အမေ မွေးဖွားပေးခဲ့သောနေ့

မွေးဖွားခြင်းက အစတည်ခဲ့ရတဲ့ ဘ၀တခုကို ဖြစ်တည်လာတာဟာ ၂၅နှစ် တိုင်ခဲ့ပါပြီ။ အားလုံးကတော့ မွေးနေ့လို့ ပြောကြတာပေါ့။ မွေးဖွားခဲ့တဲ့ မွေးနေ့ဆိုကတည်းက သေဆုံးရမယ့် သေနေ့လည်း ရှိတယ်ဆိုတဲ့ အသိပါ ရရှိလိုက်ပါတယ်။ တနည်း မွေးဖွားခြင်း လက်မှတ်နဲ့အတူ သေဆုံးခြင်း လက်မှတ်ပါ တွဲပါလာတယ်လို့ ဆိုရမှာပါပဲ။ မွေးခဲ့ပြီးပေမယ့် မသေဆုံးခင် ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်မှာ လောကအကျိုး၊ မိဘကျေးဇူးနှင့် မိမိအကျိုးအတွက် အကောင်းဆုံး လုပ်ဆောင်ချင်တာ ကျနော်ရဲ့ ဆန္ဒပါ။ ဘယ်လိုပဲ ဖြစ်ပါစေလေ… အခုလို ရပ်တည်နေထိုင် သွားလာ နိုင်ဖို့ အတွက် ဘယ်သူက ထောက်ပံ့ပေးခဲ့သလဲ ဆိုရင် မာတာမိခင်ကိုပဲ မြင်မိပါတယ်။ ရင်ထဲကနေ ကိုးလလွယ်ရုံသာ မကပဲ ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ကနေ အချိန်တန်အရွယ်ရောက်ပြီး လောကအလယ်မှာ ရပ်တည်နိုင်ဖို့ အထိ ပြုစု ယုယခဲ့သူကလည်း အမေပါပဲ။ မိဘဆိုတာ အမေနဲ့ အဖေ နှစ်ဦးလုံးကို ပြောတာ ဖြစ်တဲ့ အတွက် အမေလို့ ရေးလိုက်ပေ မယ့် အဖေကိုလည်း ပြောပြီးသား ဖြစ်တယ်လို့ အောင့်မေ့မိပါတယ်။ သားတို့ကို မွေးဖွားခဲ့တဲ့ အမေနှင့် အဖေ… ကျန်းမာချမ်းသာစွာနဲ့ သူတော်ကောင်းတရားများကို လိုက်နာ ကျင့်သုံး နေထိုင်နိုင်၍ သူတော်ကောင်းတို့ ရောက်ရှိရာ ပန်းတိုင်ကို ရရှိခံစားနိုင်ပါစေ…လို့ တောင်းဆုပြုရင်း ရှိခိုးဦးချလိုက်ပါတယ်။

အမေ… လူရယ်လို့ ဖြစ်လာရတဲ့ အချိန်မှာ ပထမဆုံး ထိတွေ့ခွင့်ရတာက အမေပါပဲ။ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နို့ချို တိုက်ကျွေးပြီး ပြုစုခဲ့သူလည်း အမေပါ။ သားတို့ကို ပြုစုလုပ်ကျွေးခဲ့ရလို့ ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်ပင်ပန်း တယ်၊ တချိန်ချိန်မှာ သားတို့ဆီက ဘာတွေ ပြန်ပြီး ယူရမယ်လို့ အကြွေးသဘောမျိုးနဲ့ သတ်မှတ်ထားခြင်းလည်း အမေ့မှာ မရှိပါဘူး။ သားတို့ အတွက်ဆိုရင် မရှိဘူး၊ မဖြစ်နိုင်ဘူးဆိုတာကို မပြောပဲ ရအောင် ကြိုးစားပြီး ဖြည့်ဆည်းပေးတတ်တဲ့ အမေ့ရဲ့ မေတ္တာတွေကိုလည်း လေးစားတန်ဖိုးထားမိပါတယ်။ လောကမှာ တန်ဖိုးသတ်မှတ်ခြင်းမရှိပဲ စွန့်လွှတ်မှု သပ်သပ်နဲ့ ပေးတဲ့ အရာတိုင်းဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့လည်း မရပါဘူး။ တန်ဖိုးကန့်သတ်လို့လည်း မရပါဘူး။ ဒါကြောင့် အမေ့ရဲ့ မေတ္တာနဲ့ ဂုဏ်ကျေးဇူးဆိုတာ “အနန္တ= အတိုင်းအဆမရှိ ကြီးမားတယ်” လို့ ဆိုရတာပါ အမေ…။

အမေ… တခါတလေ သား စဉ်းစားမိပါတယ်။ မိဘတွေဟာ ငယ်စဉ်ကတည်းက သားသမီးတွေကို ကောင်းကင်က လမင်းနဲ့ ပမာနှိုင်းဆို ပြောတတ်ကြတယ်။ အမေတို့ကိုယ်တိုင်က ကုမုဒြာကြာတွေ ပမာဖြစ်နေတာကိုတော့ မေ့နေတယ်လေ။ သားသမီး ဆိုတဲ့ လမင်းကြီး အပြစ်ကင်းစင် ကြည်လင်ဝင်းပနေပြီ ဆိုရင် အမေတို့ရဲ့ မျက်နှာ ကုမုဒြာတွေလည်း ပြုံးရွှင် ပွင့်လန်းနေ ရတာပါပဲ။ ဟုတ်ပါတယ် အမေ။ သားတို့ဘ၀မှာ မပင်းမပန်ပဲ နေထိုင်နိုင်ဖို့ဆိုပြီး ပညာတွေကြိုးစားဖို့ အမြဲ တိုက်တွန်းခဲ့ရင်း အမေကိုယ်တိုင် အညာဒေသရဲ့ နေပူထဲမှာ လောကဓံကို ရင်ဆိုင်ခဲ့တာ မြင်ယောင်မိပါတယ်။ နထင်ကနေ စီးကျလာတဲ့ ချွေးစီးကြောင်းကြောင့် ပျက်စီးခဲ့ရတဲ့ ပါးကွက်ကြားနဲ့ အမေ့မျက်နှာဟာ ကမ္ဘာမှာ အလှပဆုံးလို့ပြောရင် လွန်မယ်မထင်ပါဘူး အမေ။ အခုဆိုရင် ဇရာတရားကြောင့် အမေလည်း တနေ့ထက် တနေ့ အိုမင်းလာသလို ရုပ်အလှတွေလည်း မလှနိုင်တော့ ပါဘူး။ ဒါပေမယ့် အမေ့စိတ် နှလုံးသားမှာတော့ ထာဝရ လှပ သန့်ရှင်းနေတယ်ဆိုတာ သား ယုံကြည်မိပါတယ်။

အမေ… စွန့်လွှတ်သူဆိုတာ စွန်လွှတ်သူနဲ့ အတူတူပါပဲ။ စွန်လွှတ်သူဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ၊ သူလွှတ်တဲ့စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ ကျေနပ်နေတတ်သူမျိုးပါ… တဲ့။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ဆိုတာ တက်နေတဲ့ စွန်ကိုသာ ကြည့်ကြပြီး စွန်လွှတ်သူကို ကြည့်လိုတဲ့သူက ရှားပါတယ်။ ဒီလိုပါပဲ… မိဘတွေဆိုတာ ပတ်ဝန်း ကျင်က ဖြစ်စေ၊ သားသမီးတွေ ကိုယ်တိုင်က ဖြစ်စေ သူတို့ကို အသိအမှတ်ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့ကိုယ်တိုင် သားသမီးဆိုတဲ့ စွန်ကလေးတွေ အန္တရာယ်ကင်းကင်းနဲ့ တက်နေတာကို ကြည့်ပြီး ပီတိနဲ့ ကျေနပ်နေသူတွေပါပဲ။ သက်မဲ့ဖြစ်တဲ့ စွန်ကတော့… ငါအခုလို ကောင်းကင်မှာ ၀ဲပျံနေနိုင်တာဟာ စွန်လွှတ်သူက ကြိုးနဲ့ဆွဲချည် လွှတ်တင်ပေးနေ လို့ပဲ ဆိုတာ မသိပေမယ့် သားအတွက်တော့ အခုလို လောကမှာ ရပ်တည်နေနိုင်တာဟာ အမေ့ ကျေးဇူးတွေနဲ့ အမေ့ပေးတဲ့ ခွန်အား တွေကြောင့်ပဲ ဖြစ်ပါတယ် အမေ…။

အမေ… သားတို့အနေနဲ့ ကျေးဇူးတရားတွေကို သိပြီးရင် သိတဲ့ အတိုင်းလည်း တုန့်ပြန်ရမှာပါ။ သားလည်း အခုအချိန်မှာတော့ အဝေးကနေပဲ အာမိသပူဇာအနေနဲ့ ကျေးဇူးဆပ်နိုင်သလို ဓမ္မပူဇာ အနေနဲ့လည်း သားသိထားတဲ့ အသိတရားတွေ ကို ကျေးဇူးဆပ်စကားတွေ အဖြစ် ပြောခွင့်ရလို့ ၀မ်းသာပါတယ် အမေ…။ သက်မဲ့ စွန်ကို မျက်စိနဲ့ မြင်နိုင်တဲ့ ကြိုးနဲ့ ချည်ပြီး လွှတ်တာဖြစ်လို့ ရာသီဥတု၊ အခြေအနေ အချိန်အခါကို ကြည့်ပြီး ကိုယ်လိုအပ်သလို တင်နိုင် ချနိုင်ခွင့်ရှိပါတယ်။ မိဘတွေ ကတော့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ မေတ္တာကြိုး၊ သံယောဇဉ်ကြိုးနဲ့ ချည်ဖွဲ့ထားတာ ဖြစ်လို့ မိဘတို့ လိုသလို ဆွဲမယူနိုင်ပဲ သားတို့ အလိုဆန္ဒနောက်ကို မေတ္တာကြိုးတွေ လျော့ပြီး နေပေးကြတာကိုလည်း မြင်ယောင်မိပါတယ် အမေ။ မေတ္တာပုံရိပ် ကို မေတ္တာမျက်ဝန်းရှိသူတို့သာ မြင်နိုင်ပါတယ်လေ။ သားတို့ အတွက် ပေးဆပ်မှု သပ်သပ်နဲ့သာ အမြဲပြောခဲ့တဲ့၊ နေခဲ့တဲ့ အမေ့ မေတ္တာတွေ၊ ကျေးဇူးတရားတွေကို ကျေအောင်ဆပ်နိုင်ဖို့ သား ကြိုးစားပါမယ် အမေ။

အမေ… ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားဓမ္မတွေဟာ အစမထင် သံသရာထဲမှာ တ၀ဲလည်လည် ခံစားနေရတဲ့ သံသရာ ၀ဋ် ဒုက္ခအားလုံးတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတဲ့ တကယ့်ချမ်းသာ အစစ်ကို ရရှိစေနိုင်တဲ့ နည်းလမ်းမှန်ဖြစ်လို့ အနန္တ ကျေးဇူးဂုဏ်နဲ့ ပြည့်စုံတယ်လို့ ဆိုရတာပါ။ ဘုရားရှင်က ဘုရားဖြစ်ပြီးတဲ့နောက် ကိုးလလောက် ကြာတဲ့အခါမှာ လက်ယာရံ၊ လက်ဝဲရံ မထေရ်မြတ်နှစ်ပါးတို့ ရဟန္တာအဖြစ်ရောက်ရှိပြီး ဖြစ်လို့ တပည့်သာဝက ပရိသတ်အင်္ဂါရပ် စုံညီပြီ ဖြစ်တဲ့ အတွက် သာဝကစုံညီ သြ၀ါဒ ခံယူပွဲကြီး ပြုလုပ်ပါတယ်။ အဲဒီ သာဝကစုံညီပွဲရဲ့ သြ၀ါဒအဖြစ် ဟောညွှန်ဆုံးမတော်မူတဲ့ အခါမှာတော့ ပွင့်တော်မူပြီးသမျှ သမ္မာသမ္ဗုဒ္ဓဘုရားရှင် အားလုံးတို့ တူညီစွာ ချမှတ်မြဲဖြစ်တဲ့ …

(၁) သဗ္ဗပါပဿ အကရဏံ = မကောင်းမှု မှန်သမျှ လုံးဝ မပြုလုပ်ရ။
(၂) ကုသလဿ ဥပသမ္ပဒါ = ကုသိုလ်ကောင်းမှုများကို ပြည့်စုံ စေရမည်။
(၃) သစိတ္တပရိယောဒပနံ = မိမိစိတ်ကို စင်ကြယ်စေရမည်။ ဆိုတဲ့ သာသနာ့ အခြေခံမှု သုံးရပ်ကို လမ်းညွှန်ချ မှတ်ခဲ့ပါတယ်။

တနည်းပြောရရင် အထက်က ဆိုလိုတဲ့ သုံးချက်ဟာ သာသနာတော်ရဲ့ အနှစ်ချုပ်ပါပဲ အမေ။ မိမိရဲ့ ကိုယ်နှုတ်စိတ် စတဲ့ ကံသုံးပါးလုံးမှာ မကောင်းဘူးဆိုတဲ့ အရာမှန်သမျှကို မလုပ်ဖို့၊ ကောင်းတယ်ဆိုတဲ့ အရာမှန်သမျှကို ပြုလုပ်ဖို့နဲ့ မိမိရဲ့ စိတ်ကို သန့်ရှင်းစင်ကြယ်အောင် ထားဖို့ အရေးကြီးပါတယ်။ အမေ့မှာ စိတ်ဓာတ်ကောင်းတွေ ရှိနေပြီး ဖြစ်လို့လည်း ၀မ်းသာပီတိ ဖြစ်မိပါတယ်။ အဲဒီ စိတ်ဓာတ်ကောင်းကိုလည်း ဘယ်လို အကြောင်းကြောင်းနဲ့မှ မပျက်စီးစေဖို့ သတိပေးချင် ပါတယ်။ သတိဆိုရာမှာ သတိထားလို့ သတိရှိနေတာထက် အချိန်တိုင်း သတိရှိရှိနေတတ်အောင် ကြိုးစားစေချင်တာပါ။

အမေ… အခုဆိုရင် အမေလည်း အသက်အရွယ်အားဖြင့် ဒုတိယ အရွယ်ကို ပြည့်လုနီးပါး ရှိနေပါပြီ။ အခုအချိန်မှာတော့ နောက်ဆုံး နေ၀င်ချိန်မှာ အပြုံးနဲ့ လောကကို နှုတ်ဆက်နိုင်တဲ့ သူဖြစ်စေချင်တာ သား ဆန္ဒပါ။ အမေ့ နှလုံးသား ဇာတ်ညွှန်းဆရာ ဆိုတဲ့ မနောကံက ညွှန်ကြားတဲ့ အတိုင်း ၀စီကံနဲ့ ကာယကံတို့ ကပြခဲ့တဲ့ အမေ့ရဲ့ တဘ၀ ဇာတ်လမ်းမှာ ဇာတ်သိမ်းလှစေချင်ပါတယ်။ ငိုကြွှေးခြင်းနဲ့ အဆုံးသတ်ရတဲ့ ဇာတ်လမ်းကို ဘယ်သူမှ မနှစ်သက်ကြပါဘူး။ တချို့ကတော့ လွမ်းတမြေ့မြေ့နဲ့ ဆွေးမြေ့ကျန်ခဲ့ရတာကို နှစ်သက်တာရှိပါတယ်။ ဘ၀ဇာတ်ခုံမှာတော့ ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင် ကပြရတာဖြစ်တဲ့ အတွက် အငိုနဲ့ ဇာတ်သိမ်းရမယ်ဆိုရင် သံသရာမှာလည်း ဆက်၍ ဆက်၍ ငိုနေရဦးမှာပဲပေါ့။

အမေ… သံသရာ တစ်လျှောက်မှာ သားတို့ ငိုခဲ့ရတဲ့ မျက်ရည်ဆိုတာ သမုဒ္ဒရာ လေးစင်းထဲက ရေတွေထက် ပိုများပါတယ် တဲ့။ ဆောင်းရာသီရောက်ရင် မြူနှင်းတွေဝေရသလို သမုဒယ မကင်းသမျှတော့ သတ္တ၀ါတိုင်း လူသားတိုင်း မျက်ရည်နှင်းတွေ ဝေနေရဦးမှာပေါ့။ တနည်းပြောရရင် သမုဒယ မကင်သေးရင်တော့ ဒုက္ခရနေဦးမှာပါပဲ။ ဒါကြောင့် ဒီဘ၀ဇာတ်သိမ်း ရမှာချင်း အတူတူ ဘ၀ကူးကောင်းအောင် မလုပ်ပါနှင့်၊ ဘ၀ချုပ်ငြိမ်း ရုပ်ဇာတ်သိမ်းအောင် လုပ်ပါလို့ မိုးကုတ်ဆရာ တော်ကြီးက ဆုံးမခဲ့ပါတယ်။ အချိန်တွေ တစ်နေ့၊ တစ်ရက်၊ တစ်မိနစ်၊ တစ်စက္ကန့်ကုန်ဆုံးသွားတာနဲ့ သေဖို့ နီးသထက် နီးလာပြီ ဆိုတဲ့ အသိကို အမြဲ ရှိစေချင်ပါတယ်။ လူဆိုတာက မသေတော့ဘူးထင်၊ အခုဖြစ်တည်နေတာတွေ အားလုံးက ရေရှည် တည်တံ့မယ် ထင်ပြီးတော့ လောဘအလိုကို လိုက်နေတတ်ကြတယ်။ ဂုဏ်ပကာသနတွေ အလယ်မှာ ရစ်မူးနေတတ်ကြပါ တယ်။ လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့် အသက်ရှင်ရတာဟာ ဘာလုပ်ဖို့ လဲဆိုတာ အထိတော့ဆက်ပြီး မစဉ်းစားတတ်ကြဘူး။ အမေကိုယ်တိုင်ပဲ စဉ်းစားသိရှိစေချင်ပါတယ်။

အမေ… သေခြင်းဆီကို သွားနေတဲ့ သားတို့က သေခြင်းက လွှတ်မြောက်အောင် လုပ်ရမယ်။ သားမွေးနေ့မှာ မွေးဖွားခြင်း တဖန် မဖြစ်တော့တဲ့၊ မွေးနေ့ ကင်းသူဖြစ်အောင် ကြိုးစားအားထုတ် ရမယ်လို့ အသိတွေ ရရှိပါတယ်။ သေရမှာကလည်း မလွဲမသွေ ဖြစ်နေတော့ ကိုယ့်သေခြင်းတရားကို စဉ်းစားပြီး … မအိုမီ၊ မနာမီ၊ အခုလို ကျန်းမာနေတုန်း၊ ဉာဏ်ရွှင်တုန်း၊ အဆင်ပြေနေတုန်းမှာ ငါတို့ အတွက် အားကိုးရာ အစစ်အမှန်ကတော့ တရားအားထုတ်ထားမှပဲ လို့ ဆုံးဖြတ်ချက် ချထား ရမယ် အမေ။ အခြား အားကိုးရာ အစစ်အမှန် မဟုတ်တာတွေနဲ့ အချိန်မဖြုန်းပါနဲ့တော့။ အမှားတကာ အမှားထဲမှာ ကိုးကွယ်အားထားရာ မှားခြင်းဟာ အဆိုးဆုံးပါပဲ အမေ။ တရားစစ် တရားမှန်နှင့် မွေ့လျော်ပျော်နိုင်ပါစေ…

အမေ.. သားလည်း ကံကောင်းလို့ ကျန်နေတဲ့ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးချပြီး အသုံးကျတဲ့ သူတယောက်ဖြစ် အောင် ကြိုးစားနေပါတယ်။ နေ့စဉ် မိဘတို့ ကျေးဇူးဂုဏ်ကိုလည်း အောင့်မေ့ သတိရလျက်ပါ။ သားပြုသမျှ ကုသိုလ် ကောင်းမှု အစုစုတို့ကိုလည်း အမျှပေးဝေပါတယ် အမေ။

အမေ… နေ့စဉ် နေစဉ် တရားအသိနှင့် နေထိုင်နိုင်သဖြင့် တရားကြောင့် ရရှိတဲ့ ချမ်းသာသုခကို ရရှိခံစား နိုင်ပါစေ…


၁၈.၁၁.၂၀၀၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ၂၅ နှစ်ပြည့် မွေးနေ့မှာ ယခုဘ၀ ကျေးဇူးရှင်မိဘနှင့် သံသရာ အဆက်ဆက်က တော်စပ်ခဲ့ဖူးသော မိဘများအားလုံးကို ယခုစာဖြင့် ဂါဝရ ပြုအပ်ပါတယ်။


အမေများအတွက် တရားတပုဒ်

“သားလှချစ်စွာ မိမာတာ၏၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။


video

မိဘမေတ္တာသားလိမ္မာ

ဆရာတော် အရှင်သုဇာတ ဟောကြားတော်မူသော “မိဘမေတ္တာ သားလိမ္မာ” တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ နာကြားကုသိုလ်ယူနိုင်စေရန် ဓမ္မဒါနပြုအပ်ပါတယ်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ Player မှ ပိတ်ထားနိုင်ပါတယ်

video