အမှောင်ထဲဝယ်

အမှောင်ထဲဝယ်

ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့ အရပ်ကို ရှာဖွေနေသူဟာ ကိုယ့်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက် ဘ၀ပါပျောက်ပြီး သေနေမယ်။ ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင် စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့ အတွက် ဘ၀ပါ ပြည့်ဝရှင်သန်မယ်။
ဓမ္မဘေရီ အရှင်ဝီရိယ

နေရာနဲ့ ပတ်ဝန်းကျင်ဆိုတာ လူတယောက်ရဲ့ စိတ်ကို အပြောင်းလဲကြီး ပြောင်းလဲနိုင်ပါလားဆိုတဲ့ အတွေးလေးတွေ တွေးနေမိပါတယ်။ တချို့က ကံကောင်းလို့ နေရာကောင်းကို ရတယ်။ တချို့က ကံမကောင်းလို့ မကောင်းတဲ့ နေရာမှာ နေကြရတယ်လို့ ဆိုကြပြန်တယ်။ တခါတလေတော့လည်း နေရာတစ်ခုဆိုတာ အကြောင်းတရားများစွာ ပေါင်းစုံခဲ့လို့သာ ရောက်လာကြတာပဲ မဟုတ်လား။ တနည်းစဉ်းစားကြည့်ရင် လက်ရှိဘ၀ဖြစ်တည်ခဲ့ရတာဟာ အတိတ်က အကြောင်းရှိလို့ ပစ္စုပ္ပန်အကျိုး ခန္ဓာဖြစ်ရတာပါပဲ။ အများစုက ယခုဘ၀အတွက် နေရာကောင်းကိုသာ မျှော်လင့်တတ်ကြပေမယ့် ၃၁ ဘုံဆိုတဲ့ နေရာတွေကနေ လွတ်မြောက်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါ့ထက်ပိုလို့ အ၀ိဇ္ဇာဆိုတဲ့ အမှောင်ထုအောက် မှာ စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းဖို့ အားခဲနေကြတယ်ဆိုရင် မှန်မယ်ထင်ပါတယ်။

တကယ်တမ်း ကြိုးစားရမှာက အမှောင်ကိုခွင်း အလင်းမြင်နိုင်ဖို့ပါ။ အမှောင်ထဲမှာ ထပ်ပြီး မမိုက်ကြပါနဲ့ ဆိုတဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ ဆုံးမသြ၀ါဒကို ကြားယောင်မိပါတယ်။

တစ်ခါတုန်းက တောင်ဝှေး တဒေါက်ဒေါက်နဲ့စမ်းပြီး ခရီးသွားနေတဲ့ မျက်မမြင် တစ်ယောက်ရှိတယ်။ သူသွားဖူးတဲ့ လမ်းကို မှန်းဆစမ်းဝါးပြီး သွားနေရင်း နေ၀င်ချိန်မှာ ရွာတစ်ရွာကို ရောက်တယ်။ ခရီးဆက်သွားမယ့် မျက်မမြင်ကြီးကို ကရုဏာ သက်ဝင်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီဖြစ်လို့ မှောင်မိုက်သွားပြီ ဖြစ်တဲ့အကြောင်း၊ ဒါ့ကြောင့် မီးအိမ်ဆွဲသွားဖို့ လိုအပ် ကြောင်း အကြံပေးတယ်။ ဒီအခါမှာ မျက်မမြင်က… ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲသွားတော့ကော ဘာထူးမှာလဲလို့ ပြောတော့ ရွာသားက… မီးအိမ်ကို ဆွဲပြီး လာတာကို မြင်ရရင် ခင်ဗျားကို တခြားလူတွေ ၀င်မတိုက်အောင် ရှောင်သွား နိုင်တာပေါ့… လို့ပြောပြတယ်။ ဒါနဲ့ မျက်မမြင်က မီးအိမ်ကို ဆွဲသွားဖို့ သဘောတူလိုက်တယ်။ ရွာသားက မီးအိမ်တစ်လုံးကို မီးထွန်းပြီး ပေးလိုက်တယ်။ မျက်မမြင်က မီးအိမ်ကိုဆွဲပြီး ခရီးဆက်ထွက်လာခဲ့တယ်။

မကြာခင် လူတစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့သူကို မျက်မမြင်က… ဟေ့လူ ခင်ဗျား ကန်းနေသလား။ ဒီမှာ မီးအိမ်ဆွဲလာတာ မမြင်ဘူးလားလို့ အော်ငေါက်လိုက်တယ်။ အဲဒီအခါမှာ ၀င်တိုက်တဲ့လူက… ခင်ဗျား မီးအိမ်မှာ မီးငြိမ်းနေတာ မသိဘူးလား လို့ပြောရင်း ဆက်ထွက်သွားတယ်။ လမ်းမှာ လေတိုက်တော့ မီးအိမ်က မီးငြိမ်းသွားတာကို မျက်မမြင်က မသိလိုက်ဘူး။ ဒီလိုနဲ့ မျက်မမြင်က သြော်… အမှောင်ထဲမှာတော့ အကန်းရော၊ မကန်းတဲ့သူရောဟာ အတူတူပါပဲလားလို့ ညည်းညူပြောရင်း တောင်ဝှေးတဒေါက်ဒေါက်နဲ့ ခရီးဆက်ထွက်သွားလေတယ်။

ဒီအကြောင်းလေးကို ဆရာနန္ဒသိန်းဇံရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတော့ တို့တွေလည်း အမှောင်ထဲမှာ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင် များခဲ့ဖူးပြီလို့ တွေးမိလိုက်တယ်။ တကယ်တော့ ခေတ်မှီနည်းပညာတွေ ဘယ်လောက်တတ်တတ်၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ ပစ္စည်း ဥစ္စာတွေ ဘယ်လောက် ကြွယ်ဝပါစေ၊ သိရမယ့် အမှန်တရားတွေကို အမှန်အတိုင်းမသိသမျှတော့ လူသတ္တ၀ါတွေအားလုံး အကန်းတွေချည်းပါပဲ။ အ၀ိဇ္ဇာ အမှောင်ထဲမှာတော့ အားလုံးဟာ မသိတာချင်း အတူတူပါပဲ။ မမြင်တာချင်း အတူတူပါပဲ။ အသွင်အပြင်အားဖြင့်ပဲ ကွဲပြား ကြတာပါ။

အလင်းနဲ့ အမှောင် ကွာခြားသလို ပညာရှိနဲ့ ပညာမဲ့ သူတို့လည်း ကွားခြားကြပါတယ်။ လောကီပညာတွေမှာ မသိသေးတာတွေကို အကုန်သိအောင် လေ့လာဆည်းပူးနေမယ်ဆိုရင် ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်သလို ဒါတွေကို မသိလို့လည်း ဘ၀သံသရာ ခရီးမှာ နစ်မွမ်းသွားမယ်လို့ မုချ မဆိုနိုင်ပါဘူး။ တကယ့်သိရမယ့် အမှန်တရားတွေကို မသိမှသာလျှင် သံသရာတလျှောက်လုံး နစ်မွမ်းရပါလိမ့်မယ်။ နောက်ဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်တိုးတဲ့ အချိန်မှာလဲ ကြောက်လန့်စရာ အဖြစ် အလွဲအမှားမြင်ပြီး ညှိုးငယ် ပင်ပန်းထိတ်လန့်မှုတွေ ဖြစ်ဦးမှာပဲ။ ဒါတွေကို အမှန်အတိုင်း မြင်နိုင်တဲ့ အသိတွေ ရှိလာအောင် ဖြည့်ဆည်းရဦးမှာပဲလို့သာ တွေးနေမိပါတယ်။

ပတ်ဝန်းကျင်က နေ့စဉ်တွေ့ကြုံနေရတဲ့ အာရုံတွေအပေါ်မှာ အမှန်အတိုင်းမမြင်ပဲ နှလုံးသွင်းမမှန်တဲ့အခါ အကုသိုလ်ဖြစ်ရ တယ်။ တချို့ကျတော့ အာရုံဆိုးတစ်ခု တွေ့လိုက်ပေမယ့် အလိုလိုသည်းခံ ပြီးသားဖြစ်နေတယ်။ တချို့ကျတော့ အာရုံဆိုး တစ်ခုတွေ့လိုက်တာနဲ့ ဖျက်ခနဲ ဒေါသဖြစ်ပြီး တခဏအတွင်းမှာ သတိရပြီး ကိုယ့်ဒေါသကို ပြန်ထိန်းနိုင်ပါတယ်။ တချို့ကျတော့ ဒေါသဖြစ်လိုက်ရင် အရှိန်မသေပဲ တော်တော်ကြာအောင် ဖြစ်နေတတ်တယ်။ ကိုယ့်သဘောနဲ့ မတွေ့တိုင်း ဒေါသဖြစ်နေမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ အဲသလို ကြုံလာရရင် သူလည်းပဲ အမှောင်ထဲမှာ လမ်းလျှောက်နေသူ ကိုယ်လည်း အမှောင်ထဲမှာပဲ ရှိနေသေးတဲ့သူပဲလို့ သဘောပေါက်နားလည်ပြီး တစ်ဦးကိုတစ်ဦး ခွင့်လွှတ်သည်းခံနိုင်ရင် အကောင်းဆုံးပါပဲ။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးက ပါရမီလမ်းသွား ပုဂ္ဂိုလ်များအဖို့ လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့်တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပေက္ခာတရား) သည် အဖနှင့်တူ၏၊ ဟု ဆုံးမတော်မူပါတယ်။ အားကြီးတဲ့ လူမှုရေး ပရဟိတ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီတရားမပါပဲ လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်သဘောအတိုင်း အမြဲတမ်းတွေ့ကြုံရမှာ မဟုတ်လို့ပါ။ တခါတလေ သဘောမတိုက်ဆိုင်တာတွေ ရှိကြရင်လည်း သည်ခံပြီး ရှေ့ဆက်ရမှာပါ။ သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရား ဖြစ်၏ ဟု မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့ပါတယ်။ လူတိုင်း လိုက်နာကျင့်သုံး နိုင်ကြရမှာပါ။

ညအမှောင်ထဲမှာ လမ်းလျှောက်ရင်း တစ်ဦးနဲ့ တစ်ဦး တိုက်မိခဲ့ကြရင် နားလည်ခွင့်လွှတ်တတ်ရသလို အ၀ိဇ္ဇာ အမှောင်ထု အောက်မှာ နေကြရဆဲဖြစ်တဲ့ သတ္တ၀ါအချင်းချင်းလည်း သည်းခံခွင့်လွှတ်တတ်ကြရင် အေးချမ်းရမှာပါပဲ။ နောက်ဆုံး ပန်းတိုင်ကတော့ အ၀ိဇ္ဇာ အမှောင်ထဲက လွှတ်မြောက်အောင် လျှောက်လှမ်းကြဖို့သာ ဖြစ်ပါတယ်။

အမှောင်ကိုခွင်း အလင်းမြင်နိုင်ကြပါစေ…

2 comments:

Mary Grace said...

http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

တတိယမြောက်သမီးတော် said...

အ၀ိဇ္ဇာ ဖုံးလွှမ်းထားတဲ့သူတွေဆိုတာ ဆင်းရဲသူ
ချမ်းသာ သူအားလုံးတူတူပဲနော်
သံသရာမှာ လည်နေကြအုံးမှာလေ
ဒီဘ၀လေး ချမ်းသာတာနဲ့ သံသရာတလျှောက်
လုံး သူပဲ အစိုးရတော့မလို ဖြစ်နေတာ
ဒီဘ၀ မသေခင်တောင် အပြောင်းအလဲနဲ့
ကြုံရအုံးမှာ ဖတ်လို့ အရမ်းကောင်းတယ်