။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၅။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာက သူ့လမ်းသူပြေးနေတော့ မနေ့ကထက် ယနေ့ သေဖို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၆။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဉာဏ်၏ ၀တ္တရားက အသေရှောင်တာ။
၃၇။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဉာဏ်က နောက်ကျသွားလိမ့်မယ်။
၃၈။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုသာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ်ပါ။
၃၉။ သက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခို လုပ်နေမယ်ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနဲလိမ့်မယ်။
၄၀။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေး တရားပေါ်တယ်။
၄၁။ ကိစ္စဟူသရွှေ့ မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၄၂။ ဒကာ ဒကာမတွေဟာ တဏှာ(လောဘ) ခိုင်းရာကို ကျွန်သားပေါက်ပီပီ လုပ်နေကြတာပဲ။
၄၃။ တဏှာကို အဖော်မလုပ်နဲ့၊ ဉာဏ်ကို အဖော်လုပ်ပါ။
၄၄။ အလကား နေသရွှေ့ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၅။ ယခု သားနဲ့၊ သမီးနဲ့၊ ဆွေနဲ့၊ မျိုးနဲ့၊ ပစ္စည်း ဥစ္စာတွေနဲ့ မသိပြုံး ပြုံးနေသလောက်၊ မသိပျော် ပျော်နေသ လောက်၊ နောင် သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မယ်။
၄၆။ ကိုယ့်ကိုယ်ကို သနားရင် ၀ိပဿနာလုပ်ကြ၊ ကိုယ့်ကိုယ်ကို မသနားရင် သားရေး၊ သမီးရေး၊ စီးပွားရေး လုပ်ကြ။
၄၇။ အသက်ကြီးလေလေ၊ ကံမွဲ ဉာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဉာဏ်မွဲရင် နိဗ္ဗာန်မရောက်။
၄၈။ ကံကို ဉာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဉာဏ်မပါရင် ကံက ခြယ်လှယ်သွားလိမ့်မယ်။
၄၉။ နိဗ္ဗာန်သည် ကံ၏ အကျိုးမဟုတ်၊ ဉာဏ်၏ အကျိုးဖြစ်တယ်။
၅၀။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ။
၅၁။ ခန္ဓာကြီးရဲ့ စွမ်းရည် သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုပဲရှိတယ်။
၅၂။ ၀ိပဿနာ ဆိုတာ ခန္ဓာမလိုချင်အောင် ရှုတာ။
၅၃။ ဒါန သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်၊ ၀ိပဿနာ အလုပ်လုပ်မှသာ ရောဂါပျောက်မယ်။
၅၄။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဉာဏ်အသိ ကိုက်အောင်လုပ်တာ။
၅၅။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၆။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရား အလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၇။ ကြားတဲ့ တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတပန် တည်နိုင်တယ်။

ဉာတပရိညာ စာအုပ်မှ-


ကဆုန်လပြည့် ဗုဒ္ဓနေ့တရားတော်၊

ဓမ္မမိတ်ဆွေ သူတော်တော်စင် အပေါင်းတို့ …
သာသနာတော်နှစ် (၂၅၅၂)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ခရစ်နှစ် (၈.၅.၂၀၀၉)ခုနှစ်၊ သောကြာနေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်သည့်နေ့၊ ဗုဒ္ဓ၀င်အကျဉ်းဟောကြားသည့်နေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ (ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန် လမြတ်ကဆုန်)။
သီတဂူဆရာတော်ကြီး ဟောကြားသည့် “ကဆုန်လပြည့် ဗုဒ္ဓနေ့” တရားတော်ကို နာယူမှတ်သားကြပြီး စိတ်၏အေးချမ်းမှုကို ရရှိခံစား နိုင်ကြပါစေ။


video

ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င်အကျဉ်း၊

ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့ရလေသည်။
သုမေဓာရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းပျော်ပါးကုန်သော ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
ပါရမီ(၃)မျိုး၊
သုမေဓာရသေ့ဘ၀မှ ဝေဿန္တရာမင်း ဘ၀တိုင်အောင် မရေမတွက်နိုင် များစွာသော ဘ၀တို့၌…
၁။ ရွှေ၊ ငွေ၊ မြင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနပါရမီ)၊
၂။ ခြေ၊ လက်၊ နား နှာခေါင်း အစရှိသည်တို့ကို လှူခြင်း၊ (ဒါနဥပပါရမီ)၊
၃။ ကိုယ့်အသက်ကို လှူခြင်း၊ (ဒါနပရမတ္ထပါရမီ)၊
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။


စွန့်ခြင်းကြီး(၅)ပါး၊
ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော…
၁။ ပဒေသရာဇ် ဧကရာဇ် စကြမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာတို့ကို စွန့်ခြင်း၊ (ဓနပရိစ္စာဂ)၊
၂။ သားသမီးတို့ကို စွန့်ခြင်း၊ (ပုတ္တပရိစ္စာဂ)၊
၃။ မယားကို စွန့်ခြင်း၊ (ဘရိယပရိစ္စာဂ)၊
၎။ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း၊ (အင်္ဂပရိစ္စာဂ)၊
၅။ ကိုယ့်အသက်ကို စွန့်ခြင်း၊ (ဇီဝိတ ပရိစ္စာဂ)၊
ဟု ဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
စရိယ(၃)ပါး၊
၁။ လောကတ္ထစရိယ =လောကလူသား သတ္တ၀ါများအတွက် ကျင့်တော်မူခြင်း။
၂။ ဉာကတ္ထစရိယ =ဆွေမျိုးသားချင်းများအတွက် ကျင့်တော်မူခြင်း။
၃။ ဗုဒ္ဓတ္ထစရိယ =သဗ္ဗညုတဉာဏ်တော်အတွက် ကျင့်တော်မူခြင်း။
ဟူသော စရိယသုံးပါးကိုလည်း ကျင့်တော်မူခဲ့လေသည်။
ဤသို့ ဘ၀များစွာ သံသရာ ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရား အလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတုမည်သော နတ်သားဖြစ်ခဲ့လေသည်။ နတ်သား ဖြစ်စဉ် စကြ၀ဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က “ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟု ဘုရားအလောင်းတော်ကို တောင်းပန်တော်မူလေသည်။
ကြည့်ခြင်းကြီး(၅)ပါး၊
သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်…
၁။ ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
၂။ ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
၃။ ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
၎။ ကုသလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
၅။ မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား၊
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှု့တော်မူလေသည်။
ယင်းသို့ ကြည့်ရှု့တော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် (၆၇)ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေ၀ီမိဖုရားကြီး မယ်တော်မာယာဒေ၀ီ ၀မ်း၌ ပဋိသန္ဓေ တည်နေလေသည်။
ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေ၀ဒဟပြည် နှင့် ကပိလ၀တ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော်မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင် တော်မူလေသည်။
ဘုရားအလောင်းတော်သည် (၁၆)နှစ် အရွယ်ရောက်သောအခါ ယသော်ဓရာမင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၂၉နှစ်အရွယ် ရောက်သောအခါ (သူအို၊ သူနာ၊ သူသေ၊ ရဟန်း)ဟူသော နိမတ်ကြီးလေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာ ဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
သောတ္ထိယငစင် မြက်ထမ်းသမား (မြက်ထမ်းလုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအ လောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
ဘုရားအလောင်းတော်သည် သောတ္ထိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏ၀ယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့ သည် မြက်အသွင်သဏ္ဍန်ဖြင့် မတည်ကြကုန်)။
ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမ၀င်မီ ဒေ၀ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့ှ်ုဦးယံ၌ ရှေးက ဖြစ်ခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့သိတတ် သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူလေသည်။ သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိနှင့်တူသော ဉာဏ်မျက်စိဖြင့် စုတေခါနီးသော သတ္တ၀ါစသည်တို့ကို မြင်တတ်သော ဒိဗ္ဗစက္ခုဉာဏ်ကို ရတော်မူလေသည်။ မိုးသောက်ယံ၌ အာသဝေါတရားလေးပါး တို့၏ ကုန်ခြင်းကို ပြုတတ်သော (အာသ၀က္ခယဉာဏ်)ကို ရတော်မူ၍ အသက်(၃၅)နှစ် အရွယ်၊ မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ မိုးသောက်ယံဝယ် လောကသုံး ပါးတွင် အတုမရှိသော သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူလေသည်။
သုံးလူ့သခင် သဗ္ဗညုတဘုရားရှင်သည် (၄၅)၀ါ ကာလပတ်လုံး ဝေနေယျတို့အား ဓမ္မစကြာစသည့် တရားဓမ္မတို့ကို ဟောပြတော်မူကာ နတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
(၄၅)၀ါ ကာလပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညုတ ဘုရားရှင်သည် သက်တော်(၈၀) အရွယ်ရောက်သောအခါ မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် စံတော်မူလေသည်။
အရှင်သုန္ဒ (ဘီအေ)

ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း၊ ယဉ်ကျေးလိမ္မာ ဒုတိယဆင့် စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့)မှာ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တွေကို တတ်စွမ်းသည့်နေရာမှ ကျေဇူးဆပ်သည့် အနေဖြင့် ရေးသားလိုက်ရပါသည်။ ဗုဒ္ဓ၀င်အကျဉ်းကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားသင့်ပါသည်။ ထို့အပြင် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များအတိုင်း ကျင့်ကြံအားထုတ်နိုင်သည့် သူတော်ကောင်းများ ဖြစ်ကြပါစေ။

ကဆုန်လပြည့်နေ့၊

ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။

ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…