အမှောင်ထဲဝယ်

အမှောင်ထဲဝယ်

ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့ အရပ်ကို ရှာဖွေနေသူဟာ ကိုယ့်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက် ဘ၀ပါပျောက်ပြီး သေနေမယ်။ ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင် စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့ အတွက် ဘ၀ပါ ပြည့်ဝရှင်သန်မယ်။
ဓမ္မဘေရီ အရှင်ဝီရိယ

နေရာနဲ့ ပတ်ဝန်းကျင်ဆိုတာ လူတယောက်ရဲ့ စိတ်ကို အပြောင်းလဲကြီး ပြောင်းလဲနိုင်ပါလားဆိုတဲ့ အတွေးလေးတွေ တွေးနေမိပါတယ်။ တချို့က ကံကောင်းလို့ နေရာကောင်းကို ရတယ်။ တချို့က ကံမကောင်းလို့ မကောင်းတဲ့ နေရာမှာ နေကြရတယ်လို့ ဆိုကြပြန်တယ်။ တခါတလေတော့လည်း နေရာတစ်ခုဆိုတာ အကြောင်းတရားများစွာ ပေါင်းစုံခဲ့လို့သာ ရောက်လာကြတာပဲ မဟုတ်လား။ တနည်းစဉ်းစားကြည့်ရင် လက်ရှိဘ၀ဖြစ်တည်ခဲ့ရတာဟာ အတိတ်က အကြောင်းရှိလို့ ပစ္စုပ္ပန်အကျိုး ခန္ဓာဖြစ်ရတာပါပဲ။ အများစုက ယခုဘ၀အတွက် နေရာကောင်းကိုသာ မျှော်လင့်တတ်ကြပေမယ့် ၃၁ ဘုံဆိုတဲ့ နေရာတွေကနေ လွတ်မြောက်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါ့ထက်ပိုလို့ အ၀ိဇ္ဇာဆိုတဲ့ အမှောင်ထုအောက် မှာ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းဖို့ အားခဲနေကြတယ်ဆိုရင် မှန်မယ်ထင်ပါတယ်။

တကယ်တမ်း ကြိုးစားရမှာက အမှောင်ကိုခွင်း အလင်းမြင်နိုင်ဖို့ပါ။ အမှောင်ထဲမှာ ထပ်ပြီး မမိုက်ကြပါနဲ့ ဆိုတဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ ဆုံးမသြ၀ါဒကို ကြားယောင်မိပါတယ်။

တစ်ခါတုန်းက တောင်ဝှေး တဒေါက်ဒေါက်နဲ့စမ်းပြီး ခရီးသွားနေတဲ့ မျက်မမြင် တစ်ယောက်ရှိတယ်။ သူသွားဖူးတဲ့ လမ်းကို မှန်းဆစမ်းဝါးပြီး သွားနေရင်း နေ၀င်ချိန်မှာ ရွာတစ်ရွာကို ရောက်တယ်။ ခရီးဆက်သွားမယ့် မျက်မမြင်ကြီးကို ကရုဏာ သက်ဝင်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီဖြစ်လို့ မှောင်မိုက်သွားပြီ ဖြစ်တဲ့အကြောင်း၊ ဒါ့ကြောင့် မီးအိမ်ဆွဲသွားဖို့ လိုအပ် ကြောင်း အကြံပေးတယ်။ ဒီအခါမှာ မျက်မမြင်က… ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲသွားတော့ကော ဘာထူးမှာလဲလို့ ပြောတော့ ရွာသားက… မီးအိမ်ကို ဆွဲပြီး လာတာကို မြင်ရရင် ခင်ဗျားကို တခြားလူတွေ ၀င်မတိုက်အောင် ရှောင်သွား နိုင်တာပေါ့… လို့ပြောပြတယ်။ ဒါနဲ့ မျက်မမြင်က မီးအိမ်ကို ဆွဲသွားဖို့ သဘောတူလိုက်တယ်။ ရွာသားက မီးအိမ်တစ်လုံးကို မီးထွန်းပြီး ပေးလိုက်တယ်။ မျက်မမြင်က မီးအိမ်ကိုဆွဲပြီး ခရီးဆက်ထွက်လာခဲ့တယ်။

မကြာခင် လူတစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့သူကို မျက်မမြင်က… ဟေ့လူ ခင်ဗျား ကန်းနေသလား။ ဒီမှာ မီးအိမ်ဆွဲလာတာ မမြင်ဘူးလားလို့ အော်ငေါက်လိုက်တယ်။ အဲဒီအခါမှာ ၀င်တိုက်တဲ့လူက… ခင်ဗျား မီးအိမ်မှာ မီးငြိမ်းနေတာ မသိဘူးလား လို့ပြောရင်း ဆက်ထွက်သွားတယ်။ လမ်းမှာ လေတိုက်တော့ မီးအိမ်က မီးငြိမ်းသွားတာကို မျက်မမြင်က မသိလိုက်ဘူး။ ဒီလိုနဲ့ မျက်မမြင်က သြော်… အမှောင်ထဲမှာတော့ အကန်းရော၊ မကန်းတဲ့သူရောဟာ အတူတူပါပဲလားလို့ ညည်းညူပြောရင်း တောင်ဝှေးတဒေါက်ဒေါက်နဲ့ ခရီးဆက်ထွက်သွားလေတယ်။

ဒီအကြောင်းလေးကို ဆရာနန္ဒသိန်းဇံရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတော့ တို့တွေလည်း အမှောင်ထဲမှာ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင် များခဲ့ဖူးပြီလို့ တွေးမိလိုက်တယ်။ တကယ်တော့ ခေတ်မှီနည်းပညာတွေ ဘယ်လောက်တတ်တတ်၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ ပစ္စည်း ဥစ္စာတွေ ဘယ်လောက် ကြွယ်ဝပါစေ၊ သိရမယ့် အမှန်တရားတွေကို အမှန်အတိုင်းမသိသမျှတော့ လူသတ္တ၀ါတွေအားလုံး အကန်းတွေချည်းပါပဲ။ အ၀ိဇ္ဇာ အမှောင်ထဲမှာတော့ အားလုံးဟာ မသိတာချင်း အတူတူပါပဲ။ မမြင်တာချင်း အတူတူပါပဲ။ အသွင်အပြင်အားဖြင့်ပဲ ကွဲပြား ကြတာပါ။

အလင်းနဲ့ အမှောင် ကွာခြားသလို ပညာရှိနဲ့ ပညာမဲ့ သူတို့လည်း ကွားခြားကြပါတယ်။ လောကီပညာတွေမှာ မသိသေးတာတွေကို အကုန်သိအောင် လေ့လာဆည်းပူးနေမယ်ဆိုရင် ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်သလို ဒါတွေကို မသိလို့လည်း ဘ၀သံသရာ ခရီးမှာ နစ်မွမ်းသွားမယ်လို့ မုချ မဆိုနိုင်ပါဘူး။ တကယ့်သိရမယ့် အမှန်တရားတွေကို မသိမှသာလျှင် သံသရာတလျှောက်လုံး နစ်မွမ်းရပါလိမ့်မယ်။ နောက်ဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်တိုးတဲ့ အချိန်မှာလဲ ကြောက်လန့်စရာ အဖြစ် အလွဲအမှားမြင်ပြီး ညှိုးငယ် ပင်ပန်းထိတ်လန့်မှုတွေ ဖြစ်ဦးမှာပဲ။ ဒါတွေကို အမှန်အတိုင်း မြင်နိုင်တဲ့ အသိတွေ ရှိလာအောင် ဖြည့်ဆည်းရဦးမှာပဲလို့သာ တွေးနေမိပါတယ်။

ပတ်ဝန်းကျင်က နေ့စဉ်တွေ့ကြုံနေရတဲ့ အာရုံတွေအပေါ်မှာ အမှန်အတိုင်းမမြင်ပဲ နှလုံးသွင်းမမှန်တဲ့အခါ အကုသိုလ်ဖြစ်ရ တယ်။ တချို့ကျတော့ အာရုံဆိုးတစ်ခု တွေ့လိုက်ပေမယ့် အလိုလိုသည်းခံ ပြီးသားဖြစ်နေတယ်။ တချို့ကျတော့ အာရုံဆိုး တစ်ခုတွေ့လိုက်တာနဲ့ ဖျက်ခနဲ ဒေါသဖြစ်ပြီး တခဏအတွင်းမှာ သတိရပြီး ကိုယ့်ဒေါသကို ပြန်ထိန်းနိုင်ပါတယ်။ တချို့ကျတော့ ဒေါသဖြစ်လိုက်ရင် အရှိန်မသေပဲ တော်တော်ကြာအောင် ဖြစ်နေတတ်တယ်။ ကိုယ့်သဘောနဲ့ မတွေ့တိုင်း ဒေါသဖြစ်နေမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ အဲသလို ကြုံလာရရင် သူလည်းပဲ အမှောင်ထဲမှာ လမ်းလျှောက်နေသူ ကိုယ်လည်း အမှောင်ထဲမှာပဲ ရှိနေသေးတဲ့သူပဲလို့ သဘောပေါက်နားလည်ပြီး တစ်ဦးကိုတစ်ဦး ခွင့်လွှတ်သည်းခံနိုင်ရင် အကောင်းဆုံးပါပဲ။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးက ပါရမီလမ်းသွား ပုဂ္ဂိုလ်များအဖို့ လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့်တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပေက္ခာတရား) သည် အဖနှင့်တူ၏၊ ဟု ဆုံးမတော်မူပါတယ်။ အားကြီးတဲ့ လူမှုရေး ပရဟိတ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီတရားမပါပဲ လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်သဘောအတိုင်း အမြဲတမ်းတွေ့ကြုံရမှာ မဟုတ်လို့ပါ။ တခါတလေ သဘောမတိုက်ဆိုင်တာတွေ ရှိကြရင်လည်း သည်ခံပြီး ရှေ့ဆက်ရမှာပါ။ သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရား ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။ လူတိုင်း လိုက်နာကျင့်သုံး နိုင်ကြရမှာပါ။

ညအမှောင်ထဲမှာ လမ်းလျှောက်ရင်း တစ်ဦးနဲ့ တစ်ဦး တိုက်မိခဲ့ကြရင် နားလည်ခွင့်လွှတ်တတ်ရသလို အ၀ိဇ္ဇာ အမှောင်ထု အောက်မှာ နေကြရဆဲဖြစ်တဲ့ သတ္တ၀ါအချင်းချင်းလည်း သည်းခံခွင့်လွှတ်တတ်ကြရင် အေးချမ်းရမှာပါပဲ။ နောက်ဆုံး ပန်းတိုင်ကတော့ အ၀ိဇ္ဇာ အမှောင်ထဲက လွှတ်မြောက်အောင် လျှောက်လှမ်းကြဖို့သာ ဖြစ်ပါတယ်။

အမှောင်ကိုခွင်း အလင်းမြင်နိုင်ကြပါစေ…

သံဝေဂလင်္ကာ

ငါတို့နေရာ၊ ဤကမ္ဘာ၊ တဏှာ အုပ်စိုးသည်။
တဏှာစေရာ၊ မနေသာ၊ ဖွေရှာ ဆက်ရသည်။
ရသည့်ဥစ္စာ၊ ချစ်သူပါ၊ စွန့်ခွါ သွားရမည်။
တကယ့်အရေး၊ တကယ်ဘေး၊ ဘယ်သွေး ဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေကြ များလှပြီ။
ခဏမစဲ၊ အိုစမြဲ၊ ကိုယ်လဲ သေဘက် နီးခဲ့ပြီ။
ဇရာမီးတောင်၊ ကိုယ်ထဲလောင်၊ သေအောင်မြှိုက်တော့သည်။
မသေရခင်၊ သွားလမ်းစဉ်၊ ကြိုတင်ပြင်သင့်ပြီ။
ဒါနသီလာ၊ ဘာဝနာ၊ လမ်းသာထွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး၊ အမြန်စီး၊ ခရီးထွက်တော့မည်။

သင်... သေသွားသော်

ဪ.....လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေရဦးမည်၊ မှန်ပေသည်တည်း။
~~~
သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊
ကျန်ကောင်းသင့်၏။
~~~
သင်...ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဥာဏ်တန်ဆောင်လည်း၊
ပြောင်လျက်၊ ဝင်းချက်၊
ကျန်စေသတည်း။
ဇော်ဂျီ (၁၉၃၅)

ဆုံးမစာ

“ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းစဉ်းစား၊ မငြီးတွားနှင့်။
နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်။
ဖြစ်ဆဲဧကန်၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု၊ မျှတမှုဖြင့် ပူမှုကင်းစွာ၊ နေစမ်းပါလော့။
သို့ပါလေမှ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊ ချမ်းသာလာလိမ့်။”

“ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ”

ပဋ္ဌာန်းဒေသနာတော်

အခါအားလျော်စွာ တရားနာကြားခြင်းသည်
ကောင်းမြတ်သော မင်္ဂလာတရားဖြစ်၏။

ကိုယ်ချင်းစာစိတ်...

ကိုယ်ချင်းစာစိတ်
လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။

အရှင်ဇနကာဘိဝံသ
သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။ အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာမျိုးပေါ့။ ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။ ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။ သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။ ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ= အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့ အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊ ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။ ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ ဆိုတဲ့ အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။ ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။ ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။ ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင် လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့ ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။ အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။ သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့ ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့ သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့် မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။ တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင် ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊ ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။ ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊ ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။ ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။ အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။ တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။ ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။ ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။ ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊ ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။ ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။ ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။ ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။ ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

အောင်ဦး (ဓမ္မရသ)

ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း

ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း ချီးမြှောက်ခြင်း

(သင်္ဂဟ) ဆိုတာ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောဖြစ်တယ်။ လှူဒါန်းခြင်း (ဒါန) ဆိုတာ မိမိနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းကြားမှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖယ်ရှားတဲ့ သဘောဖြစ်တယ်။

တောင်တွင်ကြီး နတ်မှီတောရ ဆရာတော်ကြီး

မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့ ဒါနဆိုပြီး နှစ်မျိုး ပါရှိတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့တာကို သင်္ဂဟ လို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။

သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူလိုသူတို့ရဲ့ ဘ၀ကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့ ဘ၀ကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘ၀လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။ ဒါနရဲ့ သဘောက အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်မှာ အကျိုးဆောင်ပေးလိုတဲ့ စေတနာနဲ့ ဂုဏ်ကျေးဇူးကို ပူဇော်လိုတဲ့ စေတနာ သက်သက်နဲ့ မိမိပိုင်ပစ္စည်းကို တွယ်တာငဲ့ကွက်မှု မထားပဲ လွတ်လွတ်စွန့်ကြဲတဲ့ သဘောပါ။ မိမိနဲ့ ပစ္စည်းတို့ အကြားမှာ တွယ်တာ ကပ်ငြိနေတဲ့ သံယောဇဉ်အစွဲ ဥပါဒါန်ကို ပယ်ရှားတဲ့ သဘော၊ တဖြည်းဖြည်းပါးရာကနေ ပြတ်သွားတဲ့ အထိရောက်အောင် လေ့ကျင့်ပေးတဲ့ သဘောသက်သက်ပါ။ အတွယ်အတာ အနှောင်အဖွဲ့ဖြစ်တဲ့ အနှောင့်အယှက်တွေ နည်းပါးသွားစေတဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အလှူရေစက်လက်နဲ့ မကွာ ဆိုသလို ဒါနတွေ ဒီလောက်ကြိုးစားနေရက်နဲ့ ကြီးပွားချမ်းသာတာ ကျတော့ အနောက်နိုင်ငံက လူတွေကို ဘာ့ကြောင့်မမီရတာလဲ ဆိုတဲ့အကြောင်း တချို့က ပြောကြပါတယ်။ ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းကို ကံအကြောင်းတရား တစ်ခုတည်းအပေါ်မှာသာ တည်မှီနေတယ်လို့ အယူအဆမှားနေတယ်လို့ပဲ ဆိုရမှာပါ။ အမှန်တော့ မြတ်စွာဘုရားဟောတော်မူတဲ့ ကြီးပွားချမ်းသာခြင်း အကြောင်းတရားက လေးပါး ရှိပါတယ်။ ရှေး ကုသိုလ်ကံရှိခြင်း၊ သင့်လျော်တဲ့ အရပ်ဒေသမှာ နေရခြင်း၊ သူတော်ကောင်း၊ ပညာရှိတို့ကို မှီခိုခွင့်ရခြင်း၊ မိမိကိုယ်ကို ကောင်စွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ သမ္ပတ္တိစက် လေးပါး ပါပဲ။

ဗုဒ္ဒဘာသာဝင်တွေ အနေနဲ့ သင်္ဂဟတရားနဲ့ဒါနကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်း သူများကိုပေးလိုက်ရင် ဒါနချည်းပဲ ထင်နေကြတယ်။ မင်္ဂလာကဗျာကို သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သင်္ဂဟနဲ့ ပတ်သတ်လို့...
~ ကြွေးသစ်ချကာ သားနှင့် မယားကို မြှောက်စားချီးမြှင့် ၀ဋ်ကုန်စေ။
~ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
ဒီနေရာမှာ သင်္ဂဟတရားဆိုတာ တစ်ဘ၀ အိုစာ မင်းစာအဖြစ်နဲ့ ကြွေးသစ်ချတဲ့ သဘောမျိုး ပေးတာ၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ ဆိုတာကလည်း အရေးကြုံရင် ကိုယ့်ရဲ့ အတွင်းလူယုံ အဖြစ်အားကိုးရအောင် စည်းရုံးရေးသဘောနဲ့ ပေးတာမျိုးပါ။ နတ်မှီတောရ ဆရာတော်မိန့်သလိုပဲ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ သဘောနဲ့ ပေးတာမျိုးကို ဆိုလိုတာပါ။

ဒါန ဆိုတာကိုကျတော့... ~ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ဆိုတာ မလှူမီကော လှူဆဲမှာကော လှူပြီးတဲ့ နောက်မှာကော စေတနာသုံးတန်လုံးမှာ လောဘ၊ ဒေါသစတဲ့ ကိလေသာ အညစ်အကြေးတွေ စင်စင်ကြယ်ကြယ်ထားပြီး ပေးကမ်းလှူဒါန်း ရမှာဖြစ်ပြီး ရရှိမယ့် အကျိုးကိုတောင် ကိုယ့်အတွက်ဆိုတဲ့ လောဘစိတ်မထားပဲ အမျှအတန်းပါ ပေးဝေရမယ်လို့ ဆိုတာပါ။

ဒါနလို့ အမည်တပ်ထားပေမယ့် ကိုယ့်အတွက် ဘ၀လုံခြုံရေး လောကီစည်းစိမ်ရရှိရေးကို တောင့်တပြီး ပေးကမ်းတယ်ဆိုရင် ဒါဟာ သင်္ဂဟ သဘောနဲ့ ပေးကမ်းမှုသာဖြစ်တယ်။ ဒါန မဟုတ်ပါဘူး။ ဒါနဖြစ်အောင် ပေးတာဖြစ်ရင်လည်း အတွယ်အတာ အစွဲဥပါဒါန်ကင်းရေး အတွက် လေ့ကျင့်တာဖြစ်လို့ ပါရမီမြောက်တဲ့ ကုသိုလ်ပဲ ဖြစ်ရမှာပါ။

တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ မိန့်ကြားတဲ့... တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း တာရှည်ကောင်း၏ ဆိုတာလည်း ပါရမီမြောက်အောင် စေတနာသုံးတန် အစင်အကြယ်နဲ့ ပြုလုပ်ခြင်း ဒါနစစ်စစ်ကို ပြောတာပါပဲ။ သင်္ဂဟ သဘော ပေးကမ်းခြင်းနဲ့ ပတ်သတ်လို့ ၀ိသုဒ္ဒိမဂ်မှာ...

ယသကာမတာယ ပ၀တ္တိတံ ဟီနံ = လောကီအခြံအရံ အကျော်အစောကို တောင့်တပြီး ဖြစ်စေတဲ့ ပေးကမ်းမှုဟာ အနိမ့်စားသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တကယ်လို့ လောကီကောင်းကျိုးလောက်ကိုသာ တောင့်တပြီး ပြုလုပ်တယ်ဆိုရင်လည်း ပုညဖလ ကာမတာယ ပ၀တ္တိတံ မဇ္ဈိမံ = ကောင်းမှု အကျိုးကို မျှော်ကိုးတောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ အလယ်အလတ်တန်းစား အဆင့်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ 

ပါရမီမြောက်တဲ့ ကုသိုလ်စစ်စစ်နဲ့ ပတ်သတ်လို့ ကျတော့...

ကတ္တဗမေ၀ိဒန္တိ အရိယဘာဝံ နိဿာယ ပ၀တ္တိတံ ပဏီတံ = ဒီလို ကုသိုလ်အလုပ်ဆိုတာ အရိယာလောင်းလျာတို့ ပြုရိုးပြုစဉ် ပြုလုပ်ထိုက်တဲ့ အလုပ်တယ်လို့ ခံယူပြီး ကိလေသာ ကင်းစင်တဲ့ အရိယာ အဖြစ်ကို အမှီပြုဖြစ်စေအပ်တဲ့ ကောင်းမှုသာ အမြတ်ဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီလိုဒါနမျိုးမှသာ ကိုယ်က ကန့်သတ်တောင့်တခြင်း မရှိတဲ့ အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အထိ အကန့်အသတ်မရှိ အကျိုးကြီးမားတယ်လို့ ဆိုလိုတာပါ။

ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဘယ်ကုသိုလ်မဆို သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်နဲ့ ပြုလုပ်မှသာ စင်ကြယ်မြင့်မြတ်တဲ့ အလှူဖြစ်မယ်လို့ အစွဲသန်တတ်ကြပါတယ်။ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့တဲ့ အချိန်ကာလဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတယ်။ ဘ၀ပေါင်းများစွာ မရေမတွက်နိုင်ပါဘူး။ ဒီလောက်ကြာတဲ့ အချိန်ကာလအတွင်း မှာ သဗ္ဗညုတ ဘုရားရှင်ပေါင်း ၂၄ဆူသာ ပွင်းပါတယ်။ ဘုရားမပွင့်တဲ့ ကပ်ကမ္ဘာတွေ အများကြီးပါပဲ။ အဲဒီအချိန်ကာလ တွေမှာ ဘုရားအလောင်း ဖြည့်ခဲ့တဲ့ ပါရမီကုသိုလ်တွေကို မစင်ကြယ်တဲ့ ကုသိုလ်တွေလို့ မှတ်ယူရမလား စဉ်းစားသင့် တယ်။ ဒါနပရမတ္ထ ပါရမီရဲ့ သာဓကဖြစ်တဲ့ ယုန်မင်းဟာ ဘယ်ဘာသာဝင်လို့ ပြောရပါ့မလဲ။

ဒီနေရာမှာ ကွဲကွဲပြားပြား နားလည်ဖို့က ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးကလွဲလို့ တခြားနည်း မရှိပါဘူး။ မဂ္ဂင်ရှစ်ပါးဆိုတာက သဗ္ဗညုတ ဘုရားရှင်တို့ရဲ့ သာသနာတော်က လွဲလို့ တခြားဘယ်မှာမှ မရှိနိုင် ပါဘူး။ ဒါက လုံးဝ ပုံသေကားကျပါပဲ။ မြင့်မြတ်တဲ့ ပါရမီ ကုသိုလ်ဖြစ်ဖို့ရာကတော သာသနာတွင်း သာသနာပ ရယ်လို့ ကန့်သတ်ချက်မရှိပါဘူး။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ  
ဆိုတဲ့ အတိုင်း စေတနာ ဓမ္မဟာ အဓိကပဲ။ စေတနာ ဓမ္မဆိုတာ ဓမ္မနိဿတ္တ နိဇ္ဇိ သဘောဖြစ်လို့ သတ္တဇီဝ ဆိုတဲ့ ကန့်သတ်ပိုင်းခြားထားခြင်း မရှိပါဘူး။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မာသာထရီဇာ တို့လို ကိုယ်ကျိုးအားလုံးကို စွန့်လွှတ်ပြီး ဒုက္ခိတ သတ္တ၀ါမှန်သမျှကို လူမျိုး ဘာသာ ကန့်သတ်ခွဲခြားမှု မထားပဲ စာနာထောက်ထား ရိုင်းပင်းကူညီတဲ့ ကုသိုလ်မျိုးကို မစင်ကြယ်ဘူးလို့ လုံးဝ ပြောလို့ မရပါဘူး။ ဗုဒ္ဓလမ်းစဉ်ရဲ့ မမြင့်ဆုံး ရည်မှန်းချက်က အစွဲဥပါဒန်တွေ အားလုံးချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်ရေး ဖြစ်ပါတယ်။ ဒါနဆိုတာ မိမိကိုယ်နဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာတို့ အပေါ်မှာ တွယ်တာစွဲလမ်းနေမှု (ဥပါဒါန်) တရားကို ပယ်ဖြတ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီကို ပထမဆုံး ထားရတာဟာ လူတိုင်းလည်း လုပ်နိုင်လို့၊ ပြုလုပ်ရတာလည်း လွယ်ကူလို့ လို့ တချို့က ပေါ့ပေါ့လေး မှတ်ထင်တတ်ကြပါတယ်။ အမှန်ကတော့ ငါ... ငါ့ဥစ္စာလို့ သတ်မှတ်စွဲလမ်းနေတဲ့ အတ္တ၀ါဒနဲ့ ဥပါဒါန် ထုထည်ကြီးကို တဖြည်းဖြည်း ပါးရာကနေ ပျောက်သွားအောင် လေ့ကျင့်ပေးတဲ့ တကယ့် အခြေခံ အလုပ်ပဲ ဖြစ်ပါတယ်။ စွဲလမ်းမှု ဥပါဒါန်အားကြီးနေရင် သီလလည်း မစင်ကြယ်နိုင်ဘူး။ ကျန်တဲ့ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာပါရမီတို့ ဆိုတာတွေလည်း လုံးဝ မစင်ကြယ်နိုင်တော့ပါဘူး။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါနရဲ့ အရေးပါမှုကို အလေးအနက် သဘောပေါက်ကြဖို့နဲ့ တန်ဖိုးထားတတ်ကြဖို့ပါ။ သာသနာတော်နဲ့ ကြုံကြိုက်လို့ ဒါနဆိုတဲ့ အလုပ်ကြီးတစ်ခုကို လုပ်ကြတဲ့ အခါမှာ တစ်ဘ၀စာပဲ ဖြစ်ဖြစ်၊ တစ်သံသရာလုံး အတွက်ပဲဖြစ်ဖြစ် လောကီ ဘ၀လုံခြုံရေးအတွက် အရင်းအနှီးမြှုပ်နှံတဲ့ အလုပ်တစ်ခုလို့ သဘောထားလုပ်ကိုင်နေရင် ဒါန မဟုတ်ဘူး။ သင်္ဂဟ မင်္ဂလာသာဖြစ်တယ်။ ဒါနရဲ့ အစွမ်းသတ္တိဟာ အစွဲဥပါဒါန်အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ ပေးစွမ်းနိုင်တဲ့ အမြင့်မြတ်ဆုံး မင်္ဂလာလုပ်ငန်းကြီးဖြစ်လို့ သင်္ဂဟ မင်္ဂလာ အဆင့်လောက်နဲ့ ရပ်တန့် မနေသင့်ဘူးဆိုတာပါ ပဲ။ လောကရဲ့ ဒုက္ခတွေ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ အကျိုးပြီးစေနိုင်တဲ့ ဒါန စစ်စစ်ကြီး ဖြစ်ပြီဆိုရင်တော့ တခြားမပြီးစေနိုင်တဲ့ ကိစ္စရယ်လို့ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကို နားလည် တန်ဖိုးထားကြဖို့ပါ။

ဒါနစစ်စစ်ဖြင့် ပါရမီအားလုံး အထောက်အကူဖြစ်ပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ကြပါစေ...

ဝန်ခံချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော မထေရ်မြတ်တို့စကားဝိုင်း(၇) စာအုပ်ပါ ဆောင်းပါးများမှ ထုတ်နှုတ်ရေးပါသည်။

အသိပေးပါရစေ

ကျေးဇူးကြီးမားလှသော သံဃာတော်များ၊ ဆရာလေးများ၊ ဓမ္မမိတ်ဆွေများနှင့် ညီအစ်ကို မောင်နှမများ အားလုံးကို အမိမြေ ပြန်တော့မယ် ဆိုတဲ့အကြောင်း ဒီနေရာလေးမှတစ်ဆင့် အသိပေးပါရစေ။

~ လောကမှာ အစဆိုတာရှိခဲ့ရင် အဆုံးသတ်ဆိုတာလည်း ရှိရပါတယ်။
~ ငယ်ရွယ်ခြင်းဆိုတဲ့ အစရှိခဲ့ရင် ကြီးရင့်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ နုပျိုခြင်းဆိုတဲ့ အစရှိခဲ့ရင် အိုမင်းရင့်ရော်ခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါ တယ်။
~ မွေးဖွားခြင်းဆိုတဲ့ အစရှိရင် သေဆုံးခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိရပါတယ်။
~ ပေါင်းဆုံခြင်းဆိုတဲ့ အစရှိခဲ့ရင်လည်း ခွဲခွာခြင်းဆိုတဲ့ အဆုံးသတ်လည်း ရှိကြရ ပါတယ်။
ဒါတွေက သဘာဝနိယာမ တရားတွေပါပဲလေ။ ကျွန်တော်တို့တွေ မည်သူတစ်ဦးတစ်ယောက်မျှလည်း လွန်ဆန်နိုင်စွမ်း မရှိကြပါဘူး။ ယခုတစ်ဖန်လည်း အင်တာနက်ဆိုတဲ့ နေရာလေးတစ်ခုမှာ ကံအားလျော်စွာနဲ့ တွေ့ဆုံကြုံခဲ့ကြရပြီး မလွဲမရှောင်သာဘဲ ခွဲခွာရပါဦးမယ်။ သို့သော် အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားခြင်း မဟုတ်ပါဘူး။ အခါအခွင့် သင့်လေ သမျှမှာ တရားဓမ္မ ကုသိုလ်အလုပ်တွေနဲ့ ပတ်သတ်ပြီး မျှဝေရေးသားဖြစ်နေဦးမှာပါ။ ဟိုအရင်အချိန်လို တရားတွေ တင်ပေးဖို့တော့ဖြင့် မလွယ်ကူလှတော့ပါဘူး။ သို့သော်ငြားလည်း ကျွန်တော် လင့်ထားတဲ့ ၀က်ဆိုဒ်များကတစ်ဆင့် တရားတော်များကို ကူးယူ နာကြားနိုင်ကြပါတယ်။


ကျွန်တော် ရေးသားထားခဲ့တဲ့ စာတွေမှာ မောက်မာဝံ့ကြွားတာမျိုး ရှိခဲ့မိပါလျှင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ဝေဖန်တိုက်ခိုက် ပုတ်ခတ်လိုစိတ် အလျဉ်းမရှိဘဲ ကျွန်တော့် ရင်တွင်းစေတနာနဲ့ စာဖတ်သူတို့အတွက် အမှတ်မှား၊ အသိမှား၊ အယူမှား မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ကြိုးပမ်းရေးသားခဲ့ပါတယ်။ ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးနှင့် ပတ်သက်လာလျှင် အစွန်းအထင်း မခံလိုသော စိတ်ရင်းဖြင့်သာ ရေးသား ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် သတိတရားလေး ရရှိသွားခဲ့မယ် ဆိုရင်တောင် ကျွန်တော် ကျေနပ်မိမှာပါ။

Blog မှ တစ်ဆင့် ခင်မင်ရင်နှီးခွင့်ရခဲ့တဲ့ မိတ်ဆွေကောင်းများ အားလုံးကိုလည်း ကျွန်တော် လေးစားတန်ဖိုးထားကြောင်း ထုတ်ဖော်ပြောကြားပါရစေ။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦးနဲ့တစ်ဦး ကျေးဇူးပြုပြီး အကျိုးလည်း များစွာ ရခဲ့ကြပါတယ်။ အထူးသဖြင့် တရားဓမ္မနဲ့ ပတ်သတ်၍ သိချင်တာတွေကို မေးမြန်း ဆွေးနွေးရာကနေ ရင်းနှီးခွင့်ရပြီးတဲ့နောက်ပိုင်း ဓမ္မလမ်းကြောင်းပေါ် လျှောက်လှမ်းသွားနိုင်ခဲ့ကာ သာသနာဘောင်ဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဓမ္မမိတ်ဆွေ တစ်ဦးကို ကျွန်တော် အလွန်တရာပဲ အားကျမိပါတယ်။ အဆိုပါ ဓမ္မမိတ်ဆွေအနေဖြင့် ရည်မှန်းချက်အတိုင်းပဲ ဆက်လက် လျှောက်လှမ်းနိုင် ပါစေလို့လည်း ထပ်မံဆန္ဒပြုပါတယ်။

မိမိနှစ်သက်တာကို ရှောင်ပြီး ဘုရားရှင် နှစ်သက်တာကို လုပ်ပါ။ မိမိအကျင့်ကို ပြင်ပြီး ဘုရားရှင် ဆုံးမခဲ့တဲ့ အကျင့်ကို ကျင့်ပါ။ မိမိထင်ရာကို မလုပ်ဘဲ ဘုရားရှင်လမ်းပြသလိုလုပ်ပါ။ ဗုဒ္ဓမြတ်စွာ သာသနာတော်ရဲ့ အနှစ်ချုပ်အတိုင်း-
မကောင်းမှုမှန်သမျှ ရှောင်ပါ။ ကောင်းမှုမှန်သမျှ တတ်နိုင်သမျှ အကုန်လုပ်ပါ။ မိမိစိတ်ကို ဖြူအောင်ထားပါလို့ ကျွန်တော်အနေနဲ့ စကားလက်ဆောင်အဖြစ် ပြောခဲ့ပါရစေ။

ကျွန်တော်တို့တွေအားလုံး လူ့လောကထဲကို လာခြင်းကောင်း ပြန်ခြင်းမြတ်အောင် ကြိုးစားကြပါစို့...

ချမ်းသာသုခ ပြည့်ဝနိုင်ကြပါစေ…

သံဝေဂရင့်သန်ပွားများနိုင်ပါစေ

မိမိသေရမည်ကို မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပေးခြင်း အားဖြင့်… စိတ်ဓာတ်ကို ပုံမှန်ဖြစ်စေသည်။ အမြင်မှန်ကန်စေသည်။ မာန်မာနလျော့နည်းစေသည်။ လူတိုင်းကို မိမိက တန်းတူဆက်ဆံသည်။ ခင်မင်သူတိုးပွားစေသည်။ လောဘ၊ ဒေါသ၊ မောဟ လျော့နည်းစေသည်။ ပျက်စီးမှုမျိုးစုံနှင့် ကြုံတွေ့ရသော အခါ စိတ်တုန်လှုပ်မှု၊ ကြောက်လန့်မှု၊ စိုးရိမ်သောက ဖြစ်မှုများကို လျော့နည်းစေသည်။
သို့ဖြစ်၍ အောက်ပါအတိုင်း မကြာမကြာ နှလုံးသွင်း ဆင်ခြင်ပါ…
“တစ်နေ့နေ့တွင် ငါလည်းသေရမည်။ ငါ့မိဘများလည်းသေရမည်။ ငါ့သား၊ ငါ့သမီးတွေလည်း သေရမည်။ ငါ့ညီကိုမောင်နှမတွေလည်း သေရမည်။ ငါ့ဆွေမျိုး တွေလည်း သေရမည်။ ငါ့သူငယ်ချင်း အပေါင်းအသင်းတွေလည်း သေရမည်။ ငါ့ ထက်ကြီးသူတွေလည်း သေခဲ့ပြီ။ ငါနဲ့ရွယ်တူတွေလည်း သေနေကြဆဲ၊ ငါ့ထက် ငယ်သူတွေလည်း သေနေကြတယ်”


ခုလိုဆိုတော့ လွယ်သားပဲ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ခုလိုဆိုတော့ လွယ်သားပဲ အမည်ရသည့် တရားတော် ဖြစ်ပါတယ်။ တရားအလုပ် အားထုတ်နေသော ဓမ္မမိတ်ဆွေများ အနေဖြင့် နာယူသိထားသင့်သည့် တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေ များအားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့စွာဖြင့် တရားတော်ကို နာယူကြည်ညို နိုင်ကြသဖြင့် တရားကပေးသော ကောင်းကျိုး တရားတို့ကို ရရှိ ခံစားနိုင်ကြပါစေ…

အားပေးစကား

ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော အားပေးစကား အမည်ရသည့် တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ အားလုံး ကိုယ်စိတ်နှလုံး ငြိမ်းချမ်းစွာဖြင့် တရားတော်ကို နာယူကြည်ညိုနိုင်ကြပါစေ…

ဆည်းဆာချိန်ခါ

ငယ်စဉ်ကလေးဘ၀တုန်းက ညနေ နေ၀င်ချိနှ်ကိုကြည့်ပြီး တွေ့မြင်ခဲ့ရတဲ့ ဆည်းဆာချိန်ခါ အလှအပတွေကို အခုလိုအခါမှာ ကျွန်တော် သတိရနေမိပါတယ်။ တစ်နေ့တာ လောကကို အလင်းရောင်တွေ ဖြန့်ကျက် ပေးဝေပြီးတဲ့နောက် နောက်ဆုံး နှုတ်ဆက်ချိန်လေးမှာတောင် လောကကို အလှတွေ ဆင်မြန်းပေးခဲ့တဲ့ နေမင်းကြီးကိုလည်း အားကျမိပါတယ်။ ကျွန်တော်ရှိနေတဲ့ဘက်ကို နီညိုရောင် အလှတွေနဲ့ နှုတ်ဆက်ထွက်ခွာပြီး အခြားတစ်ဘက်ကိုလည်း နွေးထွေးတဲ့ အလင်းရောင်တွေပေးလို့ လောကကြီးကို အလှဆင်ပြန်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကျွန်တော် လေးစားတန်ဖိုးထားမိပါလို့တယ် ပြောရင် လွန်မယ်လို့တော့ မထင်မိပါဘူး။

သစ်ရွက်လေးတွေဟာ အစိမ်းရောင်ရင့်ရင့်အဖြစ် တည်ရှိနေစဉ်မှာ လောကကောင်းကျိုးကို ဆောင်ခဲ့ပြီး ရွက်ဝါလေးတွေအဖြစ် ရောက်ရှိသွားသည့်တိုင် မကြွေခင် ဝေနေစဉ် နောက်ဆုံး အချိန်အထိ လောကကြီးကို အလှဆင်သွားကြတာပါပဲ။ သည်လိုမျိုး အသိဉာဏ်မဲ့၊ အသက်မရှိတဲ့ အရာတွေကတောင် နောက်ဆုံးအချိန်ထိ လောကကို တတ်စွမ်းသမျှ အလှဆင်ခဲ့ပါလားဆိုတဲ့ အတွေးတွေက ကျွန်တော့်စိတ်ကို မင်းလည်း ဒီလိုမျိုးပဲ လောကကို တတ်စွမ်းသမျှတော့ အလှဆင်ရမယ်နော်ဆိုတဲ့ ဆင်ခြင်စိတ်ကလေးတွေ ပေါ်ထွက်လာအောင် လှုံ့ဆော်လို့နေပါတယ်။


အခုဆိုရင် ဓမ္မရသဆိုတဲ့ အမည်နဲ့ အင်တာနက် မီဒီယာ မြေပေါ်မှာ ဓမ္မအောင်လံတွေကို လွှင့်ထူခဲ့တာ ၂ နှစ် ကျော်ခဲ့ပါပြီ။ တစ်ပါးသူတို့အတွက် ကျေးဇူးပြုလိုတဲ့ ဆန္ဒ၊ သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ သယ်ပိုး လိုတဲ့ ဆန္ဒများဖြင့် မိမိစွမ်းနိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ အမြတ်ဆုံးသော ဒါနပြုခြင်းဖြစ်သလို အများအကျိုး ဆောင်ရွက်ရင်း ကိုယ့်အကျိုးအတွက်လည်း ဖြည့်ဆည်းပြီး ဖြစ်တယ်လို့ ခံယူမိခဲ့ပါတယ်။

“ကိုယ့်တွက်ကိုယ့်တာ၊ ကိုယ်ကျိုးပါအောင်၊ ကိုယ်သာသယ်ပိုး အများကျိုး၊ ကိုယ့်ကျိုးအစစ် ဖြစ်တော့သည်” ဆိုပြီး ဆရာတော်ကြီးတစ်ပါးက မိန့်ဆိုဖူးခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိပါတယ်။

သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့်၊ အေးစေသောဝ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ကြောင့် အများသူ ငါ ကောင်းကျိုးရကြတယ်ဆိုရင်ဖြင့် ၀မ်းသာရမှာပါပဲ။ သို့သော်ငြားလည်း အများအကျိုး အတွက် ရည်မျှော်ပြီး လုပ်နေတာကို သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေလည်း ရှိနေလေတော့ တခါတရံမှာတော့ အခက်အခဲတစ်ချို့ ကြုံရတာမျိုးတွေလည်း ရှိခဲ့ပါရဲ့။

ဥပမာသုံးပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရွာထဲကို သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ တင်လာတဲ့ လှည်းကြီးများဝင်လာရင် ခွေးတွေက ၀ိုင်းပြီးတော့ ဟောင်ကြတယ်။ လှည်းပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေ အချင်းချင်းတိုက်မိလို့ ထွက်လာတဲ့ ဂလုံး၊ ဂလွမ် အသံတွေနဲ့ သံစုံမြည်နေတော့ ဟောင်တာပေါ့။ အဲဒီလို ၀ိုင်းဟောင်ကြပေမယ့် လှည်းကြီးတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ တကယ်လို့ ဒီလှည်းကြီးက ရပ်လိုက်မယ်ဆိုရင် လိုရာခရီးကို ဘယ်ရောက်နိုင်ပါတော့မလဲ။ ဒီအတိုင်းပါပဲ။ အများအကျိုး ရှေးရှုလုပ်နေပေမယ့် နားမလည်သူတစ်ချို့တို့က လှောင်ပြောင်ကြတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ မည်သို့ပင် ဆိုစေကာမူ ကျွန်တော်အနေဖြင့် သွားရမယ့် ပန်းတိုင်ကိုရောက်အောင်တော့ သွားမြဲအတိုင်း သွားနေဦးမှာပါ။

များမကြာတဲ့ကာလမှာ ကျွန်တော်လည်း အရင်လိုမျိုး ဆက်လက်ရေးသားနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တတ်နိုင်တဲ့ အချိန်လေးမှာ အကောင်းဆုံးသော ဆောင်ရွက်မှုလေးတွေ ထားခဲ့ချင်ပါတယ်။ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးတဲ့ ဆရာတော် ဦးလောကနာထ ကိုလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားလိုပါတယ်။ အင်တာနက်မှာ စာရေးနိုင်တဲ့ အချိန်ကို ဘ၀တစ်ခုလို့ သတ်မှတ်ခွင့်ရမယ်ဆိုရင် အခုအချိန်က အဲဒီဘ၀လေးရဲ့ ဆည်းဆာချိန်လေးပါပဲ။ ကျွန်တော်လေးစားမိတဲ့ နေမင်းကြီးလိုပဲ တစ်နေရာမှာ ဆည်းဆာချိန် ဖြစ်ပေမယ့် အခြားနေရာအတွက်တော့ ရောင်ခြည်အလင်းတန်းသစ်လေးတစ်ခု ဖြစ်ချင်ပါသေးတယ်။

စာဖတ်သူ ဓမ္မမိတ်ဆွေများအားလုံးကို လေးစားတန်ဖိုးထားပါတယ်။

စိတ္တသုခ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ

ဆန္ဒမွန်ဖြင့်
အောင်ဦး

ဘေးရန်ကင်းပါစေ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ဘေးရန်ကင်းပါစေ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ ဘေးရန်တွေကင်းပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

အမှန်ကို ပြောနိုင်ပါစေ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော အမှန်ကို ပြောနိုင်ပါစေ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ အသိပညာ တိုးပွားပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

ဆွေးနွေးပွဲများနှင့်ပတ်သက်၍…

ကျနော်တို့ ဆွေးနွေးပွဲ အသံဖိုင်တွေကို လူအများ နာယူလို့ ရအောင် တင်ထားပြီးတဲ့ နောက်မှာ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတွေ အများကြီးရေးပြဖို့ အစီစဉ် မရှိခဲ့ပါဘူး။ ပထမ ဆွေးနွေးပွဲ အပြီးမှာ ဆောင်းပါး ၁၀ပုဒ်လောက် ရေးသား ဖော်ပြခဲ့ကြတာနဲ့ပဲ လုံလောက်ပါပြီလို့ ယူဆခဲ့လို့ပါ။ ထိုဆောင်းပါးတွေကို ဖတ်ကြည့်ခြင်း အားဖြင့် စာဖတ်သူ ပရိတ်သတ်အနေနဲ့ရော တရားအလုပ် အားထုတ်နေသူတွေ အတွက်ပါ ဓမ္မနည်းလမ်းတကျ ဟုတ်ခြင်း၊ မဟုတ်ခြင်းကို ဝေဖန်ဆုံးဖြတ်နိုင်ပြီလို့ တွေးမိပါတယ်။ သို့သော် အများဆန္ဒ အရရော၊ ကျနော်တို့ ထပ်မံ မေးချင်တာတွေ ရှိတာနဲ့ ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ယခုလို မေးမြန်းဆွေးနွေးတာတွေကို ကျနော်တို့ အနေနဲ့ပဲ လုပ်ကြတယ်လို့ မမြင်စေချင်ပါဘူး။ ကျနော်တို့ကို ဆရာတော် မလေးရှားကို ကြွလာတဲ့ အချိန်မှာ ဆွေးနွေးကြလို့ ပြောဆိုလာတဲ့ အတွက် ဆွေးနွေးဖြစ်ခဲ့တာပါ။ ယခင်ကလည်း ဆရာတော်နဲ့ အခြားသော လူပုဂ္ဂိုလ်များ ဆွေးနွေးခဲ့တာ အကြိမ်မနည်းတော့ပါဘူး။ သူတို့တွေကိုလည်း ဆရာတော် ဘယ်လို ဖြေခဲ့တယ် ဆိုတာ ကျနော်တို့ သိပြီးဖြစ်ပါတယ်။


ပထမ ဆွေးနွေးပွဲမှာ ပထမဆုံး မေးတဲ့ အကြောင်းအရာကိုပဲ လှည့်ပတ်ဖြေကြားလိုက်တဲ့ အပြင် နောက်ပိုင်းမှာလည်း အဖြေကို တိတိကျကျ မသိရပဲ အလားတူ အဖြေတွေပဲ ပြောလာတဲ့ အတွက် ဒေါသသံတွေ ပါလာရပါတယ်။ ကျနော်တို့ အနေနဲ့ ရဟန်းတပါးကို အဲလို မပြောဆိုသင့်ဘူးဆိုတာ သိတယ်။ သို့သော် မမှန်တာကို မမှန်ဘူးလို့ ပြောရမယ် ဆိုတဲ့ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်ကို တနည်းအားဖြင့် လိုက်နာခြင်းပဲ ဖြစ်တယ်။

ဆွေးနွေးပွဲတွေကို နားဆင်ပြီး မသိသေးတဲ့ သူတွေအနေနဲ့ သိသွားကြတယ်။ေ၀၀ါးနေတဲ့ သူတွေအတွက် ပိုပြီးရှင်းလင်းအောင် သိကြတယ်။ သိပြီးသားသူတွေ အတွက် ပိုပြီးတော့ လေးနက်စေခဲ့ပါတယ်။ ယခုဆွေးနွေးပွဲ တွေကို အကြောင်းပြုပြီး တစ်ဦးတစ်ယောက် အတွက် ကောင်းကျိုးရသွားတယ်၊ အသိမြင်တွေ မှန်သွားတယ် ဆိုရင်ပဲ ပြုလုပ်ရကျိုး နပ်ပါတယ်။ ပရိသတ် အမျိုးမျိုး ရှိခြင်းကြောင့် လူတိုင်း လက်ခံခြင်း၊ လက်မခံခြင်းကို မပြောလိုပါ။ ဆွေးနွေးပွဲများ အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ မိမိတို့ ကိုယ်တိုင်ဆုံးဖြတ်တာ သင့်တော်ပါတယ်။
အသံဖိုင်များ နားဆင်ပြီးတော့ ညီအကို မောင်နှမများထံကနေ စေတနာနဲ့ အကြံပြုပြောဆိုတာတွေကို တွေ့မြင်ရပါတယ်။ စိုးရိမ်ပြီးတော့ အသိပေးပြောကြတဲ့ မောင်နှမတွေကိုလည်း တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျနော်တို့ အနေနဲ့လည်း ဒုက္ခက လွတ်မြောက်ဖို့ တရားဓမ္မတွေကို လေ့လာဆည်းပူး ကျင့်ကြံနေသူတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင်အတွက် အတားအဆီးဖြစ်မယ့် အရေးကို ကျနော်တို့ အဖြစ်မခံပါဘူး။ သတိ ရှိစွာ၊ နှလုံးသွင်း မှန်စွာနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာပါ။

ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အထဲမှာ ၀ိနည်းတော်နဲ့ မသင့်လျော်တာတွေကို ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အခြားစည်းကမ်းနဲ့ ပတ်သလို့ ဆွေးနွေးမှု၊ တရားနည်းလမ်းနှင့် ပတ်သတ်လို့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလိုပြောလို့ အပြစ်ဖြစ်၊ မဖြစ်ကို ဆရာတော်ရေးသား ဖြေကြားပေးထားတဲ့ ဆောင်းပါးမှာလည်း ဖတ်နိုင်ပါတယ်။

ထို့အပြင် လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော ဓမ္မဒီပနီ ကျမ်းမှာ အောက်ပါအတိုင်း ရေးထားပါတယ်။

ယခုအခါ ဗုဒ္ဓဘာသာ သာသနာမှာလည်း လူ ၀ိနည်းတတ်ပေါများ၍ ၀ိနည်းတရားနှင့် မညီသော ရဟန်းတို့ကို ပိုးစိုးပက်စက် ဆိုရက် ပြောရက်သူများ ပေါများလျှင် သာသနာတော်မှာ ကောင်းဖို့ရာဖြစ်၏။
လူတို့က ၀ိနည်းကို သိ၍ ၀ိနည်းရှိတိုင်း ညီညွတ်အောင် မကျင့်သော ရဟန်းကို အလှူ လှူဒါန်းသူ ကိုးကွယ်သူမရှိဘဲ နေခဲ့မူကား သာသနာတော်၌ အလွန်ကောင်းဖို့ရာ ဖြစ်၏။ ပစ္စည်းလေးပါးတို့ဖြင့် အားပေးချီးမြှောက် ထောက်ပံ့လှူဒါန်းခြင်းကို ပြုကြမူကား အဘယ်အခါမှ သာသနာတော် ထင်ပေါ်ကြီးရင့် ဂုဏ်သီးရင့်၍ ထွန်းတင့် ကေင်းစားနိုင်တော့မည် မဟုတ်ပေ။

အချို့သော သူတို့က လူများဝိနည်းတရားတော်ကို မသင်ကောင်းဟူ၍ ပြောဆိုကြ၏။ ထိုသူတို့သည် တရားတော်ကို တားဆီးပိတ်ပင်ရာ ရောက်၏။ ရဟန်းတော် တစ်ပါသည်း ရဟန်းတော် တစ်ပါးအား ၀ိနည်းတရားတော်ကို သင်ကြားခြင်းကြောင့် အဘယ်အကျိုးရှိအံ့နည်း စသည်ဖြင့် ပြောဆိုငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ လူသာမဏေတို့အား ပြောဆိုငြားအံ့၊ ဒုက္ကဋိအာပတ်သင့်၏။ ဤသို့ကြီးလေးသော အပြစ်ရှိ၏။

ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမ စံကျောင်းဆရာတော်ကြီးက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။

အချို့သော သူတို့က ၀ိနည်းတတ်လျှင် ရဟန်းတော်များ မအပ်မရာသော အမှုကို ပြုလုပ်သည်ကို တွေ့မြင်ခဲ့သော် ကဲ့ရဲ့မိတတ်၍ အပြစ်ရှိမည်ကို ကြောက်ရသည်ဟူ၍ ပြောလေ့ရှိ၏။
ထိုစကားများ၏ မကောင်းမှုကို ကြပ်ကြပ်ကဲ့ရဲ့မှသာလျှင် မကောင်းမှုပြုဝံ့သူ နည်းပါးပေလိမ့်မည်။ မကောင်းသူ ပြုဝံ့သူနည်းပါးပါမှ ဤသာသနာတော်ကြီးသည် နေ၀န်း၊ လ၀န်းပမာ လွန်စွာ ထွန်းတောက်ပေလိ့မ်မည်။
အကျဉ်းအားဖြင့် (၂၂၇)သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင် တစ်ရာရှစ်ဆယ့်ငါးသန်း သုံးသောင်းခြောက်ထောင်သော သိက္ခာပုဒ်တို့မှာ မြတ်စွာဘုရား သဘော အလိုအလျှောက် အကြောင်းမဲ့ ပညတ်အပ်သော သိက္ခာပုဒ်ဟူ၍ မရှိချေ။

အလိုနည်းသော ရဟန်းနှင့် လိမ္မာသော ဒါယကာ ဒါယိကာမတို့က ကဲ့ရဲ့သောကြောင့်သာ ပညတ်ရလေသည်။ ယခုကာလ အချို့သော ဒါယကာ- ဒါယိကာမတို့ကဲ့သို့ မကဲ့ရဲ့ဘဲနေကြလျှင် သိက္ခာပုဒ်ဟူ၍ တစ်ခုမျှ ရှိတော့မည် မဟုတ်။ သိက္ခာပုဒ်ဟူ၍ မရှိကလည်း ကြည်ညိုဖွယ်ရာဟူ၍ ရှိတော့မည် မဟုတ်ချေ။
မကောင်းမှုကို ကဲ့ရဲ့သော သူတို့မှာ အလိုနည်းသော သူတော်ကောင်းတို့သာ ဖြစ်ပေ၏။ အကြင်ရဟန်းတို့သည် အလိုနည်း ပါးကြကုန်၏။ ထိုရဟန်းတို့သည် ကဲ့ရဲ့ကြကုန်၏။ ရှုတ်ချကြကုန်၏ဟု ၀ိနည်း ပါဠိတော်၌ သိက္ခာပုဒ်တိုင်း၌ လာရှိ၏။

သာသနာတော်ကို အဟုတ်တကယ် ကောင်းစေလိုပါက လူရှိသမျှဝိနည်းကို တတ်မြောက်အောင် သင်ကြားပြီးလျှင် ၀ိနည်းနှင့် မညီသော ရဟန်းတော် ဟူသမျှတို့ကို ကဲ့ရဲ့ကြလျက် ၀ိနည်းနှင့်အညီ ကျင့်သော ရဟန်းတော်တို့ကို ရွေးချယ်၍ ကိုးကွယ် ဆည်းကပ်ကြမှသာလျှင် ဤသာသနာတော်ကြီးသည် နေလပမာ လွန်စွာ ထွန်းလင်းပေလိမ့်မည်။

မိမိတို့ကိုယ်တိုင်က ၀ိနည်းမတတ်ခဲ့၍ ရှိလျှင် ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းတည်း၊ ဤရဟန်းကား ၀ိနည်းဒေသနာတော်နှင့် အညီ ကျင့်ကြံနေထိုင်သော ရဟန်းမဟုတ်ဟု ခွဲခြား၍ သိနိုင်တော့မည် မဟုတ်သဖြင့် ၀ိနည်းသိက္ခာပုဒ်နှင့် မညီသော ရဟန်းများကိုပင် ရဟန်းကောင်း ရဟန်းမြတ်အထင်နှင့် အားပေးချီးမြှောက်ခြင်းပြုမိက အရှင်မရှိသော ရဟန်းအား အားပေးချီးမြှောက်မှု အလဇ္ဖီပဂ္ဂဟာ၌သာ တည်၍ မြတ်စွာဘုရား သာသနာတော်၌ အရှက်မရှိ အလဇ္ဖီ ပုဂ္ဂိုလ်တွေသာ မြောက်မြား အားရှိခဲ့ရာ၏။ ထိုသို့ဖြစ်က ဤသာသနာ တော်ကြီးသည် ဘယ်အခါမှ ကောင်းတော့မည် မဟုတ်ချေ။
ထို့ကြောင့် ၀ိနည်းတရားတော်နှင့် တကွ သုတ်၊ အဘိဓမ္မာ တရားတို့ကို စွမ်းအားရှိသမျှ ထွန်းလင်းပြန့်ပွားအောင် အားထုတ်ကြကုန်ရာ၏။

ထိုဝိနည်းတရားတော်တည်မှ သာသနာတော် အရှည်တည်တံ့နိုင်မည် ၀ိနည်းတရားတော် ပွင့်လင်းမှ သာသနာတော် အရှည်ပွင့်လင်း တောက်ပနိုင်မည်။ ၀ိနည်းတရားတော် ကွယ်ပျောက်က သာသနာတော် ကွယ်ပျောက်ပေလိမ့်မည်။

အထက်ပါ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒများသည် ဘုရားဟော ပါဠိတော်များကို ကိုးကား၍ ရေးသား မိန့်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ ဆိုရလျှင် ကျနော်တို့ ဆွေးနွေးဝေဖန်ခဲ့သော အကြောင်းအရာများနှင့် အပြုအမူကို နားလည်လက်ခံ နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

နောက်ဆုံး အနေဖြင့် သတိပေးပါရစေ… လက်ခံခြင်း၊ လက်မခံခြင်းဆိုတာ မိမိတို့ ကိုယ်ပိုင် ဉာဏ်အရ ဆုံးဖြတ်ကြတာ ဖြစ်ခြင်းကြောင့် အငြင်းမပွားကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လိုအပ်ချက်ရှိပါက ဆွေးနွေးအကြံပြုနိုင်ပါတယ်။

တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…

ဒုတိယအကြိမ် ဆွေးနွေးပွဲ

၂၂.၀၂.၂၀၁၀ ရက်နေ့တွင် ဆရာတော်ဦးဥတ္တမသာရနှင့် ဓမ္မရေးရာ ဆွေးနွေးခဲ့သော အသံဖိုင်များ ဖြစ်ပါတယ်။

ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၁




ဆူနာမီဆရာတော်နှင့် ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ... ၂


ကျနော် အနေနဲ့ ဦးစွာပထမ အသိပေးပါရစေ။ ပထမအကြိမ် ဆွေးနွေးပွဲကို နားဆင်ပြီး သံဃာတော် အရှင်သူမြတ်များနှင့် အခြားသော နေရာဒေသ အသီးသီးမှာ ရှိနေကြတဲ့ ထေရ၀ါဒ သာသနာကို စောင့်ရှောက် ထိန်းသိမ်းလိုသော ဗုဒ္ဓဘာသာ ၀င်အားလုံးလည်း ကြောင့်ကြမဲ့ မနေခဲ့ကြပါဘူး။
အမြင်နဲ့ ခံယူချက်မတူကြတဲ့ အတွက် ဝေဖန်မှု အမျိုးမျိုးကိုလည်း ကြားသိလာရပါတယ်။ မည်သို့ပင်ဖြစ်စေ… ဆွေးနွေးပွဲများကို ခြုံငုံသုံးသပ်ပြီး မိမိတို့ အတွက် အကျိုးရှိအောင်သာ အသုံးချကြပါ။ ပြီးဆုံးအောင် နားဆင်ပြီး လူပုဂ္ဂိုလ်မပါပဲ ဓမ္မသပ်သပ်ကိုသာ ဝေဖန်ဆန်းစစ် လက်ခံကြပါ။ မနှစ်သက်ပါကလည်း မိမိတို့ သဘောအတိုင်းပါ။ ကျနော်တို့ ဆွေးနွေးခဲ့တာတွေသည် သာသနာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့ အတွက် အကျိုးယုတ်လျော့ မသွာဘူးဆိုတာတော့ ကျနော်တို့ ယုံကြည်ပါတယ်။ အနည်းငယ်မျှ ထုတ်ပြလိုပါတယ်…

(၁) ဆရာတော်ကိုယ်တိုင် အရင်တရားတွေက မှားနိုင်လို့ မိန့်ပါတယ်။ နောက်ပိုင်းတရားတွေကတော့ ပိုပြီး ပီပြင်လာပါ တယ်။ ဒီလိုပဲ အမှားနဲ့ ရင်းရတာပဲလို့ မိန့်ပါသေးတယ်။
မှတ်ချက်။ ။အထက်ပါ မိန့်ကြားချက် အရ အရင်တရားတွေမှာ အမှားပါတယ်ဆိုတော့ ဘယ်အချိန်ထိ မှားခဲ့ တယ်ဆိုတာ မသိပါ။

(၂) ၁၃၇၁ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်၊ ၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဆဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဌမအစည်းဝေးက ဆုံးဖြတ်ချက် အပိုဒ်(၄)အရ အင်တာနက်တွင် လွင့်တင်ထားသော တပည့်တော် ဥတ္တမသာရ (ဆူနာမီ) ၏ တရားများကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ပါကြောင်း ၀န်ခံကတိ ပြု လက်မှတ်ရေးထိုးပါသည်။
မှတ်ချက်။ ။အထက်ပါ အချက်အား မှန်ကန်ပါကြောင်း ဆရာတော်ကိုယ်တိုင် မိန့်ပါတယ်။

သံဃမဟာနာယကမှာ ၀န်ခံထားတာကို ချိုးဖောက်တာဟာ သံဃသာမဂ္ဂီကို ပျက်ပြားစေပါတယ်။ ဒီလိုဝန်ခံထားတာကိုလည်း ပညတ်ပဲ ဖြစ်တယ်။ အလေးထားစရာ မဟုတ်ဘူးလို့ ယူဆနေတယ်။ အချိန်တွေကို ဆုပ်ကိုင်တယ်လို့သာ မိန့်ပါတယ်။

ဆွေးနွေးပွဲ အသံဖိုင်များကို နားဆင်ပြီး ရေးသားကြသော သံဃာတော်များနှင့် စာရေးသူများ၏ ဆောင်းပါးများကို ဖော်ပြလိုက်ပါတယ်။

(၁)http://www.dhammayaungchi.com/2010/02/blog-post_20.html အတုအစစ်ခွဲခြားနိုင်ဖို့

(၂)http://www.dhammayaungchi.com/2010/02/blog-post_6020.html တရားချိန်ခွင် (သို့) မဟာပဒေသ ၄ ပါး

(၃)http://www.lknt.org/2010/02/blog-post_15.html ဆူနာမီဆရာတော်သို့ပေးစာ

(၄)http://www.venvicitta.com/2010/02/blog-post_20.html ဆူလာပြန်ပြီဆူနာမီ

(၅)http://www.yawcommunity.com/2010/02/blog-post_16.html အင်း…ဒါလေးတော့ဖြင့် သိစေချင်

(၆)http://www.yawcommunity.com/2010/02/blog-post_7566.html ဓမ္မဥပဒေသများ

(၇)http://universaltruthplace.blogspot.com/2010/02/blog-post.html ဆူနာမီဆရာတော်ထံသို့ လျှောက်ထားလွှာ

(၈)http://www.ahlataya.com/2010/02/blog-post_10.html ဝေဖန်ပေးခဲ့ကြပါသည်

(၉)http://www.dhammalaws.org/2010/02/blog-post_8133.html ဆူနာမီဆရာတော်၊ မိမိနှင့် ဆရာတုတ်ကြီးဆေး ကြော်ငြာ

(၁၀)http://www.dhammalaws.org/2010/02/blog-post_19.html နောက်ဆုံးပေါ်တရားအားထုတ်နည်း

(၁၁)http://ashinsasana.multiply.com/journal/item/25/25 ဗုဒ္ဓနှင့်ခေတ်ပြိုင်ဝါဒမျာ

(၁၂)http://www.ahlataya.com/2010/02/blog-post_23.html ဆူနာမီဆရာတော်နှင့် ဒုတိယဆွေးနွေးပွဲ

ဆရာတော်ဦးဥတ္တမသာရ နှင့် ဆွေးနွေးပွဲအသံဖိုင်များ

၁၄.၀၂.၂၀၁၀ ရက်၊ တနင်္ဂနွေနေ့ညတွင် ဆရာတော်ဦးဥတ္တမသာရနှင့် ဓမ္မရေးရာ ဆွေးနွေးခဲ့သော အသံဖိုင်များ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အသံဖိုင်များ အားလုံးဆုံးအောင် နာယူကြဖို့ တိုက်တွန်းပါရစေ။

စိတ်ချမ်းသာကြပါစေ…

အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၁


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၂


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၃


အွန်လိုင်းဆွေးနွေးပွဲ အသံဖိုင်များ ၎

မျက်မှောက်ခေတ်ကမ္ဘာ့အခြေအနေနှင့် ဗုဒ္ဓတရားတော်

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဟောကြားတော်မူသော မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေနှင့် ဗုဒ္ဓတရားတော် အမည်ရသော တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ အားလုံး တရားတော်ကို ကိုယ်စိတ်နှလုံး အေးချမ်းစွာဖြင့် နာယူကြည်ညိုနိုင်ကြပါစေ။


ဖွင့်ရန်

ဒို့သာသနာ ဒို့ဘာသာ

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ…။

အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။ ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။


ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။ ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။

ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။ အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။

မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။

ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။

ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။

အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။

သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…

ကံကောင်းအောင်နေနည်း

အရှင်ဇ၀န ဟောကြားတော်မူသော ကံကောင်းအောင်နေနည်း အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ တရားတော်အတိုင်း လိုက်နာ ကျင့်ဆောင်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

မေတ္တာဖြင့်စီးပွားရှာခြင်း

အရှင်ဇ၀န ဟောကြားတော်မူသော မေတ္တာဖြင့်စီးပွားရှာခြင်း အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ တရားတော်အတိုင်း လိုက်နာ ကျင့်ဆောင်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။

မေတ္တာသည်သာ

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော မေတ္တာသည်သာ အမည်ရသော တရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍ မေတ္တာတရားများ တိုးပွားပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ…။