"အမေး အဖြေ(၁)"

ဒီနေရာမှာ နားမရှင်းတာလေး တစ်ခုကိုထပ်သိလိုပါတယ်။ တရားသူကြီးတစ်ယောက်ဟာ တရားခံ တစ်ယောက်ကို (သေဒဏ်ပေးနိုင်လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ချမှတ်လိုက်ပါပြီ။ ဒါဟာ ဘယ်လို အဓိပ္ပါယ် သက်ရောက်နိုင်ပါသလဲ။ သာမန်အမြင်မှာ နှစ်မျိုးဖြစ်နေလို့ပါ..။
(၁) (သေဒဏ်ချမှတ်သင့် လောက်သော) အပြစ်ရှိသောကြောင့် သေဒဏ်ဟု အမိန့်ချခြင်းသည် သေစေလိုသော စိတ်ပါနေတယ်လို့ ယူဆလို့ရပါတယ်။
(၂) နောက်တစ်မျိုးက တရားဥပဒေမှာ သာမန် သေဒဏ်နဲ့ မသေမချင်း သေဒဏ်နဲ့ နှစ်မျိုးရှိပါတယ်။ သာမန် သေဒဏ်အတွက် အကုသိုလ်မဖြစ်ဘူးဆိုရင်တောင် ဒုတိယအမျိုးအစားဖြစ်တဲ့ မသေမချင်း သေဒဏ်အတွက် ကျတော့ ဘယ်လိုဖြစ်နိုင်ပါသလဲ? သေစေချင်တဲ့ ဆန္ဒမရှိဘူးလို့ ဆိုသည့်တိုင် မသေမချင်းသတ်စေဆိုတဲ့ အမိန့်က သေစေချင်တဲ့ စိတ် (သို့မဟုတ်) စကားဖြစ်နေပါတယ်။
နောက်ဆုံးမရှင်းတာတစ်ခုက သူငယ်ချင်းအထက်က ရှင်းပြခဲ့တဲ့အတိုင်းဆိုရင်...။ အခုလိုတာဝန်မျိုးကို ထမ်းဆောင်နေရတဲ့ ၀န်ထမ်းအားလုံး (တပ်မတော်သား၊ ရဲ၊ တရားသူကြီး၊ ကြိုးသမား) အားလုံးဟာ ကိုယ့်ငရဲ (ငရဲမဟုတ်တောင် အနိမ့်ဆုံး အကုသိုလ်၊ ၀ဋ်ကို) ကိုယ့်ဘာသာ ယူနေသလိုဖြစ်နေပါတယ်..။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခုမှာ အထက်ပါ ၀န်ထမ်းများဟာ မရှိမဖြစ်ကို လိုအပ်တဲ့သူတွေဖြစ်ပါတယ်။ ရှိကိုလဲ ရှိနေရမှာ ဖြစ်ပါတယ်...။ ဒီလိုဆိုရင် ဒီသဘောတရား (သို့) ဘာသာရေး အဆုံးအမ တစ်ခုဟာ ထိုကဲ့သို့ သော ၀န်ထမ်းတွေအပေါ် (သို့) တာဝန်နှင့်အမိန့် အရ ထမ်းဆောင်ကြသူများအပေါ် တရားမျှတမှုရှိနိုင်ပါ တော့မလား?

ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ် သူငယ်ချင်းရေ...



ငါသိသလောက်လေး ဖြေပေးလိုက်တယ် သူငယ်ချင်း။ ဥပဒေ အကြောင်းတွေကို သေချာမသိတာ အမှန်ပါ။ တရားဆိုကတည်းက တကယ်ကို မျှတမှု၊ အေးချမ်းမှုရှိတဲ့ သဘောရှိပါတယ်။
အမိန့်ချပေးရတာတွေ၊ တာဝန်တွေ အရထမ်းဆောင်နေရတဲ့ သူတွေဟာ များသောအားဖြင့် ပုထုဇဉ် လူသားတွေပဲ ဖြစ်ပါတယ်။ ပုထုဇဉ် စိတ်ဆိုတာက အရိယာလို စိတ်ထားမျိုး မဖြစ်နိုင်ဘူး။ သူတပါးကို သေစေချင်တဲ့ စိတ်စေတနာ မပါဘူး ဆိုရင်တောင် အနုသယ ဆိုတဲ့ တကယ့်အတွင်း စိတ်လေးမှာတော့ စေတနာ မပါပဲ မဖြစ်နိုင်လောက်ဘူး။ ပုထုဇဉ် ဆိုတဲ့ အတွက် မိမိစိတ်ကို အပြီးတိုင် မနှိမ်နင်းနိုင်သေးတဲ့ သဘောပေါ့။ ( ပုထုဇဉ် ဆိုတာ… “ပုထု ကိလေသေ ဇနေတီတိ ပုထုဇနော” ကိလေသာများတဲ့သူကို ပုထုဇဉ်လို့ခေါ်တာပါ )။ ဒီတော့ ကာယကံ၊ ၀စီကံတွေ ထိန်းနိုင်တယ်ထားဦး။ အနုသယ စိတ်ကိုတော့ ထိန်းနိုင်ဖို့ဆိုတာ အင်မတန် ခက်မယ်။ အဲဒါကြောင့် သေစေလိုတဲ့ စိတ်စေတနာ လုံးဝ မပါပဲ အပြစ်ပေးဖို့ဆိုတာ ပုထုဇဉ် လူသားတယောက် အနေနဲ့ အင်မတန် ခဲယင်းမယ် ထင်ပါတယ်။
အရိယာတွေကျတော့ မဂ်စိတ်ကျပြီးရင် နောက်ဖြစ်တာတွေက ဖိုလ် စိတ်တွေဖြစ်တာကြောင့် အဲဒီမှာ ကုသိုလ်၊ အကုသိုလ် အကျိုးပေးတွေ မဖြစ်တော့ဘူး။ ဥပမာ၊..၊ ရဟန္တာတွေက တရားဟောလည်း ကုသိုလ် မဖြစ်တော့ဘူး။ ဒီနေရာမှာ ဥပမာလေးတွေ ပြောပြချင်တယ်။ ငါတို့ အားလုံးသိထားတဲ့ အဇာတသတ်ရဲ့ အဖေ သောတာပန် ဗိမ္ဗိသာရ မင်းကြီးဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကို အားကိုးအားထားပြုကြောင်း တွေ့ရပါတယ်။ ရာဇဂြိုလ်ပြည်ရဲ့ အစွန်အဖျားမှာ သူပုန်ထတဲ့အခါ သောတာပန် မင်းကြီးရဲ့ စစ်ထွက် မိန့်ခွန်းဟာ ဗုဒ္ဓဘာသာဝင် စစ်သားတိုင်း မှတ်သားထားသင့်တယ်။

ဂစ္ဆေထဘဏေ - ပစ္စန္တံ ဥစ္စိနထ = အမောင်တို့ သွားချေကြ၊ သူပုန်ထ၍ ပျက်စီးနေသော အစွန်အဖျားရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ။

စဉ်းစားကြည့်ပါ။ ဘယ်လောက်အပြစ်ကင်းတဲ့ စကား (စစ်ထွက်မိန့်ခွန်း)လဲ။ အဓိက လုပ်ရမှာက ဒါပဲ။ ဒါပေမယ့် မင်းကြီးရဲ့ စိတ်မှာရော၊ နှုတ်မှာပါ ဒေါသမပါဘဲ အပြစ်ကင်းနေတာကို အတုယူကြရမယ်။ သောတပန် ဆိုတာ ငါးပါးသီလကို အသက်နဲ့ လဲပြီး စောင့်ထိန်းနိုင်တဲ့ အထိ သဒ္ဓါတရားခိုင်မြဲပြီး ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီးသားပါ။
ဒီနေရာမှာ သူပုန်တွေကို သေစေလိုတဲ့ စိတ်နဲ့ ပြောတာမဟုတ်တော့ဘူး။ တိုင်းပြည်သာယာရေးကို စိတ်က ဦးတည်ထားတာ ဖြစ်တယ်။ ဒါ့ကြောင့် လူသတ်ဖို့ စေခိုင်းတယ်လို့ သတ်မှတ်လို့ မရသလို။ ရဲမတ်တွေက သတ်ရင်လဲ ဘုရင်မှာ အပြစ်မရှိတော့ဘူး။ နောက်ဆုံးတော့ ဘုရင် စစ်တပ်ရောက်လာတဲ့ အခါ ရန်သူတွေက အလိုလို ရှောင်ပြေးသွားတာပါပဲ။

ဝေသာလီက သီဟ စစ်သူကြီးဆိုရင်လည်း ရန်သူပေါင်းများစွာကို အောင်နိုင်ပြီးတော့ ဗုဒ္ဓဆီမှာ တရားနာ တရားအားထုတ်တယ်။ အကုသိုလ်ကံတွေကို သောတာပတ္တိမဂ် ရအောင် အားထုတ်ပြီး တားဆီးတယ်။ သောတာပန် ဖြစ်ပြီးတော့မှ တိုင်းပြည်နဲ့ ဘုရင်ကြီးအတွက် မူလတာဝန်မှာ သစ္စာရှိစွာ ပြန်ပြီး ထမ်းဆောင်တာပါပဲ။
ကုသိုလ်၊ အကုသိုလ်ကို ဘာမှ မသိပဲ နေရာတကာမှာ လောဘ၊ ဒေါသ၊ မာနတွေ ရှေ့တန်းတင်ပြီး ဆုံးဖြတ်လုပ်ဆောင် နေမယ် ဆိုရင်တော့ အကုသိုလ် ဖြစ်ရမှာပါပဲ။ ဒီတော့ ဘယ်နေရာမဆို သိပြီးလုပ်တော့ သက်သာရာ ရသေးတာပေါ့။ မီးခဲကို မီးခဲမှန်းသိရင် ဘယ်သူကကိုင်မလဲ၊ ပူမှန်းမသိတော့ ကိုင်ကြတာပေါ့။ မရှောင်သာလို့ ကိုင်ရမယ်ဆိုရင်လဲ မီးခဲလို့ သိတဲ့ သူက အပူသက်သာအောင် လက်မှာ တခုခုခံပြီး ကိုင်မှာပေါ့။ ဒီသဘောအတိုင်းပဲ အကုသိုလ်မှန်း သိပေမယ့် လုပ်ရတော့မယ်ဆိုရင်တောင် သိထားတဲ့အတွက် စေတနာနည်းပြီး အကျိုးပေးနည်းပါမယ်။ ဒီတော့ ဘာသာတရားက မျှတမှု မရှိတာမဟုတ်ဘူး။ ဘာသာတရားကို မသိမှု (ပဋိစ္စသမုပ္ပါဒ် အရဆိုရင် အ၀ိဇ္ဇာပေါ့) ကြောင့် မျှတမှု မရှိဘူး ထင်ရနိုင်တဲ့ သဘောပါ။
အရင်ကတော့ ဖြေပေးခဲ့သလိုပဲ လုံးဝ သီလစင်ကြယ်ဖို့ ဆိုရင်တော့ တယောက်တည်းနေ တစိတ်တည်း ထားဆိုသလို တယောက်တည်းနေမှ ဖြစ်မှာပဲ။ နိုင်ငံတာဝန်နဲ့ မလုပ်တဲ့ သူတွေလဲ အကုသိုလ်နဲ့ လွတ်ကင်းတဲ့ အသက်မွေးမှုက အင်မတန်ရှားပါတယ်။ (သူငယ်ချင်း ကိုယ်တိုင်လဲ စဉ်းစားကြည့်ပါ)။
လူတွေအတွက် သီလကျိုးပေါက်ခြင်း အတွက် ဖြေလို့ပါတယ်။ ကိုယ့်မှာ အမဲကံတွေ (အကုသိုလ်) ရှိနေတယ်လို့ ယူဆရင် အဖြူကံတွေ (ကုသိုလ်) များများ ပြန်လုပ်ရမှာပေါ့။ အထင်ရှားဆုံးကတော့ အင်္ဂုလိမာလ ကိုယ်တော်ရှင်မြတ်လိုမျိုး ၀ိပဿနာနဲ့ အရဟတ္တမဂ်ရအောင် လုပ်နိုင်ရင် အကောင်းဆုံးဖြေဆေပေါ။ အင်္ဂါ မစုံပဲမွေးလာခြင်းလိုမျိုး၊ ဆွံ့၊ အ၊ နားမကြားခြင်းမျိုး ၀ိပါက၀ဋ် ကိုတော့ ပေးဆပ်ရဦးမှာပေါ့။ ၀ိပါက၀ဋ်က ဘုရား၊ ရဟန္တာလဲ ရှောင်လို့ မရဘူး။ ၀ိဘက်တော် (၁၂)ပါး၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင် သာရိပုတ္တရာတို့တော် ပြန်ခံကြရတာပဲ။
ဒါတွေကို သတိထားပြီး သာသနာတော်တည်တံ့ရေးအတွက် တိုက်ပွဲဝင် (သို့) တာဝန်ထမ်းဆောင်တယ် ဆိုတဲ့ စိတ်နဲ့ ပါဏာတိပါတ ကံရဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင်၊ အနည်းဆုံး တရားတစ်ဖက်၊ ဓါးတစ်လက် နဲ့ ဆိုတာမျိုး ဒေါသနည်းအောင် တာဝန်ဆောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


မရှင်းတာပါရင် ထပ်မေးပါ သူငယ်ချင်း။


စိတ်ချမ်းသာပါစေ..

အောင်ဦး



7 comments:

flower.poem said...

ဗဟုသုတရစေတဲ့ အမေးအဖြေလေးပါ.

Welcome said...

ဒီကဏ္ဍလေးကောင်းမွန်ပါတယ်။
ဗဟုသုတအလို့ငှာ မှတ်သွားပါတယ်။

SOLDIER said...

လာရောက်ဖတ်ရှုပါတယ်ဗျာ...ကျွန်တော်လည်း ဗုဒ္ဓဘာသာနဲ့ ပတ်သတ်ပြီးတော့ ဒီက ဆရာ/မ တွေကို သင်ခန်းစာ ခဏတာနားတဲ့ အချိန်မှာ ပြောပြခြင်တယ်။ ရှင်းပြဖို့ရာက နည်းနည်းတော့ အခက်ခဲရှိတယ်...ပြောပြခြင်တာထက် ကိုယ်ကိုတိုင်က ကောင်းကောင်းမသိတာခတ်နေတယ်.:D. ဗုဒ္ဓ ရဲ့ ရဟန်းတော်တွေ ပတ်သတ်ပြီးပြောပြခြင်တာ...ဖြစ်နိုင်ရင် အခြားဘာသာတွေမှာ မရှိမမြင်နိုင် မတွေ့ဖူးတဲ့ ဗုဒ္ဓဘာသာရဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်လေးတွေကို ပြောပြခြင်တာ...ကျွန်တော်တို့ အရင်တုန်းက ကြားဖူးတဲ့ အရာလေးတစ်ခုပါ..ဟုတ်မဟုတ်တော့မသိဘူး...
နိုင်ငံခြားသားတွေ မြန်မာနိုင်ငံကိုလာတဲ့ အခါမှာ ကောင်းကင်မှာ ရဟန်းတော်တွေ ကိုတွေ့ရတဲ့ ဖြစ်စဉ်တွေ..မကြာသေးခင်ကလို့ ပြောတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တဲ့ မန္တလေးမှာလည်း အဲဒီလို မျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ပေါ်သို့ ရဟန်းတော် ပျံတတ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ...အဲဒါမျိုးတွေကို ပြောပြခြင်တာ...ဘာသာရေးကို ကြွားဝါခြင်လို့တော့မဟုတ်ပါဘူး...ဘာသာခြားလူမျိုး
တွေကို ဒီလိုထူးဆန်းဖြစ်ရပ်မျိုးတွေနဲ့ မိမိတို့ဗုဒ္ဓဘာသာမှာ အမှန်တကယ် ကျင့်ကြံအားထုတ်မယ်ဆိုရင် ဒီလိုမျိုးတွေ တကယ်လက်တွေ့ ဖြစ်နိုင်တယ်ဆိုတာတွေကို ပြောပြခြင်လို့ပါ...ဒီလိုထူးဆန်းဖြစ်စဉ်လေးတွေကို ဘုရားရှင် လက်ထက်ကမဟုတ်ပဲ မျက်မှောက်ခေတ်ကာလမှာပဲ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးတွေရှိရင် ပြောပြပေးပါ...သိခြင်လို့ပါ..ကျေးဇူးတင်ပါတယ်..

My Diary said...

မေးခွန်းတိုင်းမှာ အဖြေရှိပါတယ်ဆိုပေမယ့်
အဖြေကို မဖြေရဲတဲ့ တပည့်တွေအများကြီးရှိတယ်လေ

အိပ်မက်ဧကရီ said...

အင်မတန်လေးစားစရာ အရမ်းကောင်းတဲ့ အမေးအဖြေလေးပါ ..

ဖတ်သူမှာလဲ အင်မတန် အကျိုးတရား ရှိစေပါတယ်...g

:) :) မှတ်သားသွားပါတယ်...

Dream said...

အရမ်းကို တန်ဖိုှးရိတဲ့ အမေးအဖြေလေးပါ... အားလုံးကို မှတ်သားသွားပါတယ်... မသိသေးတဲ့ အ၇ာတွေပါ မှတ်သွားပါတယ်... ဖတ်သူကို အကျိုးပြုစေပါတယ်။..

ကျေးဇူးပါ...

Min Chit Thu said...

very good ပေါ့နော်