“မိဘဟူသည်…”

မိကိုညာက၊ ဖကိုလက်ဝဲ၊ ကိုင်ဆွဲချီလျက်၊ ပခုံးထက်ဝယ်၊ အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊ အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊ မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊ ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။

(မဃဒေ၀)

မိဘနှစ်ပါးသည် မိမိတို့၏ သားသမီးများကို ကာလလရေကြည် သန္ဓေတည်စကတည်းက စတင်စောင့်ရှောက်ခဲ့သည်မှာ မိမိတစ်ဘ၀အတွက် ခန္ဓာချုပ်ငြိမ်းသည့် တိုင်အောင်ဖြစ်သည်။ မိဘတို့၏ မေတ္တာ၊ ကရုဏာ၊ စေတနာတရားသည် သားသမီးများ အတွက် အနန္တကျေးဇူးတရားများပင်ဖြစ်သည်။ သားသမီးများအပေါ် မိဘ၏ အေးမြသန့်စင်ကြည်လင်



သော မေတ္တာတရားမည်သည် လျော့နည်းသွားခြင်းမရှိပေ။ ဗြဟ္မာများ၌ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဘာဝနာတရားလေးပါး မကင်းမကွာ အမြဲရှိနေ သကဲ့သို့ ထိုနည်းတူ မိဘများမှာလည်း သားသမီးများအပေါ်၌ ထိုဘာဝနာတရားလေးပါး မစွန့်ခွာဘဲ အမြဲဖြစ်ပွားလျက် ရှိနေခြင်းကြောင့်(တစ်နည်း) ဗြဟ္မ၀ိဟာရတရားလေးပါး အစဉ်ဖြစ်ပွား လျက်ရှိသောကြောင့် “ဗြဟ္မာတိ၊ မာတာ၊ ပီတရော” အမိအဖတို့မှာ ဗြဟ္မာများပင်ဟု ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ မိဘတို့သည်သားသမီးများကို ကလေးဘ၀၌ပင် စကားတတ်အောင်၊ ၀တ်တတ်အောင်၊ စားတက်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ ဘုရားရှိခိုးတတ်အောင်၊ ရဟန်းသံဃာတော်များနှင့် စကားပြောတတ်အောင် သင်ပေးကြသည်။ ထို့ကြောင့် မိဘတို့မှာ သားသမီးတို့၏ ပုဗ္ဗါစရိယ (လက်ဦးဆရာ)လည်းမည်သည်။ လောကတွင် ရုပ်ပမာဏအားဖြင့် အကြီးဆုံးဟု ယူဆကြသော မြေကြီး၊ စကြ၀ဠာ၊ မြင့်မိုရ်တောင်နှင့် သမုဒ္ဒရာစသည်တို့သည် မိဘတို့၏ ကျေးဇူးတရားပမာဏနှင့် နှိုင်းယှဉ်သော် ၀ါးရွက်၊ အပ်နဖါး၊ နွားချို၊ မိုးရေပေါက်စသည့် ပမာဏသာဖြစ်ချေတော့သည်။ သို့ဖြစ်၍ မိဘတို့၏ ကျေးဇူးဂုဏ် ကားဆပ်၍ပင် မကုန်နိုင်ပါ။
မိဘတို့၏ကျေးဇူး၊ မေတ္တာတို့ကို အဖန်ဖန်ပွားများ သတိတရားရှိနေဖို့ လိုပါသည်။ မိဘတို့ရှိစဉ် အခါတွင် မေတ္တာစိတ်၊ ကြင်နာစိတ်၊ ကရုဏာ၊ စေတနာတို့ဖြင့် ပြန်လည်ပြုစု စောင့်ရှောက်ကြရမည်။ မိမိတို့အပေါ်၌တင်ရှိသော မိဘတို့၏ဂုဏ်ကျေးဇူးမှာ လွန်စွာများပြား သောကြောင့်လည်းကောင်း၊ ကျေးဇူးဂုဏ်ကြီးမားလှသော မိဘတို့ကို လုပ်ကျွေးပြုစုခြင်းဖြင့် အလွန်အကျိုးကြီး မြတ်သောကြောင့်လည်းကောင်း၊ မိဘတို့သည် အမှန်တကယ်လုပ် ကျွေးပြုစုထိုက်သော ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါသည်။ ဤမျှကျေးဇူးဂုဏ်ကြီးမားလှသော မိဘများကို လောကီနည်းဖြင့် ဆပ်မည်ဆိုလျှင် ဘယ်နည်းနှင့်မျှဆပ်၍မကျေနိုင်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ပါသည်။ လူ့သက်တမ်းတစ်ရာတမ်းတွင် အသက်တစ်ရာရှည်သူသည် မိဘကျေးဇူးကျေအောင်ဆပ်မည်ဟု လက်ယာပခုံးပေါ်၌ အမိကိုတင်၊ လက်ဝဲပုခုံးပေါ်၌ အဘကိုတင်လျက် ထိုအနှစ်တစ်ရာပတ်လုံး ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း၊ သဒ္ဓါ၊ သီလ၊ စာဂ စသော သူတော်ကောင်းတရားများ မရှိသေးသည့် မိဘတို့ကို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာတို့ဖြင့် ပြည့်စုံစေရန် လောကုတ္တရာ အကျိုးအတွက် ပြုလုပ်ပေးခြင်းဖြင့်သာ ကျေးဇူးဆပ်ရာရောက်ကြောင်း မြတ်ဗုဒ္ဓက မိဘကျေးဇူးဆပ်နည်းကို ဟောကြားတော်မူခဲ့ပါသည်။
ဥစ္စာတွေ ဘယ်လောက်ပေါပေါ၊ ရုပ်တွေဘယ်လောက်ချောချော၊ ပညာတွေဘယ် လောက်တက်တက်၊ ဆွေမျိုး အသိုင်းအ၀န်းတွေ ဘယ်လောက်တောင့်တောင့်၊ ရာထူးတွေ ဘယ်လောက်ပဲကြီးကြီး… ဒါတွေအားလုံးဟာ မိဘနှစ်ပါးက ပေးခဲ့တဲ့ အမွေတွေပါ။ ထို့ကြောင့် စကား တစ်ရပ်ရှိခဲ့ဖူးပါသည်။

~ မိဘရဲ့မေတ္တာကို ကောင်းကင်က လမင်းကြီးနဲ့ မနှိုင်းပါနဲ့။ မိဘရဲ့မေတ္တာဟာ လမင်းကြီးနဲ့ မတူနိုင်ပါဘူး။

~ လမင်းကြီးမှာတော့ လသာရက်၊ လမိုက်ရက်ဆိုတာ ရှိပေမယ့် မိဘနှစ်ပါးမှာတော့ မေတ္တာ ကင်းတဲ့ ရက်ဆိုတာ မရှိနိုင်လို့ပါပဲ။

~ မိဘရဲ့မေတ္တာကို တောတောင်လျှိုမြောင်ကြားက စမ်းရေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ စမ်းရေနဲ့ မတူနိုင်ပါဘူး။

~ စမ်းရေဟာ တစ်ခါတစ်ရံမှာ ခမ်းခြောက်သွားတတ်ပေမယ့် မိဘရဲ့မေတ္တာဟာ ဘယ်တော့မှ ခန်းခြောက်မသွားလို့ပါပဲ။

~ မိဘရဲ့မေတ္တာကို သိပ်လှတဲ့ပန်းပွင့်တွေနဲ့ မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ ပန်းပွင့်လေးတွေနဲ့ မတူနိုင်ပါဘူး။

~ ပန်းတွေဟာ မကြာမီနွမ်းခြောက်သွားတတ်ပေမယ့် မိဘနှစ်ပါးရဲ့ ရင်တွင်းက မေတ္တာပန်းပွင့် တွေကတော့ ဘယ်တော့မှ နွမ်းခြောက်မသွားလို့ပါပဲ။

~ မိဘရဲ့မေတ္တာကို သိပ်လုံခြုံတဲ့ အိမ်ကလေးတွေနဲ့လည်း မနှိုင်းပါနဲ့၊ မိဘရဲ့မေတ္တာဟာ အိမ်ကလေးတွေနဲ့ မတူနိုင်ပါဘူး။

~ အိမ်ကလေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ အိုမင်းယိုင်နဲ့သွား တတ်ကြပေမယ့် မိဘနှစ် ပါးရဲ့မေတ္တာကတော့ ဘယ်တော့မှ အိုမင်းမသွားကြလို့ပါပဲ။

ဤသို့ဖြင့် မိဘများအပေါ် စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေးအတွက် အတက်နိုင်ဆုံး စီမံဆောင်ရွက်ကာ ကျေးဇူးဆပ်သင့်သလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးဖြာနှင့်လည်း ပြည့်စုံအောင်ဆောင်ရွက်ပေးပြီး အမေ၏ နို့နှစ်လုံးဖိုးနှင့် အဖေ၏ ချွေးဖိုးကျေအောင် ဆပ်နိုင်သည့် သားကောင်းသမီးများ ဖြစ်ကြရအောင် ကြိုးစားကြပါစို့။…..။


“မေတ္တာစိတ်မြတ်၊ အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ…”



ကိုးကားချက်။ ။ “အသက်ပေးပြီးချစ်တဲ့ အမေ” ( အရှင်အာစာရလင်္ကာရ )။

“သာသနာ့အခြေခံ” ( ဦးသက်စိန် )။