"အမေး အဖြေ(၂)"

လာရောက်ဖတ်ရှုပါတယ်ဗျာ... ကျွန်တော်လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီးတော့ ဒီက ဆရာ/မ တွေကို သင်ခန်းစာ ခဏတာနားတဲ့ အချိန်မှာ ပြောပြခြင်တယ်။ ရှင်းပြဖို့ရာက နည်းနည်းတော့ အခက်ခဲရှိတယ်... ပြောပြခြင်တာထက် ကိုယ်ကိုတိုင်က ကောင်းကောင်းမသိတာခတ်နေတယ်.:D.
ဗုဒ္ဓရဲ့ ရဟန်းတော်တွေ ပတ်သတ်ပြီးပြောပြခြင်တာ.. .ဖြစ်နိုင်ရင် အခြားဘာသာတွေမှာ မရှိမမြင်နိုင် မတွေ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတွေကို ပြောပြခြင်တာ... ကျွန်တော်တို့ အရင်တုန်းက ကြားဖူးတဲ့ အရာလေးတစ်ခုပါ..ဟုတ်မဟုတ်တော့မသိဘူး... နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့ အခါမှာ ကောင်းကင် မှာ ရဟန်းတော်တွေ ကိုတွေ့ရတဲ့ ဖြစ်စဉ်တွေ.. မကြာသေးခင်ကလို့ ပြောတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ မန္တလေးမှာ လည်း အဲဒီလို မျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ပေါ်သို့ ရဟန်းတော် ပျံတတ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ.. .အဲဒါမျိုးတွေကို ပြောပြခြင်တာ... ဘာသာရေးကို ကြွားဝါခြင်လို့တော့ မဟုတ်ပါဘူး... ဘာသာခြားလူမျိုး တွေကို ဒီလိုထူးဆန်း ဖြစ်ရပ်မျိုးတွေနဲ့ မိမိတို့ဗုဒ္ဓဘာသာမှာ အမှန်တကယ် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီလိုမျိုးတွေ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာတွေကို ပြောပြခြင်လို့ပါ... ဒီလိုထူးဆန်းဖြစ်စဉ်လေးတွေကို ဘုရားရှင် လက်ထက်ကမဟုတ်ပဲ မျက်မှောက်ခေတ်ကာလမှာပဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေရှိရင် ပြောပြပေးပါ..
.သိခြင်လို့ပါ..ကျေးဇူးတင်ပါတယ်..



မေးထားတဲ့ မေးခွန်းကိုဖတ်ပြီး ကျွန်တော်သုံးသပ် မိတာလေးတွေကို ဖြေပေးလိုက်ပါတယ်။ ကျောင်းစာတွေကို တဖက်က လုပ်နေရတဲ့ အချိန်လဲဖြစ်၊ စာအုပ်တွေ အကိုးအကားလဲ မစုံလင်တာကြောင့် ယခုမျက်မှောက်ခေတ် ထူးဆန်းတဲ့ ပုဂ္ဂိုလ်တွေ အကြောင်းကိုလည်း အသေးစိတ်တော့ ကျန်တော် မရှင်းပြနိုင်ပါဘူး။ ဒါပေမယ့် မေးခွန်းကို ဦးတည်ချက်မလွဲအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားဖြေလိုက်ပါတယ် ခင်ဗျာ။
ဘာသာတရားကို ကိုယ်က ရှင်းပြချင်တာဆိုတော့ ပထမဆုံးကိုယ်တိုင် သိရှိထားအောင် လုပ်ထားရမယ်။ ကိုယ့်မှ မရှိထားရင် ဘာမှ ပြောတတ်မှာမဟုတ်ဘူး။ ဥပမာ.. သူများကို မုန့်ဖို့ ၅ ကျပ်ပေးမယ်ဆိုပါစို့.. ကိုယ့်မှာ ရှိမှ ပေးလို့ရမယ်။ သူများဆီမှာ၊ ဘဏ်တွေမှာ ရှိနေတဲ့ ပိုက်ဆံတွေက ကိုယ်ပိုင်တာမှ မဟုတ်တာ။ ဘယ်လိုပေးလို့ ရပါ့မလဲ။ ဒီသဘောလေးလိုပါ။ ဘုရားဟော ပိဋကတ်တော်တွေ၊ စာအုပ်တွေ၊ တရားတွေ များစွာ ရှိတာတော့ မှန်ပါတယ်။ ကိုယ့်မှာ ဘာတရားမှ မရှိထားရင် ဘာကိုမှ ပြောတတ်မှာ မဟုတ်ပါ။ ပေးတတ်မှာ မဟုတ်ပါ။ ကိုယ်က ပေးချင်တဲ့ သူဆိုတော့ ရှိဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကိုယ့်မှာ ရှိဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက်ကို အရင်ချသင့်ပါတယ်။ ကိုယ့်မှာ ရှိမှ သူများကိုလည်း ပေးလို့ရမှာပဲလေ။ (ကျနော်လည်း ရှိနေ၊ သိနေလွန်းလို့ မဟုတ်ပါ။ ရှိဖို့ လိုအပ်ကြောင်းကို သိစေချင်လို့ပါ)။
ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်ကြံပြီးတော့ ထူဆန်းဖြစ်ရပ်တွေ ဖြစ်တဲ့ ရဟန်းတော်တွေ အကြောင်းပြောပြချင်တဲ့ သဘောလို့ ထင်ပါတယ်။ ဒီတော့ ထူးဆန်တယ် ဆိုတဲ့ သဘောကို အရင်ရှင်းပြပါမယ်။ မိုးပေါ်ပျံနိုင်တာ၊ မြေလျှိုးနိုင်တာတွေ ဆိုတာ သမထအားကောင်းလို့ ဈာန်၊ အဘိညာဉ်တွေရရင် ဖြစ်နိုင်ကြပါတယ်။ ရဟန္တာတိုင်း ဈာန် မပျံနိုင်ဘူးဆိုတာလဲ မှတ်ထားဖို့ လိုပါမယ်။ ဈာန်ရတိုင်းလည်း ရဟန္တာ မဟုတ်ဘူးဆိုတာ သိရမယ်။ မေးခွန်းမှာပါသလို မန္တလေးမှာ ရဟန်းတော် တပါး ပျံတတ်တာကို တွေ့တယ်ဆိုတာ ကျနော်လည်း ကြားဖူးပါတယ်။ ဟိုအရင် အင်္ဂလိပ် ခေတ်က လေယာဉ်မှူးတွေလည်း ကောင်းကင်မှာ ပျံနေတဲ့ ရဟန်းတော်တွေကို မြင်ခဲ့ကြတယ် ဆိုတဲ့ အကြောင်း စာပေတွေမှ ဖတ်ခဲ့ဖူးပါတယ်။ အဲလို ပျံနေတာတွေသည် ရဟန္တာတွေလည်း ဖြစ်နိုင်ပါတယ်။ လောကီ ကျင့်စဉ်တွေကြောင့် ဈာန်တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျနော်တို့ ဗုဒ္ဓဘာသာက ဒီလောက်နဲ့ တင်းတိမ်းဖို့ မဟုတ်ပါ။ ဘုရားရှင် ဟောကြားခဲ့တဲ့ သစ္စာလေးပါးတရားတွေသည် ဒုက္ခခပ်သိမ်းငြိမ်းတဲ့ ငြိမ်းတဲ့ နိဗ္ဗာန်ကို ရောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ထူးဆန်းစွာ လုပ်ဆောင်ဖို့ ရည်ရွယ်ရင်း မဟုတ်ပါ။ ဘုရားရှင်ကိုယ်တိုင်လည်း တန်းခိုးပြတာကို ပညတ်တော်မူခဲ့ပါတယ်။ နောင်အချိန်မှာ တန်ခိုးမပြနိုင်ရင် လူတွေမကြည်ညိုစရာ ဖြစ်မယ်ဆိုတာ ကြိုတင်မြင်တဲ့ အတွက်ကြောင့် ဘုရားရှင် လက်ထက်ကတည်းက ရဟန်းတော်တွေ တန်ခိုးမပြရဆိုတာ ပညတ်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း လိုအပ်တဲ့ အချိန်မှသာ တန်ခိုးပြတော်မူပါတယ်။ ဒီအကြောင်း ဇာတ်တွေကို ကြားဖူးကြမှာပါ။ ဒီမှာ အဓိက မှတ်ရမှာက သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် တန်ခိုးပြခြင်းကို တားမြစ် တယ်ဆိုတဲ့ အချက်ပါ။ ဘုရားရှင် မမွေးဖွားမီကပင် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီ အဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဒီတော့ ဈာန်တွေ၊ အဘိညာဉ်တွေဆိုတာ သာသနာပမှာလည်း ရှိတယ်ဆိုတာ ဆုံးဖြတ်ချက်ချထားရမယ်။ ကျနော်တို့ ထေရ၀ါဒရဲ့ သာသနာသည်သာ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ ဖြစ်တယ်ဆိုတာ ပြောပြဖို့ လိုပါလိမ့်မယ်။ ဒါနတွေ၊ သီလတွေ၊ သမထတွေဆိုတာ အခြားဘာသာတွေမှာလည်း ရှိပါတယ်။ ၀ိဿနာ ဘာဝနာဆိုတာ ဘုရားပွင့်မှ သိခွင့်ရတာဖြစ်ပါတယ်။ ဒါသည် ၃၁ ဘုံဆိုတဲ့ တောအုပ်ထဲက လွတ်မြောက်ရာကို ပို့ဆောင်ပေးမယ့် အလုပ်ပဲ ဖြစ်ပါတယ်။ သွားရမယ့်လမ်းကတော့ မဂ် (မဂ္ဂင်ရှစ်ပါး) လမ်းပေါ့။ ဒါတွေကို ဆက်ပြောဖို့က ကိုယ်တိုင် အသိအားဖြင့် ကြွယ်ဝပြည့်ထားမှ ရပါလိမ့်မယ်။ အထူးအဆန်းဖြစ်တာကို ပြောဖို့တော့ ကျနော့် အနေနဲ့ အားမပေးချင်ပါ။ အထူးအဆန်းကို ယုံရင် အရူးအနှမ်းဖြစ်တတ်တယ် ဆိုတဲ့ ဆုံးမစကားလေးကို မှတ်သားထားမိပါတယ်။ ခက်တာက ကျနော်တို့ လူမျိုးတွေကလည်း အထူးအဆန်းဆို ယုံလွယ်ကြတယ်။ ဥပမာ.. ပေါ်တော်မူ ဘုရားဆိုပြီး အရင်က လိမ်တာတွေရှိခဲ့ကြတယ်။ ဒါမျိုးတွေကို ယုံလွယ်ကြတယ်။ ဆရာတော် အရှင်ဇ၀န တရားမှာတော့ ပေါ်တော်မူဆိုတာ မှိုနဲ့ မျစ်ပဲ ရှိတယ်လို့ ဟောထားပါတယ်။
ဗုဒ္ဓရဲ့ တရားတော်တွေကို တကယ်တမ်း လိုက်နာပြီး အားထုတ်သိမြင်တဲ့ ရဟန္တာကြီးတွေသည် အထင်ကြီး လေးစားမယ်ထင်တဲ့ အလုပ်တွေကို မလုပ်တော့ပါဘူး။ မကြာခင်က ခန္ဓာဝန်ချသွားတဲ့ ရွာမွန် ဆရာတော်ကြီး ဆိုရင် ခန္ဓာဝန်မချမီ (၇) ရက်အလိုမှာ ဆန်ပြုတ်ဆွမ်းပို့နေကျ ဒကာကို ဒီကနေ့က စပြီး (၇) ရက် ကျောင်းတံခါး ပိတ်ထားလိုက်ဦးမယ်လို့ ပြောကာ ပြတင်းပေါက်ကို ပိတ်ခဲ့ပါတယ်။ (၇)ရက်မြောက်တဲ့နေ့မှာ တံခါးကို ဖွင့်ကြည့်တော့ ပရိနိဗ္ဗာန်ပြုနေတာ တွေ့ရပါတယ်။ တွေးကြည့်လိုက်ပါ။ ကြည်ညိုစရာ အတုယူစရာပါပဲ။
မင်းကွန်းဆရာတော်ကြီးကို လူတိုင်း သိကြမှာပါ။ ရန်ကုန်မှာ ရွှေဥမင် ဆရာတော်ကြီးနဲ့ မင်းကွန်းဆရာ တော်ကြီး ဆွမ်းစားတခုမှာ ဆုံပါတယ်။ မင်းကွန်းဆရာတော်ကြီးက ဆေးလိပ်ကိုင်ပြီး မီးညှိမယ် ဟန်ပြင်တဲ့ အခါမှာ ရွှေဥမင် ဆရာတော်ကြီးက မီးခြစ်ကိုဦးစွာယူပြီးတော့ မီးညှိပေးဖို့ ပြင်ပါတယ်။ ဒီတော့ မင်းကွန်း ဆရာတော်ကြီး အရှင်ဘုရား ညှိပေးတဲ့ ဆေးလိပ်မီးနဲ့တော့ ဆေးလိပ်မသောက်ဝံ့ပါ ဘုရားဆိုပြီး ဆေးလိပ်ကို ပြန်ချခဲ့ပါတယ်။ ရွှေဥမင် ဆရာတော်ကြီးဆိုတာ ရဟန္တာလို့ မှတ်သားခဲ့ရပါတယ်။
ဝေဘူဆရာတော်ကြီး၊ လယ်တီဆရာတော်ကြီး၊ မိုးကုတ်ဆရာတော်ကြီး၊ စွန်းလွန်းဆရာတော်ကြီး၊ မဟာစည် ဆရာတော်ကြီး၊ သဲအင်းဂူဆရာတော်ကြီး စတဲ့ ဆရာတော် ဘုရားကြီးတွေသည် ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေ ကို လက်တွေ့ ကျင့်ကြံအားထုတ်ပြီး (တချို့) ခန္ဓာဇာတ် သိမ်းခဲ့တဲ့ ဆရာတော်ကြီးတွေပါ။ ဒီဆရာတော်ကြီး တွေရဲ့ အကျင့်တွေမှာ ထူးဆန်းစွာနဲ့ လူတွေကို ပြသခဲ့တာ၊ မြင်စေခဲ့တာမျိုးကို လေ့လာ မတွေ့ရှိခဲ့ပါဘူး။
ဒီအကျင့်တွေ အသိတွေဆိုတာ ကျနော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ချင်းတောင် လူတိုင်းကို ပြောလို့ မရပါဘူး။ နိမ်ပြောတဲ့ သဘောမဟုတ်ပါဘူး ခင်ဗျာ။ တချို့က ပုတီးစိပ်၊ ဘုရားသွားတာလောက်ပဲ အဟုတ်ထင် နေကြတာကို။ သစ္စာတရား ၀ိပဿနာတရားတွေဆိုရင် နာခံချင်တဲ့သူက နည်းပါတယ်။ ဒီတော့ အခြားဘာသာဝင် ဆိုတာက ပိုဆိုးမယ်ထင်တယ်။
အကြံပြုချင်တာက.. ထူးဆန်းတာတွေ ပြောတာထက် ကံ ကံ၏ အကျိုးအကြောင်းကို အရင်ပြောကြည့်ပါ။ ဒါကိုလက်ခံ ယုံကြည့်တယ်ဆိုရင်တော့ ဆက်ပြောကြည့်ပေါ့။ ဒါက ဗုဒ္ဓဘာသာရဲ့ အခြေခံပဲလေ။ ဘာသာ စကားတော့ အခက်ခဲ ဖြစ်မယ်ထင်တယ်။ ကျနော်တို့လည်း ပြောကြည့်ပါတယ်။ သူတို့က သံဃာတော်တွေ ဆွမ်းခံထွက်တာကို တောင်းတယ်လို့ပဲ ထင်နေတာပါ။ အရင်ဆုံး ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်ဆိုတဲ့ အကြောင်းကို ယုံကြည်ပြီ ဆိုမှ သီလစောင့်ထိန်းတာတွေ ဆက်ပြောသင့်တယ်။ နောက်မှ အခြားဘာသာတွေမှာ မရှိသေးတဲ့ သစ္စာတရား တွေကို ပြောပြတာ သင့်တော်မယ်လို့ တွေးမိပါတယ်။ ဥပမာ ဆောင်ပြောရရင်.. နံရံကို လက်သီးနဲ့ ထိုးရင် ကိုယ့်လက်သီးလဲ နာရမှာပဲ။ အထိုးခံရတဲ့ အရာဝတ္ထုက ချွန်ထက်ရင် ပိုပြီးနာကျင်မယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှု ရှိတယ်ဆိုတဲ့ နိယာမ အရ ပြောကြည့်ပါ။
တရားတော်ကို ဆောင်ယူကျင့်သုံးလို့ ရောဂါပျောက်ရတာတွေ၊ အန္တရာကင်းတာတွေ ကတော့ အများအပြား ရှိတာပေါ့။ သမထတွေ လုပ်လို့ သမာဓိအားကောင်းရင် ဈာန်၊ အဘိညာဉ်တွေရပြီး မိုးပျံ နိုင်တာတွေလည်း ရှိကြတာ အမှန်ပါ။ အခြားဘာသာကို ပြောမှာ ဖြစ်တဲ့ အတွက် သူတို့ စိတ်မှာ ဒီလို အထူးဆန်းဖြစ်ရုံပဲဆိုတဲ့ အသိဝင်မှာ စိုးရိမ်တဲ့ အတွက် ဒါတွေကို အလေးပေးပြီး မပြောဖို့ အကြံပြုတာပါ ခင်ဗျာ။ ကျနော်တို့ တရားဓမ္မတွေက ဒီထက်များစွာ တန်းဖိုးထိုက်တန်သော အတွက်ကြောင့်ပါ။ ဒီလောက်ဆိုရင် ကျနော့် ပြောချင်တဲ့ သဘောကို နားလည်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။

ကျနော် ရေးတဲ့ အထဲမှာ မရှင်းတာ ပါခဲ့ရင် မေးပါ။
စိတ်ချမ်းသာပါစေ…
အောင်ဦး


"အမေး အဖြေ(၁)"

ဒီနေရာမှာ နားမရှင်းတာလေး တစ်ခုကိုထပ်သိလိုပါတယ်။ တရားသူကြီးတစ်ယောက်ဟာ တရားခံ တစ်ယောက်ကို (သေဒဏ်ပေးနိုင်လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ချမှတ်လိုက်ပါပြီ။ ဒါဟာ ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်ပါသလဲ။ သာမန်အမြင်မှာ နှစ်မျိုးဖြစ်နေလို့ပါ..။
(၁) (သေဒဏ်ချမှတ်သင့် လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ဟု အမိန့်ချခြင်းသည် သေစေလိုသော စိတ်ပါနေတယ်လို့ ယူဆလို့ရပါတယ်။
(၂) နောက်တစ်မျိုးက တရားဥပဒေမှာ သာမန် သေဒဏ်နဲ့ မသေမချင်း သေဒဏ်နဲ့ နှစ်မျိုးရှိပါတယ်။ သာမန် သေဒဏ်အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင်တောင် ဒုတိယအမျိုးအစားဖြစ်တဲ့ မသေမချင်း သေဒဏ်အတွက် ကျတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ? သေစေချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုသည့်တိုင် မသေမချင်းသတ်စေဆိုတဲ့ အမိန့်က သေစေချင်တဲ့ စိတ် (သို့မဟုတ်) စကားဖြစ်နေပါတယ်။
နောက်ဆုံးမရှင်းတာတစ်ခုက သူငယ်ချင်းအထက်က ရှင်းပြခဲ့တဲ့အတိုင်းဆိုရင်...။ အခုလိုတာဝန်မျိုးကို ထမ်းဆောင်နေရတဲ့ ၀န်ထမ်းအားလုံး (တပ်မတော်သား၊ ရဲ၊ တရားသူကြီး၊ ကြိုးသမား) အားလုံးဟာ ကိုယ့်ငရဲ (ငရဲမဟုတ်တောင် အနိမ့်ဆုံး အကုသိုလ်၊ ၀ဋ်ကို) ကိုယ့်ဘာသာ ယူနေသလိုဖြစ်နေပါတယ်..။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုမှာ အထက်ပါ ၀န်ထမ်းများဟာ မရှိမဖြစ်ကို လိုအပ်တဲ့သူတွေဖြစ်ပါတယ်။ ရှိကိုလဲ ရှိနေရမှာ ဖြစ်ပါတယ်...။ ဒီလိုဆိုရင် ဒီသဘောတရား (သို့) ဘာသာရေး အဆုံးအမ တစ်ခုဟာ ထိုကဲ့သို့ သော ၀န်ထမ်းတွေအပေါ် (သို့) တာဝန်နှင့်အမိန့် အရ ထမ်းဆောင်ကြသူများအပေါ် တရားမျှတမှုရှိနိုင်ပါ တော့မလား?

ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် သူငယ်ချင်းရေ...



ငါသိသလောက်လေး ဖြေပေးလိုက်တယ် သူငယ်ချင်း။ ဥပဒေ အကြောင်းတွေကို သေချာမသိတာ အမှန်ပါ။ တရားဆိုကတည်းက တကယ်ကို မျှတမှု၊ အေးချမ်းမှုရှိတဲ့ သဘောရှိပါတယ်။
အမိန့်ချပေးရတာတွေ၊ တာဝန်တွေ အရထမ်းဆောင်နေရတဲ့ သူတွေဟာ များသောအားဖြင့် ပုထုဇဉ် လူသားတွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ် စိတ်ဆိုတာက အရိယာလို စိတ်ထားမျိုး မဖြစ်နိုင်ဘူး။ သူတပါးကို သေစေချင်တဲ့ စိတ်စေတနာ မပါဘူး ဆိုရင်တောင် အနုသယ ဆိုတဲ့ တကယ့်အတွင်း စိတ်လေးမှာတော့ စေတနာ မပါပဲ မဖြစ်နိုင်လောက်ဘူး။ ပုထုဇဉ် ဆိုတဲ့ အတွက် မိမိစိတ်ကို အပြီးတိုင် မနှိမ်နင်းနိုင်သေးတဲ့ သဘောပေါ့။ ( ပုထုဇဉ် ဆိုတာ… “ပုထု ကိလေသေ ဇနေတီတိ ပုထုဇနော” ကိလေသာများတဲ့သူကို ပုထုဇဉ်လို့ခေါ်တာပါ )။ ဒီတော့ ကာယကံ၊ ၀စီကံတွေ ထိန်းနိုင်တယ်ထားဦး။ အနုသယ စိတ်ကိုတော့ ထိန်းနိုင်ဖို့ဆိုတာ အင်မတန် ခက်မယ်။ အဲဒါကြောင့် သေစေလိုတဲ့ စိတ်စေတနာ လုံးဝ မပါပဲ အပြစ်ပေးဖို့ဆိုတာ ပုထုဇဉ် လူသားတယောက် အနေနဲ့ အင်မတန် ခဲယင်းမယ် ထင်ပါတယ်။
အရိယာတွေကျတော့ မဂ်စိတ်ကျပြီးရင် နောက်ဖြစ်တာတွေက ဖိုလ် စိတ်တွေဖြစ်တာကြောင့် အဲဒီမှာ ကုသိုလ်၊ အကုသိုလ် အကျိုးပေးတွေ မဖြစ်တော့ဘူး။ ဥပမာ၊..၊ ရဟန္တာတွေက တရားဟောလည်း ကုသိုလ် မဖြစ်တော့ဘူး။ ဒီနေရာမှာ ဥပမာလေးတွေ ပြောပြချင်တယ်။ ငါတို့ အားလုံးသိထားတဲ့ အဇာတသတ်ရဲ့ အဖေ သောတာပန် ဗိမ္ဗိသာရ မင်းကြီးဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကို အားကိုးအားထားပြုကြောင်း တွေ့ရပါတယ်။ ရာဇဂြိုလ်ပြည်ရဲ့ အစွန်အဖျားမှာ သူပုန်ထတဲ့အခါ သောတာပန် မင်းကြီးရဲ့ စစ်ထွက် မိန့်ခွန်းဟာ ဗုဒ္ဓဘာသာဝင် စစ်သားတိုင်း မှတ်သားထားသင့်တယ်။

ဂစ္ဆေထဘဏေ - ပစ္စန္တံ ဥစ္စိနထ = အမောင်တို့ သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေသော အစွန်အဖျားရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ။

စဉ်းစားကြည့်ပါ။ ဘယ်လောက်အပြစ်ကင်းတဲ့ စကား (စစ်ထွက်မိန့်ခွန်း)လဲ။ အဓိက လုပ်ရမှာက ဒါပဲ။ ဒါပေမယ့် မင်းကြီးရဲ့ စိတ်မှာရော၊ နှုတ်မှာပါ ဒေါသမပါဘဲ အပြစ်ကင်းနေတာကို အတုယူကြရမယ်။ သောတပန် ဆိုတာ ငါးပါးသီလကို အသက်နဲ့ လဲပြီး စောင့်ထိန်းနိုင်တဲ့ အထိ သဒ္ဓါတရားခိုင်မြဲပြီး ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီးသားပါ။
ဒီနေရာမှာ သူပုန်တွေကို သေစေလိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်တော့ဘူး။ တိုင်းပြည်သာယာရေးကို စိတ်က ဦးတည်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် လူသတ်ဖို့ စေခိုင်းတယ်လို့ သတ်မှတ်လို့ မရသလို။ ရဲမတ်တွေက သတ်ရင်လဲ ဘုရင်မှာ အပြစ်မရှိတော့ဘူး။ နောက်ဆုံးတော့ ဘုရင် စစ်တပ်ရောက်လာတဲ့ အခါ ရန်သူတွေက အလိုလို ရှောင်ပြေးသွားတာပါပဲ။

ဝေသာလီက သီဟ စစ်သူကြီးဆိုရင်လည်း ရန်သူပေါင်းများစွာကို အောင်နိုင်ပြီးတော့ ဗုဒ္ဓဆီမှာ တရားနာ တရားအားထုတ်တယ်။ အကုသိုလ်ကံတွေကို သောတာပတ္တိမဂ် ရအောင် အားထုတ်ပြီး တားဆီးတယ်။ သောတာပန် ဖြစ်ပြီးတော့မှ တိုင်းပြည်နဲ့ ဘုရင်ကြီးအတွက် မူလတာဝန်မှာ သစ္စာရှိစွာ ပြန်ပြီး ထမ်းဆောင်တာပါပဲ။
ကုသိုလ်၊ အကုသိုလ်ကို ဘာမှ မသိပဲ နေရာတကာမှာ လောဘ၊ ဒေါသ၊ မာနတွေ ရှေ့တန်းတင်ပြီး ဆုံးဖြတ်လုပ်ဆောင် နေမယ် ဆိုရင်တော့ အကုသိုလ် ဖြစ်ရမှာပါပဲ။ ဒီတော့ ဘယ်နေရာမဆို သိပြီးလုပ်တော့ သက်သာရာ ရသေးတာပေါ့။ မီးခဲကို မီးခဲမှန်းသိရင် ဘယ်သူကကိုင်မလဲ၊ ပူမှန်းမသိတော့ ကိုင်ကြတာပေါ့။ မရှောင်သာလို့ ကိုင်ရမယ်ဆိုရင်လဲ မီးခဲလို့ သိတဲ့ သူက အပူသက်သာအောင် လက်မှာ တခုခုခံပြီး ကိုင်မှာပေါ့။ ဒီသဘောအတိုင်းပဲ အကုသိုလ်မှန်း သိပေမယ့် လုပ်ရတော့မယ်ဆိုရင်တောင် သိထားတဲ့အတွက် စေတနာနည်းပြီး အကျိုးပေးနည်းပါမယ်။ ဒီတော့ ဘာသာတရားက မျှတမှု မရှိတာမဟုတ်ဘူး။ ဘာသာတရားကို မသိမှု (ပဋိစ္စသမုပ္ပါဒ် အရဆိုရင် အ၀ိဇ္ဇာပေါ့) ကြောင့် မျှတမှု မရှိဘူး ထင်ရနိုင်တဲ့ သဘောပါ။
အရင်ကတော့ ဖြေပေးခဲ့သလိုပဲ လုံးဝ သီလစင်ကြယ်ဖို့ ဆိုရင်တော့ တယောက်တည်းနေ တစိတ်တည်း ထားဆိုသလို တယောက်တည်းနေမှ ဖြစ်မှာပဲ။ နိုင်ငံတာဝန်နဲ့ မလုပ်တဲ့ သူတွေလဲ အကုသိုလ်နဲ့ လွတ်ကင်းတဲ့ အသက်မွေးမှုက အင်မတန်ရှားပါတယ်။ (သူငယ်ချင်း ကိုယ်တိုင်လဲ စဉ်းစားကြည့်ပါ)။
လူတွေအတွက် သီလကျိုးပေါက်ခြင်း အတွက် ဖြေလို့ပါတယ်။ ကိုယ့်မှာ အမဲကံတွေ (အကုသိုလ်) ရှိနေတယ်လို့ ယူဆရင် အဖြူကံတွေ (ကုသိုလ်) များများ ပြန်လုပ်ရမှာပေါ့။ အထင်ရှားဆုံးကတော့ အင်္ဂုလိမာလ ကိုယ်တော်ရှင်မြတ်လိုမျိုး ၀ိပဿနာနဲ့ အရဟတ္တမဂ်ရအောင် လုပ်နိုင်ရင် အကောင်းဆုံးဖြေဆေပေါ။ အင်္ဂါ မစုံပဲမွေးလာခြင်းလိုမျိုး၊ ဆွံ့၊ အ၊ နားမကြားခြင်းမျိုး ၀ိပါက၀ဋ် ကိုတော့ ပေးဆပ်ရဦးမှာပေါ့။ ၀ိပါက၀ဋ်က ဘုရား၊ ရဟန္တာလဲ ရှောင်လို့ မရဘူး။ ၀ိဘက်တော် (၁၂)ပါး၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင် သာရိပုတ္တရာတို့တော် ပြန်ခံကြရတာပဲ။
ဒါတွေကို သတိထားပြီး သာသနာတော်တည်တံ့ရေးအတွက် တိုက်ပွဲဝင် (သို့) တာဝန်ထမ်းဆောင်တယ် ဆိုတဲ့ စိတ်နဲ့ ပါဏာတိပါတ ကံရဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင်၊ အနည်းဆုံး တရားတစ်ဖက်၊ ဓါးတစ်လက် နဲ့ ဆိုတာမျိုး ဒေါသနည်းအောင် တာဝန်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


မရှင်းတာပါရင် ထပ်မေးပါ သူငယ်ချင်း။


စိတ်ချမ်းသာပါစေ..

အောင်ဦး