ပညတ်နဲ့ပရမတ်


ပညတ်နဲ့ပရမတ်

“ပရမတ်အစစ် မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာ ကောင်းတယ်”
(နတ်မှီတောရဆရာတော်)

တောင်တွင်းကြီးအပါအ၀င် မြေလတ်ပိုင်းမြို့တွေမှာ ငါးရက်တစ်ဈေးခေါ်ကြတယ်။ တခြားနေ့တွေမှာလဲ ဆိုင်ကြီးတွေ ဖွင့်ထားကြပေမယ့် ဈေးနေ့အဖြစ် သတ်မှတ်ထားတဲ့ ငါးရက်တစ်ဈေးနေ့တွေ ရောက်မှပဲ တောရွာတွေက ရောင်းသူ ၀ယ်သူတွေနဲ့ စည်းကားတာ။

နတ်မှီတောရဆိုတာ မြို့နဲ့ တော်တော်လေးလှမ်းတာမို့ ဈေးလွန်တစ်ရက်လို့ ခေါ်တဲ့ ဈေးနေ့ပြီး နောက်တစ်ရက် ကို ဥပုသ်သီတင်းဆောက်တည်တဲ့ ရက်အဖြစ် သတ်မှတ်ထားကြတယ်။ ဈေးနေ့မှာ ရောင်းရေး ၀ယ်ရေး ကိစ္စတွေပြီးရင် ချက်ပြုတ်စရာဝယ်၊ နောက်နေ့ မနက်စောစောချက်ပြုတ်ပြီး ဆွမ်းချိုင့်များ ဆွဲသူဆွဲ၊ ဆွမ်းအုပ်ရွက်သူရွက်နဲ့ ကျောင်းတတ်ကြတာ။ ဒကာတစ်ယောက်က ၀က်သားတော်တော်ကြိုက်တယ်။

သူ့ဆွမ်းချိုင့်က အမြဲတမ်းဝက်သားဟင်းချည်းပဲ၊ နတ်မှီတောရ ဆရာတော်ကြီးက သက်သက်လွတ်စားတယ်။ အိန္ဒိယမှာကတည်းက အသားမစားတဲ့ အကျင့်ပါလာလို့ နောက်လည်း မစားတော့ဘူး။ တစ်နေ့ ၀က်သားကြိုက်တဲ့ ဒကာကြီး ကျောင်းတတ်အလာမှာ ဆရာတော်ကြီးနဲ့ တွေ့တော့ ဆရာတော်ကြီးက... “ဘာဟင်းတွေများ ချက်လာတုံး ဒကာကြီး” လို့ မေးလိုက်တယ်။

ဒကာကြီးက ဆရာတော်အသားမစားမှန်း သိတော့ ၀က်သားဟင်းပါလို့ လျှောက်ထားဖို့ခက်နေပုံရပါတယ်။ ပြီးတော့မှ... “ဆရာတော်ပဲ ဟောထားတာပဲ၊ အားလုံးဟာဓါတ်လေးပါးချည်းဆို၊ ခုလဲ ဓါတ်လေးပါးဟင်းပေါ့ဘုရား” တဲ့။

ဆရာတော်ကြီးက ပြုံးပြီး “အေး... ဈေးထဲမှာတုန်းက ပေါက်ဖော်ကြီးဆိုင်မှာ ဓါတ်လေးပါးငါးဆယ်သားလောက် ပေးပါလို့ ပြောပြီး ၀ယ်လာတာဆိုရင်တော့ ဒကာကြီးဟာ ဓါတ်လေးပါးဟင်းပဲပေါ့လေ၊ ဘယ်လိုပြောပြီး တယ်လာတုံး” ဆိုတော့ ဒကာကြီးက ရယ်ကျဲကျဲနဲ့...

“ဆရာတော်ကလည်း ကတ်သီးကတ်သတ် ဘယ် ဒီလိုတော့ ပြောဝယ်လို့ရမလဲ ဘုရား၊ ၀က်သားလို့ ပြောဝယ်ရတာပေါ့” ဆိုတော့ ဆရာတော်ကြီးက... “၀က်သားလို့ ပြောဝယ်လာရင်တော့ ၀က်သားဟင်းပဲ ဖြစ်မှာပေါ့ ဒကာကြီးရဲ့၊ ဓါတ်လေးပါးလို့ ပြောဝယ်မှ ဓါတ်လေးပါးဟင်း ဖြစ်မှာပေါ့” လို့ မိန့်လိုက်ပါတယ်။

နေ့ဆွမ်းစားအပြီး အချိုပွဲဝိုင်းမှာ ရပ်ဝေးကရောက်လာတဲ့ အာဂန္တုဆရာတော်များပါ ၀ိုင်းဖွဲ့ပြီး ဒီအကြောင်း စပ်မိကြတော့... ဆရာတော်တစ်ပါးက “ဒကာကြီးပြောတာလဲ ဟုတ်သားပဲ၊ နောက်ဆုံးတော့ သက်ရှိကော သက်မဲ့ကော အခြေခံက ဓါတ်လေးပါးချည်းပဲ မဟုတ်လား” လို့ လျှောက်ထားလိုက်တယ်။

ဆရာတော်ကြီး အဲဒီဆရာတော်ရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်ပြီးမှ... “ပရမတ် အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်” လို့ ခပ်လေးလေး မိန့်လိုက်ပါတယ်။

“ဘာဖြစ်လို့လဲ ဆရာတော်” ဆိုတော့မှ...

“ဘုရားတို့ ရဟန်းသံဃာတော်တို့နဲ့ လူဝတ်ကြောင်၊ အမိ၊ အဘတွေနဲ့ တခြားယောက်ျား မိန်းမစတဲ့ သူ့ဂုဏ်သူ့ အမည် ပညတ်နဲ့ သီးခြားစီရှိကြတာကို အတူတူဓါတ်လေးပါး အခြေခံတွေ ချည်းပဲလို့ ယူကြည့်ပါ့လား၊ လောကမှာ သည့်ထက် ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား”

“တကယ့်ပရမတ် အစစ်ကို ပေါက်ပြီး သစ္စာလေးပါး ထိုးထွင်းသိပြီးလို့ ငါ၊ သူတစ်ပါး၊ ယောကျာ်း၊ မိန်းမရယ်လို့ မရှိဘူးလို့ သိတာက တစ်မျိုးပါ၊ ဒါက ၀ိပဿနာဉာဏ်အမြင်နဲ့ ရှုကြည့်တဲ့ အခိုက်ပြောတာ၊ လောကထဲမှာ ပြောတာ သိမှတ်တာကျတော့ သူ့ပညတ်နဲ့သူ ခွဲပြီးတော့ပဲ သုံးရတယ်၊ အားလုံးကို အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင်နဲ့ ကိုယ့် အိမ်သူကို အတူတူပဲလို့ သဘောထားကြည့်ပါလား၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား၊ လောကီနယ်မှာ ပညတ်ဟာ သူ့တန်ဖိုးနဲ့သူ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်းဂုဏ်ချင်း ခြားနားတယ်၊ ဒါကို ခြားခြားနားနားပဲ သိမှတ်ရတယ်။ ၀ိပဿနာနယ် လောကုတ္တရာနယ်မှာကျတော့လည်း ပရမတ်က သူ့တန်ဖိုးနဲ့ သူပေါ့” လို့ မိန့်လိုက်ပါတယ်။

လောကစည်းနဲ့ ဓမ္မစည်း မရောထွေးကြဖို့ပါ။

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)

1 comment:

တတိယမြောက်သမီးတော် said...

သိပြီးသာ သစ္စာနှစ်ပါး အကြောင်းလေးပါ
ရေးသားချက်လေးကိုနှစ်သက်စွာ
ဖတ်သွားတယ် မောင်လေး