ဘုရားရှင်၏ သြ၀ါဒတော်နှင့် လိုက်နာဖွယ်ရာ

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့ အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
အထက်ပါကောက်နုတ်ချက်သည် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်လာ မြတ်ဗုဒ္ဓ၏ မိန့်မှာတော်မူချက် ဖြစ်ပါတယ်။


ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။
အဘယ်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက်ပေးနိုင် သောကြောင့် ဖြစ်ပါတယ်။

ထိုသို့ဆိုလျှင် ရတနာသုံးပါးနှင့် စပ်၍ အပြစ်ပြောဆိုကြသည်ကို တွေ့မြင်ကြားသိရာ၌ ဒေါသ၊ ဒေါမနဿ မဖြစ်စေဘဲ သည်းခံနေရုံမျှဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါး၏ တာဝန်ကျေပွန်ပါပြီလော… ဟု မေးစရာရှိလာသဖြင့် “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း ဖြေရှင်းရမည်ဟု ဆက်လက် မိန့်မှာတော် မူခဲ့ပါတယ်။

“တုမာကံ သတ္ထာ န သဗ္ဗညူ ဓမ္မော ဒုရက္ခာတော် သံဃော ဒုပ္ပဋိပန္နောတိ အာဒီနိ သုတွာ န တုဏှီ ဘ၀ိတဗ္ဗံ”
“သင်တို့၏ဆရာ ဘုရားမြတ်စွာသည် သဗ္ဗညူ မဟုတ်၊ တရားကို မကောင်းသဖြင့် ဟောတော်မူအပ်၏။ သံဃာသည် ကောင်းစွာမကျင့်၊ ဤသို့ အစရှိသော စကားတို့ကို ကြားသိရသည်ရှိသော် ဆိတ်ဆိတ်မနေအပ်”

“ဧ၀ံ ပန ၀တ္တဗ္ဗံ ဣတိပေတံ အဘူတံ န သဗ္ဗတ္ထ”
“ဤသို့ ပြောဆိုအပ်၏။ အကြင်စကားကို သင်တို့ ပြောဆိုအပ်၏။ ထိုစကားသည် ဤအကြောင်းလည်း မမှန်၊ ဤသို့ သဘောရှိသော အပြစ်သည် ငါတို့၌ ထင်ရှားမရှိ၊ ငါတို့၏ ဆရာဘုရားသည် အားလုံးကို သိတော်မူသည်သာတည်း၊ တရားတော်သည်လည်း ကောင်းစွာ ဟောကြားတော်မူအပ်သော တရားတော်ပင် ဖြစ်၏။ ရှစ်ယောက်အရိယာ မြတ်သံဃာတော် သည်လည်း ကောင်းသော အကျင့်ကို ကျင့်တော်မူ အပ်ပါပေ၏။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုအဖြစ် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်သည်၏ အဖြစ်၊ အရိယာသံဃာတော်၏ သုပ္ပဋိပန္န၏ အဖြစ်ကို ဤအကြောင်း ဤအကြောင်းတို့ကို ထောက်၍ သိအပ်ပါ၏” ဟု ပြောဆို ဖြေရှင်းအပ်၏။ သို့ရာတွင် နေရာတကာတိုင်း လိုက်၍ ဖြေရှင်းမနေရ။

အဘယ်ကဲ့သို့သော နေရာမျိုး၌ မဖြေရှင်းဘဲ နေရမည်နည်းမူ-
“သင်သည် သီလမရှိ၊ သင်၏ဆရာသည် အကျင့်မကောင်း၊ သင်သည် ဤမည်သော အမှုကို ပြုအပ်၏။ သင်၏ဆရာသည် ဤအမှုကို ပြုအပ်၏” ဟု ဆိုအပ်သည်ရှိသော ဆိတ်ဆိတ်နေလျက် သည်းခံအပ်၏။ စိတ်ဆိုးဒေါသ မထွက်ကြဘဲ ကဲ့ရဲ့ စကားကို ဖြေရှင်းအပ်၏။ “သင်သည် မြည်းလိုကောင်၊ နွားလိုလူ” စသည်ဖြင့် ဆဲရေးသော ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ သည်းခံ ခြင်းကိုသာ ပြုအပ်၏။ (ဒီ၊ ဋ္ဌ၊ ၁၊ ၅၃)။

အထက်ပါ ပါဠိတော်၊ အဋ္ဌကထာများအရ “သာသနာ့ ၀န်ထမ်း ရှင်ရဟန်းများ အနေဖြင့် ရတနာသုံးပါး၏ အပြစ်ပြ စကားတို့ကို တွေ့မြင်ကြားသိရသည် ရှိသော် မဟုတ်လျှင် မဟုတ်သည့် အတိုင်း ပြန်လည် ဖြေရှင်းအပ်၏။ မိမိနှင့်မိမိ၏ ဆရာသမား သိက္ခာတရားနှင့် ပတ်သက်သော အပြစ်ပြစကားတို့ကို တွေ့မြင်ကြားသိရသည့် အခါ အရေးလုပ်ကာ ဖြေရှင်း မနေဘဲ လျစ်လျူရှုကာ သည်းခံအပ်၏” ဟု မှတ်သားရပါတယ်။

ယခုမူကား မိမိနှင့် မိမိဆရာသမားကို ထိပါးလာလျှင် ချက်ချင်း တုံ့ပြန်လိုကြသော်လည်း ရတနာသုံးပါးနှင့် ပတ်သတ်လာ လျှင် ကိုယ်နှင့် မဆိုင်သလို ဆိတ်ဆိတ်နေကြပါတယ်။ ထိုအကြောင်းတို့ကို ဖြေရှင်းရန်မှာ ရဟန်းသံဃာတော်များသာ တာဝန်ရှိသည်ဟု မခံယူသင့်ပါ။ သံဃာတော်များကို ဦးဆောင်ဦးရွက်ပြု၍ (ဗုဒ္ဓဘာသာဝင် အမည်ခံသူ) လူများသည်လည်း ဆောင်ရွက်ရပါမယ်။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသော အနာဂတ်သာသနာရေး ကျမ်းတွင် လူများလည်း သာသနာပြုနိုင်ပုံကို အကျယ်တ၀င့် ရေသား ဖော်ပြထားပါတယ်။ ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် လူတွေ အနေဖြင့် သာသနာနှင့် မလျော်ညီသည့် အပြုအမူများအပေါ် ဝေဖန်စမ်းစစ်၍ အမှန်တရားဖြစ်အောင် ဆောက်ရွက်နိုင်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာဝင်အများစုသည် သူများပါးစပ်နှင့်သာ လမ်းဆုံးနေပြီး အမှားအမှန်၊ ဘုရားဟောနှင့်ကိုက်ညီမှု ရှိ၊ မရှိ မချင့်ချိန်တတ်ကြပါ။ သာသနာဆိုတာ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ အချိန်မှာ သက်တမ်းအရှည်ကြာဆုံး အဖွဲ့အစည်းကို ပြပါဆိုလျှင် သံဃာ့ အဖွဲ့အစည်းကို ပြရမှာပဲ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ရလေအောင် ဘုရားရှင်သည် ၀ိနည်းတော်များ ပညတ်၍ ဆောင်ရွက်တော်မူခဲ့ပါတယ်။ ထိုဝိနည်းတော်ဆိုရာမှာ တချိန်တည်းမှာပင် ၀ိနည်းတော်အဖြစ် ပညတ်ခဲ့ခြင်းမဟုတ်ပဲ သာသနာတော်ကို ထိခိုက်၊ ပျက်စီး ညှိုးနွမ်းစေမည့် အပြုအမူများ ပေါ်ပေါက်လာမှသာ လိုအပ်သလို ပညတ်ခဲ့ခြင်းဖြစ်ပါတယ်။

“၀ိနယော နာမ သာသနဿ အာယု= ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေး မထေရ်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှ အရေးကြီးလှသည်ကို နားလည် သဘောပေါက်သင့်ပါပြီ။ သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့သည်မှာ ပုံပြင်တွေ မဟုတ်ပါ။

စာပေအရပြောဆို နေရုံသပ်သပ်ဖြင့် အရာမရောက်ဟု မဆိုသင့်ပါပေ။ ယနေ့ စာပေနှင့် ပြောဆိုခြင်းကို လက်မခံနိုင်ကြပဲ ဘုရားရှင်ဟောသည့် ကာလာမသုတ်တော်လာ အချက်များကို ပြောတတ်ကြပါတယ်။ အနည်းငယ်မျှ စဉ်းစားတတ်စေချင် ပါတယ်။ ထိုအချိန်ကာလမှာ ဘာသာအယူဝါဒ အမျိုးမျိုး ပေါ်ပေါက်ပြီး လူတွေကို စည်းရုံးဟောကြား သဖြင့် ဘုရားရှင်က ကာလာမသုတ် အတိုင်း ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးမှာ ကာလာမ ပုဏ္ဏားတို့က ဗုဒ္ဓ၀ါဒကို လက်ခံကြတာ အမှန်ပါပဲ။ ယခုအချိန်မှာ မြတ်စွာဘုရားဟောခဲ့တဲ့ ပိဋတ်ကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် အထင်အရှားရှိပါ လျှက် ဗုဒ္ဓဘာသာလို့ ခံယူထားတဲ့ သူတွေက ဘုရားဟော ပိဋကတ်ကို မယုံကြည်သေး သလား? ပိဋကတ်တော်မှာ ပါတဲ့ တရားတွေကိုပဲ ကိုယ်တွေ့မဟုတ်လို့ စိတ်မချရဘူးလို့ ဆိုလိုချင်ကြတာလား?

ဘုရားရှင်သည် ကာလာမသုတ်ကို ဟောစဉ်မှာ သူ့ဘာသာ၊ ငါ့ဘာသာလို့ အပြိုင်အဆိုင် စည်းရုံးနေချိန် ဖြစ်တာကြောင့် ကာလာမပုဏ္ဏားတို့ကို တဆင့် စကားဆိုလည်း မယုံဖို့၊ စာပေကျမ်းဂန် (ဗုဒ္ဓစာပေကို မဆိုလို ဗုဒ္ဓစာပေ အပြည့်အစုံ မပေါ်ပေါက်သေးသော ကာလ တခြားဘုရားတို့၏ စာပေ၊ ရိုးရာစာပေကိုသာ ဆိုလိုသည်) နှင့်ကိုက်ညီတယ် ဆိုပြီးတော့လည်း မယုံဖို့ စသဖြင့် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ဆိုရခြင်းမှာ ဘာသာဝါဒချင်း အပြိုင်အဆိုင်ဖြစ် နေတဲ့ အတွက်ကြောင့် လက်တွေ့ လိုက်နာကြည့်ပြီးမှ ယုံကြည်ဖို့ ဟောကြားခြင်းဖြစ်ပါတယ်။ ယခုအခါမှာ ကိုးကွယ်အား ထားရာ အစစ်မှန်ဖြစ်တဲ့ ဘုရားဟောတရားတွေ ရှိနှင့်နေပြီဆိုတာ လူတိုင်း ယုံကြည်ကြမှာပါ။ ထိုတရားတော်တွေသည် ပိဋကတ်တော်မှာပါတဲ့ အတိုင်းဖြစ်လို့ စာပေပိဋကတ်ကို မယုံကြည်ရင် တရားကို မယုံကြည်ရာ ရောက်ပါလိမ့်မယ်။ ထိုနည်းတူ တရားဆိုရင်လည်း စာပေနှင့်ပါ တိုက်ဆိုင်စစ်ဆေး ခံနိုင်ရပါမယ်။

ထို့သို့ ဆိုရလျှင် စာပေသည် သာသနာတော် အတွက် မည်မျှ အရေးပါသည်ကို မှန်းဆ သိမြင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါတယ်။
“တရားမနာ၊ စာပေမသင်၊ နှုတ်တွင် မဆောင်၊ သိအောင် မမှတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာ ဘုရားသာသနာ ကွယ်ကြောင်းတည်း” ဆိုသည့် အတိုင်း-
စာပေမသင်ကြားခြင်းပင်လျှင် သာသနာကွယ်ကြောင်းဟု ဘုရားရှင် ဟောကြားဆုံးမခဲ့သည်ကို သတိပြုစေလိုပါတယ်။

ထို့အပြင် ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုခဲ့ကြပါတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ ဖြစ်ပါတယ်။ ပရိယတ်မပါသော ပဋိပတ်သည်လည်း စနစ်မကျသလို ပရိယတ် သပ်သပ်နှင့် ပဋိပတ် မပါလျှင်လည်း အကျိုးမများနိုင်ပါ။ ထိုသဘောကို နားလည် လက်ခံနိုင်ကြပါစေ…

ကျွန်တော်တို့ သာသနာသည် တနေ့မှာ ကွယ်ရမယ်ဆိုတာ ယုံကြည်လက်ခံပါတယ်။ သို့သော် သာသနာ ထွန်းကာနေချိန် မှာတော့ စစ်မှန်သည့် နည်းလမ်းအတိုင်းသာ ဖြစ်စေချင်တာ မှန်ကန်သော ဆန္ဒပါ။ ငယ်စဉ်ဘ၀ကတည်းက စာပေလေ့လာ သင်ယူဆည်းပူးခဲ့သော ဆရာတော်ကြီးများ၏ ကျေးဇူးဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ မေ့လျော့ထားလို့ မသင့်တော်ပါပေ။ မိမိတို့ကိုယ်တိုင် သာသနာ အကျိုးကို စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ရင်တောင် မိမိတို့ကြောင့် သာသနာတော်၏ သိက္ခာတွေကို မပျက်စီး၊ မညှိုးနွမ်းစေဖို့တော့ တာဝန်ယူပေးကြပါ။

စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်မည် ဆိုပါသော် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာနှင့် သင့်တော်မှန်ကန်သည့် တရားဓမ္မများကိုသာ ရွေးချယ် ဆောင်ရွက်တတ်စေလိုပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ…

9 comments:

ကလျာထက် said...

မှတ်သားစရာလေးတွေ ဖတ်မှတ်ရလို့ ကျေးဇူးပဲနော်..

မည်သည့်အကြောင်းပဲ ဖြစ်ဖြစ် မိမိတို့ရဲ့ အစွဲလေးတွေနဲ့ ကြည့်မယ်ဆို ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ ဖြစ်ချင်နေတာတွေ ကွာခြားနေတတ်ပါတယ်။

စိတ်ရင်းစေတနာကောင်းတဲ့လူ အတွက်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို ဦးစားပေးတတ်ပေမဲ့.. အစွဲကြီး ကိုယ်ကျိုးကြည့်သူတွေကတော့ ဖြစ်ချင်တာကိုပဲ ဦးစားပေးတတ်ပါတယ်...

ဘာပဲဖြစ်ဖြစ် သာသနာ့ကောင်းကျိုးအတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြည့်တတ်မြင်တတ်တာကို အထူးပဲ ချီးမွမ်းမိပါတယ်။ ကျန်းမာ ချမ်းသာပါစေ။

tknn said...

ဘုရားရှင် ဖြည့်ကျင့်ခဲ့ရတဲ့ အချိန်ကာလတွေကို လေးစားတန်ဖိုးထားကြသူတိုင်း သာသနာ့အရေးနဲ့ ကြုံလာရင် ၀ိုင်းဝန်းဖြေရှင်းသင့်တယ်လို့မြင်ပါတယ်။ဒီလိုကာလမှာ ဒီပို့စ်လေးရေးသားဖော်ပြခြင်းအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ် ကိုအောင်ဦး..ဖြစ်နိုင်ရင် ဒီလို သာသနာ့အရေးအတွက် ရေးထားတဲ့ပို့စ်တွေကို စုစည်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေစေချင်ပါတယ်
မေတ္တာဖြင့်
အရှင်တိက္ခဥာဏာလင်္ကာရ

flowerpoem said...

ပညာပေးတရားစာများ လာဖတ်ပါတယ် ကိုအောင်ဦး ဒီ့ထက်မက သသာနာ အကျိုးကို ဆောင်ရွက်နိုင်ပါစေ

လွမ်းသုရင် said...

တရားတွေနာယူ မှတ်သားသွားပါတယ် မောင်လေး

အနမ်း said...

ဗုဒ္ဓရဲ့မိန့်မှာချက်တွေကို မျှဝေပေးတဲ့အတွက် သိချင်တာတွေ
သိခဲ့ရလို့ ကျေးဇူးတင်ပါတယ် အောင်ဦးရေ။
ဆက်လက်ပြီး သာသနာအကျိုးသယ်ပိုးထမ်းဆောင်နိုင်ပါ စေ။

အနမ်း said...

ဗုဒ္ဓရဲ့မိန့်မှာချက်တွေကို မျှဝေပေးတဲ့အတွက် သိချင်တာတွေ
သိခဲ့ရလို့ ကျေးဇူးတင်ပါတယ် အောင်ဦးရေ။
ဆက်လက်ပြီး သာသနာအကျိုးသယ်ပိုးထမ်းဆောင်နိုင်ပါ စေ။

ဇွန်မ said...

"ဘုရားရှင်၏ သြ၀ါဒတော်နှင့် လိုက်နာဖွယ်ရာ" ဖတ်ပြီး မှတ်သားသွားပါတယ် ။တန်ဖိုးရှိတဲ့ စာသားလေးတွေ မျှဝေပေးတာ ကျေးဇူးနော်

ညီမလေး said...

ဖတ်ရှုလေ့လာ သိရှိ မှတ်သားသွားပါတယ် အကိုရေ.. သာသနာ့အကျိုးကို ဘုရားတမျက်နှာတည်းကြည့်ပြီး ပိုမိုလို့  သယ်ပိုးသွားနိုင်ပါစေ....

ညီမလေး

ဒီဇင်ဘာနှင်း said...

သာသနာနဲ့ပက်သက်တဲ့အကြောင်းလေးတွေကို ဗဟုသုတအဖြစ်ရေးပေးထားလို့ ကျေးဇူးတင်ပါတယ် ကိုအောင်ဦးရေ