ပဋ္ဌာန်းဒေသနာတော်၊

အခါအားလျော်စွာ တရားနာကြားခြင်းသည်
ကောင်းမြတ်သော မင်္ဂလာတရားဖြစ်၏။

video

ပရိတ်ကြီး(၁၁)သုတ်၊

video

သိသင့်လို့ ဖြေပါတယ်၊

ဒါဆို သာမညဆရာတော်ကြီးကရော..... သိချင်လို့ပါ..ကိုအောင်ဦး ဖြေပေးပါ။
အမည်မသိ

ကျနော်ရေးလိုက်တဲ့ သက်သတ်လွတ်စားခြင်းဆိုရာဝယ် ပိုစ့်ကို ညီလေးဗီလိန်က ထပ်မံဖြန့်ဝေ အသိပေးလိုပြီး သူ့ဘလော့မှာ ကူးယူဖော်ပြတဲ့ အခါမှာ ထပ်ပြီးမေးလာတဲ့ အချက်လေးကို တွေ့ရပါတယ်။ သာမညတောင် ဆရာတော်ကြီးကရော… ဆိုတဲ့ မေးခြင်းပါ။ ဒီလိုမေးခွန်းမျိုး ထပ်ပြီးမေးလာနိုင်မယ်လို့ ကြိုတွေးမိခဲ့ပါတယ်။
ကျနော့်အနေနဲ့ မေးလာတဲ့ အချက်ကို ဖြေပေးတာထက် စာဖတ်သူတွေနဲ့ မေးတဲ့သူကိုယ်တိုင်ပဲ ဆရာတော် အရှင်ဆေကိန္ဒ ဖွင့်တဲ့ ပထမအကြိမ် သံဃာတရားစခန်းမှာ ဟောကြားတဲ့ တရားကို နာယူကြပါလို့ တိုက်တွန်းပါတယ်။ တိုက်ရိုက်နာလို့ မရခဲ့ရင် ကျနော်မေလ်းက တဆင့်ဆက်သွယ်ပြောပါ။ မေလ်းက ပို့ပေးပါမယ်။ တရားတော် ၂၃မိနစ်လောက်မှာ သာမညတောင် ဆရာတော်ကြီး သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ ဟောထားပါတယ်။




သာမညတောင် ဆရာတော်ကြီးဆီကို ဆရာတော်အရှင်ဆေကိန္ဒနဲ့ အခြားဆရာတော်တပါး ရောက်သွားတဲ့ အခါမှာ အခြားဆရာတော်က “တပည့်တော် မုတ္တမ ဘီလူးတစ်ရာ ကျောင်းကပါဘုရား၊ တပည့်တော်အဲဒီမှာ သာသနာ ပြုနေပါတယ် ဘုရား၊ တပည့်တော်အဲဒီမှာ ဆယ့်နှစ်လ တစ်နှစ်နေရင် ဆယ့်သုံးလလောက် ဖျားပါတယ် ဘုရား၊ တပည့်တော် ဘာအလုပ်မှ လုပ်လို့ မရပါဘူးဘုရား၊ အဲဒီတော့ တပည့်တော်က တခြားတနေရာကို ပြောင်းပြီး သာသနာပြောင်းပြုရ ကောင်းမလား၊ အဲဒီနေရာမှာပဲ သက်သတ်လွတ် စားပြီးပြုရကောင်းမလား ဘုရား” လို့ သာမညတောင် ဆရာတော်ကြီးကို လျောက်ပါတယ်။ အဲဒီတော့ သာမညတောင် ဆရာတော်ကြီးက “ကိုယ်တော်… ကျောင်းရှားသလား? မရှိရင်ကျောင်းပေးမယ်၊ သက်သတ်လွတ်ဆိုတာ ဒေ၀ဒတ်အယူ” လို့ မိန့်ပါတယ်။ “တပည့်တော်တောင် ဒီမှာနေလို့ သက်သတ်လွတ်စားတာ၊ အခြားဆိုရင် စားချင်မှ စားမှာလို့” မိန့်ပါသေးတယ်။ ဒီအချက်တွေနဲ့ပဲ သာမညတောင် ဆရာတော်ကြီးကို ကြည်ညိုခဲ့တယ်လို့ ဆရာတော်အရှင်ဆေကိန္ဒက ဆက်လက် ဟောထားပါတယ်။
ကျနော်တို့တွေ သတိပြုရမှာက သာမန်လူတွေ အနေနဲ့ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာအားဖြင့် သာလွန်မြင့်မြတ်လှတဲ့ ရဟန်း၊ သံဃာတွေရဲ့ အပြုအမူတွေမှာ ကောင်းဆိုး၊ မှားမှန်ဆိုတာကို သာမန် အသိ၊ အမြင်အားဖြင့် မဝေဖန်သင့်ဘူးလို့ ခံယူမိပါတယ်။ သေချာသိရှိ တွေ့မြင်မှ ပြောဆိုတာက ပိုပြီးသင့်မြတ်မယ်လို့ ခံယူပါတယ်။ မည်သို့ပင်ဆိုစေ တရားတွေနာယူတာ၊ သြ၀ါဒတွေခံယူရာမှာလည်း မိမိကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားခြင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ ပိဋကတ်တော်နဲ့အညီ ဟောကြားတဲ့ တရားတွေကို နာယူပြီးမှ လက်ခံကျင့်သုံးတာ သင့်တော်ပါလိမ့်မယ်။
သာမညတောင် ဆရာတော်ကြီးဆီကို ကျနော်တခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ တဘ၀သာသနာ ဗွီစီဒီကို ကြည့်တဲ့ အခါမှာ ဆရာတော်ကြီး ဟောကြားတဲ့ တရားတွေ၊ အလှူမှတ်တမ်းတွေ၊ ချက်ပြုတ်ကျွေးမွေးတာ တွေကို တွေ့မြင်ရပါတယ်။ အဲဒီဗွီစီဒီမှာ တနေ့ကို ဆန် တင်း(၁၀၀)ကျော် ချက်ပြီး ပတ်ဝန်ကျင်းက လူဦးရေ တစ်သောင်းကျော်နဲ့ ဘုရားဖူးတွေကို ထမင်းကျွေးတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တာကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ သက်သတ်လွတ် စားရတယ်ဆိုတာ အားလုံး သိမှာပါ။ ဆရာတော်ကြီးကိုယ်တိုင်လည်း သက်သတ်လွတ်စားပါတယ်။ ဘုရားဖူးတွေလည်း သက်သတ်လွတ် စားကြရတယ်။ ရောက်ဖူးတဲ့ သူတွေက ပိုသိမှာပါ။
ကျနော်တို့ စဉ်းစားကြည့်ရအောင်။ တနေ့ကို တင်း(၁၀၀) ကျော်ချက်ရတဲ့ ထမင်းတွေနဲ့ လိုက်ဖက်အောင် ဟင်းတွေချက်ပြုတ်ရတာ မလွယ်ကူတဲ့ ကိစ္စပဲ။ အသီးအရွက်တွေ ချက်ရတာတောင် အတော်ခက်ခဲတဲ့ အနေအထားပါ။ အဲလို အခြေအနေမှာ တကယ်လို့ အသားငါးစားခွင့်ပြုပြီး သားငါးပါ ကျွေးလိုက်မယ်ဆိုရင် အဲဒီနယ်တစ်ဝိုက်မှာရှိတဲ့ စားလို့ရတဲ့ သတ္တ၀ါတွေ တော်တော်ပြုန်းတီးရလိမ့်မယ်။ တနည်းအားဖြင့် ဒီလူတွေကို ကျွေးဖို့ သားငါး မှာယူရတဲ့ သူကလည်း သတ္တ၀ါတွေကို သတ်ဖို့ တိုက်ရိုက်မပြောဆိုပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောဆိုရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကုသိုလ်လည်း လုပ်ဖြစ်တယ်၊ အကုသိုလ်လည်း ဖြစ်ရတာတွေရှိပြီး အဖြူကံ၊ အမဲကံတွေ ရောသွားနိုင်တယ်။ ကိုယ်တိုင်သတ်ရတဲ့ သားသတ်သမားတွေလည်း အကုသိုလ်တွေ တော်တော်ကြီးသွားနိုင်မယ်။ ဒါတွေကို ဆရာတော်ကြီးက မြင်လို့ သက်သတ်လွတ်ချက်ကျွေးဖို့ မိန့်ကြားတာ ဖြစ်နိုင်ပါတယ်။ ဒါကို လူတွေက ချဲ့ပြီး “ငါတို့ သာမညကပြန်လာတာ၊ သက်သတ်လွတ် လှူခဲ့တယ်၊ ငါတို့ ကုသိုလ်တွေလုပ်လာတာ…” စသဖြင့် ပြောဆိုကြွားဝါတာနဲ့ပဲ နောက်လူတွေ အမှတ်မှား၊ အသိမှားတွေ ဖြစ်လာတဲ့ သဘောလို့ တွေးမိပါတယ်။ ဒါက ကျနော် အတွေးသက်သက်ပါ။
အထက်က ပုဂ္ဂိုလ်တွေနဲ့ စိတ်ကို အောက်ကလူတွေ မသိနိုင်ပါ။ ဥပမာ… သောတပန်ရဲ့စိတ်ကို ပုထုဇဉ်က မသိနိုင်ဘူး။ သကဒါဂါမ်ရဲ့ စိတ်ကို သောတပန်က မသိနိုင်ဘူး။ အနာဂါမ်ရဲ့ စိတ်ကို သကဒါဂါမ်က မသိနိုင်ဘူး။ ရဟန္တာရဲ့ စိတ်ကို အနာဂါမ်က မသိနိုင်ပါဘူး။ ဒါက ဓမ္မနိယာမ အရပါပဲ။ ကျနော်တို့လူတွေ အနေနဲ့ ကိုယ့်ထက် သိက္ခာသုံးရပ်အားဖြင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်သန္တာန်ကို ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး။ ဒါသည် သတိပြုစရာ အချက်ပါ။
ဒီလောက်ဆိုရင် မေးတဲ့ မေးခွန်းအပေါ်မှာ ကျေနပ်နှစ်သိမ့်နိုင်မယ်လို့ ထင်မိပါတယ်။

တရားနှင့်မွေ့လျော် တရားနှင့်ပျော်နိုင်ကြပါစေ…


သက်သတ်လွတ်စားခြင်း ဆိုရာဝယ်၊

သက်သက်လွတ် စားခြင်း ရဲ့အကျိုးသက်ရောက်မှုကို ရှင်းပြပေးပါရှင့်။ စားခြင်း၊ မစားခြင်း ရဲ့ကွာခြားမှုလေးကို သိပါရစေ။
မခင်မာလာအောင်

မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ လူအတော်တော်များများက သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ မရှင်းပဲ ဖြစ်တတ်ကြတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရေးတဲ့ သက်သတ်လွတ်နဲ့ ကုသိုလ်စိတ် စာအုပ်ကို ဖတ်ရတဲ့ သူတွေကတော့ ဒီအကြောင်းကို ရှင်းအောင်း သိကြမှာပါ။ စာအုပ်ကို ဒီနေရာက ကူးယူပြီး ဖတ်ကြည့်စေချင်ပါတယ်။
ဆရာတော်ရေးထားတဲ့ စာအုပ်ထဲက အကြောင်းအရာတွေကိုပဲ ကိုးကားပြီး ဖြေပေးလိုက်ပါတယ်။
ကျနော်တို့ ဘုရားရှင် ဘုရားဖြစ်ပြီးတဲ့ အချိန်မှာ ဒေ၀ဒတ်က ဘုရားရှင်ထံကို ဂရုကအာပတ် (ကြီးလေးသော အပြစ်) အဖြစ် ပညတ်တော်မူဖို့ လျှောက်ထားတဲ့ အချက်(၅) ချက်ရှိပါတယ်။
(၁) ရဟန်းတို့ အသက်ရှင်သမျှကာလပတ်လုံး အရညကင်ဓူတင်ကိုသာ ဆောင်ကြရန်၊ ရွာနီးကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၂) ရဟန်းတို့ ဆွမ်းခံ၍သာ အစဉ်သုံးဆောင်ပါစေ၊ ဒါယကာတို့ ပို့လာသော၊ ဖိတ်သော ဆွမ်းကိုစားက ဂရုကအာပတ်သင့်စေရန်။
(၃) ရဟန်းတို့ သုသာန် သင်္ချိုင်းကရသော ပံသုကူ သင်္ကန်းကိုသာ ၀တ်ဆင်ပါစေ၊ ဒါယကာတို့ လှူသော သင်္ကန်းကိုဝတ်က ဂရုကအာပတ်သင့်စေရန်။
(၄) ရဟန်းတို့ သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်၌သာ နေပါစေ၊ ဒါယကာတို့ လှူသော ကျောင်း၌နေက ဂရုကအာပတ်သင့်စေရန်။
(၅) ရဟန်းတို့ ငါး၊ အမဲကို မသုံးဆောင်ပဲ သက်သတ်လွတ်သာ စားပါစေ၊ ငါး အမဲစားက ဂရုက အာပတ်သင့်စေရန်။


ဒါတွေကိုကြည့်ခြင်းအားဖြင့် နံပါတ်(၅)မှာ သက်သတ်လွတ်စားခြင်း ဆိုတာ ဒေ၀ဒတ် လျှောက်ကြားခဲ့တဲ့ အချက်ဖြစ်ပါတယ်။ အခုလို အဆိုငါးချက်ကို တင်သွင်းပေမယ့် ဘုရားရှင်ကိုယ်တော်တိုင် ဗီတိုအာဏာထက် ပြင်းတဲ့ ဗုဒ္ဓအာဏာနဲ့ ပယ်ဖျက်ခဲ့တာပဲ။ ငါးချက်လုံးကို ဘုရားရှင်က မတားမြစ်ပဲ။ ခွင့်ပြုတော်မူခဲ့တယ်။
အခု ဗုဒ္ဓဘာသာဝင်ကြားတွေမှာ ကိုးန၀င်းဆိုတဲ့ ပုတီးစိပ်နည်းတွေက ခေတ်စားပါတယ်။ ဘယ်နေ့မှာ ဘယ်ဂုဏ်တော်၊ ဘယ်နခေါက်ဆိုတာတွေသည် ထေရ၀ါဒနဲ့တော့ မကိုက်ညီဘူးလို့ ပြောချင်ပါတယ်။ ပုတီးစိပ်တာကို မကောင်းဘူး ပြောခြင်းမဟုတ်ပါ။ ထေရ၀ါဒမှာ အခေါက်ရေ၊ အချိန်၊ ရက်တွေ ကန့်သတ်ချက်မရှိပါဘူး။ အဲဒီမှာလည်း သက်သတ်လွတ် စားရမယ့်ရက် သတ်မှတ်ထားတာ တွေ့ရတယ်။ ဒါတွေကို ကိုယ်တိုင်ပဲ တွေးပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ကြပါ။
မြတ်စွာဘုရားရှင်က ရတနာ(၃)ပါးကို ဆည်းကပ်ကိုးကွယ်သော လူဝတ်ကြောင် ဒကာ၊ ဒကာမတွေနဲ့၊ သာသနာ တွင်း ရဟန်းတွေကိုပါ သတ်သတ်လွတ်စားဖို့ လုံးဝ မိန့်ကြားတော်မမူခဲ့ပါဘူး။ သတ်သတ်လွတ်စားရုံနဲ့ ဘာကုသိုလ်မှ မရနိုင်လို့ပဲဖြစ်ပါတယ်။

ပါးစပ်ထဲကို သွင်းလိုက်တဲ့ အစားအစာကို ဟိုဟာပဲ၊ ဒီဟာပဲလို့ ရွေးချယ် သတ်မှတ်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားနိုင်ပါဘူး။ ဘာကိုပဲ စားစား နှလုံးသွင်း ဆင်ခြင်ပြီးစားရင် ကုသိုလ် ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင်လည်း အကုသိုလ်ပဲ ရပါမယ်။ အစာစားနေချိန်မှာ သတ္တ၀ါရဲ့ ကုသိုလ်၊ အကုသိုလ်ကို သူစားနေတဲ့ အစာက မပြဋ္ဌာန်းနိုင်ပါဘူး။ သူ့ သန္တာန်မှာ ဖြစ်နေတဲ့ စိတ်၊ နှလုံးသွင်းမှု၊ အတွေးတွေကပဲ ပြဋ္ဌာန်းပါတယ်။
ဒီတော့ အစားအစာ အမျိုးအစားက အဓိကမဟုတ်၊ စိတ်သာ အဓိကဖြစ်တဲ့ အတွက် ကုသိုလ်ဖြစ်နေဖို့ အစာကို မရွေးချယ်ဘဲ စိတ်ကို ပြုပြင်ဖို့သာလိုပါတယ်။ ဒါကြောင့် သတ်သတ်လွတ်အစာကို ပါးစပ်ထဲ ထည့်ရုံနဲ့ ကုသိုလ်မရသလို၊ အသား၊ ငါးကို ထဲ့လို့လည်း အကုသိုလ်မဖြစ်ပါဘူး။
သတ်သတ်လွတ်စားရင်း လောဘ၊ ဒေါသဖြစ်စရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာတွေ ပြောဆိုကြံစည် နေမယ်ဆိုရင် အကုသိုလ်ပဲ ဖြစ်ပါမယ်။ အသား၊ ငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာတစ်ခုခုကို နှလုံးသွင်းပွားများနေမယ်၊ ကုသိုလ်စိတ်ဖြစ်စေမယ်၊ တဏှာကင်းစွာ သင့်တင့်အောင်စားနေတာ ဖြစ်မယ်ဆိုရင် ကုသိုလ်ပဲဖြစ်ပါမယ်။
အတွေးကြောင့် ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်၊ အစားကြောင့် ရလာမဲ့ ကုသိုလ်၊ အကုသိုလ်က သက်သက်ရယ်လို့ မရှိပါဘူး။ သက်သက်လွတ်စားရုံနဲ့ ကုသိုလ်တွေရနေမယ်ဆိုရင် နို့စို့ကလေးတွေ အမေနို့စို့နေချိန်၊ ကောင်မလေးတွေ သရက်ပေါင်း၊ ဇီးထုပ်၊ နေကြာစေ့ စားနေချိန်၊ အရက်သမားတွေ ဘီယာသမားတွေ အရက်ဘီယာကို အာလူးကြော်၊ မြေပဲလှော်နဲ့ မြည်းနေချိန်တွေမှာ သူတို့ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ ဘီယာ၊ အရက်ကလည်း သတ်သတ်လွတ်ပဲလေ။
ပွင့်တော်မူပြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ အားလုံးဟာ အသား၊ ငါးရော၊ အသီးအရွက်ရော၊ ကြုံရာကို တဏှာကင်းစွာ စားရင်းကျင့်ကြံ အားထုတ်ခဲ့ကြပါတယ်။ သတ်သတ်လွတ်စားတဲ့ ဘုရားရှင်ရယ်လို့ မရှိခဲ့ပါဘူး။
ကိုယ့် အတွက် သီးသန့်ရည်စူးပြီး သတ်တာကို မြင်ရင်၊ ကြားရင်၊ ယုံမှားသံသယရှိရင် လူဝတ်ကြောင်တွေ အနေနဲ့ မစားသင့်တော့ပါ။ ရဟန်းတော်တွေကတော့ လူ၊ ဆင်၊ မြင်း၊ ခွေး၊ မြွေ၊ ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ၀က်ဝံ၊ အောင်း သား (တွင်းအောင်းသား) ဆိုတဲ့ အသားကြီး (၁၀) မျိုးကို ရှောင်ရပါမယ်။ ဘာလို့ရှောင်ခိုင်းရတာလဲ၊ စားရင် အာပတ်သင့်စေလို့ ဘာလို့ မိန့်ကြားရတာလဲဆိုတာကို “သက်သတ်လွတ်နဲ့ ကုသိုလ်စိတ်” စာအုပ်ရဲ့ စာမျက်နှာ ၃၁မှာ ဖတ်ကြည့်ပါ။
ကျန်တာကတော့ ကိုယ့်ကျန်းမာရေးနဲ့ အစဉ်ပြေရင် အကုန်စားနိုင်ပါတယ်။ ကိုယ့်ရဲကျန်းမာရေးနဲ့ မတည့်လို့ ရှောင်တာကလွဲရင် အကုသိုလ်ဖြစ်မှာ ကြောက်လို့၊ ကုသိုလ်လိုချင်လို့ ဆိုပြီး ရှောင်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ ကောင်းကျိုးတွေ မရမှာဆိုးလို့၊ တစ်အိမ်လုံး ဘာအသား မစားရဆိုတာမျိုးတွေ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်လို့ ရှောင်ရတာတွေဟာ ထေရ၀ါဒ မဟုတ်ပါဘူး။ ဘုရားဟောကို ပြုပြင်စီ ရင်ရာရောက်ပါတယ်။ ကိုယ့်ဟာကို မ၀ယ်နိုင်လို့၊ ရွံလို့၊ အညှီနံ့ မခံနိုင်လို့ မစားရာကနေ ဒါဟာမှ ကုသိုလ် အလုပ် လို့ ပြောလာရင်လည်း ထေရ၀ါဒ မဟုတ်တော့ဘူး … ဆိုတာ သိထားရပါမယ်။ ဘာမှ ထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။ သက်သတ်လွတ်စားလို့ အကျိုး သက်ရောက်မှုကတော့ ကုသိုလ်၊ အကုသိုလ်နဲ့ ပတ်သတ်လို့ ဘာမှ မရှိပါ။ လောကီနေထိုင်ရာမှာ အသားငါးဖိုး အကုန်သက်သာတာရယ်၊ အဆီတွေ မစားတာဖြစ်လို့ ကျန်းမာရေး အတွက် တဖက်တလမ်းက အကျိုးပြုနိုင်ပါလိမ့်မယ်။ မရှင်းတဲ့ အချက်တွေပါခဲ့ရင် ထပ်မေးပါခင်ဗျာ။

ချမ်းသာသုခပြည့်ဝနိုင်ပါစေ…


“သိရှိလိုက်နာ လူများစွာ”

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီဆိုတဲ့ စကားကိုကြားသောအခါမှာ ကိလေသာ မကင်းသေးတဲ့ ရဟန်းတို့က လူးလိမ့်ငိုကြွေးကြတယ်။ ကိလေသာကင်းပြီးသော ရဟန်းတို့က “သင်္ခါရတရား တို့သည် အမြဲ မရှိကုန်၊ ဤသင်္ခါရ တရား၌ မြဲခြင်းသဘောကိုဘယ်မှာ ပြုအံနည်း” ဟု စိတ်ကို ဖြေပြီး ဓမ္မသံဝေဂ ယူကြပါတယ်။ အဲဒီအခါမှာ သုဘဒ္ဒဆိုတဲ့ တောထွက်ရဟန်းကြီးက “ငါ့ရှင်တို့၊ မငိုကြကုန်လင့်။ အငိုတိတ်ကြကုန်လော့။ ယခု အခါ ငါတို့သည် ရဟန်းကြီးဂေါတမ၏ လက်အောက်မှကောင်းစွာ လွတ်မြောက်ကြပေပြီ။ ရဟန်းကြီး ဂေါတမသည် ငါတို့ကို အရာရာချုပ်ခြယ်ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာကို ပြုကြကုန်အံ့။ မပြုလုပ် အပ်သည်ကို မပြုဘဲ နေကြကုန်အံ” ဟုဆိုပါတယ်။ တောထွက်ရဟန်းကြီး သုဘဒ္ဒရဲ့ စကားတွေကို အရှင် မဟာကဿဖ ကြားရတဲ့ အချိန်မှာ များစွာအံသြတုန်လှုပ်တော်မူမိပါတယ်။
“သြော်… ပြောမှပြောရက် ပါလေ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ ခုနှစ်ရက်မျှသာရှိသေး၏။ မြတ်စွာဘုရားသခင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့ရသော သာသနာဖြစ်ပါလျှက် သာသနာ့ ရန်ဆူး ရန်ညှောင့် ပေါ်ပေါက်လာပုံမှာ မြန်ဆန်လှခြေ၏ တကား။ သာသနာ့ အလှေးအမွှား သာသနာ့ အမှိုက် သရိုက်တို့သည် အလွန်လျှင်မြန်စွာ ပေါ်ပေါက်လာချေဘိ၏။ ဤရဟန်းယုတ်သည် ကာလရှည် ကြာ၍ သဘော တူရာအဖော်အပေါင်းကို ရခဲ့သော် ဗုဒ္ဓသာသနာတော်ကို ဆုတ်ယုတ်နိုင်စေရာ၏” ဟုလည်း ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။


အဲဒီနောက် အရှင်မဟာကဿဖ မထေရ်က ဤသို့အကြံဖြစ်တော်မူပါတယ်။
“အကယ်၍ ငါသည် ဤတောထွက်ရဟန်းကြီးကို သင်္ကန်းချွတ်၊ ပိတ်ဖြူပတ်ကာ လူဝတ်လဲစေ၍ သာသနာ့ဘောင်မှနှင်ထုတ်ငြားအံ၊ ဂေါတမဘုရား၏ အလောင်းတော်ပင် မီးသင်္ဂြိုဟ်မူ မပြုရသေးပါဘဲလျှက် ဂေါတမဘုရား၏ တပည့်များသည် ငြင်းခုံခိုက်ရန်ဖြစ်နေကြကုန်ပြီဟု လူအများကဲ့ရဲ့စရာ ဖြစ်ချိမ့်မည်။ အခိုက်အတန်းအားဖြင့် ဆိုင်းငံထားဦးအံ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားဒေသနာတော်တို့သည် မသီကုံး ရသေးသော ပန်းပုံကြီးသဖွယ်ဖြစ်နေသေး၏။ အရပ်လေးမျက်နှာမှ လေတိုက်ခတ်လာပါမူ ပန်းပွင်များ ဖရိုဖရဲပြန့်ကြဲလွင့်ပါ ပျောက်ပျက်ကုန်လေရာ၏။ ထို့နည်းတူ အချိန်ကာလ ကြာညောင်းသောအခါ ၀ိနည်း သိက္ခာပုဒ်များမှ သိက္ခာပုဒ်တခုချင်း၊ နှစ်ခုချင်း ပျောက်လေရာ၏။ သုတ္တန်တရား၊ အဘိဓမ္မာတရားတို့သည်လည်း တဖြေးဖြေး ပျောက်လေရာ၏။ ထိုအခါ ဗုဒ္ဓသာသနာကွယ်ပသည် မည်၏။ ဤသို့သာသနာမကွယ်ပစေရန် ဓမ္မနှင့် ၀ိနယကို သင်္ဂါယနာတင်အံ။ ထိုသို့ သင်္ဂါယနာ တင်ပြီးသောအခါ၌မူ ဓမ္မနှင့်ဝိနယ တို့သည် ခိုင်ခံသော ကြိုးဖြင့် သီကုံးထားသော ပန်းပွင့်တို့ကဲသို့ ခိုင်မြဲလတ္တံ့။ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ ခိုင်ခံတည်မြဲစေရန် သင်္ဂါယနာတင်ခြင်းအမူ့ကို မလွဲမသွေပြုရပေမည်”။ အဲဒီနောက် အရှင်မဟာကဿပ ဦးဆောင်ပြီး ပထမဆုံး အကြိမ်သင်္ဂါယနာတင်ပွဲကို ရာဇဂြိုလ်ပြည်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါသည် ၀ိနည်းတော်ကို ထိခိုက်သော စကားတွေ ပြောကြားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။
ဘုရားရှင်သတ်မှတ်ခဲ့သော ၀ိနည်းတော်ဆိုသည်မှာ လူမှု့ဘောင်အရကြည့်ရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေလို့ ဆိုလိုနိုင်ပါတယ်။ စည်ကမ်းသည် လူ၏တန်ဖိုး ဆိုသလို ၀ိနည်းသည်လည်းပဲ သာသနာ၏ အသက်ပင် ဖြစ်ပါတယ်။ ၀ိနည်းတော်ကို ဖောက်ဖျက်ရင် ရဟန်းများ အပြစ်ဖြစ်ရပါတယ်။ တချို့နေရာတွေမှာ လူတွေရဲ့ မသိတတ်မှုကြောင့် ရဟန်းမှာ အပြစ်ဖြစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေကိုယ်တိုင် ၀ိနည်း တော်ကိုသိပြီး ကိုးကွယ်ဆည်းကပ်တတ်မှသာ သင့်တော်ပါလိမ့်မယ်။ ဒါ့ကြောင့် ၀ိနည်းကို လူတွေလည်း သိ သင့်ပါတယ်။ အဘိဓမ္မာသင်တန်းတွေကို တတ်ပြီး အဘိဓမ္မာကို သိရှိနှံ့စပ်တဲ့ လူတွေရှိပါတယ်။ အဘိဓမ္မာ တရားသည် ပိဋကတ်သုံးပုံမှာ သာမန်လူတွေ နားလည်ဖို့ခက်တဲ့ တရားတော်ပါ။ အင်မတန် လေးနက်ပါတယ်။ ဒါပေမယ့် ၀ိနည်းကိုတော့ မကျော်နိုင်ပါ။ ၀ိနည်းကို စွန့်ပြီး အဘိဓမ္မာပဲ သင်မယ်ဆိုလို့ မရပါဘူး။ ဒါ့အပြင် သုတ္တန် တရားတွေကိုလည်း သိဖို့လိုပါတယ်။ တရားရဖို့ အတွက် ဘုရားရှင်သည် တရားတွေကို နည်းလမ်းမျိုးစုံ နဲ့ဟောကြားတော်မူခဲ့တာပါ။ ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်ရင် ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင် ရပါတယ်။ ဓမ္မခန္ဓာဆိုတာက တရားအစုလေး တခုပါ။ ဓမ္မခန္ဓာ တခုစီသည် သစ္စာထိုက်ပါတယ်။ အဲဒီ ဓမ္မခန္ဓာ တခုသည်ပင် နိဗ္ဗာန်ရောက်အောင်ထိ ပို့ဆောင်နိုင်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ အတွက် မိမိတို့နဲ့ သင့်တော်တဲ့ တရားနည်း တခုကို သိရှိကျင့်ကြံတာနဲ့ လုံလောက်ပါတယ်။ ဥပမာ… ပရိတ်ကြီး (၁၁)သုတ်ကို ရွတ်ဖတ်ပူဇော်ရင် ကုသိုလ်ရခြင်း၊ အန္တရာယ်ကင်းခြင်း စတဲ့ အကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါသည် သာမာန် ရွတ်တဲ့ အဆင့်ပါ။ ပရိတ်တော်ထဲကပါတဲ့ တရားနည်းတွေအတိုင်း လိုက်နာ ကျင့်ကြံရင် နိဗ္ဗာန်ရောက်အောင်ပင် ကျေးဇူး ပြုနိုင်ပါတယ်။ ဒီအတွက်ကြောင့် အချိန်ရတာနဲ့ တရားနာကြဖို့ အကြံပြုပါတယ်။ အချိန်မရဘူး၊ အလုပ်တွေရှုပ်တာလို့ နှလုံးသွင်းတော့မယ်ဆိုရင် တဆက်တည်းမှာပဲ “အားလို့ သေသွားတဲ့ မသာ မရှိသေး ပါ့လား” ဆိုတာ သတိသံဝေဂရပြီး တနေ့ကို အနည်းဆုံး တရား ၁ပုဒ်တော့ နာကြားကြပါ။ တရားနာနေတဲ့ အချိန်မှာပဲ ကုသိုလ် စိတ်ဖြစ်နေပါပြီ။ တရားအားထုတ်တယ်ဆိုတာ ကိလေသာတွေ နည်းပါးကုန်ဆုံးဖို့ ကျင့်ကြံခြင်းလို့ ဆိုနိုင်ပါတယ်။ နှလုံးသွင်းမှန်စွာနဲ့ တရားနာနေတဲ့ အချိန်မှာ ကုသိုလ်စိတ်ဖြစ်နေတာကြောင့် ကိလေသာ မဖြစ်ပါ။ ကိလေသာ နည်းပါးနေတဲ့ အလုပ်ဖြစ်တာကြောင့် တရားနာတာသည်ပင် တရားအား ထုတ်နေတာပါပဲ။ ဒီအချက်ကို သိစေချင်ပါတယ်။ တချို့က တရား ၁နာရီ နာဖို့ထက် ဗီဒီယိုဇာတ်ကား တစ်ကားကို ကြည့်ချင်ကြပါတယ်။ ကောင်းမှု အလုပ်ဆိုတာ မလုပ်ချင်လည်း လုပ်ရမယ်။ စိတ်မပါလည်း လုပ်နေသင့်တယ်။ ၀ိရိယထားပြီး ပြုလုပ်ရင်းမှ ကောင်းမှုနဲ့ မွေ့လျော်ပျော်လာတတ်တဲ့ သဘောရှိပါတယ်။ အစတော့ ၀ိရိယထားပြီး တရားနာရမှာပေါ့။ နောက်ဆိုရင် အကျင့်ဖြစ်လာပြီး တရားပဲ နာချင်တဲ့ စိတ်မျိုး ဖြစ်လာပါလိမ့်မယ်။ တရားတွေနာရင်းနဲ့မှ သိလာတဲ့ အသိအတိုင်း နေ့စဉ် နေထိုင်စဉ်မှာ ကျင့်ကြံသွားရင် ဘ၀မှာနေ တတ်လာပါတယ်။
မိမိတို့်က တရားတော်တွေကို နာကြား ကျင့်ကြံခြင်း မပြုလုပ်ရင် သာသနာတော်ရဲ့ အနှစ်သာရကို သိရှိခံစားနိုင်မှာ မဟုတ်ပါဘူး။ ထို့အတူ မိမိတို့ နှလုံးသားမှာလည်း ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာမြတ် သုံးပါးကို ပစ်ပယ်ထားရာ ရောက်နေတတ်ပါတယ်။ သတိ သံဝေဂရကြပါစေ။
ဘုရားရှင်လက်ထက်က ကောသမ္ဗီမြို့မှာ ဓမ္မကထိကရဟန်းနဲ့ စာချရဟန်း၊ ရဟန်း နှစ်ပါး အာပတ်သင့်ရာက အငြင်းပွါးကြပြီး တပည့်တွေပါ ပါလာပြီးနောက် ဘုရားရှင်ကိုယ်တော်တိုင် တားမြစ်လို့မရတာကြောင့် ပါလိလေယျက တောကိုကြွပြီး ၀ါကပ်တော်မူရပါတယ်။ ၀ါကျွတ်မှ သာဝတ္ထိပြည်ကို ကြွပါတယ်။ အဲဒီအချိန်မှာ ကောသမ္ဗွီပြည် သားတွေက … ရဟန်းတွေ နှောက်ယှက်လို့ ဘုရားရှင် အရပ်တစ်ပါးကို ပြောင်းသွားရတယ်၊ ကျွန်ုပ်တို့ ဘုရားကို မဖူးတွေ့ရအောင် ဒီကိုယ်တော်တွေ ပြုလုပ်တယ်လို့ ဆိုကာ ဆွမ်းလောင်းခြင်း၊ အရိုအသေပေးခြင်း မပြုလုပ် တော့ဘူး။ ဒီတော့ ရဟန်းတွေ ဆွမ်းအခက်အခဲဖြစ်ရတယ်။ ထို့အတွက်ကြောင့် ဘုရားရှိတဲ့ သာဝတ္ထိကို သွားကြလေတယ်။ အဲဒီအချိန်ကျမှ အာပတ်သင့်တဲ့ ရဟန်းလည်း အာပတ်သင့်တာ အမှန်ဖြစ်ကြောင်း ၀န်ခံပြီး သံဃာတွေညီညွတ်စွာနဲ့ ဗုဒ္ဓထံမှာ အဖူးမြော်ဝင်ကြပါတယ်။
ထိုဝတ္ထုမှာ ဂိုဏ်းကွဲနေသော သံဃာတွေကို ဘုရားရှင်ကိုယ်တိုင် ဆုံးမလို့ မရပေမယ့် လူအများက ညီညွတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၀ိနည်းသိက္ခာပုဒ်ရဲ့ ချွင်းချက် အချို့ကိုလည်း လူဒကာများက နားလည်ဖို့ လိုပါတယ်။ ထိုနည်းတူ ယခုအချိန်မှာလည်း လူတွေဘက်က သိရှိလိုက်နာဖို့ များစွာလိုအပ်ပါတယ်။ ဘုန်းကြီးတွေ့ရင် သာသနာနဲ့ မသက်ဆိုင်တဲ့ လျှောက်ထားမှုတွေ (ဂဏန်းတောင်းခြင်း၊ ဗေဒင်မေးခြင်း စသဖြင့်) မလုပ်သင့်ပါ။
မိမိတို့ကိုယ်တိုင် တရားနာ၊ တရားအားထုတ်တဲ့ အလုပ်တွေ လုပ်နေကြသလို ၀ိနည်းသိက္ခာပုဒ် တွေကို လေ့လာပြီး ၀ိနည်းတော်အတိုင်း ဒကာတွေဘက်က ကိုးကွယ်ဆည်းကပ် သင့်တယ်လို့ ထင်မိပါတယ်။ ဒါမှမှသာ ဆရာနှင့်ဒကာ နှစ်ဦးလုံး အကျိုးကျေးဇူး ကြီးမားပါလိမ့်မယ်။

တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

ဆရာတော်ဦးလောကနာထ ပေးပို့သော ၀ိနည်းအကျဉ်း (၂၂၇သွယ်) ကို ကူးယူနိုင်ပါတယ်။ သင်္ကြန်ရက်မှာ ရဟန်းဝတ်လိုသူများလည်း ယခုအချိန်မှာ ဖတ်ထားသင့်ပါတယ်။

ကျမ်းကိုး။ ။အနာဂတ်သာသနာရေး (အရှင်ဇနကာဘိဝံသ)

“ဒါယကာများ သိမှတ်ဖွယ်ရာ သံဃာတော်နှင့် ရွှေငွေ”

သာသနာတော်၏ အသက်
“၀ိနယော နာမ သာသနဿ အာယု = ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေးထေရ်ရှင်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှအရေး ကြီး လှသည်ကို နားလည် သဘောပေါက်ကြရပေသည်။ ရဟန်းတော်များသည် ရွှေငွေကို မည်သည့်နည်းနှင့်မျှ အလှူမခံကောင်းပေ။ သို့သော်လည်း ရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကိုမူကာ ခံယူခွင့်၊ သာယာခွင့်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့သည်။

ဘုရားရှင် လက်ထက်တော်က ၀တ္ထုသာဓက
မဏိစူဠက မည်သော လူကြီးလူကောင်းတစ်ဦးက ဘုရားရှင်အား "ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း" ဟု အစည်းအဝေး တစ်ခု၌ မိမိ၏ ပြောဆိုခဲ့မှု မှန်၊ မမှန် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်က "ဂါမဏိ… သင်ပြောသော စကားသည် မှန်၏။ ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း၊ ရွှေငွေသည် အပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်။ ထိုရွှေငွေခံယူသူကို သမဏဓမ္မ (ရဟန်းတရား) ရှိသူမဟုတ်။ သကျပုတ္တိယဓမ္မ ရှိသူမဟုတ်ဟု စင်စစ် မှတ်လေလော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျောင်းအမိုး မလုံခြင်း စသော အကြောင်းကြောင့် မြက်၊ သက်ကယ် စသည် အလိုရှိသော် သင်္ကန်းရုံကာ မြို့ရွာတွင်းသို့ ၀င်၍ ဆွမ်းခံရပ် သကဲ့သို့ ရပ်ရမည်။ ထိုအခါ ဒါယကာတို့က သိနားလည်၍ မည်သည့် အရာကို အလိုရှိပါသနည်း ဘုရားဟု မေးလျှောက်လာလျှင်မူကား မြက်၊ သက်ကယ်စသည် မိမိအလိုရှိရာ ပြောကောင်းသည်။ ရွှေငွေကိုကား မည်သည့်နည်းပရိယာယ်နှင့်မျှ ခံယူခွင့် မပြုနိုင်ကြောင်း ဘုရားရှင် မိန့်တော်မူလေသည်။ (ဂါမဏိသံယုတ် ပါဠိတော်၊ ၅၀၉-၅၁၀)။


(ထိုသို့ရပ်စဉ် ဒကာ၊ ဒကာမများက တစ်စုံတစ်ရာ မမေးလျှောက်ပါက ရဟန်းတော်ဘက်က စတင်၍ မည်သည့် အရာကိုမျှ (ဂိလာနပုဂ္ဂိုလ်ဖြစ်က ရောဂါနှင့် သင့်မြတ်သော ဆေးမှ အပ) အလှူမခံကောင်းပေ။ နောက်တစ်အိမ်သို့ ဆက်ကြွ၍ ရပ်ရမည်)။

အလှူမခံ ပယ်လှန်ရမည်
ထို့ကြောင့် ဒါယကာများက မသိနားမလည်၍ ရွှေငွေကို လှူလာခဲ့သော် ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ငြင်းပယ်ရမည်မှာ ရဟန်းတော်တိုင်း၏ တာဝန်ပင်ဖြစ်တော့သည်။ ထို့ထက်ပို၍ လုံခြုံရာ အရပ်ကို ညွှန်ပြခွင့် မရှိ၊ ကပ္ပိယကိုလည်း မညွှန်ကောင်း၊ ကပ္ပိယကိုလည်း မခံယူစေကောင်းပေ။ (လာလှူစဉ် ထိုရွှေငွေကို စိတ်က မသာယာသော်လည်း ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် မပယ်မိပါက ဒုက္ကဋ်အာပတ်မှ မလွတ်ပေ)။

မအပ်စပ်သော လျှောက်ထားနည်းများ
အပ်စပ်ပစ္စည်း (၁၀၀၀)လှူလိုပါသည်။ ငွေ(၁၀၀၀)လှူလိုပါသည်။ ၀တ္ထု(၁၀၀၀)လှူလိုပါသည်။ န၀ကမ္မ လှူလိုပါသည်။ စသော လျှောက်ထားမှုမျိုးများသည် မအပ်စပ်သော လျှောက်ထားနည်းများ ဖြစ်၏။ (အပ်စပ်ပစ္စည်း စသောဝေါဟာရ ပါသော်လည်း “…တန်” ဟူသော ဝေါဟာရ မပါသောကြောင့် ငွေကိုတိုက်ရိုက် ရည်ညွှန်းသည့် အဓိပ္ပာယ်ပင် ဖြစ်နေသောကြောင့်တည်း)။

အပ်စပ်သော လျှောက်ထားနည်းများ
ဒါယကာကိုယ်တိုင်က “အရှင်ဘုရား … တပည့်တော်ထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အရှင်ဘုရား အလိုရှိသော အခါ အလှူခံတော်မူပါ”။ သို့မဟုတ် “အရှင်ဘုရား၏ ကပ္ပိယထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အပ်နှံထားပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကို အလှူခံတော်မူပါ” ဟု လျှောက်ထားလာပါက ဒါယကာလျှောက်ထားသော တန်ဖိုးအထိ အလှူခံကောင်း၊ တောင်းကောင်း၏။ လျှောက်ထားသော တန်ဖိုးထက်ကား ပို၍ မတောင်းကောင်းပေ။
“ဤရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းများကို လှူလိုပါသည်၊ သို့မဟုတ် န၀ကမ္မ အလို့ငှာ လှူလိုပါသည်၊ ကပ္ပိယကို ညွှန်ပြတော်မူပါ။ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြတော်မူပါ” ဟု လျှောက်ထားလာလျှင်လည်း ကပ္ပိယကို ညွှန်ပြနိုင်သည်၊ လုံခြုံရာအရပ်ကိုလည်း ညွှန်ပြနိုင်သည်။ ထိုသို့ ညွှန်ပြရာ၌လည်း “မည်သူကား ကပ္ပိယ ဖြစ်၏”၊ “မည်သည့်နေရာ၌ လုံခြုံ၏” ဟုသာ ပြောကောင်း၏။ “မည်သူ့ကို ပေးလိုက်၊ မည်သူ့ကို အပ်ထားလိုက်”၊ “မည်သည့်နေရာ၌ သိမ်းထားလိုက်” ဟုကား မပြောကောင်းပေ။
ဒါယကာက “တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်တော်မူပါ” ဟု လျှောက်ထား လာပါက ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်ရုံသာ မှတ်ရမည်။ အလှူမခံကောင်း၊ မတောင်းကောင်းပေ။
“တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာအဖြစ် မှတ်တော်မူပါ၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကိုလည်း အလှူခံတော်မူပါ” ဟု လျှောက်ထားလာမှသာလျှင် အလှူခံကောင်း၊ တောင်းကောင်း၏။

သတိဆောင်သင့်
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ဓမ္မ၀ိနယနှင့်အညီ ချီးမြှောက်ထောက်ပံ့ခွင့်ကို အလိုရှိကြကုန်သော သူတော်ကောင်းတို့သည် ရွှေငွေနှင့် ပတ်သတ်၍ လျှောက်ထားတတ်အောင် လေ့လာသင့်ကြပေသည်။ မအပ်သော ဝေါဟာရ အသုံးအနှုံးတို့ဖြင့် လျှောက်ထား လှူဒါန်းမိခဲ့သော် ထိုရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကို အပ်သည်ထင်၍ သုံးစွဲမိသော ထိုရဟန်းမှာ သုံးစွဲတိုင်း အာပတ်သင့်ရ၏။ ထိုအာပတ်နှင့်တကွ စုတေခဲ့သော် အပါယ်လေးပါးသို့ လားရောက်ရနိုင်ပေသည်။ (သာရတ္ထ၊ ၃၊ ၃၇၉)။
ထို့ကြောင့် ဒါယကာများ အနေဖြင့် ရွှေငွေနှင့် ပတ်သက်လာပါက သတိဆောင်၍ အပ်အပ်စပ်စပ်ဖြစ်အောင် လျှောက်ထား လှူဒါန်းကြခြင်းသည် ရဟန်းတော်များကို အာပတ်မသင့်အောင် စောင့်ရှောက်ပြီး ဖြစ်ရုံသာမက မိမိတို့ အတွက်လည်း ပစ္စုပ္ပန်သံသရာ နှစ်ဖြာ အကျိုးများကြောင်း ဖြစ်ပေတော့သည်။
(ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ)

ယနေ့အချိန်အခါမှာ ၀တ္ထုငွေ လှူဒါန်းမှုနဲ့ ပတ်သတ်လို့ လူတွေဘက်က များစွာမှားယွင်းနေတာ တွေ့ရပါတယ်။ ထို့အတွက်ကြောင့် ဆရာတော်ဦးဥက္ကံသ (စင်္ကာပူ) မှ ပေးပို့ချီးမြှင့်သော စာစောင်ကို မူရင်းအတိုင်း ရေးသားလိုက်ရပါတယ်။
မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် သံဃာတော်၏ လက်ထဲကို ၀တ္ထုငွေ တိုက်ရိုက်ကပ်နေတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ မိမိတို့အတွက်ကြောင့် သံဃာတော်များမှာ အပြစ်ဖြစ်ရရင် မသင့်လျော်ပါ။ လူတွေဘက်က သိရှိပြီး လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။
ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သလို ဘုရားရှင်သည်လည်း တရားနှင့်ဝိနည်းကို အလေးအမြတ်ပြုဖို့ ဆုံးမတော်မူခဲ့ပါတယ်။ တရားစခန်းဝင်၊ တရားထိုင်၊ ပရိတ်ရွတ်၊ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ် လှူခြင်း စသဖြင့် တရားဘာဝနာ အလုပ်ကိုတော့ အများစု လုပ်ဆောင်ကြပါတယ်။ ထို့အပြင် ၀ိနည်းတော် အတိုင်း ကိုးကွယ်ဆည်းကပ်ပူဇော် သင့်တယ်လို့ ထင်မြင်မိပါတယ်။ မသိတဲ့အခါမှာ မိမိတို့ ထင်ရာအတိုင်း လုပ်ဆောင်တော့ မသင့်တော်တာတွေ ဖြစ်ရပါတယ်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပဲ တရားဓမ္မတွေနာယူကြပါ။ စာဖတ်ကြပါ။ ကျင့်ကြံအားထုတ်ကြပါ လို့တိုက်တွန်းပါရစေ။

“သံဃာရတနာကို အမွန်မြတ်ဆုံး ကိုးကွယ်ဆည်းကပ်တတ်သည့် သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…”


"အမေး အဖြေ(၆)"

ကျေးဇူးပြုပြီး ဖြေကြားပေးပါ။ တရားဟောရာတွင် မလုပ်ရသော အရာငါးချက် ဘုရားသတ်မှတ်ထားတာ ရှိပါတယ်။ ဘာသာရေးလိုက်စားသူများ အားလုံး ဗဟုသုတတိုးတာပေါ့ အထူးသဖြင့် သဒ္ဓါနဲ့ပညာ ပိုမိုပြီးညီမျှတာပေါ့။ အသံကို အဓိက ပြောတာပေါ့နော်။

ကိုဇော်ခ…
အကိုပြောတာက ဓမ္မကထိကတို့ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်း အပြစ်(၅)ပါးကို ပြောတာထင်တယ်။ လွဲနေတာ ဆိုရင်လည်း ကျနော့်ကို ပြောပြပါ။ ကျနော် မသိသေးတာဖြစ်မှာပါ။ အခု ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာဘိဝံသ စီစဉ်ရေးသားသော သုတေသနသရုပ်ပြ အဘိဓာန်စာအုပ်မှာ တွေ့ရှိတဲ့ အချက်လေးတွေ ရေးပေးလိုက်ပါတယ်။


ဓမ္မကထိကတို့ အသံဆွဲချွဲ၊ ရှည်ငင်ဟောခြင်း အပြစ်(၅)ပါး။
(၁) မိမိအသံ၌ မိမိသာယာနှစ်သက်ခြင်း။
(၂) သူတပါးတို့ကလည်း တရားမမက် အသံကိုသာ သာယာတပ်မက်ကြခြင်း။
(၃) ပညာရှိသူတို့ ကဲ့ရဲ့ပြစ်တင်မှုကို ခံရတတ်ခြင်း။
(၄) အသံကောင်းမှု လုံ့လပြုရ၍ သမာဓိပျက်စီးခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက် ဟောကြားမှုကြောင့် သာသနာ
ပျက်လွယ်ခြင်း။

ပဉ္စဂုင်္တ္တရပါဠိတော်။ ၂၁၉၊ ဋ္ဌ။ ၇၈။


တရားဟောရာ အင်္ဂါ(၅)ပါး။
(၁) ဓမ္မကုလေသန = တရား၌လိမ္မာခြင်း။
(၂) အတ္တကုသလေန = အနက်သဘော၌ လိမ္မာခြင်း။
(၃) ပုဗ္ဗာပရကုသလေန = စကားအစဉ်ရှေ့နောက် ညီညွတ်ခြင်း။
(၄) ကာလညူ = တရားဟောသင့်သော အခါကာလကို သိခြင်း။
(၅) ပရိသညူ = ပရိသတ်၏ အလိုကို သိခြင်း။
(သုခမှတ်စု စာအုပ်မှ-)
အကိုဇော်ခ… ကျနော်လည်း အချိန်မရလို့ စာအုပ်တွေမှာ တွေ့တဲ့ အချက်လေးတွေပဲ ရေးပေးလိုက်ပါတယ်။ အကိုလိုချင်တဲ့ အချက်တွေ ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ အကိုရဲ့ စာဖတ်သူတွေကို သိစေချင်တဲ့ စေတနာကို အလေးအမြတ်ပြုပါတယ်။


“ယနေ့ထေရ၀ါဒ”

ဓမ္မစေတီ ဆရာတော်ဟောကြားတဲ့ “ယနေ့ထေရ၀ါဒ” တရားတော်ပါ။ အချိန်အားဖြင့် ၂ နာရီကျော်ကြာပါတယ်။ မဟာမြတ်မုနိရုပ်ပွားတော် အကြောင်းနှင့် အရှင်ဥပဂုတ္တ အကြောင်းများကို ဟောကြားထားပါတယ်။ နှလုံးသွင်းမှန်မှန်နဲ့ တရားနာတဲ့ အချိန်မှာပဲ ကုသိုလ်စိတ်တွေ ဖြစ်နေပါပြီ။ တရားတော်ကို ပြီးဆုံးအောင် နာကြားကြဖို့ တိုက်တွန်းပါရစေ။
အခြားသောတရားတော်များကိုလည်း နာယူနိုင်ပါတယ်။ ကူးယူနိုင်ပါတယ် ခင်ဗျာ။
http://www.dhammaceti.org/tayartaw.htm

တရားစစ် တရားမှန်ဖြင့် ချမ်းသာသုခ ပြည့်ဝနိုင်ကြပါစေ…








ကူးယူနိုင်ပါရန်။
http://www.sendspace.com/file/d7v2ot

"အမေး အဖြေ(၅)"

ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ... ဘုရားတွေပေါ်မှာ ဥပမာ ရွှေတိဂုံတို့ပေါ်မှာပေါ့... ဘုရားကို ရေချမ်းကပ်ဖို့အတွက် လူတွေက စိတ်အမျိုးမျိုးနဲ့ ဆုတောင်းပြီးတော့ ဘုရားကို ရေခွက်လေး တွေနဲ့လောင်း ပြီးတော့ ရေသပ်ပယ်ကြပါတယ်.. ဘုရားကို ဒီလို ရေအေးနဲ့ လောင်းရတဲ့အတွက် ဘ၀အေးချမ်းတယ်လို့ လူတွေအများစုက ယူဆကြတယ်.. ဒါကို ဘုန်းကြီးတစ်ပါးက ဒီလိုသာ အေးချမ်းမယ်ဆိုရင် ဘုရားဆင်းတုတော် တွေကို ဘုန်းကြီးကျောင်းမှာ နေ့တိုင်း ရေစိမ်ပေးပါတယ်တဲ့... ဒီလိုဆိုရင် ဘာအတွက် ဘုရားတွေပေါ်မှာ ရေချမ်းကပ်လှူဖို့အတွက် ရေစဉ်လေးတွေထားရပါသလဲဆိုတာ သိစေချင်လို့ပါ... တစ်ခါတစ်လေမှာ ဘုန်းကြီးတွေက တစ်ပါးနဲတစ်ပါးဟာ အမြင်မတူတာလေးတွေ အယူဆလေးတွေက ကွဲနေတယ်ဗျ.. ဒီလိုအယူဆလေးတွေကွဲနေရင် ကျန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ဘယ်ဟာက အမှန်ဆိုတာကို ရွေးချယ်ရမလဲ မသိဘူးဖြစ်နေတယ်.. ဒါကြောင့် ဗုဒ္ဒဘာသာ လူမျိုးတွေအတွက် တစ်မျိုးတည်းသော အယူအဆနဲ့ မှန်ကန်တဲ့အယူဆ မျိုးရှိသင့်တယ်လို့ထင်ပါတယ်.. နောက်ပြီးတော့ ဘုန်းဘုန်းတွေက ဘာလို့အဲဒီလို အနည်းငယ်သော အယူဆလေးတွေ ကွဲလွဲနေတာလေးတွေကိုလည်း သိခြင်ပါတယ်ခင်ဗျာ…။


ကျနော်တို့ လူတွေအနေနဲ့ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအားဖြင့် ကြီးမားလှတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်နည်းနဲ့မှ မဝေဖန်အပ်ပါ။ ကျနော် ခံယူမိတဲ့ အတိုင်းလေးပဲ ရေးလိုက်ပါတယ်။ လိုအပ်တာတွေ့ရှိခဲ့ရင် ဝေဖန် အကြံပြုရေးသားခဲ့ပါ။

အနည်းငယ်သော အလွဲအမှားဆိုတာ ပုထုဇဉ်တိုင်း မကင်းပါဘူး။ ဘုရားရှင်ဟောခဲ့ တရားတွေကိုလည်း နာယူမှု၊ နှလုံးသွင်းမှု အပေါ်မူတည်ပြီး ကွဲလွဲကြတယ်လို့ ထင်မိပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ သံဃာတွေလည်း ဂိုဏ်ကွဲခဲ့တာပဲ။ ထေရ၀ါဒနဲ့ မဟာယန ပေါ့။
မဟာယနက ပိဋကတ်တော်အတိုင်း မဟုတ်တော့ပဲ ဖြည့်စွက်တာ၊ ထုတ်နှုတ်တာ၊ ပြင်ဆင်တာ၊ ပြောင်းလဲတာတွေ ပြုလုပ်ကြတယ်။ စာတွေရေးတဲ့ အခါမှာလည်း ပိဋကတ်တော်အတိုင်း မဟုတ်ပဲ ရေးတာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ တချို့စာအုပ်တွေက မဟာယနက ကျမ်းတွေကို ကိုးကား လိုက်တာမျိုးတွေ ရှိတယ်။ ဒီတော့ ထေရ၀ါဒနဲ့ ကွဲလွဲတာတွေ ဖြစ်ကြတယ်။ ဒါတွေသည် ရှေးယခင်ကတည်းက ဗုဒ္ဓတရားတွေ အပေါ်မှာ နားလည်မှု လွဲခဲ့ကြလို့ပါ။

ပုထုဇဉ်တွေပဲ ဖြစ်တဲ့ အတွက် အယူအဆ မတူပဲ ကွဲလွဲကြ ရတာပါ။ အရိယာဖြစ်ရင်တော့ အယူတူသွားပါပြီ။ ဥပမာ… သောတပတ္တိမဂ်ကျပြီးရင် ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီး ဖြစ်တဲ့ အတွက်ကြောင့် တရားဓမ္မအပေါ်မှာ အမြင်တူသွားပြီ ဆိုတဲ့ သဘောပါ။

ရေသပ္ပါယ်တာနဲ့ ပတ်သတ်လို့လည်း ကိုယ်တိုင်တွေးကြည့်ပါ။ ကျနော်တို့ ဘုရားရှင်က ကာလမသုတ်တော်မှာ ရှေးရိုးအစဉ် ဆင်သက်လာတဲ့ စကားကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဟောပြောချက် တို့ကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ကိုးကွယ် ဆည်းကပ် အလေးအမြတ်ပြုထားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စကားကိုလဲ မှန်လှပြီလို့ မယူဆကြနဲ့ လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘယ်လိုယုံကြည်ရမလဲ ဆိုတော့ ဘုရားဟောကျမ်းဂန်ဆိုတဲ့ “အာဂမယုတ္တိ”၊ အလွန်ထင်ရှားလှတဲ့ “သာဓကယုတ္တိ”၊ သိပ္ပံနည်းဆိုတဲ့ “သဘာဝ ယုတ္တိ”၊ ကြောင်းကျိုး ဆက်သွယ်တဲ့ “ကာရဏယုတ္တိ” တွေနဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်ထိုက်ပါတယ်။
ဘုရားရှင်ကို သက်တော်ထင်ရှား ရှိသလို နှလုံးသွင်းပြီး ပူဇော်ရမယ်ဆိုတာ သိပါတယ်။ ဒီတော့ ကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်တာ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။

တရားစစ်တရားမှန်ဖြင့် ချမ်းသာသုခပြည့်ဝ နိုင်ကြပါစေ…




"အမေး အဖြေ(၄)"

မြတ်စွာဘုရားရှင်ရဲ့ ရင်ငွေ့တော်ခိုလှုံပြီး ကိုယ်စားတော် တည်ထားခဲ့ပါသော မဟာမြတ်မုနိ ရုပ်ပွားတော်သည် အထက်မြန်မာပြည် နာမည်ကြီးမြို့တော်မှာလား၊ ရခိုင်ပြည်နယ်မှာလားဆိုတာကို ဗဟုသုတအနေနဲ့ ပြောကြားပေးပါအုံး ကျေးဇူးတင်ပါတယ်။

မောင်မောင်ထိုက်


ဒီမေးခွန်းအကြောင်းက သမိုင်းမှာ အမျိုးမျိုးပြောကြတာတွေ ရှိပါတယ်။ တချို့ စာတွေက အထောက်အထား မခိုင်လုံပဲ စာရေးသူတွေရဲ့ ကိုယ်ပိုင် သဘောထားကြောင့် ကွဲလွဲတာမျိုးလည်း ရှိတတ်ပါတယ်။ အခု စာဖတ်သူမေးထားတဲ့ အကြောင်းကလည်း အမျိုးမျိုး ပြောနေကြတဲ့ ရာဇ၀င်ပါ။ ဗဟုသုတ ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာ အမှန်ကိုသိမြင်ထားဖို့ အရေးကြီးတာကြောင့် ကျနော့် အနေနဲ့ အတတ်နိုင်ဆုံး လွဲမှားမှု မဖြစ်ရအောင် ရေးလိုက်ရပါတယ်။ ကျနော့်ထက် အချက်အလက် ပိုမိုစုံလင်အောင်သိတဲ့ စာဖတ်သူရှိခဲ့ရင် ဝေဖန် အကြံပြု ရေးသားပေးခဲ့ဖို့ တောင်းဆိုပါတယ် ခင်ဗျာ။

မေးလာတဲ့ မေးခွန်းတွေကို ဖြေဖို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာ အခြား အကြောင်းအရာတွေပါ ရေးသားရင် ပိုကောင်းမယ်လို့ စဉ်းစားမိပါတယ်။ စာဖတ်သူ မေးထားတဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်သည် ဘယ်နေရာမှာ ရှိတယ် ဆိုတာထက် တကယ်ပဲ ရင်ငွေ့တော်လှုံပြီး ဘုရားရင် သက်ရှိထင်ရှားရှိစဉ်က ထုလုပ်ခဲ့တာ မှန်ရဲ့လား ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ရခိုင်ပြည်နယ်ဘက် ကျတော့လည်း သူတို့ဆီက တကယ့် အစစ်လို့ ပြောကြတယ်။ မန္တလေးမှာကျတော့လည်း သူတို့က အစစ်လို့ပြောပြန်တယ်။ ဒါကတော့ လူတွေအပြောပေါ့။


မဟာမြတ်မုနိ ရုပ်ပွားတော် သမိုင်း ဗွီစီဒီမှာ ရခိုင်ပြည်နယ်ကို ဒုတိယတည်ထောင်တဲ့ စန္ဒသူရိယဘုရင် လက်ထက်မှာ သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က မိမိရင်ငွေ့တော်ကို (၇)လက်ခုပ်ထည့် တော်မူကာ ညီတော်မဟာမုနိလို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက် ဘိုးတော်ပဒုံမင်း လက်ထက်ရောက်တော့ အိမ်ရှေ့မင်းနှင့် အတူ သားတော်စကုမင်း၊ ကာမမင်းတို့ကို (၁၆.၁၀.၁၇၈၄) ရက်နေ့မှာ အမရပူရမြို့ကနေ ထွက်ခွာစေပြီ မဟာမြတ်မုနိ ရုပ်ပွားတော်ကို ရခိုင်ကနေ မန္တလေးကို ပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မန္တလေးက အစစ်လို့ ဆိုကြတာဖြစ်မှာပေါ့။ ကျနော့် အနေနဲ့တော့ ဘယ်ရုပ်ပွားတော်က အတုအစစ် ဆိုတာကို မဆုံးဖြတ်တတ်ပါဘူး။ ဘယ်ဟာက ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ပွားတော်လို့ မြင်လိုက်တာနဲ့ ကိုယ်ရဲ့ နှလုံးသားမှာ ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ခြေမတော်ကို နဖူးဦးတိုက် ရှိခိုးသလို စိတ်ထဲမှာထားပြီး ကြည်ညိုပါတယ်။
ဓမ္မစေတီ ဆရာတော်ဟောတဲ့ တရားတွေနာကြည့်တဲ့ အခါမှာ အဲဒီအကြောင်း ရှင်းထားတာကို မှတ်သားခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ ဘုရားရုပ်ပွားတော်များကို AD-57 နဲ့ AD-100 ကြားမှာ ပေါ်ခဲ့တာပါ။ ၂၉ ဆက်မြောက် စန္ဒာသူရိယဘုရင်သည် AD-149 မှာ မဟာမြတ်မုနိ ရုပ်ပွားတော် သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ စဉ်းစားကြည့်လို့ ရပါတယ်။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့ခြင်းဆိုတာ မဖြစ်နိုင်တဲ့ အချက်ပါ။ ဒါကြောင့် ရင်ငွေ့တော် လှုံတယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ဘုရားရှင်က BC-543 မှာ ပရိနိဗ္ဗာန် စံဝင်ခဲ့တဲ့ အတွက်ကြောင့် ရုပ်ပွားတော် ပေါ်လာတဲ့ အချိန်သည် နောက်ကျပါတယ်။ ဘုရားရှင် ရင်ငွေ့တော်လှုံတယ် ဆိုတဲ့နေရာမှာ ကျနော်တို့ သိထားရမှာက ဘုရားရှင်သည် သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာနဲ့ ကြည့်ရှု ဆုံးမတော်မူပါတယ်။ ရင်ငွေ့တော် မလှုံလဲ ပင်ကိုယ် ကရုဏာဓာတ်က ကြီးမားပြီးသားပါ။
သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် (၇၆) ထက်စောပြီး မြန်မာပြည်မှာ ဘယ်ဘုရား ရုပ်ထုမှ မရှိပါ။ အဲဒီလိုပဲ သီရိဓမ္မာသောက (အသောကမင်း၊ BC-274-232) ထက်စောပြီး ဘယ်စေတီ၊ ပုထိုးမှ မရှိဘူးပါ။ (ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာနိုင်ငံကို ထေရ၀ါဒ သာသနာ ရောက်ရှိပြန့်ပွားလာပုံ စာအုပ်မှာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်)။ ဒါဆိုရင် မဟာမြတ်မုနိ ရုပ်ပွားတော်နဲ့ ပတ်သတ်လို့ သံသယ ဖြစ်စရာ မလိုလောက်တော့ဘူး ထင်ပါတယ်။
နောက်တခု စဉ်းစားကြည့်ရမှာက အခု မဟာမြတ်မုနိ ရုပ်ပွားတော်မှာ ရှိနေတဲ့ မင်းဝတ်တန်စာတွေကို မင်းတုန်းမင်း လက်ထက်မှာ တပ်ဆင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ တချို့က ဘုရားရှင်သည် ထီးနန်းစည်းစိမ် အားလုံးကိုတောင် စွန့်ပြီး တောထွက်ခဲ့တာပဲ ဒါတွေ လှူနေဖို့ မလိုဘူးလို့ ဆိုကြတယ်။ တချို့ကျတော့ ဘုရင်ကလည်း ဘုရင်ရဲ့ မြင့်မြတ်တဲ့ မင်းဝတ်တန်ဆာနဲ့ ပူဇော်တယ်လို့ ဆိုကြတယ်။ ဒါတွေသည်လည်း အမြင်နဲ့ ခံယူချက် မတူတဲ့ လူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။
မေးခွန်းနဲ့ ပတ်သတ်လို့ ကျနော်ဖြေပေးထားတာကို မရှင်းတာရှိလည်း ပြန်မေးပါ။
ဘုရားရှင် နောက်ဆုံး သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ညောင်စောင်းထက်မှာ လျောင်းလျက် တပည့် သံဃာဝင်တွေကို မိမိအပေါ် အပြစ်မြင်ရင် ပြောကြဖို့၊ တရားတော်တွေမှာ ယုံမှား သံသရာ ရှိရင် မေးကြဖို့ အခွင့်ပေးပါတယ်။ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြတယ်။ အဲဒီနောက်မှ ဘုရားရှင်က မှတ်သားဖွယ် စကားလေးခွန်း ပြောခဲ့ပါတယ်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်ပါတယ်။
ဘုရားရဲ့ စကားအတိုင်း လိုက်နာကျင့်ကြံတဲ့ သူသည် ဘုရားကို အမွန်မြတ်ဆုံး နည်းနဲ့ ပူဇော်နေတာပါလို့ ဆိုနိုင်ပါတယ်။ ဘုရားကို ရှိခိုး၊ ရွှေသင်္ကန်းကပ်၊ အလှူငွေ ထဲ့ဝင်နေကြာတာတွေသည် ကုသိုလ်ရပါတယ်။ ဒါပေမယ့် ဘုရားအကြိုက် ပူဇော်ခြင်းမျိုး မဟုတ်သေးပါ။ မိမိအကြိုက် ကုသိုလ် လိုချင်လို့ လုပ်နေခြင်းသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို အမြဲတမ်း ကန်တော့နေတဲ့ ၀က္ကလိ မထေရ်ကို ဘုရားက တရားအားမထုတ်လို့ နှင်ထုတ်လိုက်တယ်။ ဘုရားရှင် အကြိုက်ပူဇော်ဖို့က နောက်ဆုံးမှာကြားခဲ့ စကားတခွန်းနဲ့ပဲ လုံလောက်ပါတယ်။
“ချစ်သားတို့ … ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့ …”
အရိုးရှင်းဆုံးပြောရရင် ပျက်ဆီးနေတဲ့ သင်္ခါရ တရားတွေကို သတိနဲ့စောင့်ကြည့် လို့ဆိုခဲ့တာပါ။ ဒါသည် ၀ိပဿနာ အားထုတ်ခိုင်းတာပါပဲ။ ဒါမှလည်း ဘုရားရှင်ကို အမြင့်မြတ်ဆုံး ပူဇော်ရာ ရောက်ပါတယ်။ တရားအားမထုတ်ပဲ မည်သည့် ရုပ်ပွားတော်၊ စေတီတော်မှာပဲ ပူဇော်ရှိခိုးနေပစေ ဘုရား မနှစ်သက်ပါ။ သက်ရှိထင်ရှား ရှိနေတာတောင် တရားအားမထုတ်တဲ့ သူကို ဘုရားရှင် ကိုယ်တော်တိုင် နှင်ထုတ်ခဲ့တာပဲ။ ဒီတော့ မိမိတို့တွေက အဓိက အလုပ်ကို အရင်ဆုံး လုပ်ဖို့ပဲ လိုပါလိမ့်မယ်။

ကောင်းကျိုလိုရာ ဆန္ဒ ပြည့်ဝနိုင်ကြပါစေ…
လေးစားစွာဖြင့်…
အောင်ဦး


“စောင့်လေမျိုးနွယ် လူတိုင်းဝယ်”

ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီသော ကျင့်ထုံးများကို ကျင့်သုံး၍နေမိပါက မိမိသည်ပင်လျှင် သာသနာကွယ်ပျောက်အောင် ဖန်တီးနေသူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေတတ်ပါသည်။
အရှင်ဇ၀န (မေတ္တာရှင်)

မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရား ဒေသနာတော်များကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ခြင်း မရှိဘဲ မူရင်းအတိုင်း အဆင့်ဆင့် ထိန်းသိမ်းကာ စောင့်ရှောက်ခဲ့ သော အဆုံးအမ တရားဓမ္မများကို ဗုဒ္ဓ၏ သာသနာတော်လို့ ခေါ်ဆိုကြပါတယ်။ ထိုတရားဓမ္မတွေ အတိုင်း လိုက်နာ ကျင့်ကြံနေထိုင်သော သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဆိုထိုက်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်လို့ ခံယူထားကြတဲ့ လူတွေအားလုံး ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း လိုက်နာ နေထိုင်ရပါတယ်။ ကိလေသာ အများအပြားရှိနေကြတဲ့ ပုထုဇဉ်တွေ အနေနဲ့ ဘုရားရှင် ဟောကြားခဲ့သော တရားဓမ္မများ အတိုင်း အလုံးစုံ လိုက်နာ မကျင့်ဆောင်နိုင်တာကို ကြီးမားတဲ့ အပြစ်လို့ မဆိုသာပါ။ ဒါပေမယ့် မိမိအတွက်ကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို နှိမ့်ကျစေမယ့် အဖြစ်မျိုးတွေ မလုပ်မိဖို့တော့ လူတိုင်းသိစေချင်ပါတယ်။ သတ္တ၀ါတွေဟာ မိမိတို့ ကံအတိုင်း လျောက်လှမ်းနေကြရတာ ဖြစ်တဲ့အတွက် ဘယ်သူကိုမှ အပြစ်တင်စရာ အကြောင်းမရှိပါ။ ဘာသာ သာသနာကို ထိခိုက် မှေးမှိန်စေမယ့် လုပ်ဆောင်ချက်တွေနဲ့ နောင်လူငယ်များ အတွက် ရှေ့ဆောင် လမ်းပြမှု အမှားတွေ မဖြစ်ရလေအောင် နေထိုင်လိုက်နာရမှာသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တိုင်း သိထားရမယ့် အချက်ဖြစ်ပါတယ်။

ကျနော်တို့တွေသည် မိဘတိုင်းက မွေးဖွားလိုက်တဲ့ သားသမီးတွေ ဖြစ်ပါတယ်။ မိဘမရှိတဲ့ သားသမီးလို့ မရှိပါဘူး။ သားသမီး မရှိတဲ့ မိဘတွေပဲ ရှိတာပါ။ သားသမီးတွေ ဖြစ်တဲ့ အတွက်ကြောင့် သားသမီး ကျင့်ဝတ်တွေ အတိုင်းလိုက်နာ သင့်ပါတယ်။ ဘယ်လိုတွေ လိုက်နာကျင့်ကြံ ရမယ်ဆိုတာကို မြတ်စွာဘုရားရှင်က ဟောကြား ဆုံးမခဲ့ပြီးသားပါ။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေ ကို နောင်လူတွေ မှတ်မိလွယ်အောင် သင်္ဂဇာ ဆရာတော်ကြီးက အောက်ပါ အတိုင်း ရေးစပ်ခဲ့ပါ တယ်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။
(သင်္ဂဇာ ဆရာတော်ကြီး)

အထက်က လင်္ကာလေးကို ကျနော်တို့ ငယ်ငယ်ကတည်းက ကျက်မှတ်ခဲ့ကြပါတယ်။ ငယ်စဉ်ကတော့ စာသိနဲ့ပဲ သိလာခဲ့ရတာပါ။ တကယ်တမ်း လေးလေးနက်နက် တွေးကြည့်လိုက်တဲ့ အခါမှာ ကိုယ်တိုင် လိုက်နာရတော့မှာဆိုတဲ့ အသိလေး ရခဲ့ပါတယ်။ ဒီအချိန်မှာ စောင့်လေမျိုးနွယ် ဆိုတဲ့ အချက်ကို အဓိက ရည်ရွယ်ပြီး ပြောလိုပါတယ်။
ကျွေးမွေးမပျက် ဆိုတာက အသက်အရွယ် ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမယ်လို့ ဆိုလိုပါတယ်။
ဆောင်ရွက်စီမံ ဆိုတာက အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့ရဲ့ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက် တာဝန်ယူရမယ်လို့ ဆိုလိုပါတယ်။
မွေခံထိုက်စေ ဆိုတာက မိဘတို့ရဲ့ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက်လက် ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမယ်လို့ ဆိုလိုပါတယ်။
လှူမျှဝေ၍ ဆိုတာက တမလွန်ဘ၀ကို ကွယ်လွန်ပြောင်းရွှေ့သွားကြတဲ့ မိဘတို့ကို ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်း ပေးဝေရမယ်လို့ ဆိုလိုပါတယ်။
စောင့်လေမျိုးနွယ် ဆိုတာက မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ဆိုလို ပါတယ်။ ထိုထက်ပိုပြီး စောင့်လေမျိုးနွယ်ဆိုရာမှာ မိမိတို့ ဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမယ်။ ယနေ့ အချိန်အခါမှာ ဒီအချက်ကို မေ့လျော့နေပြီး ထင်ရာစိုင်း နေကြတဲ့ ဖြစ်စဉ်တွေ၊ လုပ်ရပ်တွေကို ကြားသိနေရပါတယ်။ ဒါတွေသည် အခုအချိန်မှာ မသိသာပေမယ့် ကြာလာရင်တော့ ဘာသာနဲ့ လူမျိုးအတွက် စိုးရိမ်ရပါတယ်။
“လူမှာအမျိုး ကြက်မှာအရိုး” ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတိုင်းမှာ အမျိုးအနွယ်က အရေးကြီး ပါတယ်။ ဘာသာရေးအရဆိုရင် မိမိတို့ ဗုဒ္ဓဘာသာဝင်မျိုးရိုးကို စောင့်ထိန်းရပါမယ်။ ဗုဒ္ဓဘာသာဝင် မျိုးရိုးကို ချစ်မြတ်နိုးတတ်၊ တန်ဖိုးထားတတ်ရပါမယ်။

“မြေမြိုသော် လူမျိုးမကုန်၊ လူလူချင်း မျိုပါမှ လူမျိုးတုန်း လိမ့်မည်” ဆိုတဲ့ စကားအရ မြန်မာအမျိုး သား၊ အမျိုးသမီးများအနေဖြင့် အိမ်ထောင်ဘက်ရွေးရာတွင် ဘာသာတူ ဖြစ်သော ဗုဒ္ဓဘာသာ ၀င်မျိုးရိုးကို ရွေးချယ်သင့်ပါတယ်။ ဒီအချက်သည် အလွန်အရေး ကြီးပါတယ်။ တချို့လူငယ်တွေက အချစ်သည်သာ ပဓာနဆိုတဲ့စကားကို အားကျအဟုတ်ထင်ပြီး အိမ်ထောင်ဖက် ရွေးချယ်မှား တတ်ကြတယ်။ အိမ်ထောင် ဖက်ရွေးချယ်ရာမှာ ယောက်ျားလေးထက် မိန်းကလေးက ပိုပြီး အရေး ကြီးပါတယ်။ ဘာသာခြားနဲ့ အိမ်ထောင်ပြုမိရင် သားစဉ်မြေးဆက် ရင်သွေးတွေပါ ဘာသာခြား ဖြစ်သွားတက်ပါတယ်။ ဒီတော့ စောင့်လေမျိုးနွယ် ဆိုတဲ့ တာဝန်ကိုလည်း ဖျက်စီးလိုက်ရာ ရောက်ပါတယ်။ အချို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးခံယူချက်နဲ့ လူမျိုးရေးစိတ်ဓာတ် ပျော့ညံ့တဲ့ အတွက်ကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုလို့ ဘာသာရောလူမျိုးပါ ဆုံးရှုံးနစ်နာ ရပါတယ်။ မိမိတို့အမျိုးဂုဏ်ကို မိမိကိုယ်တိုင် ထိန်းသိမ်းရမယ်ဆိုတဲ့ လူမျိုးရေး၊ ဘာသာရေး အသိကို လူတိုင်းမှာ ရှိစေချင်ပါတယ်။
အနောက်တိုင်း ယဉ်ကျေးမှုတွေ၊ နေထိုင်မှု ပုံစံတွေဟာ ယနေ့အချိန်မှာ မြန်မာလူမျိုးတို့ ကြားမှာ နေရာယူလာကြပါပြီ။ ဒါသည် ခေတ်မှီတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်းတန်းနိုင်တယ်လို့ ထင်တဲ့သူက ထင်ပါလိမ့်မယ်။ ကျနော်တို့ လူမျိုးက ဘာသာ၊ သာသနာကို အခြေခံပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရည်မှန်းချက်သည်ပင် နိဗ္ဗာန်ကိုရောက်ဖို့ ဆိုတဲ့ အသိလေး ရှိစေချင်ပါတယ်။ ခေတ်မှီ၊ တိုးတတ်တယ်ဆိုတဲ့ လောကီစိတ်ချမ်းသာမှု အမြင်ဟာ ရင်ထဲက ကိလေသာ နည်းသွားတဲ့ ချမ်းသာမှုနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
တကယ့် စစ်မှန်မှုတွေကို ဖုံးကွယ်ဝါးမြိုသွားနိုင်မယ့် အချက်တွေကို ဖော်ပြရေးသား ရခြင်းဟာ ဘာသာ၊ သာသနာကို လူတိုင်းသိစေချင်တဲ့ အတွက် မပြောပလောက်တဲ့ အသိလေးဖြင့် အသိပေးခြင်းပါ။ ဒါ့အပြင် လောက အလုပ်တွေ လုပ်နေရပေမယ့် ဓမ္မအလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်ရင်း သံသရာ အတွက် ရိက္ခာထုပ် ပြင်ကြဖို့ နှိုးဆော်အပ်ပါတယ်။
အနှစ်ချုပ် ဆိုရရင်… ထေရ၀ါဒ မြန်မာလူမျိုးများ အနေနဲ့ သစ္စာတရားများ၊ စစ်မှန်သော တရားဓမ္မများကို နာယူကျင့်ကြံနိုင်ဖို့ အတွက် အရင်ဆုံး မိမိတို့ကိုယ်တိုင် ဘာသာရေးအသိ၊ လူမျိုးရေး အသိတွေပါ ရရှိစေချင်ပါတယ်။ ကိုယ်တိုင် ဘာသာခြားလူမျိုးတယောက်နဲ့ နေထိုင်ပြီးတော့ တကယ့်တရားစစ်ကို ကျင့်ကြံနိုင်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မယ်။ လောကနည်းအရ ကြည့်ရင်လည်း ဘယ်လိုမှ လက်ခံမရသော လုပ်ဆောင်ချက်မျိုး ဖြစ်ပါလိမ့်မယ်။ ခဏတာ နေရတဲ့ အချိန်လေးမှာ မိမိရဲ့ မျိုးရိုးဂုဏ်ကို စောင့်ထိန်းနိုင်သော၊ ဗုဒ္ဓဘာသာဝင် မျိုးရိုးကိုပါ စောင့်ထိန်းနိုင်ကြ သော သူတော်ကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေနိုင်ကြပါစေ။


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”