ဘုရားရှင်၏ သြ၀ါဒတော်နှင့် လိုက်နာဖွယ်ရာ

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့ အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
အထက်ပါကောက်နုတ်ချက်သည် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်လာ မြတ်ဗုဒ္ဓ၏ မိန့်မှာတော်မူချက် ဖြစ်ပါတယ်။


ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။
အဘယ်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက်ပေးနိုင် သောကြောင့် ဖြစ်ပါတယ်။

ထိုသို့ဆိုလျှင် ရတနာသုံးပါးနှင့် စပ်၍ အပြစ်ပြောဆိုကြသည်ကို တွေ့မြင်ကြားသိရာ၌ ဒေါသ၊ ဒေါမနဿ မဖြစ်စေဘဲ သည်းခံနေရုံမျှဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး၏ တာဝန်ကျေပွန်ပါပြီလော… ဟု မေးစရာရှိလာသဖြင့် “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်ဟု ဆက်လက် မိန့်မှာတော် မူခဲ့ပါတယ်။

“တုမာကံ သတ္ထာ န သဗ္ဗညူ ဓမ္မော ဒုရက္ခာတော် သံဃော ဒုပ္ပဋိပန္နောတိ အာဒီနိ သုတွာ န တုဏှီ ဘ၀ိတဗ္ဗံ”
“သင်တို့၏ဆရာ ဘုရားမြတ်စွာသည် သဗ္ဗညူ မဟုတ်၊ တရားကို မကောင်းသဖြင့် ဟောတော်မူအပ်၏။ သံဃာသည် ကောင်းစွာမကျင့်၊ ဤသို့ အစရှိသော စကားတို့ကို ကြားသိရသည်ရှိသော် ဆိတ်ဆိတ်မနေအပ်”

“ဧ၀ံ ပန ၀တ္တဗ္ဗံ ဣတိပေတံ အဘူတံ န သဗ္ဗတ္ထ”
“ဤသို့ ပြောဆိုအပ်၏။ အကြင်စကားကို သင်တို့ ပြောဆိုအပ်၏။ ထိုစကားသည် ဤအကြောင်းလည်း မမှန်၊ ဤသို့ သဘောရှိသော အပြစ်သည် ငါတို့၌ ထင်ရှားမရှိ၊ ငါတို့၏ ဆရာဘုရားသည် အားလုံးကို သိတော်မူသည်သာတည်း၊ တရားတော်သည်လည်း ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်ပင် ဖြစ်၏။ ရှစ်ယောက်အရိယာ မြတ်သံဃာတော် သည်လည်း ကောင်းသော အကျင့်ကို ကျင့်တော်မူ အပ်ပါပေ၏။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုအဖြစ် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်သည်၏ အဖြစ်၊ အရိယာသံဃာတော်၏ သုပ္ပဋိပန္န၏ အဖြစ်ကို ဤအကြောင်း ဤအကြောင်းတို့ကို ထောက်၍ သိအပ်ပါ၏” ဟု ပြောဆို ဖြေရှင်းအပ်၏။ သို့ရာတွင် နေရာတကာတိုင်း လိုက်၍ ဖြေရှင်းမနေရ။

အဘယ်ကဲ့သို့သော နေရာမျိုး၌ မဖြေရှင်းဘဲ နေရမည်နည်းမူ-
“သင်သည် သီလမရှိ၊ သင်၏ဆရာသည် အကျင့်မကောင်း၊ သင်သည် ဤမည်သော အမှုကို ပြုအပ်၏။ သင်၏ဆရာသည် ဤအမှုကို ပြုအပ်၏” ဟု ဆိုအပ်သည်ရှိသော ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲ့ စကားကို ဖြေရှင်းအပ်၏။ “သင်သည် မြည်းလိုကောင်၊ နွားလိုလူ” စသည်ဖြင့် ဆဲရေးသော ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ သည်းခံ ခြင်းကိုသာ ပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃)။

အထက်ပါ ပါဠိတော်၊ အဋ္ဌကထာများအရ “သာသနာ့ ၀န်ထမ်း ရှင်ရဟန်းများ အနေဖြင့် ရတနာသုံးပါး၏ အပြစ်ပြ စကားတို့ကို တွေ့မြင်ကြားသိရသည် ရှိသော် မဟုတ်လျှင် မဟုတ်သည့် အတိုင်း ပြန်လည် ဖြေရှင်းအပ်၏။ မိမိနှင့်မိမိ၏ ဆရာသမား သိက္ခာတရားနှင့် ပတ်သက်သော အပြစ်ပြစကားတို့ကို တွေ့မြင်ကြားသိရသည့် အခါ အရေးလုပ်ကာ ဖြေရှင်း မနေဘဲ လျစ်လျူရှုကာ သည်းခံအပ်၏” ဟု မှတ်သားရပါတယ်။

ယခုမူကား မိမိနှင့် မိမိဆရာသမားကို ထိပါးလာလျှင် ချက်ချင်း တုံ့ပြန်လိုကြသော်လည်း ရတနာသုံးပါးနှင့် ပတ်သတ်လာ လျှင် ကိုယ်နှင့် မဆိုင်သလို ဆိတ်ဆိတ်နေကြပါတယ်။ ထိုအကြောင်းတို့ကို ဖြေရှင်းရန်မှာ ရဟန်းသံဃာတော်များသာ တာဝန်ရှိသည်ဟု မခံယူသင့်ပါ။ သံဃာတော်များကို ဦးဆောင်ဦးရွက်ပြု၍ (ဗုဒ္ဓဘာသာဝင် အမည်ခံသူ) လူများသည်လည်း ဆောင်ရွက်ရပါမယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသော အနာဂတ်သာသနာရေး ကျမ်းတွင် လူများလည်း သာသနာပြုနိုင်ပုံကို အကျယ်တ၀င့် ရေသား ဖော်ပြထားပါတယ်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် လူတွေ အနေဖြင့် သာသနာနှင့် မလျော်ညီသည့် အပြုအမူများအပေါ် ဝေဖန်စမ်းစစ်၍ အမှန်တရားဖြစ်အောင် ဆောက်ရွက်နိုင်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာဝင်အများစုသည် သူများပါးစပ်နှင့်သာ လမ်းဆုံးနေပြီး အမှားအမှန်၊ ဘုရားဟောနှင့်ကိုက်ညီမှု ရှိ၊ မရှိ မချင့်ချိန်တတ်ကြပါ။ သာသနာဆိုတာ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ အချိန်မှာ သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် သံဃာ့ အဖွဲ့အစည်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရလေအောင် ဘုရားရှင်သည် ၀ိနည်းတော်များ ပညတ်၍ ဆောင်ရွက်တော်မူခဲ့ပါတယ်။ ထိုဝိနည်းတော်ဆိုရာမှာ တချိန်တည်းမှာပင် ၀ိနည်းတော်အဖြစ် ပညတ်ခဲ့ခြင်းမဟုတ်ပဲ သာသနာတော်ကို ထိခိုက်၊ ပျက်စီး ညှိုးနွမ်းစေမည့် အပြုအမူများ ပေါ်ပေါက်လာမှသာ လိုအပ်သလို ပညတ်ခဲ့ခြင်းဖြစ်ပါတယ်။

“၀ိနယော နာမ သာသနဿ အာယု= ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေး မထေရ်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှ အရေးကြီးလှသည်ကို နားလည် သဘောပေါက်သင့်ပါပြီ။ သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့သည်မှာ ပုံပြင်တွေ မဟုတ်ပါ။

စာပေအရပြောဆို နေရုံသပ်သပ်ဖြင့် အရာမရောက်ဟု မဆိုသင့်ပါပေ။ ယနေ့ စာပေနှင့် ပြောဆိုခြင်းကို လက်မခံနိုင်ကြပဲ ဘုရားရှင်ဟောသည့် ကာလာမသုတ်တော်လာ အချက်များကို ပြောတတ်ကြပါတယ်။ အနည်းငယ်မျှ စဉ်းစားတတ်စေချင် ပါတယ်။ ထိုအချိန်ကာလမှာ ဘာသာအယူဝါဒ အမျိုးမျိုး ပေါ်ပေါက်ပြီး လူတွေကို စည်းရုံးဟောကြား သဖြင့် ဘုရားရှင်က ကာလာမသုတ် အတိုင်း ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ ကာလာမ ပုဏ္ဏားတို့က ဗုဒ္ဓ၀ါဒကို လက်ခံကြတာ အမှန်ပါပဲ။ ယခုအချိန်မှာ မြတ်စွာဘုရားဟောခဲ့တဲ့ ပိဋတ်ကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အထင်အရှားရှိပါ လျှက် ဗုဒ္ဓဘာသာလို့ ခံယူထားတဲ့ သူတွေက ဘုရားဟော ပိဋကတ်ကို မယုံကြည်သေး သလား? ပိဋကတ်တော်မှာ ပါတဲ့ တရားတွေကိုပဲ ကိုယ်တွေ့မဟုတ်လို့ စိတ်မချရဘူးလို့ ဆိုလိုချင်ကြတာလား?

ဘုရားရှင်သည် ကာလာမသုတ်ကို ဟောစဉ်မှာ သူ့ဘာသာ၊ ငါ့ဘာသာလို့ အပြိုင်အဆိုင် စည်းရုံးနေချိန် ဖြစ်တာကြောင့် ကာလာမပုဏ္ဏားတို့ကို တဆင့် စကားဆိုလည်း မယုံဖို့၊ စာပေကျမ်းဂန် (ဗုဒ္ဓစာပေကို မဆိုလို ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလ တခြားဘုရားတို့၏ စာပေ၊ ရိုးရာစာပေကိုသာ ဆိုလိုသည်) နှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း မယုံဖို့ စသဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဆိုရခြင်းမှာ ဘာသာဝါဒချင်း အပြိုင်အဆိုင်ဖြစ် နေတဲ့ အတွက်ကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ဖို့ ဟောကြားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ကိုးကွယ်အား ထားရာ အစစ်မှန်ဖြစ်တဲ့ ဘုရားဟောတရားတွေ ရှိနှင့်နေပြီဆိုတာ လူတိုင်း ယုံကြည်ကြမှာပါ။ ထိုတရားတော်တွေသည် ပိဋကတ်တော်မှာပါတဲ့ အတိုင်းဖြစ်လို့ စာပေပိဋကတ်ကို မယုံကြည်ရင် တရားကို မယုံကြည်ရာ ရောက်ပါလိမ့်မယ်။ ထိုနည်းတူ တရားဆိုရင်လည်း စာပေနှင့်ပါ တိုက်ဆိုင်စစ်ဆေး ခံနိုင်ရပါမယ်။

ထို့သို့ ဆိုရလျှင် စာပေသည် သာသနာတော် အတွက် မည်မျှ အရေးပါသည်ကို မှန်းဆ သိမြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။
“တရားမနာ၊ စာပေမသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ ဘုရားသာသနာ ကွယ်ကြောင်းတည်း” ဆိုသည့် အတိုင်း-
စာပေမသင်ကြားခြင်းပင်လျှင် သာသနာကွယ်ကြောင်းဟု ဘုရားရှင် ဟောကြားဆုံးမခဲ့သည်ကို သတိပြုစေလိုပါတယ်။

ထို့အပြင် ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုခဲ့ကြပါတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ ဖြစ်ပါတယ်။ ပရိယတ်မပါသော ပဋိပတ်သည်လည်း စနစ်မကျသလို ပရိယတ် သပ်သပ်နှင့် ပဋိပတ် မပါလျှင်လည်း အကျိုးမများနိုင်ပါ။ ထိုသဘောကို နားလည် လက်ခံနိုင်ကြပါစေ…

ကျွန်တော်တို့ သာသနာသည် တနေ့မှာ ကွယ်ရမယ်ဆိုတာ ယုံကြည်လက်ခံပါတယ်။ သို့သော် သာသနာ ထွန်းကာနေချိန် မှာတော့ စစ်မှန်သည့် နည်းလမ်းအတိုင်းသာ ဖြစ်စေချင်တာ မှန်ကန်သော ဆန္ဒပါ။ ငယ်စဉ်ဘ၀ကတည်းက စာပေလေ့လာ သင်ယူဆည်းပူးခဲ့သော ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ မေ့လျော့ထားလို့ မသင့်တော်ပါပေ။ မိမိတို့ကိုယ်တိုင် သာသနာ အကျိုးကို စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ရင်တောင် မိမိတို့ကြောင့် သာသနာတော်၏ သိက္ခာတွေကို မပျက်စီး၊ မညှိုးနွမ်းစေဖို့တော့ တာဝန်ယူပေးကြပါ။

စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်မည် ဆိုပါသော် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာနှင့် သင့်တော်မှန်ကန်သည့် တရားဓမ္မများကိုသာ ရွေးချယ် ဆောင်ရွက်တတ်စေလိုပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ…

သာသနာတော် တည်ရာအုတ်မြစ်ဟာ ဘာလဲ

ဒကာ။ ။သာသနာတော်ကို တည်ထောင်တဲ့နေရာမှာ မြတ်စွာဘုရားသခင်ဟာ အဓွန့်ရှည်ကြာတည်တံ့အောင် ဘာကို ဦးတည်လျက် အုတ်မြစ်ချ အခြေခံတော်မူတယ် ဆိုတာ စာပေမှာ ပါပါသလားဆရာတော်။
ဆရာ။ ။ပါတယ် ဒကာကြီးတို့၊ သုတ်သီလက္ခန် ဋီကာသစ်ဆရာက သာသနာတော်၏ ဦးတည်ချက်အခြေခံမူလကို...
ဒီဃ ဒဿီ စိရံကာလံ
ပတိဋ္ဌာပေသိ သာသနံ။
အရှည်ကို မြင်သိတော်မူသော မြတ်စွာဘုရားသခင်သည် ကြာမြင့်စွာသော ကာလပတ်လုံးတည်တံ့ နိုင်စေရန်သာသနာတော်မြတ်ကို ၀ိနည်းတရားဖြင့် သီလကိုဦးတည်ကာ အခြေခံအုတ်မြစ်ချ၍ တည်စေတော်မူခဲ့သည်ဟု ယခုလိုဆိုထားတာရှိတယ်။
လူတွေဝိနည်းတတ်အောင်သင်ပါ။
ဝိနယေ ဌိတေ သာသနံ ဌိတံ တဲ့ ။
ဒါကြောင့် သာသနာတော်အရှည်ခံ၍ တည်တံ့စေချင်ရင် လူတွေက ၀ိနည်းတရား သင်ကြားကာ ၀ိနည်း သီလ သိက္ခာနှင့် ပြည့်စုံတော်မူကြတဲ့ ရဟန်းသံဃာတော်တို့ ကိုသာရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။ ၀ိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံ အသက်ပဲ။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။

မိမိ အရိယာဖြစ်ကြောင်း မပြောပြကောင်းဘူးလား

ဒကာ။ ။သစ္စာလေးပါးသိမြင်လို့ အရိယာဖြစ်သွားတဲ့သူဟာ မိမိအရိယာဖြစ်ကြောင်း သူတစ်ပါးအားမပြောကြား ကောင်းဘူးလား ဆရာတော်။ ဗုဒ္ဓစာပေက ဘယ်လိုပါသလဲ ကွဲပြားအောင် မိန့်ကြားပါဦးဘုရား။
ဆရာ။ ။ဒကာကြီးအမေးရဲ့ အဖြေနဲ့ဆင်တူကို သုတ်မဟာဝါ အထာကဋ္ဌာ၂၇၀မှာ-
ပဋိလဒ္ဓဘာဝံ ပန နိဓိလဒ္ဓ ပုရိသောဝိယ န အညဿ
အာရောစေတု ကာမောဟောတိ။
ဘ၀တာမှာ သုံးစားလို့မကုန်နိုင်အောင် တန်ဖိုးရှိတဲ့ ရတနာရွှေအိုးကြီးကို တွေ့သိရယူထားတဲ့သူဟာ သူတစ်ပါးအား မော်ကြွားလိုတဲ့စိတ်နဲ့ မပြောကြားလိုဘဲ သိုသိပ်စွာသုံးဆောင်နေသလို မိမိကိုယ်တိုင် အဟုတ်အမှန်ရရှိထားလို့ မဂ်ဖိုလ်ပိုင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအစစ်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း သူတို့ရရှိထားတဲ့ အတိုင်းမသိတန်ဖိုး ရှိလှသော မဂ်ဖိုလ်တရားကို မည်သူ့အားမျှမပြောကြားဘူးလို့ ဒကာကြီးတို့ရ၊ ကဲ... ဘာပြောချင်သေးလဲ။
ဒကာ။ ။ဒီလိုဆိုရင် ၀န်တို မစ္ဆေရဖြစ်ရာ မကျဘူးလား ဆရာတော် ရှင်းပြပါဦးဘုရား။
ဆရာ။ ။ဝန်တိုခြင်း မဖြစ်ပါဘူး၊ သူတို့ရဲ့အလိုစိတ်သဘော သန့်ရှင်းစင်ကြယ်စွာဖြစ်ပုံကို သုတ်မဟာဝါ အဋ္ဌကထာ ဆရာကြီး ဆက်ပြီးတော့ ပြဆိုပုံက…
အဟောဝတ မယာ ပဋိလဒ္ဓဂုဏံ သဒေ၀ကော လောကော ခိပ္ပမေ၀ ပဋိဝိဇ္စျေယျာတီတိ စိတ္တံ ဥပ္ပဇ္ဇတိ။
ငါရသိပြီးတဲ့ မဂ်ဖိုလ်တရားထူးဂုဏ်ကို နတ်လူအပေါင်းတို့လျှင်မြန်စွာ ထိုးထွင်းသိမြင်ကြပါစေ ဟူသောစိတ်အကြံ အလိုတော်ဖြစ်၏ လို့ဆိုထားတယ်။ သူများကို မပြောပြချင်ဘူး၊ သူတို့ရထားသလိုရစေချင်တယ်။ ဒါပဲ။
အဲဒါအတိုင်းမသိတန်ဖိုးရှိလှတဲ့ တရားရတနာအစစ်တွေမို့လို့ပဲ။
ဒကာ။ ။ရှင်းလင်းကောင်းမြတ် ကျေနပ်လှပါတယ်ဆရာတော်။

ဝန်ခံချက်။ ။အရှင်သြဘာသာဘိဝံသ ရေးသားသော သုတေသန သမ္မာမဂ္ဂင်္ဂပဉှာကျမ်းမှ ထုတ်နှုတ်ရေးသားပါတယ်။

တာဝန်ကိုယ်စီ

လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။ ဒါ့အပြင် သာသနာအကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုး၊ မိသားစုအကျိုး စသဖြင့် လုပ်ဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့နဲ့ ဆိုင်ရာဝန်တွေကို ထမ်းရွက်နေရတာပါပဲ။ အဲလို ဆိုင်ရာ ၀န်တွေကို ထမ်းရွက်နေတဲ့ သူတွေကိုပဲ ၀န်ထမ်းလို့ ခေါ်ဆိုကြသလို မထမ်းရွက်နိုင်ရင်တော့ ၀န်ထမ်းအဖြစ် မခေါ်ဆိုနိုင်ပါဘူး။ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထုပ်လို့ ဆိုရမှာပါပဲ။ ဒီနေရာမှာ တာဝန်ဆိုတာကလည်း နေရာယူလိုခြင်းသဘောမဟုတ်ဘဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှ တာဝန်ရှိတာမျိုးမဟုတ်။ လူတိုင်းမှာ ဆိုင်ရာတာဝန် တွေ ရှိကြပါတယ်။ တာဝန်သိသူတိုင်းမှာ တာဝန်ရှိကြတာချည်း ဖြစ်ပါတယ်။ အသိဉာဏ်ရှိသူကမှ လောကတာဝန်ကို မယူဝံ့လျှင် အသိဉာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ်ရာမမြင်လို့ ဆိုရမှာပါပဲ။

ယနေ့အခါ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံ ဖြစ်တယ်လို့ အသိအမှတ်ပြု ခံထားရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက သဒ္ဓါတရား အားကောင်းသလောက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဟုတ်- မဟုတ် ဝေဖန်စိစစ်တတ်တဲ့ ပညာဉာဏ်က အားနည်းကြပါတယ်။ ဒါကြောင့် အထူးအဆန်းဆိုရင် သူ့ထက်ငါ ဦးအောင် သွားတတ်ကြတယ်။ ပုဂ္ဂိုလ်ထူးရင် ချည်းကပ်ကြတယ်။ သိချင်တာမေးမယ်။ ဖြစ်ချင်တာတွေ ပြောပြမယ်။ ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြမယ်။ ထို့အတူ ဓမ္မထူးရင် ထိုဓမ္မကို လက်ခံကျင့်သုံးဖို့ ဆည်းကပ်ကြပါတယ်။ ဓမ္မဆိုရာမှာလည်း ကုသိုလ်ဖြစ်ကြောင်း ဓမ္မနဲ့ အကုသိုလ်ဖြစ်ကြောင်း အဓမ္မဆိုပြီး ရှိပါတယ်။ ဓမ္မသည် ကုသိုလ်ဖြစ်ကြောင်း ဖြစ်ပြီး အဓမ္မမှာ အကုသိုလ်ဖြစ်ကြောင်း ဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။

ဓမ္မသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် (၄၅)၀ါ ကာလပတ်လုံး ဟောကြားခဲ့သည့်အတွက လည်းကောင်း၊ ပရိနိဗ္ဗာန် စံပြီး နောက်ပိုင်းမှာလည်း ဘုရားရှင်ချမှတ် ဟောကြားခဲ့တဲ့ မူအတိုင်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ စသဖြင့် ဟောရိုး ဟောစဉ်သာ ဖြစ်တဲ့ အတွက် အထူးအဆန်လို့ မဆိုသာပါဘူး။ အဓမ္မသည် ဘုရားဟောဒေသနာတော် တို့နှင့် ဆရာအစဉ်အဆက် လက်ခံအားကိုးအားထား ပြုခဲ့သော အဋ္ဌကထာ၊ ဋီကာတို့ကို မျက်ကွယ်ပြု ဆန့်ကျင်ကာ အဆန်းထွင်သော ၀ါဒဖြစ်လို့ အထူးအဆန်း ဖြစ်နေပါတယ်။ ထိုအခါမှာ အထူးအဆန်းကြိုက်သူတို့က မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဝေဖန်စီစစ်ခြင်းမရှိဘဲ ဆည်းကပ်ကာ နည်းနာနိဿယ ခံယူကြပါတော့တယ်။ ဒါကြောင့် ကျေးဇူးတော်ရှင် ဒီပဲယင်း ဆရာတော်ကြီးက “ဉာဏ်အမြင်နည်း၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်” ဟု ဆုံးမထားခြင်းဖြစ်ပါတယ်။ အရှင်ဇ၀န (မေတ္တာရှင်)က “အထူးအဆန်းကို ယုံလျှင် အရူးအနှမ်း ဖြစ်တတ်သည်” ဟု ဆုံးမထားပါတယ်။

နေရာတိုင်းမှာ ဆန့်ကျင်ဘက် သဘောရှိတတ်တာ သဘာဝတရား တစ်ခုပါ။ အတုနဲ့ အစစ်၊ အမှားနဲ့ အမှန်၊ အရှေ့နဲ့ အနောက်၊ အချစ်နဲ့ အမုန်း၊ စသဖြင့် ဆန့်ကျင်ဘက် သဘောတရားတွေကို လူတိုင်း မြင်တွေ့နေကြမှာပါပဲ။ ထို ဆန့်ကျင်ဘက် တွေထဲမှာ ဓမ္မနဲ့ အဓမ္မဆိုတဲ့ ဆန့်ကျင်ဘက် တရားကိုတော့ လူတိုင်းပိုင်းခြား သိစေချင်ပါတယ်။ ပြုသူရှိရင် ဖျက်သူဆိုတာ ရှိသလို ဖျက်သူရှိရင် ပြုပြင်သူဆိုတာလည်း ရှိတတ်စမြဲပါ။ ဖျက်ဆီးသူဟာ ပျက်ဆီးမှုကို ပိုင်ဆိုင်ပြီး ပြုပြင် သူဟာ ကောင်းမွန်မှုကို ပိုင်ဆိုင်ရပါတယ်။ ဖျက်ဆီးသူမဟုတ်ဘဲ ပြုပြင်သူတွေ ဖြစ်စေချင်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံခြင်း မရှိဘူးဆိုရင် မိမိကိုယ်တိုင်ပဲ သာသနာကို ဖျက်ဆီးသူဖြစ်မှန်း မသိ ဖြစ်နေတတ် ပါတယ်။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေမှ တူရာ တရားအစုတွေကို စုးစည်းပြီး ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် စသဖြင့် ပိဋကတ် သုံးပုံသတ်မှတ်ခဲ့ပါတယ်။ ထိုပိဋကတ်သုံးခုပေါင်းကို ပရိယတ္တိ သာသနာလို့ ခေါ်ပါသေးတယ်။ ဒါကြောင့် ၀ိနည်းတော်အတိုင်း မလိုက်နာရင် ၀ိနည်းပိဋကတ်ကို ပယ်ရာရောက် သလို သာသနာတော်ကို ပုတ်ခက်ရာ ရောက်သွားပါတယ်။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ခုနှစ်ရက်ကြာတဲ့ အခါမှာ အရှင်မဟာကဿဖရဲ့ နောက်လိုက်ရဟန်းတွေက ဘုရားရှင်ပရိနိဗ္ဗာန်စံ ပြီဖြစ်ကြောင်း သိရတဲ့ အတွက် ငိုကြွေးကြပါတယ်။ ဒါပေမယ့် သုဘဒ္ဒဆိုတဲ့ ရဟန်းတစ်ပါးကတော့ ငိုကြွေးခြင်း မရှိပဲ ငိုကြွေးနေတဲ့ ရဟန်းတော်တွေကို- “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ပြောခဲ့တယ်။ ဒီစကားတွေကို အရှင်မဟာကဿဖ ကိုယ်တော်ကြိး ကြားတော့- “ဘုရားရှင်ရဲ့ ရုပ်အလောင်းတော် ရှိစဉ်မှာပဲ ဒီလို စော်ကားတဲ့ သာသနာ့ ဆူးငြောင့်ရန်စွယ် အန္တရာယ်ပေါ်လာရင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူခဲ့ပါတယ်။

ထို့ကြောင့် အရှင်မဟာကဿဖ ကိုယ်တော်မြတ်သည် ဘုရားရှင် ကြွင်းကျန်ခဲ့သော ဓာတ်တော်တွေကို ခွဲဝေပြီးချိန်မှာ သံဃာ့ပရိတ်သတ်ကို အစည်းဝေးခေါ်ကာ- “ငါ့ရှင်တို့… ဘုရားဟောထားတဲ့ တရားတော်တွေဟာ မသီကုံးရသေးတဲ့ ပန်တွေလိုပဲ အစီအစဉ်မရှိဘဲ ဖြစ်နေတယ်၊ ပန်းတွေဟာ မသီကုံးဘဲ ထားရင် လေတိုက်တိုင်း လွှင့်တဲ့ အတွက် မကြာခင်မှာပဲ ကုန်သွားနိုင်ပါတယ်။ ဒီလိုပါပဲ… ဘုရားဟောဖော်ခဲ့တဲ့ တရားတော်တွေကို စီကာစဉ်ကာ သဘောတူ ပေါင်းစု မထားဘူးဆိုရင် အဓမ္မ၀ါဒ လေမုန်တိုင်း တိုက်ခတ်လို့ မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အစစ်အမှန်တရားတော်တွေ ပျောက် နိုင်ပါတယ်။ ငါ့ရှင်တို့… ဓမ္မ၀ါဒပဲ ဖြစ်ဖြစ်၊ အဓမ္မ၀ါဒပဲ ဖြစ်ဖြစ် အားကြီးဖို့ အကြောင်းတိုက်ဆိုင်လာရင် အားကြီးလာတတ်တယ်၊ အကယ်၍များ အဓမ္မ၀ါဒတွေ အားကြီးလာမယ်ဆိုရင် တစ်သာသနာလုံး ထိန်းမရ၊ သိမ်းမရအောင် ခက်ကုန်ကြလိမ့်မယ်၊ ဒါ့ကြောင့် အဓမ္မတွေ မထွန်းကားခင်၊ ဓမ္မတွေ မပျောက်ကွယ်ချိန်မှာ သင်္ဂါယနာ တင်ကြပါစို့” လို့ မိန့်တော်မူပါတယ်။

အရှင်မဟာကဿဖရဲ့ သင်္ဂါယနာတင်ဖို့ မိန့်လိုက်တဲ့ သြ၀ါဒကို ကြည့်ခြင်းအားဖြင့် အရှင်မဟာကဿဖဟာ သာသနာတော် အတွက် ကြောင့်ကြမဲ့ မနေခဲ့ပါဘူး။ သာသနာ့ ရန်စွယ်တွေကိုလည်း ဥပေက္ခာပြုလို့ မထားဘူးဆိုတာ ထင်ရှားပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်တစ်ရာကျော်လောက် ကြာတဲ့ အခါ ဝေသာလီပြည် ၀ဇ္ဇီုတိုင်းသား ရဟန်းများက- “ရဟန်းများ ရွှေ၊ ငွေ အလှူခံအပ်တယ်။ နေမွန်းလွဲပြီး နေရိပ်လက်နှစ်သစ် လွန်တဲ့အထိ ခဲဖွယ်များကို စားနိုင်တယ်။ သေရည်အနုစား၊ စိမ်ရည်အနုစားကို သောက်သုံးနိုင်တယ်”… အစရှိတဲ့ ၀ိနည်းတော် (၁၀)ချက်ကို ပြင်ဆင်ကျင့် သုံးကြ တယ်။ ဒီသတင်းကို အရှင်မဟာယသ ကြားသိရတဲ့ အတွက်- “ဗုဒ္ဓသာသနာ ပျက်စီးကြောင်းကို ကြားသိရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မတော်ပေဘူး။ ယခုပဲ ငါသွားလို့ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမယ်” လို့ အကြံဖြစ်ကာ အဓမ္မ၀ါဒီတို့ရဲ့ ဝေသာလီပြည်ကို အဖော်မပါ တစ်ပါးတည်း ကြွတော်မူကာ ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ အရှင်မဟာယသရဲ့ သာသနာတော် အပေါ်မှာ ဥပေက္ခာပြု မထားမှုပါပဲ။ သာသနာတော် အပေါ်မှာ လစ်လျှူရှုမနေခဲ့ပါဘူး။

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၅နှစ်လောက်မှာ သာသနာတော်မှာ ပစ္စည်းလေးပါး ပေါများသလောက် ရသေ့တိတ္တိ တို့မှာတော့ ပစ္စည်းလေးပါးရှားပါးလို့ သာသနာတော်ထဲကို တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးတော့ သူတို့ရဲ့ မိစ္ဆာအယူတွေ ကို မစွန့်ပဲ ယူမြဲ ယူထားကြတယ်။ အဲဒီတော့ သာသနာတော်ဟာ မသန့်မရှင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ဟာ ဒီသာသနာ့ ရန်စွယ်တွေကို ဖြေရှင်းဖို့ အတွက် အဓမ္မ၀ါဒီရဟန်းများနဲ့ အပြန်အလှန် အမေးအဖြေ အချေအတင်ပြုလုပ်ပြီး ၀ါဒတစ်ခုချင်းကို အနုစိတ်စီစစ်ကာ ဖယ်ထုတ်တော်မူခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည်လည်း သာသနာတော်ရဲ့ အဓမ္မတွေကို ကြောင့်ကြမဲ့ မနေခဲ့ဘူးဆိုတာ မြင်သာပါတယ်။ အရှင်အရဟံနဲ့ အနော်ရထာတို့လည်း ဆရာဒကာ ညီညွတ်စွာနဲ့ သာသနာ့ ဆူးငြောင့်တွေကို ရှင်းလင်း ခဲ့ကြတာ အားလုံး သိနှင့်ပြီးသားပါ။ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်က သာသနာ့ တာဝန်ကို ယနေ့တိုင်အောင် သံဃာတော် အရှင်သူမြတ်များက တာဝန်သိပြီး တာဝန်ရှိသည့် အားလျော်စွာ သာသနာ့ဝန်ကို ထမ်းရွက်နေကြဆဲပဲ ဖြစ်ပါတယ်။

လူများသည်လည်း နည်းလမ်းမှန်ကန်စွာနှင့် ဆရာကောင်းတို့ ထံမှာ ချည်းကပ်ကာ နည်းနာခံယူ တတ်စေချင်ပါတယ်။ ဒါထက်ပိုလို့ ဆရာဒကာ ညီညွတ်စွာနှင့် သာသနာ့ တာဝန်ကို ထမ်ဆောင်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်စေချင်ပါ တယ်။ ဓမ္မ၊ အဓမ္မကို ဝေဖန်ုပိုင်းခြားနိုင်ပြီး ဓမ္မအတွက် တာဝန်သိပြီး တာဝန်ကျေတဲ့ သူများ ဖြစ်စေချင်ပါတယ်။ ဒါသည် သာသနာ့ တာဝန်ကို ယူဝံ့သော ကိုယ်စီတာဝန်သိ စိတ်ပင်ဖြစ်ပါလိမ့်မယ်။

ဓမ္မချမ်းသာကို တွေ့အောင် ရှာနိုင်၍ ဓမ္မက ပေးသော ချမ်းသာအစစ်ကို ရရှိခံစားနိုင်ကြပါစေ…


ကျမ်းကိုး။ ။ ဥပေက္ခာမရှိသော နှလုံးသား - အရှင်နာရဒ (ဟိုပင်)