ဆည်းဆာချိန်ခါ

ငယ်စဉ်ကလေးဘ၀တုန်းက ညနေ နေ၀င်ချိနှ်ကိုကြည့်ပြီး တွေ့မြင်ခဲ့ရတဲ့ ဆည်းဆာချိန်ခါ အလှအပတွေကို အခုလိုအခါမှာ ကျွန်တော် သတိရနေမိပါတယ်။ တစ်နေ့တာ လောကကို အလင်းရောင်တွေ ဖြန့်ကျက် ပေးဝေပြီးတဲ့နောက် နောက်ဆုံး နှုတ်ဆက်ချိန်လေးမှာတောင် လောကကို အလှတွေ ဆင်မြန်းပေးခဲ့တဲ့ နေမင်းကြီးကိုလည်း အားကျမိပါတယ်။ ကျွန်တော်ရှိနေတဲ့ဘက်ကို နီညိုရောင် အလှတွေနဲ့ နှုတ်ဆက်ထွက်ခွာပြီး အခြားတစ်ဘက်ကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေပေးလို့ လောကကြီးကို အလှဆင်ပြန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကျွန်တော် လေးစားတန်ဖိုးထားမိပါလို့တယ် ပြောရင် လွန်မယ်လို့တော့ မထင်မိပါဘူး။

သစ်ရွက်လေးတွေဟာ အစိမ်းရောင်ရင့်ရင့်အဖြစ် တည်ရှိနေစဉ်မှာ လောကကောင်းကျိုးကို ဆောင်ခဲ့ပြီး ရွက်ဝါလေးတွေအဖြစ် ရောက်ရှိသွားသည့်တိုင် မကြွေခင် ဝေနေစဉ် နောက်ဆုံး အချိန်အထိ လောကကြီးကို အလှဆင်သွားကြတာပါပဲ။ သည်လိုမျိုး အသိဉာဏ်မဲ့၊ အသက်မရှိတဲ့ အရာတွေကတောင် နောက်ဆုံးအချိန်ထိ လောကကို တတ်စွမ်းသမျှ အလှဆင်ခဲ့ပါလားဆိုတဲ့ အတွေးတွေက ကျွန်တော့်စိတ်ကို မင်းလည်း ဒီလိုမျိုးပဲ လောကကို တတ်စွမ်းသမျှတော့ အလှဆင်ရမယ်နော်ဆိုတဲ့ ဆင်ခြင်စိတ်ကလေးတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်လို့နေပါတယ်။


အခုဆိုရင် ဓမ္မရသဆိုတဲ့ အမည်နဲ့ အင်တာနက် မီဒီယာ မြေပေါ်မှာ ဓမ္မအောင်လံတွေကို လွှင့်ထူခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ တစ်ပါးသူတို့အတွက် ကျေးဇူးပြုလိုတဲ့ ဆန္ဒ၊ သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ သယ်ပိုး လိုတဲ့ ဆန္ဒများဖြင့် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အမြတ်ဆုံးသော ဒါနပြုခြင်းဖြစ်သလို အများအကျိုး ဆောင်ရွက်ရင်း ကိုယ့်အကျိုးအတွက်လည်း ဖြည့်ဆည်းပြီး ဖြစ်တယ်လို့ ခံယူမိခဲ့ပါတယ်။

“ကိုယ့်တွက်ကိုယ့်တာ၊ ကိုယ်ကျိုးပါအောင်၊ ကိုယ်သာသယ်ပိုး အများကျိုး၊ ကိုယ့်ကျိုးအစစ် ဖြစ်တော့သည်” ဆိုပြီး ဆရာတော်ကြီးတစ်ပါးက မိန့်ဆိုဖူးခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိပါတယ်။

သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြောင့် အများသူ ငါ ကောင်းကျိုးရကြတယ်ဆိုရင်ဖြင့် ၀မ်းသာရမှာပါပဲ။ သို့သော်ငြားလည်း အများအကျိုး အတွက် ရည်မျှော်ပြီး လုပ်နေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေလည်း ရှိနေလေတော့ တခါတရံမှာတော့ အခက်အခဲတစ်ချို့ ကြုံရတာမျိုးတွေလည်း ရှိခဲ့ပါရဲ့။

ဥပမာသုံးပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရွာထဲကို သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ တင်လာတဲ့ လှည်းကြီးများဝင်လာရင် ခွေးတွေက ၀ိုင်းပြီးတော့ ဟောင်ကြတယ်။ လှည်းပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အချင်းချင်းတိုက်မိလို့ ထွက်လာတဲ့ ဂလုံး၊ ဂလွမ် အသံတွေနဲ့ သံစုံမြည်နေတော့ ဟောင်တာပေါ့။ အဲဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ တကယ်လို့ ဒီလှည်းကြီးက ရပ်လိုက်မယ်ဆိုရင် လိုရာခရီးကို ဘယ်ရောက်နိုင်ပါတော့မလဲ။ ဒီအတိုင်းပါပဲ။ အများအကျိုး ရှေးရှုလုပ်နေပေမယ့် နားမလည်သူတစ်ချို့တို့က လှောင်ပြောင်ကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်အနေဖြင့် သွားရမယ့် ပန်းတိုင်ကိုရောက်အောင်တော့ သွားမြဲအတိုင်း သွားနေဦးမှာပါ။

များမကြာတဲ့ကာလမှာ ကျွန်တော်လည်း အရင်လိုမျိုး ဆက်လက်ရေးသားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တတ်နိုင်တဲ့ အချိန်လေးမှာ အကောင်းဆုံးသော ဆောင်ရွက်မှုလေးတွေ ထားခဲ့ချင်ပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးတဲ့ ဆရာတော် ဦးလောကနာထ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားလိုပါတယ်။ အင်တာနက်မှာ စာရေးနိုင်တဲ့ အချိန်ကို ဘ၀တစ်ခုလို့ သတ်မှတ်ခွင့်ရမယ်ဆိုရင် အခုအချိန်က အဲဒီဘ၀လေးရဲ့ ဆည်းဆာချိန်လေးပါပဲ။ ကျွန်တော်လေးစားမိတဲ့ နေမင်းကြီးလိုပဲ တစ်နေရာမှာ ဆည်းဆာချိန် ဖြစ်ပေမယ့် အခြားနေရာအတွက်တော့ ရောင်ခြည်အလင်းတန်းသစ်လေးတစ်ခု ဖြစ်ချင်ပါသေးတယ်။

စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးကို လေးစားတန်ဖိုးထားပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ

ဆန္ဒမွန်ဖြင့်
အောင်ဦး