“လောဘစရိုက်အိုကို မလိုက်လို ရှောင်ပစ်စို့”

လောကမှာ အများစုသော ပုထုဇဉ်တွေ ဘာလို့ စိတ်အေးချမ်းမှု မရကြလဲ ဆိုတာကို အကြောင်းရင်းရှာကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ် စေတသိတ်တွေရဲ့ ခြယ်လှယ်မှု ကိုခံစားနေရလို့ ပဲဖြစ်ပါတယ်။ မူလက အကြည်အတိုင်းရှိနေတဲ့ စိတ်ကလေးကို လောဘ စေတသိတ် ကပ်လိုက်တော့ လောဘစိတ် ဖြစ်ရ တယ်။ လောဘ ဆိုတာက လိုချင်မှုသဘော ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံငါးပါး အပေါ်လိုချင်တာ၊ (ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကို တပ်မက်တာ) က လောဘ သဘောပါ။ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားလိုချင်တာ၊ စာပေတတ်ချင်တာ၊ မရှိဆင်းရဲသူကို ပေးကမ်းလိုပြီး ပစ္စည်းဥစ္စာလိုချင်တာတွေ ကတော့ လောဘမဟုတ်ပါဘူး။ ဆန္ဒဖြစ်ပါတယ်။ ဆန္ဒနဲ့ လောဘသည် မတူပါဘူး။ ဆန္ဒက လိုချင်တာရပြီးရင် ကျေနပ်တတ်တဲ့ သဘောရှိပါတယ်။ လောဘကတော့ ရလေ လိုလေ၊ ဘယ်လောက်ပဲ ရနေပစေ လိုအပ်နေမှာပါပဲ။ သစ္စာလေးပါးမှာ လောဘဆိုတာ “သမုဒယ” သစ္စာပါ။ သမုဒယ ဆိုတာက ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်းလေးပါပဲ။ ဒီလိုဆိုရင် ကျနော်တို့တွေ လောဘ (တဏှာ)ကြောင့် ဒုက္ခတွေရပြီး သံသရာ တကြောမှာ မျောနေရတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ထို့ကြောင့် လောဘကြီးရင် ဒုက္ခကြီးမယ်၊ လောဘငယ်ရင် ဒုက္ခငယ်မယ်၊ လောဘမရှိရင် ဒုက္ခမရှိ တော့ပြီလို့ ဆိုကြပါတယ်။


မြတ်စွာဘုရားရှင်က ဒါနပြုဖို့ တိုက်တွန်းတာဟာ ဘ၀အဆက်ဆက် ချမ်းသာဖို့ တခုတည်းမဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ပါလာခဲ့တဲ့ လောဘ တဏှာကို သတ်နိုင်ဖို့ အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဒါနပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်မှာ အလောဘနဲ့ အမစ္ဆရိယ ပြဌာန်းပါတယ်။ တရားလုပ်တယ်ဆိုတာ အဓိကတော့ မနောကံ အလုပ်ပါ။ စိတ်လေးကောင်းအောင်ပဲ အရင်ဆုံးကြိုးစားဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးကလဲ စိတ်ကောင်းရှိဖို့ ပထမလို့ ရေးသား ဆုံးမခဲ့ပါတယ်။ စိတ်ကောင်းမမွေးနိုင်ပဲ တရားထိုင်နေရုံနဲ့တော့ တရားရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်သန္တာန်မှာ လောဘအရင်းခံတဲ့ ကိလေသာတွေ မဖြစ်ရအောင် အမြဲသတိရှိဖို့ လိုအပ်ပါတယ်။ သတိမရှိရင်တော့ ကိလေသာတွေရဲ့ ထိုးနက်မှုကို ခံစားရကြမှာပါပဲ။ သတိရှိဖို့ သတိထားကြစို့ လို့ ဆရာတော်အရှင်ဆေကိန္ဒက မိန့်တော်မူပါတယ်။ ကိုယ်က သတိထားမှ သတိရှိမှာပါ။ သတိ လက်လွတ်နေရင်တော့ ဘယ်တော့မှ သတိဖြစ်မှာ မဟုတ်ပါဘူး။
လောဘကို “ပေမ”၊ “တဏှာ”၊ “ရာဂ”၊ “သမုဒယ” လို့ အမျိုးမျိုး နာမည်တပ်ပြီး ပြောဆိုကြပါတယ်။ “ပေမ” ဆိုတဲ့ စကားက “ချစ်ခင်ခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။ လောဘသဘောကို လိုက်နေရင်တော့ ဆင်းရဲဒုက္ခတွေ့ ရမှာမလွဲပါ။ အချစ်လောဘကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းကို အရှင်ဇ၀န ရေးသားတဲ့ “မြန်မာတို့၏ အသက်စာအုပ်” မှ ထုတ်နှုတ် တင်ပြလိုက်ပါတယ်။

သီဟိုကျွန်းရှိ စာသင်တိုက်ကြီး တတိုက်မှာ အဘိညာဉ်ရ ကျောင်းထိုင် စာချ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့မှာ ဆရာတော်ကြီးကျောင်းကို ရဟန်းပျို တပါးက စာသင်သား အဖြစ်နေဖို့ လျှောက်တယ်။ ဆရာတော်ကြီက ထိုရဟန်းဟာ အမျိုးသမီး တဦးကြောင့် ရဟန်းသီလ ပျက်မှာကို ကြိုမြင်တဲ့ အတွက်ကြောင့် ကျောင်းမှာ သီတင်းသုံးဖို့ ခွင့်မပြုပါဘူး။ နောက်ဆုံး ရဟန်းက သုံးကြိမ် တိုင်အောင် မျက်ရည်ဝဲပြီး တောင်းပန်တဲ့ အချိန်ကျမှ ဆရာတော်ကြီးက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော် ကြီးက ကျောင်းအနောက်ဘက်က ရွာထဲကို ဘယ်တော့မှ မသွားဖို့ ကတိတောင်းပါတယ်။ ရဟန်းကလဲ မသွားပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ထိုရွာထဲမှာ အလွန်ချောမောလှပတဲ့ အမျိုးသမီး ရှိပါတယ်။ ထိုအမျိုးသမီးက အ၀ါရောင် ၀တ်စုံနဲ့ ပ၀ါကို အသုံးပြုလို့ ၀ါဝါ လို့ပဲ ခေါ်ကြတယ်။ ချောမောလှပပြီး သိက္ခာရှိလွန်းတဲ့ အတွက်ကြောင့် ရွာမှာရှိတဲ့ ကာလသားများက သူတို့နဲ့ မတန်ဘူးဆိုတဲ့ သဘောနဲ့ အနားမကပ်ရဲအောင် ဖြစ်ကြရတယ်။ ၀ါဝါ ကလဲ ဘယ်ယောက်ျားလေးကိုမှ စိတ်မ၀င်စားပဲ ဘုရား၊ တရားဘက်ကိုသာ လိုက်စားပါတယ်။
သီတင်းကျွတ်ပြီး တနေ့ကျတော့ ရဟန်းက ဆရာတော်ကြီးတားမြစ်ထားတဲ့ ကြားက အနောက်ဘက်ရွာထဲကို ဆွမ်းခံကြွချင်စိတ်ပေါ်တာနဲ့ ကြွသွားပါတယ်။ ရွာထဲရှိ အိမ်ခြေ တ၀က်ကျော်ကို ဆွမ်းခံရာ ဘာမှ မထူးခြားသေးပါ။ ၀ါဝါ တို့အိမ်ရှေ့အရောက်မှာ ရဟန်းတို့ သိက္ခာအတိုင်း မျက်လွှာ ချကာ ရပ်လိုက်ပါတယ်။ ဆွမ်းလောင်းဖို့စောင့်နေတဲ့ ၀ါဝါက ဆွမ်းဇလုံကို မပြီး ထွက်လာပါတယ်။ ဆွမ်းလောင်းရမဲ့ ရဟန်း အနားရောက်တော့ မသိစိတ်က တိုက်တွန်းမှုကြောင့် အပေါ်မော့ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာ ရဟန်းကလဲ အလိုလိုကြည့်ချင် စိတ်ဖြစ်လာတာကြောင့် မျက်လွှာကို ပင့်ကြည့်လိုက်တော့ အကြည့်နှစ်ခု ဆုံသွားတာပေါ့။ အကြည့်ချင်းဆုံတော့ စက္ခုရူပေန သံဝါသာ ရာဂပုတ္တံဝိဇာယတိ (စက္ခုပသာဒရုပ်နှင့် အဆင်းရူပါရုံတို့၏ ပေါင်းဖော်မိခြင်းကြောင့် တပ်မက်စွဲလမ်းခြင်းဟု ဆိုအပ်သော ရာဂ ဟူသော သားကို မွေးဖွား၏) ဟူသော ဒေသနာအတိုင်း တဦးနှင့် တဦး ချစ်မိခဲ့ပါတယ်။ ရဟန်းလည်း ဣန္ဒြိယသံဝရသီလကို ဖျက်မိတဲ့ အတွက် ရုတ်တရက်ပဲ နောက်ကြောင်းပြန် လှည့်သွားပါတယ်။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဖြင့် မြင်သောအခါ၊ ကြားသောအခါ၊ နံသောအခါ၊ စားသောအခါ၊ ထိသောအခါ၊ တွေးကြံသိသောအခါတို့တွင် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာများ ၀င်မလာအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်)။ ၀ါဝါမှာလည်း ဘာပြော ရမှန်း မသိတော့ပဲ ဆွမ်းဇလုံကို ရှေ့ချပြီး အခန်းထဲ ၀င်ပြေးပါတော့တယ်။ အခန်းထဲရောက်တော့လဲ ရဟန်းရဲ့ ရုပ်ပုံလွှာက မျက်စိထဲက မထွက်တော့ပဲ လောဘမီး စတင်လောင်တော့တာပေါ့။ သို့သော် ၀ါဝါကတော့ ပူမှန်း မသိခဲ့။ ရဟန်းမှာလဲ ၀ါဝါ ပုံရိပ်ကို မေ့မရ၊ စာလဲကျက်မရ၊ စိတ်ထဲလည်း စိတ်မပါ၊ ခဏမြင်ခဲ့ရတဲ့ အမျိုးသမီး ကို ပြန်လည်တွေ့ချင်စိတ် ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဆရာတော်ကြီးကို ပေးခဲ့တဲ့ ကတိကို ပြန်သတိရ ဖြစ်တယ်။ သို့သော် လွန်ခဲ့ပါပြီ။ ၃ ရက်လောက် မသွားပဲနေနိုင်သော်လည်း ၄ ရက်မြောက်နေ့မှာ မနေနိုင်တော့။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာခဲ့ပါတယ်။ ၀ါဝါတို့အိမ်ရှေ့အရောက်မှာ ဆွမ်းခံ မရပ်တော့ပဲ ဆက်လျောက်သွား ပါတယ်။ ဒါနဲ့ ၀ါဝါရဲ့ အမေက နောက်ကလိုက်သွားပြီး တနေရာအရောက်မှာ ရဟန်းကို ကွပ်ပျစ်ပေါ်ကြွစေပြီး လျှောက်ကြားပါတယ်။ ၀ါဝါက ရဟန်းကို စွဲလမ်းနေကြောင်း၊ အရှင်ဘုရားကို မရရင် သေနိုင်ကြောင်း၊ အစားလဲ မစား၊ ဆေးလဲ မသောက်ပဲနေကြောင်း စသဖြင့် လျောက်ပြီး ၀ါဝါ ကို လက်ထပ်ဖို့ပြောတာပေါ့။ အဲဒီအချိန်မှာ ရဟန်းက စဉ်းစားပြီး အကြည့်တစ်ခုက ဖြစ်လာတဲ့ ဒုက္ခက မနည်းပါလာလို့ သံဝေဂဖြစ်မိပါတယ်။ ရဟန်းက လူဝတ်လဲလိုက်ရင် စာသင်တိုက်၊ ဆရာနှင့် မိဘဆွေမျိုးတွေ နာမည်ပျက်ရတော့မယ်။ ယောကျာ်းလေးတ ယောက်ကို မရလို့ သေမယ်ဆိုတာမဖြစ်နိုင်၊ ကြာရင်မေ့သွားမှာပဲ ဆိုပြီး လူဝတ်လဲဖို့ မဖြစ်နိုင်ကြောင်း၊ စာသင်ဖို့ စာသင်တိုက်ကို ရောက်လာတာဖြစ်ကြောင်း၊ မိန်းမယူဖို့ မဟုတ်ကြောင်း၊ ဦးပဉ္စင်း ကိုမေ့ပြီး အခြားတယောက် ကို ယူလိုက်ပါ၊ ဦးပဉ္စင်းကို မေ့ဖို့ပြောလိုက်ပါလို့ မိန့်ကြားခဲ့ပါတယ်။
ထိုဖြစ်ရပ်တွေ ဖြစ်ပြီး ရက်အတန်ကြာတော့ စာချဆရာတော်တပါးက ရဟန်းရဲ့ အခန်းထဲကို ၀င်လာပါတယ်။ ရဟန်းလဲ ၀ါဝါနဲ့ ပတ်သတ်ပြီး အပြင်သိပ်မထွက်၊ အစားလဲ ကောင်းကောင်းမစားပဲ နေမကောင်းတဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါနဲ့ စာချဆရာတော်ကြီးက “အေး… ကျန်းမာရေးဂရုစိုက်ကွာ၊ မင်းကြည့်ရတာ သိပ် ပိန်တာပဲ၊ အစားမ၀င်ဘူးထင်တယ်၊ မင်းစားချင်တာပြော၊ ငါ့ရဟန်း အမကြီးကို ခိုင်းပေးမယ်၊ ရော့.. ဟောဒီမှာ ဒီနေ့ရက်လည် ဆွမ်းကျွေးကရလာတဲ့ အ၀ါရောင် အနေကထိုင်လေး၊ လှလိုက်တာ မင်းသုံးရအောင် လာစွန့်တာ၊ သေသွားတဲ့ မိန်းကလေးရဲ့ ပုဝါကို ချုပ်ထားတာတဲ့”။ အ၀ါရောင် နေကထိုင်လေးကို မြင်လိုက်တာ နဲ့ ရဟန်းက တုန်လှုပ်သွားပါတယ်။ ၀ါဝါ ကိုလည်း သတိရသွားတယ်။ ၀ါဝါခြုံတဲ့ ပ၀ါလေးများ ဖြစ်မလားဆိုတဲ့ အတွေးနဲ့ အတူ ဆရာတော် ဘယ်ရွာက ရခဲ့တာလဲ လို့မေးလိုက်ပါတယ်။ စာချဆရာတော်ကြီးက “အနောက်ဘက်ရွာကလေ၊ သနားစရာပါကွာ၊ သေတဲ့ မိန်းကလေးက အသက် ၁၈နှစ်လောက် ရှိသေးတာပဲ၊ အသုဘချတဲ့နေ့က ငါတို့ပါတယ်၊ သေတာတောင် လှလိုက်တာကွာ၊ အသက်ရှင်စဉ်ကဆို ဘယ်လောက်လှမယ် မသိဘူး၊ အင်း.. နာမည်လေးကလဲ တမျိုးလေးကွ၊ ၀ါဝါ တဲ့” လို့ပြန်မိန့်ပါတယ်။
အဲဒီအချိန်မှာ ရဟန်းက ငါ့ကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးတယောက် သေရပြီ ဆိုတဲ့ အတွေးနဲ့ မျက်ရည်ကျ လာပါတယ်။ ၀ါဝါ ခြုံခဲ့တဲ့ ပ၀ါမှဖြစ်တဲ့ နေကထိုင်လေးကို ရင်ဘက်ပေါ်တင်ပြီး မျက်ရည်ကို ဆရာတော် မမြင်အောင် စောင်ခြုံလိုက်ပါတယ်။ စာချဆရာတော်က ဘာမျ မသိ၊ ၀ါဝါအကြောင့်ကိုသာ ဆက်ပြောပါတယ်။
“အေး.. မင်းချမ်းရင် စောင့်ခြုံထား၊ စောစောက ၀ါဝါဆိုတဲ့ မိန်းကလေးဟာ ရဟန်းတပါးကို မြင်မြင်ချင်း စွဲလမ်း ချစ်သွားတာဆိုပဲကွ၊ နောက်ဆုံး မစားနိုင် မသောက်နိုင်ထိ ဖြစ်လာလို့ အဲဒီ ကိုယ်တော်လေးကို လူထွက်ဖို့ သူ့အမေက ပြောတော့ ကိုယ်တော်လေးက မထွက်နိုင်ဘူးလို့ ပြောလိုက်သတဲ့ကွ၊ သနားစရာပဲကွာ၊ အဲဒီနေ့က စပြီး ဘာမှ အစားမစားဘဲနေလိုက်တာ ခုနှစ်ရက်၊ ရှစ်ရက်လောက်ရှိတော့ သေတာပါပဲ”။
စာချဆရာတော် ပြောနေတာကို ရဟန်းက တင်ပါ့၊ ဟုတ်လား စသဖြင့် တစ်ခွန်းမှ ပြန်မပြောလို့ မသင်္ကာဖြစ်ပြီး ခြုံထားတဲ့ စောင်ကို ဆွဲလှပ်ကြည့်လိုက်တော့ စာချဆရာတော်က “ဟင်” ဆိုတဲ့ အသံနဲ့ အံ့သြသွားပါတယ်။ နေကထိုင်အ၀ါလေးကို ရင်ဘက်ပေါ်တင် လက်နှစ်ဘက်က ဖိထားပြီး အသက်ပျောက်နေတဲ့ ရဟန်း ကိုတွေ့ရလို့ ဖြစ်ပါတယ်။
သူတို့တွေသည် သေလောက်အောင်ပင် လောဘမီး အလောင်ခံရတာပါ။ ကျနော်တို့တွေသည်လည်း အလောင်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ လောဘစရိုက် အားကြီးတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း ပွားများခြင်းနဲ့ သင့်တော်ပါတယ်။ “တစ်စတစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောင်နောက်၊ ဆက်တိုင်းကောင်း၏” ဆိုတဲ့ တရားစာစုလေးအတိုင်း လောဘနည်းနည်းစွန့်နိုင်လျှင် နည်းနည်းချမ်းသာမယ်၊ များများစွန့်နိုင်ရင် များများချမ်းသာမယ်၊ အကုန်လုံးစွန့်နိုင်ရင် နိဗ္ဗာန်ကိုပါ ရနိုင်ပါတယ်။
တသံသရာလုံးက ပါလာခဲ့တဲ့ လောဘ စရိုက်ဆိုးကို အပြီးနိုင်ပယ်သတ်နိုင်ပြီး ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်သို့ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။


“ကိုယ်တိုင်တွေးလို့ သိပါလေ”

“ဂါမဏိ… လွန်လေပြီးသော အခါက သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၏။ ကချေသည် သည် ထိုသတ္တ၀ါတို့ အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား လွန်စွာနှစ်သက်ခြင်း၊ အမျက်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ တပ်မက်နှစ်သက်စေတတ်သော အာရုံ၊ မိုက်မဲတွေဝေ စေတတ်သော အာရုံတို့ကို အနီးသို့ဆောင်၏။ ထိုကချေသည် သည် မိမိလည်း လွန်စွာမေ့လျော့လျက် သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့ စေတတ်သောကြောင့် သေသည်မှ နောက်၌ ပဟာသ အမည်ရှိသော ငရဲ၌ ဖြစ်ရ၏”
(သံယုတ်ပါဠိတော်)
သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေကြတာကို ကယ်တင်မယ်ဆိုတဲ့ စိတ်ရင်းစေတနာကြောင့် ဘုရားရှင်သည် ပါရမီဖြည့်ကျင့်ပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ် ခဲ့ရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားသော တရားတော်တွေကို အနှစ်ချုပ်ရင် ပိဋကတ်သုံပုံ ရပါတယ်။ ထို ပိဋကတ်သုံးပုံကို အနှစ်ချုပ်ရင် ဗောဓိပက္ခိယတရား (၃၇)ပါး ရပါတယ်။ ထို ဗောဓိပက္ခိယတရား (၃၇)ပါးကို အနှစ်ချုပ်ရင် မဂ္ဂင် (၈)ပါး ရပါတယ်။ ထို မဂ္ဂင် (၈) ပါးကို ချုံ့လိုက်ရင် (သီလမဂ္ဂင် (၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါး၊ ပညာမဂ္ဂင် (၂)ပါး) သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါတယ်။ ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာသည် သီလ၊ သမာဓိ၊ ပညာ တည်းဟူ သော သိက္ခာတော်သုံးရပ် နှင့်ပြည့်စုံတယ်လို့ ဆိုပါတယ်။ ထိုအကြောင်းတွေကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တယ်လို့ ခံယူမိပါတယ်။


ဘုရားရှင်ဟောကြားခဲ့သော တရားတော်များကို ယနေ့တိုင် နာကြား၊ အားထုတ်ခွင့် ရနေခြင်းမှာလဲ သာသနာကို အခက်အခဲပေါင်း များစွာကြားမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော် အရှင်သူမြတ်များ၏ ကျေးဇူး ကြောင့် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း နေရာ အနှံ့အပြားမှာ တရားပွဲများ ပြုလုပ်နာကြားနေဆဲပါ။ ကမ္ဘာ့နိုင်ငံ အများစုမှာလဲ ဆရာတော်များမှ သာသနာအကျိုး၊ လူသားတွေ ကောင်းကျိုးအတွက် တရားဓမ္မများ ဟောကြားဆုံးမ နေကြပါတယ်။ ထိုတရားတွေသည် တိုင်းသားပြည်သူတို့၏ ကောင်းကျိုးချမ်းသာ အတွက်ပင် ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင်ပင် စဉ်းစားကြည့်ကြပါ။ တရားဓမ္မတွေ မည်သို့ပင် ဟောကြားဆုံးမ နေသော်လည်း လိုက်နာကျင့်ကြံခြင်း မရှိရင်တော့ ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတဦးနဲ့ တဦးရဲ့ အထုံ ပါရမီ မတူတာကြောင့် အားလုံး မလိုက်နာနိုင်တာကို အပြစ်မဆိုသာပါ။ သို့သော် တရားဓမ္မကိုတော့ တန်ဖိုးထားတတ်ဖို့၊ ရိုသေလေစားဖို့ လိုအပ်မယ်လို့ တွေးမိပါတယ်။
ယနေ့အချိန်အခါမှာ အနောက်တိုင်း ယဉ်ကျေးမှုများ၊ ဂီတပညာများ၊ နေထိုင်မှု စရိုက်များ စတဲ့ လောကီ အသွင်အပြင်တွေကို အတုယူလာကြတာ တွေ့ရပါတယ်။ လူတိုင်းမှာ ကိုယ်ကျေနပ်တဲ့ အာရုံနဲ့ နေတာ ဖြစ်တဲ့ အတွက် အားလုံးကို ၀င်ရောက် မပြောလိုပါဘူး။ သာသနာနှင့် လောကီ အလုပ်တွေ ရောနှောပြီး လုပ်ဆောင်တာတော့ မဖြစ်သင့်တဲ့ ကိစ္စတခု လို့ခံယူမိပါတယ်။ ဂီတ၊ အနုပညာ နဲ့ပတ်သတ်လို့ သိမြင်လာတာ တွေကို ပြောချင်ပါတယ်။ ဂီတ၊ အနုပညာဆိုတာ လူသားတွေရဲ့ အသိတွေ၊ နေထိုင်မှု စရိုက်တွေကို ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။ ကျနော်တို့ ငယ်စဉ်က မိခင်မေတ္တာဖွဲ့ သီချင်း တပုဒ်ထဲမှာ “မြတ်စွာဘုရားတောင်မှ နို့တလုံး ဖိုးသာ ကျေတယ် အမေ” လို့နားထောင်ခဲ့ရပါတယ်။ မြတ်စွာဘုရားတောင် နို့တလုံးဖိုးပဲ ကျေတယ်ဆိုတော့ ငါတို့ ဆိုရင် ဘယ်လောက်ဆပ်ဆပ် ကျေမှာ မဟုတ်တော့ဘူးလို့ အမှတ်မှားခဲ့ပါတယ်။ (မိဘမေတ္တာကို ပုံဖော်တာ မှန်သော်လည်း အသိမှား၊ အမှတ်မှားဖြစ်အောင်တော့ မလုပ်မိဖို့ အရေးကြီးပါတယ်)။ အရှင်ဆန္ဒာဓိက ရေးတဲ့ “နို့နှစ်လုံးဖိုး ကျေပါတယ်” ဆိုတဲ့ စာအုပ်ဖတ်တဲ့ အချိန်ကျမှ အမှန်ကို သိခဲ့ရတာပါ။ ဒီနေရာမှာ သီချင်းစာသားတွေကို သတိထားစေချင်ပါတယ်။ တေဘုံမာ၊ ဘ၀သံသရာ စတဲ့ သီချင်းတွေကတော့ နားထောင်ရင်းနဲ့ပဲ တရားအသိ ရသွားနိုင်ပါတယ်။
“ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာ၊ တတိယ အရွယ်မှာ ဘာဝနာ တရားပွားကြစို့” လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် မှန်တယ်ထင်ရတယ်။ သေချာတွေးကြည့်ပါစို့။ တတိယ အရွယ်ရောက်မှ ဘာဝနာ တရားပွားမယ်ဆိုတော့ ဘာဝနာပွားမယ့် အလုပ်ကို နောက်ဆုံးမှ လုပ်ရမယ်ထင်တဲ့ သဘော သက်ရောက်နေပါတယ်။ တတိယ အရွယ် မရောက်ခင် မသေဘူးလို့ ဘယ်သူက အာမခံပေးနိုင်မလဲ။ လူဆိုတာ အသက်ကြီးလာရင် ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်နိုင်မှုက အားနည်းလာပါတယ်။ အဲဒီအချိန်မှ တရားအားထုတ်ရင် တရားရဖို့ ခဲယဉ်းပါမယ်။ ငယ်စဉ်က တရားအသိမရှိတော့ နတ်တွေ၊ ဘိုးတော်တွေ၊ မယ်တော်တွေ၊ ဘိုးဘိုးကြီး၊ သူရသတီ စတဲ့ ကိုးကွယ်မှု အစစ်မဟုတ်တဲ့ ဒိဋ္ဌိအယူတွေကို သေချာမသိဖြစ်မယ်။ အဲဒီ အစွဲတွေကို အသက်ကြီးတဲ့ အချိန်မှာ ဖျောက်လို့ ခက်ပါလိမ့်မယ်။ ဒိဋ္ဌိအယူနဲ့ သေရင်တော့ ယမမင်းနဲ့ စစ်တမ်း ၀င်စရာ မလိုပဲ ငရဲကို တိုက်ရိုက်သွားရပါမယ်။ ဒီတော့ ပထမ အရွယ်မှာ ပညာနဲ့ တရားရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာနဲ့ တရားရှာ၊ တတိယ အရွယ်မှာ အလုံးစုံသော တရားရှာ သင့်တယ်လို့ ထင်ပါတယ်။ စာဖတ်သူများလဲ စဉ်းစားပါ။ ကျနော် ရေးတာကိုပဲ ယုံရမယ်လို့ မဆိုလိုပါဘူး။
ရိုးရာ အငြိမ့်ပွဲတွေမှာ ဘုရား၊ တရား၊ သံဃာ နဲ့ ပတ်သတ်လို့ ပျက်လုံးတွေလဲ မလုပ်သင့်ဘူးလို့ ခံယူပါတယ်။ ဘာလို့လဲ ဆိုတော့ ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်တွေကို ရေးသားခဲ့ပြီးလဲ ဖြစ်ပါတယ်။ ပျက်လုံး လုပ်တယ် ဆိုရာမှာ ရယ်စရာပြောတာ ဖြစ်ခြင်းကြောင့် မရိုသေရာ ရောက်ပါတယ်။ (စာဖတ်သူများလဲ တွေးကြည့်ပါ)။ သာဓု ခေါ်သံကိုလဲ အလေးမထားပဲ ပျက်လုံး လုပ်ကြတာတွေလဲ တွေ့ရပါတယ်။ သာဓု တလုံးခေါ်ဆိုမှုသည် ဘယ်လောက် အကျိုးရှိတယ် ဆိုတာ သိစေချင်ပါတယ်။ အသိတလုံးသည် အင်မတန် အရေးကြီးပါတယ်။
အခုအချိန်က ရိုးရိုးသံစဉ် မဟုတ်တော့ပဲ DJ ဆိုတဲ့ တီးလုံးနဲ့ သီဆိုနေကြပါပြီ။ မြန်မာ့ယဉ်ကျေးမှု သံစဉ်တွေလဲ ဒီဂျေ ဖြစ်နေပါပြီ။ ၁၀ နှစ်ဝန်းကျင် ကလေးတွေက အစ ဒီလို အသံတွေကို နားထောင်တတ် နေတာလဲ အပြစ်မဆိုသာပါဘူး။ ဆုတ်ခေတ်ကာလ ဆိုတာ ပေါ်လွင်လာတာပါ။ ဆိုချင်တဲ့သူ ဆိုပါ။ နားထောင်ချင် တဲ့သူလဲ နားထောင်လို့ရပါတယ်။ (အားပေးတာမျိုးတော့ မဟုတ်ပါ)။ သို့သော် အဲဒီ အနောက်တိုင်း တီးလုံး (DJ) နဲ့ မေတ္တာပို့ စာသားတွေကို ဖန်တီးပြုပြင်တာတော့ မသင့်တော်ဘူးလို့ ခံယူပါတယ်။ မေတ္တာပို့တယ်ဆိုတာ ကိုယ်ပို့မယ့် သတ္တ၀ါတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံးကို စိတ်ထဲမှာ ပုံပေါ်လာအောင် အာရုံပြုပြီးမှ မေတ္တာပို့လွတ် ရတာပါ။ ဒါမှလဲ မေတ္တာအကျိုးက ထိရောက်ပါတယ်။ ကိုယ်တိုင် မပို့သဖြစ်ရင် ဆရာတော်ကြီးတွေရဲ့ မေတ္တာပို့ တရားတွေ ဖွင့်ပြီး ကိုယ့်စိတ်က သတ္တ၀ါတွေ တရားတော်ကို နာနိုင်ပါစေ၊ မေတ္တာပို့ အမျှဝေသံတွေ ရပါစေလို့ နှလုံးသွင်းထားမယ်ဆိုရင်လဲ ရပါတယ်။ အခုတော့ DJ ဆိုတဲ့ အသံနဲ့ လုပ်ထားတော့ ဘယ်လိုများ အာရုံရနိုင် မလဲ။ နာကြားရတဲ့သူကရော မေတ္တာပို့စာသား မကြားပဲ တီးလုံးသံကြားလို့ နားငြီးနေမယ်။ သတိပြုကြရမှာက ယခုလို အသေးဖွဲ့က စလို့ ကြီးမားတဲ့ ပြုပြင်မှုအထိ လုပ်လာနိုင်ပါတယ်။ ဒီလုပ်လုပ်ဆောင်တာသည် အခြားဘာ သာဝင်တွေလဲ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလဲ ဖြစ်နိုင်ပါတယ်။ တဦးချင်ဆီက ကိုယ်သိတဲ့ အသိလေးတွေနဲ့ ဘာသာ သာသနာ အတွက် အသေးစိတ်က အစ လိုက်နာ စောင့်ထိန်းစေချင်ပါတယ်။ သူတို့ နေရာနဲ့ သူတော့ အပြစ် မဆိုပါ။ နို့စားနွားမ တကောင်ဟာ လယ်ကွက်ထဲမှာတော့ တင့်တယ်ပါတယ်။ သို့သော် မြို့ထဲက ပန်းခြံထဲ ၀င်လာရင်တော့ မောင်းထုတ်ရပါမယ်။ ထို့အတူ ဂီတတွေ၊ သံစဉ်တွေသည် သူ့နေရာနှင့် သူတော့ ကောင်းပါတယ်။ သို့သော် ဘာသာ သာသနာကို ထိပါးလာရင်တော့ ပြောရပါလိမ့်မယ်။
ထိုပြောဆိုမှုသည် စိတ်ရင်းစေတနာ အမှန်နဲ့ တရားဓမ္မကို လူတိုင်း သိရှိ၊ ကြည်ညိုလေးစား၊ လိုက်နာ တတ်စေဖို့ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ ပုထုဇဉ် လူသားတွေ ဖြစ်တာကြောင့် မည်သူမှ အမှားမကင်းတာ သဘာဝပါ။ အမှားကို သိပြီး အမှန်ကို ပြုပြင်နိုင်ခြင်းသည် သူတော်ကောင်းတို့ အကျင့်ပါ။ စာဖတ်သူများ အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီး သူတော်ကောင်းတရားများ ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။
သဗ္ဗေသတ္တာ၊ ........... အလုံးစုံသော သတ္တ၀ါတွေ၊
အဝေရာ ဟောန္တု၊ ...... ဘေးရန်ကင်းကြပါစေ၊
အဗျာပဇ္ဇာ ဟောန္တု၊ .... စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊
အနီဃာ ဟောန္တု၊ ...... ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊
သုခီ အတ္တာနံ ပရိဟရန္တု၊ .. မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာဖြင့် ရွက်ဆောင်နိုင်ကြပါစေ။


“သာသနာတွေ့ကျိုးနပ်ပါစေ”

သာသနာ ဆိုတာ အဆုံးအမလို့ အရိုးရှင်းဆုံး ပြောလို့ရပါတယ်။ ဘယ်သူရဲ့ အဆုံးအမလဲ ဆိုရင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ အဆုံးအမကို ဆိုရပါမယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သုမေဓာရှင်ရသေ့ ဘ၀ကတည်းက နိဗ္ဗာန်စံဝင်ရင် ရပေမဲ့ ငါတယောက်တည်း နိဗ္ဗာန်မ၀င်လို၊ ဝေနေယျ သတ္တ၀ါတွေကိုပါ နိဗ္ဗာန်ကို ပို့ဆောင်မယ် ဆိုတဲ့ စေတနာနဲ့ ဒီပင်္ကရာ မြတ်စွာဘုရား ခြေတော်ရင်းမှာ ဘုရားဆုပန်ခဲ့ပါတယ်။ ဘုရားဖြစ်ဖို့ရန် အတွက် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ခဲ့ရပါတယ်။ ဘုရားဖြစ်တဲ့ အခါမှာလဲ သက်တမ်းတိုသော ကာလမှာ ဖြစ်ရသဖြင့် ဝေနေယျ သတ္တ၀ါတို့ကို ၄၅၀ါ ကာလပတ်လုံး ချေချွတ်တော်မူခဲ့ရပါတယ်။ မနက် ဆွမ်းခံကြွချိန်မှာပင် မဂ်ရထိုက် သူများကို ချေချွတ်ရပါတယ်။ ဆွမ်းခံပြန်လာရင် ဒုလ္လဘတရားငါးပါးကို ဟောကြားတော်မူပါတယ်။ နေ့ဆွမ်းစားပြီးချိန်မှာ ရဟန်းတော်များက ကမ္မဋ္ဌာန်းတောင်းကြ၊ တရားမေးကြနဲ့ ညနေပိုင်း ရောက်သွားပါတယ်။ ထိုအချိန်မှာပဲ မြို့သူ၊ မြို့သားများက တရားနာဖို့ ရောက်နှင့်နေကြပါပြီ။ ထို့နောက် တရားဟောပေးရာ တရားပွဲက ည ၁၁ နာရီခန့် ဖြစ်သွားပါတယ်။ သန်ခေါင်ယံ အချိန်မှာ နတ်များ တရားနာလာလို့ ဟောပေးရပါတယ်။ နတ်တွေပြန်သွားချိန်မှာ ဗြဟ္မာတွေလာလို့ တရားဟောပေးရာ ၂နာရီခွဲ ၃ နာရီလောက် ရောက်သွားပါတယ်။ ဗြဟ္မာတွေပြန်သွားပြီးမှ တနေကုန်ခိုင်းထားတဲ့ ခန္ဓာကြီးကို အနားပေးပါတယ်။ မနက်အာရုံတတ်ချိန်မှာ မဟာကရုဏာ သမာပတ်ဝင်စားကာ ကျွတ်ထိုက်သူတို့ကို ကြည့်ရှုတော်မူပါတယ်။ တွေ့ရှိရင် ဘယ်လောက်ပဲ ဝေးဝေး အရောက်သွားကာ တရားဟောပြီး ချေချွတ်တော်မူပါတယ်။


ဘုရားတစ်ဆူပွင့်ရင် ချေချွတ်ရမည့်၊ ကျွတ်ရမည့် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရားသည် သက်တမ်း တိုလွန်းသောကြောင့် ၁၆ သင်္ချေ၊ ကုဋေ ၆၀၊ ဗိုလ်ချေ တစ်သိန်းသာ ကျွတ်လွတ်ရန် တရားဟောပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ရှစ် သင်္ချေကို ဘုရားရှင် တပည့်သား သံဃာတော်များ မှတဆင့် တရားနာကြားပြီ ကျွတ်တန်းဝင်ကြပါစေ ဟူသော ဆန္ဒဖြင့် သာသနာတော် နှစ်ငါးထောင် ထားခဲ့ပါတယ်။ ထို့ကြောင့် ယနေ့အချိန်မှာပင် ၀ိပဿနာတရားများ နာကြားကျင့်ကြံခွင့် ရနေခြင်းဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် ၂၅၅၂ ဖြစ်တာကြောင့်၊ နောက်ထပ် သာသနာတော် ၂၄၄၈ နှစ် သာကျန်ပါတော့တယ်။ (သာသနာတော် နှစ် ၅၀၀၀ ပြည့်သော်လည်း ဘုရားရှင်၏ တရားတော်ကို လိုက်နာ ကျင့်ကြံသူတွေ ရှိနေသ၍ သာသနာတော် ရှိနေဦးမှာ ဖြစ်ပါတယ် )။ သာသနာနှစ် ဘယ်လောက်ကျန်တယ် ဆိုတာ မစဉ်းစားသင့်ပါဘူး။ အမှန်မှာ မိမိတို့ မသေခင်သာ သက်ဆိုင်ပါတယ်။ မိမိတို့ အတွက်က သေတဲ့ အချိန်သည် သာသနာကွယ်တာပါပဲ။ သေသွားလို့ အပါယ်ဘုံ ရောက်သွားခဲ့ရင်တော့ သာသနာတော်နဲ့ ထပ်တွေ့ဖို့ မလွယ်ပါဘူး။
ထို့ကြောင့် အသေမဦးခင် ဉာဏ်ဦးဖို့ လိုပါတယ်။ ဉာဏ်ဦးဖို့သည် ၀ိပဿနာ ဘာဝနာတရားကို ပွားများအား ထုတ်ထားဖို့ အရေးကြီးပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီးမှာပင် မဟာကရုဏာတော်ဖြင့်…
ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တာယာမိဝေါ၊
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ။
ချစ်သားတို့ ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့၊… ဟု နောက်ဆုံးမှာ မှာကြားခဲ့ပါတယ်။ မိဘတို့သည် သားသမီးတို့ကို တသက်သာ ချမ်းသာအောင် ဆောင်ရွက်ပေးတဲ့ အတွက်ကြောင့် တဘ၀တာ ကျေးဇူးရှင်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘုရားရှင်သည်ကာ သံသရာ တလျှောက်လုံး အပါယ်ဘေးမှ ကင်းပြီး ချမ်းသာအောင် စောင့်ရှောက်သောကြောင့် သံသရာ တလျှောက် ကျေးဇူးရှင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တဘ၀ ကျေးဇူးရှင် မိဘများ သေခါနီး မှာကြားသော စကားကိုပင် သားသမီးများက လိုက်နာတတ်ကြပါတယ်။ ထိုသို့ဆိုရလျှင် တသံသရာလုံး ကျေးဇူးရှင်ဖြစ်သော မြတ်စွာဘုရားရှင်၏ တရားကို ပိုပြီးနားထောင် သင့်ပါတယ်။ ၀ိပဿနာ ဘာဝနာ ပွားများခြင်းသည်ပင် ဘုရား၏ တရားကို အပြည့်အ၀ နားထောင်ရာ ရောက်ပါမယ်။ ဒါန၊ သီလ၊ သမထ တရားတွေသည် ဘုရား မပွင့်ခင် ကာလ ကတည်းက ရှိခဲ့ပြီးသားပါ။ သစ္စာတရားတွေကတော့ ဘုရားပွင့်မှသာ သိခွင့်ရတာပါ။ ထို အသိလေး တခုသည် လောကီ၊ လောကုတ် နှစ်ဖြာသော အကျိုးအတွက် များစွာပင် အကျိုးကြီးလှပါတယ်။ တကယ့် သေဘေးကို ရင်ဆိုင်ရတော့မယ်ဆိုရင် ၀ိပဿနာဘာဝနာ သစ္စာအသိသည်သာ အားထား နိုင်ပါလိမ့်မယ်။ ထို့အတူ လောကမှာနေထိုင်ကြတဲ့ လူတွေဖြစ်တာကြောင့် လောကဓံတရား ( လာဘ်ရခြင်း၊ မရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ကိုယ်စိတ် ချမ်းသာခြင်း) တွေကိုလဲ သစ္စာအသိ ဖြင့်သာ ရင်ဆိုင်နိုင်ပါတယ်။ သစ္စာမသိရင်တော့ ထိုအဆင်မပြေမှုကို အကြောင်းပြုပြီးတော့ နောက်ထပ် အကုသိုလ်ဖြစ်ရပါမယ်။ ကောင်းတဲ့ လောကဓံ တွေ့ရင် လောဘ ဖြစ်မယ်၊ မာန တတ်မိမယ်၊ ဆိုးတဲ့ လောကဓံ တွေ့ရင် ဒေါသဖြစ်မိမယ်။ ထို ကိလေသာ တရားတွေ မဖြစ်ရအောင်သည် သစ္စာအသိလေး သိထားမှ စိတ်ချရပါမယ်။ ဘုရားရှိခိုး၊ ပရိတ်တရားနာခြင်း စတဲ့ ဗုဒ္ဓဘာသာဝင် တဦးလုပ်သင့်တဲ့ တနေ့တာ အလုပ်ကို လူတိုင်းနီးပါး လုပ်ဆောင်ကြပါတယ်။ စိတ်ကောင်းရှိရင် ပြီးတာပဲ တရားနာဖို့မလိုဘူး၊ တရားအားထုတ်ဖို့ မလိုဘူးဆိုလို့လဲ မသင့်တော်ပါဘူး။ တရားအလုပ်ဆိုတာ တရားမရှိသေးလို့ လုပ်ကြတယ်လို့ ပြောတာလဲ ကြားဖူးပါတယ်။ ဘာဝနာ ဆိုတာ ဘ၀ နာလို့ လုပ်တာလို့လဲ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေ အခြေခံ သဒ္ဓါတရားမရှိရင်တော့ ဘုရားရှင် ကိုယ်တော်တိုင် ဟောနေရင်တောင် ကန့်လန့်တိုက်ကြမှာပဲ။ ထို့ကြောင့် မန်လည်ဆရာတော်ကြီးက အောက်ပါ အတိုင်းရေးခဲ့ပါတယ်။
“ပါရမီ နဂို၊ မရှိလိုက၊
ကုသိုလ်စရိုက်၊ မဟောထိုက်တည့်၊
လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏”
(မဃဒေ၀ လင်္ကာ)
ယခုအချိန်မှာတော့ တသံသရာလုံးက ပါလာခဲ့သော အ၀ိဇ္ဇာ (မသိမှု၊ သစ္စာလေးပါးကို မသိခြင်း၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာ သိခြင်း) အမှောင်ကြီးကို ဒီဘ၀မှာတော့ ဉာဏ်အလင်းနဲ့ ပယ်ခွင်းသင့်ပါပြီ။ ထို့ကြောင့် သစ္စာတရားများ နာကြားကျင့်ကြံကြဖို့ အလေးနက်ထား တိုက်တွန်းပါရစေ။ ဒါမှလဲ သာသနာနဲ့တွေ့ရကျိုး နပ်ပါလိမ့်မယ်။ သာသနာတွင်းသား ပီသအောင် လုပ်ဆောင်ကြပါစေ။ သစ္စာတရားတော်များကို ယခုအချိန်မှာပဲ နာကြား လိုက်နာကြပါ။

နာကြားတဲ့ အတိုင်းလဲ သိကြပါစေ၊ သိတဲ့ အတိုင်းလဲ ကျင့်ကြပါစေ၊ ကျင့်တဲ့ အတိုင်းလဲ ရကြပါစေ။


“အမေများနေ့”

သာသနာတော်နှစ် ၂၅၅၂ ခုနှစ်၊ မြန်မာနှစ် ၁၃၇၀ ပြည့်နှစ်၊ ပြာသိုလပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့၊ စနေနေ့သည် “အမေများနေ့” ဖြစ်ပါတယ်။ ကမ္ဘာမှာတော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့လို့ နိုင်ငံအများစုက သတ်မှတ်ကြပါတယ်။ ကျနော်တို့ မြန်မာမှာတော့ ပြာသိုလပြည့်နေ့ကို သတ်မှတ်ပါတယ်။
“ဗဟုပကာရာ ဘိက္ခဝေ မာတာမိတရော ပုတ္တာနံ၊
အာပါဒကာ၊ ပေါသကာ၊ ဣမဿ လောကဿ ဒေဿတာရော”
“ချစ်သားတို့… မိဘနှစ်ပါးဆိုတာဟာ သားသမီတွေအတွက် အလွန်ကျေးဇူးများကြပါတယ်၊ နို့ချိုတိုက်ကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ အစားအစာကျွေးပြီးတော့လဲ မွေးမြူတတ်ကြတယ်၊ ဟောဒီ လောက သုံးပါးထဲမှာ သိစရာ တတ်စရာတွေ မှန်သမျှကို သိအောင် တတ်အောင် နားလည်အောင် သွန်သင်ညွှန်ပြ သင်ကြားပေးတတ်ကြပါတယ်၊ ဒါ့ကြောင့် မိဘတွေဟာ အလွန်ကျေးဇူးများ ကြပါတယ်”
“သားလှချစ်စွာ မိမာတာ၏၊၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။

video

“နှစ်သစ်မင်္ဂလာ”

“စန္ဒကူးရနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းရနံ့သည် လည်းကောင်း၊ ကြာညိုပန်းရနံ့သည် လည်းကောင်းရှိ၏။ ထိုရနံ့ အမျိုးမျိုးထက် သီလရနံ့သည် အတုမရှိမြတ်၏။”
(ဓမ္မပဒ)
ယနေ့အချိန်အခါသည် ကမ္ဘာ့နေရာ အသီးသီးမှာ နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ အခါသမယ ဖြစ်ပါတယ်။ ပွဲတော်ပြုလုပ်ကြသည်မှာ အထိမ်းအမှတ်ပင်ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာမှာတော့ ရှေးရိုးအစဉ် အလာအရ သင်္ကြန်ပွဲတော် ကျင်းပပြီး နှစ်ကူးပွဲတော်လို့ သတ်မှတ်ကြပါတယ်။ မြန်မာအယူ၊ အနောက်တိုင်း အယူ စသဖြင့် ကွဲပြားမှုတော့ တွေ့ရပါတယ်။ ဘာလို့ကွဲပြားကြလဲ ဆိုတော့ ရက်တွေ၊ အချိန်တွေ စတဲ့ ပညတ်တရားတွေ အပေါ်မှာ ပွဲတော်ရက်တွေ သတ်မှတ်ကြတာကြောင့် ဖြစ်ပါတယ်။ အမှန်မှာ နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူးပြောင်းတိုင်း ကျနော်တို့ ဘ၀ သက်တမ်းသည် “ဇရာ၊ မရဏ ဘက်သို့ တနှစ်ထက် တနှစ် နီးကပ်လာပြီလို့” မမြဲတဲ့ အနိစ္စသဘော၊ အစိုးမရတဲ့ အနတ္တသဘော လေးတွေကို နှလုံးသွင်းကြ စေချင်ပါတယ်။ ရုံးလုပ်ငန်းများ၊ ကုမ္မဏီများ၊ ဘဏ်များ စတဲ့ စာရင်းဇယားနဲ့ လုပ်ရတဲ့ အလုပ်မှန်သမျှ နှစ်စဉ် စာရင်းချုပ်၊ ရှင်းတမ်းထုတ်ကြ ပါတယ်။ ထိုနည်းတူ ကျနော်တို့ ဗုဒ္ဓဘာသာတွေ အနေနဲ့လဲ နှစ်ချုပ်စာရင်းလေး လုပ်ကြည့်လိုက်ပါ။ အဲဒီ စာရင်းကတော့ ၀င်ငွေ၊ ထွက်ငွေ စာရင်းမျိုးမဟုတ်ပါ။ တနှစ်တာအတွင်း ပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် စာရင်း မျိုးဖြစ်ပါတယ်။


မိမိတို့တွေ နံနက် အိပ်ယာ ထတဲ့ အချိန်ကနေ အိပ်ယာဝင်တဲ့ အချိန်အထိ၊ ကုသိုလ်စိတ်ပေါ်တိုင်း ကုသိုလ်လို့ သတ်မှတ်ပြီး၊ အကုသိုလ် စိတ်ပေါ်တိုင်း အကုသိုလ်လို့ သတ်မှတ်လိုက်ရင် မည်သည့် ဘက်က အားသာတယ် ဆိုတာ ကိုယ်တိုင်သိကြပါလိမ့်မယ်။ များသောအားဖြင့် အိပ်ရာဝင်တိုင်း ဘုရားရှိခိုးခြင်း၊ ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့ခြင်းစတဲ့ ကောင်းမှုတွေကို ဗုဒ္ဓဘာသာဝင်တိုင်းလိုပင် ပြုလုပ်ကြပါတယ်။ ထို ကုသိုလ် ကောင်းမှုတွေက တူသောအကျိုးပေး ရှိပြီးသားပါ။ သို့သော် ထိုအလုပ်တွေပေါ်မှာ ၀ိပဿနာဉာဏ် ဦးစီးပြီး မလုပ်ရင်တော့ သံသရာလည်ကြောင်း ကုသိုလ်တွေသာ ဖြစ်နေပါလိမ့်မယ်။ မိမိက သမာဓိမှု၊ မခိုင်မြဲမှုကြောင့် တရားနာခြင်း၊ ဘုရားရှိခိုးခြင်း၊ စတဲ့ အလုပ်များမှာပင် မကောင်းတဲ့ အာရုံတွေက ၀င်ရောက် နှောက်ယှက်တတ် ပါတယ်။
ထို့အပြင် ပုထုဇဉ် မှန်သမျှ “ဣဿာ၊ မစ္ဆရိယ” (မနာလိုခြင်း၊ ၀န်တိုခြင်း)တွေ မကင်းနိုင်ကြပါဘူး။ မိမိထက်သာ နေတဲ့ သူအပေါ်မှာ “မုဒိတာ” မပွားနိုင်ပဲ မနာလိုခြင်း ဖြစ်တတ်ပါတယ်။ မိမိဂုဏ် အခြေအနေ အဆင့်အတန်းမျိုး တူအောင် သူတပါး ဖြစ်လာမှာစိုးတယ်၊ မကြည့်ချင်၊ မကြားချင်နဲ့ ၀န်တိုခြင်း ဖြစ်တတ်ပါတယ်။ ဤအချက်တွေကို ထောက်ပြီးတော့ တနေ့တာ အဖို့မှာ ကုသိုလ်ကနည်းပြီး အကုသိုလ်က များပြားကြောင်း ထင်ရှားစွာသိနိုင် ပါတယ်။ (ပုထုဇဉ် လူသား အများစုကို ဆိုလိုခြင်းပါ၊ လူတိုင်းကို မဆိုလိုပါ)။ တသက်တာဆိုရင် မှန်းဆလို့ပင် သိနိုင်ပါတယ်။
ကျနော်တို့ နေ့စဉ်မှာ လုပ်နေတဲ့ “ကုသိုလ်တွေ၊ အကုသိုလ်တွေ” ကို “အာစိဏ္ဏကံ” လို့ ခေါ်ပါတယ်။ ဘ၀သက် တမ်းမှာ အကုသိုလ် အာစိဏ္ဏကံ တွေကသာ များနေတာ သိကြမှာပါ။ အရင်က “အကုသိုလ် အာစိဏ္ဏကံ” တွေ များများလုပ်ထားခဲ့ရင်တော့ သေခါနီးမှာ “အကုသိုလ် အာသန္နကံ” က အကျိုးပေးမှာ သေချာပါတယ်။ အဲဒီလို “အကုသိုလ် အာသန္နကံ” ကြောင့် ရေတွင်း၊ ရေကန်၊ စေတီ၊ ပုထိုးပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းခဲ့တဲ့ “သီရိ ဓမ္မာသောက မင်းကြီး” ပင် စပါးကျီးမြွေ ဖြစ်ခဲ့ရပါတယ်။ ထို့ကြောင့် ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖျက်ရန်၊ မဖြစ်သေးတဲ့ အကုသိုလ်ကံတွေကို နောက်ထပ်မဖြစ်ရန်၊ တားဆီးခုတ်ထွင်း နိုင်တဲ့ ကုသိုလ်ကံ ကတော့ “လောကုတ္တရာ” ဆိုတဲ့ “မဂ်တရား” ပင်ဖြစ်ပါတယ်။ ဥပမာ.. ရာဇဂြိုလ်ပြည်မှာ ၅၅ နှစ်တိုင် ရာဇ၀တ် သင့်သူတွေကို သတ်ဖြစ်ပြီး အမှုထမ်းခဲ့တဲ့ “တမ္ပဒါဋ္ဌိက” ဟာ အငြိမ်းစားယူတဲ့ နေ့မှာပဲ အရှင်သာရိပုတ္တရာ၏ လောကုတ္တရာ တရားတော်ကို အနည်းငယ်ကြားရပြီး သောတပတ္တိမဂ် အနီး “အနုလောမခန္တီ (စူဠသောတပန်) ဖြစ်သွားပါတယ်။ထို့ပြင် လူပေါင်း ၉၉၉ ယောက်ကို သတ်ခဲ့တဲ့ “အင်္ဂုလိမာလ” အား လောကုတ္တရာမဂ်ဖြင့် အကုသိုလ်တရားတွေကို သုတ်သင်၊ ခုတ်ထွင်၊ ဖျက်ဆီး ပြီးနောက် အရဟတ္တဖိုလ်သို့ ရောက်ရှိခဲ့တာ အားလုံး သိပြီး ဖြစ်ကြပါတယ်။
မိမိတို့တွေရဲ့ နှစ်ချုပ်စာရင်းမှာ “အကုသိုလ် အာစိဏ္ဏကံ” များပြားနေရင်၊ သေခါနီးအခါမှာတော့ “အကုသိုလ် အာသန္နကံ” ၏ နှိပ်စက်ခြင်းက ကင်းလွတ်ဖို့တော့ မလွယ်ကူပါဘူး။ စိတ်ချ၊ လက်ချ တကယ်အားကိုး လောက်တဲ့ တရားကတော့ မဖြစ်ဘူးသေးတဲ့၊ မလုပ်ဘူးသေးတဲ့ “၀ိပဿနာ” တရားပါပဲ။ ၀ိပဿနာ တရားကို ကြိုးစားအားထုတ်ရင်ဖြင့် ယခုဘ၀မှာ တမဂ်၊ တဖိုလ် မရနိုင်၊ မရောက်နိုင်ခဲ့ရင်ပင်၊ ကောင်းရာ သုဂတိဘုံးဘ၀ သို့ ရောက်ရမှာ သေချာပါတယ်။ ထို့ကြောင့် မိမိတို့တွေရဲ့ နှစ်ချုပ်စာရင်းမှာ ရှိနေတဲ့ အကုသိုလ်တွေကို ပယ်ဖျက်၊ ခုတ်ထွင်ပြီး အပါယ်ဘေးကြီးမှ တကယ်အေးစေနိုင်တဲ့ “၀ိပဿနာ” တရားတော်ကို ကြိုးစားအား ထုတ်ရန် သတိပေးပါရစေ။
Happy New Year ဆိုတာ လူမှုရေးအပြောပါ။ အမှန်သဘောတွေးတော့ (ဉာဏ်တွေး တွေးကြည့်တော့) နှစ်ပြောင်း တာမဟုတ်၊ သေရွာပြောင်းတာဖြစ်နေပါတယ်။ သဘောအသွားကတော့ သေရွာပြောင်းတာပေါ့။ ဒီသဘောမသိလို့ ပျော်နိုင်တာတော့ မသိပျော်ပေါ့။ ဒီသဘောကို သိပြီးတော့ သံဝေဂယူပြီး မသေရာရှာသွားကြတဲ့ သူတွေရှိပါတယ်။ သူတို့အတိုင်း ကိုယ်ကလုပ်ဖို့ အချိန်ရောက်လာပြီလို့ ဒီအချိန်မှာ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ ယခုအချိန်မှာပဲ တရားနာယူကြပါခင်ဗျား..


ယခုရေးတဲ့ ပိုစ့်ကို နှစ်သစ်ကူးညက နေကြာရိုင်း ၀က်ဆိုဒ်မှာ တင်ခဲ့ပါတယ်။ အစ်မ မက်မက်က Tag လိုက်ပါတယ် ဆိုလို့ နှစ်သစ်ကူးညနဲ့ တိုက်ဆိုင်နေတာကြောင့် ယခုပိုစ့်ကို ပြန်လည်ဖော်ပြလိုက်တာပါ။ အဲဒီညက ဘာမှ အထွေအထူး မလုပ်ဖြစ်ပါဘူး။ အခု တင်ထားတဲ့ ပိုစ့်ရေးတယ်။ သူငယ်ချင်း တစ်ယောက်နဲ့ တရားဆွေးနွေးဖြစ်တယ်။ အစ်မ၀ါ ဘလော့မှာ စလိုက်ရှိုးကြည့်ဖြစ်တယ်။ အခုလို စာတွေရေးဖြစ်အောင် Tag တဲ့ အစ်မမက်မက် ကိုလဲ ကျေးဇူးတင်ပါတယ်။ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ...