တကယ်ရော သုံးဆောင်ပါသလား?

အချိန်ရမယ်ဆိုရင် ကျွန်မရဲ့ အကူအညီတောင်းခံသော စာလေးအား ပြန်ကြားပေးစေလိုပါသည်။ သူငယ်ချင်း တစ်ယောက်က သူ့စိတ်ထဲမှာ မရှင်းတဲ့အချက်လေးအဖြစ် တနေ့က ကျွန်မကို မေးပါတယ်။ သူကို နားလည်းအောင် ရှင်းပြပေမယ့် သူ့စိတ်ထဲ့မှာ ရှင်းလင်းကြည်လင်ပုံမရပါဘူး။ မေးသူ သူငယ်ချင်းသည် ဘာသာရေးကို အလေးထားအမြဲ အားထုတ်သူဖြစ်သည်။ ကျွန်မတို့ အပြန်အလှန် ဘာသာရေး ဗဟုသုများ မျှဝေကြပါသည်။ အကြောင်းအရာက ကျွန်မ နေ့စဉ်အိမ်မှ ဘုရားပုံတော်အား ဆွမ်း၊ ရေချမ်း၊ သစ်သီးများကပ်လှူပါသည်။ သူအား အနည်းဆုံး ရေချမ်းတော့ အိမ်မှ ဘုရားအား ကပ်လှူရန် တိုက်တွန်းမိပါသည်။ သူက အဲဒါဘာများ ထူးခြားလဲ။ ဘုရားက တကယ်ရော သုံးဆောင်ပါသလား ဟု မေးပါသည်။ ကျွန်မက သက်ရှိထင်ရှား မြတ်စွာဘုရားကဲ့သို့ ကိုယ်ကွယ်ခြင်းဖြစ်သည်။ သုံးဆောင်ပါသည်၊ ကပ်ဖို့လိုအပ်ပါသည်၊ ဟု တချို့ ဥမာများဖြင့် ဖြေကြားခဲ့ပါသည်။ သို့သော် ပိုမိုဗဟုသုတများသော ဆရာတော်များထံတွင် မေးမြန်းပါဟု သူအား အကြံဥာဏ်ပေးခဲ့ပါသည်။ အဲဒါလေးကို ကိုအောင်ဦးကို တဖန်ပြန်ပြီး မေးချင်ပါတယ်။ သူ့ကျေနပ်လောက်မယ့်အဖြေ ပေးနိုင်မယ့်လို့ ယုံကြည်ပါတယ်။ အကြောင်းအရာတစ်ခုဖြစ်စေ။ တရားတစ်ပုဒ်ဖြင့်ဖြစ်စေ၊ အဆင်ပြေသလို့ အနည်းငယ် အကျဉ်းမျှသာ ဖြစ်နိုင်မယ်ဆိုရင် ကိုအောင်ဦး နားလည်းခံယူသလို လက်ဆင့်ကမ်းမျှဝေ ဖြေကြားပေးစေလိုပါတယ်။
ခင်မင်လေးစားစွာဖြင့်
ကျေးဇူးတင်လျှက်...
LLM


မေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ နားလည်ခံယူထားတဲ့ ပုံစံချင်း တူချင်မှ တူပါလိမ့်မယ်။ လူအတော်များများ လည်း ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ ကိုယ်နားလည် ခံယူထားသလို ပူဇော်ကိုးကွယ်နေကြတာပါပဲ။
ဒီနေရာမှာ မေးတဲ့မေးခွန်းကိုလည်း သဘောပေါက်ဖို့ အဓိက ကျပါတယ်။ သူမေးတာက ဘုရားရှင်ကို ရေချမ်း၊ ဆွမ်း၊ သစ်သီး စတာတွေကို ကပ်လှူပူဇော်တာက တကယ်သုံဆောင်နိုင်ရဲ့လား၊ ဘာထူးခြားလို့လဲလို့ မေးတဲ့ အတွက် ဖြေရမှာ က တမျိုးဖြစ်ပါတယ်။ ဒါကကျတော့ ကပ်လှူနေခြင်း အပေါ်မှာ နားမလည်လို့ မေးလိုက်တာပါ။
တချို့က ကပ်လှူပူဇော်တာကို လက်ခံတယ်။ ဒါပေမယ့် ဘယ်လို နှလုံးသွင်းပြီး ကပ်လှူရမယ်ဆိုတာကို မသိတဲ့ အတွက် မေးကြပါတယ်။ အဲဒီအတွက်က အဖြေတမျိုးဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကပ်လှူရမယ်ဆိုတာ သိတယ်။ နှလုံးသွင်းနည်း မသိတာပါ။
ဘုရားရှင်က တကယ်သုံးဆောင်ပါသလား ဆိုတဲ့ အတွက် ဘုရားက အခုချိန်မှာ သက်ရှိမဟုတ်တဲ့ အတွက်ကြောင့် တကယ် မသုံးဆောင်ဘူးလို့ မြင်နေလို့ ထင်ပါတယ်။ ဒါကတော့ သာမန် အမြင်ပေါ့။ ဘုရားရှင် ပရိနိဗ္ဗာန် မပြုခင်မှာ ဘုရားရှင် အဖြစ်ကိုးကွယ် ပူဇော်ထိုက်တဲ့ စေတီ(၄)မျိုးကို ဟောခဲ့ပါတယ်။ စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွား ဆင်းတုတော်များ။
အထက်ပါ စေတီလေးခုကို ကိုးကွယ်ပူဇော်တဲ့ အချိန်မှာ ဘုရားရှင်သက်ရှိထင်ရှား ရှိသလို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဂုဏ်တော်တွေကို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဘုရားကို ဆွမ်း၊ ရေချမ်းကပ်လှူတယ်ဆိုတာ ဥဒ္ဒိဿစေတီကို ကပ်လှူနေ တာ ဖြစ်တဲ့ အတွက်ကြောင့် ဘုရားရှင်ကို ကပ်လှူရာ ရောက်ပါတယ်။
ဘုရားရှင်က ၀ိမာန ၀တ္ထု ပါဠိတော် မှာ-
တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
လို့ ဟောတော် မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့-
တိဋ္ဌန္တေ စ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ- ပရိနိဗ္ဗာန်စံကြွသွားသော မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌ လည်းကောင်း၊ စိတ္တေ- ကြည်ညိုသောစိတ်၊ ပြစ်မှားလိုသော စိတ်သည်၊ သမေ- တူမျှသည် ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။ တသ္မာ- အဘယ့်ကြောင့်နည်းမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသော ကြောင့်သာလျှင်၊ သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏။ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။
ဒါကြောင့် ဘုရားရှင် သက်တော်ထင်ရှားရှိသလို စိတ်ထဲမှာ ကြည်ညိုနှလုံးသွင်းပြီး ပူဇော်ကိုးကွယ်မယ်ဆိုရင် ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်က ပူဇော်ရသလိုပဲ အကျိုးရပါတယ်။

ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ကိုးကွယ်းဆည်းကပ်ရမှာကြောင့်- အိမ်မှာ ဘုန်းကြီးတပါး ကြွလာရင် ဘယ်လို ဆွမ်းကပ်လဲ၊ သစ်သီး၊ ရေချမ်း တွေလည်း ဘယ်လိုကပ်လဲ ဆိုတာပဲ စဉ်းစားကြည့်ပါ။ ဆွမ်းကပ်တယ်ဆိုရင် သာမန် အိမ်မှာ စားနေတာထက် ပိုကောင်းတဲ့ ဟင်း၊ ထမင်း၊ လက်သုတ်ပ၀ါ အားလုံးပြည့်စုံအောင် စီစဉ် ကပ်လှူရတယ်။ သစ်သီးဆိုလည်း ခွဲပြီးကပ်ရတယ်၊ ရေချမ်းဆိုလည်း ခွက်နဲ့ သေချာကပ်လှူကြရတယ်။ ဘုန်းကြီးကိုတောင် အဲလို ပူဇော်ရတယ်ဆိုရင် ဘုရားရှင်လည်း သက်ရှိလို ပူဇော်ရမှာ ဖြစ်တာကြောင့် ဆွမ်းတော်ကပ်တာ၊ သစ်သီးကပ်တာ၊ ရေချမ်းကပ်လှူတာလည်း သက်ရှိလူတယောက်ကို ကပ်လှူတဲ့(ကျွေးတဲ့) ပုံစံနဲ့ ကပ်ကြရမှာပါ။

ဒီလိုကပ်လှူတာ ဘယ်လိုအကျိုးရှိမှာလဲ ဆိုတော့- ဗုဒ္ဓမြတ်စွာက "စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊" လို့ဟောကြား တော်မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့... ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတော်မူတယ်...။ ဒါကြောင့် မိမိကပ် လိုက်တဲ့ ဆွမ်း၊ ရေချမ်း၊ သစ်သီးကို သုံးဆောင်တာ မသုံးဆောင်တာက အဓိက မဟုတ်ပါ။ မိမိ စိတ်ထဲမှာ ဖြစ်တဲ့ စေတနာ က ကံဖြစ်တာကြောင့် ကောင်းမှုအလုပ်တွေ လုပ်တဲ့ စေတနာဖြစ်တဲ့ အတွက်ကြောင့် ကောင်းတဲ့ အကျိုးကို ရရှိပါတယ်။
ဒါ့ကြောင့် ဘုရားကို ပူဇော် ကပ်လှူတာဟာ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်ပြီးတော့ ကောင်းမှုရဲ့ အကျိုးကျေးဇူး အမှန်တကယ် ရှိတယ်ဆိုတာတော့ ယုံကြည်ဖို့ လိုပါတယ်။ ကုသိုလ်သဘောက မိမိနဲ့ သူတပါးမှာ အပြစ်ကင်းတယ်။ စိတ်ချမ်းသာတယ်။ “အပြစ်ကင်းကွာ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ် သဘောတည်း” လို့ ဆိုပါတယ်။

ဒါဆိုရင် ဘုရားမှာ ဆွမ်းတော်တင်၊ ရေချမ်းကပ်လို့ ရှိရင် ဘယ်သူမှလည်း အပြစ်မရှိဘူး။ ကိုယ်တိုင်လည်း စိတ်ချမ်းသာရ တယ်။ ဒါက ကုသိုလ်ဖြစ်နေပြီပေါ့။ ကုသိုလ်က ကောင်းတဲ့ အကျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာ ယုံရင် ဆွမ်းတော်တင်၊ ရေချမ်းကပ်တာလည်း အဓိပ္ပါယ်ရှိတဲ့ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်တယ်ဆိုတာ လက်ခံသင့်ပြီလို့ ထင်ပါတယ်။

ကျနော်နားလည် သလို အတိုချုံ့ဖြေပေးလိုက်ပါတယ်။ မရှင်းတာပါခဲ့ရင် ထပ်မေးပါ။

စိတ်ချမ်းသာကြပါစေ…၊