"အမေး အဖြေ(၅)"

ကိုအောင်ဦးရေ တစ်ခုလောက်မေးချင်လို့ပါ... ဘုရားတွေပေါ်မှာ ဥပမာ ရွှေတိဂုံတို့ပေါ်မှာပေါ့... ဘုရားကို ရေချမ်းကပ်ဖို့အတွက် လူတွေက စိတ်အမျိုးမျိုးနဲ့ ဆုတောင်းပြီးတော့ ဘုရားကို ရေခွက်လေး တွေနဲ့လောင်း ပြီးတော့ ရေသပ်ပယ်ကြပါတယ်.. ဘုရားကို ဒီလို ရေအေးနဲ့ လောင်းရတဲ့အတွက် ဘ၀အေးချမ်းတယ်လို့ လူတွေအများစုက ယူဆကြတယ်.. ဒါကို ဘုန်းကြီးတစ်ပါးက ဒီလိုသာ အေးချမ်းမယ်ဆိုရင် ဘုရားဆင်းတုတော် တွေကို ဘုန်းကြီးကျောင်းမှာ နေ့တိုင်း ရေစိမ်ပေးပါတယ်တဲ့... ဒီလိုဆိုရင် ဘာအတွက် ဘုရားတွေပေါ်မှာ ရေချမ်းကပ်လှူဖို့အတွက် ရေစဉ်လေးတွေထားရပါသလဲဆိုတာ သိစေချင်လို့ပါ... တစ်ခါတစ်လေမှာ ဘုန်းကြီးတွေက တစ်ပါးနဲတစ်ပါးဟာ အမြင်မတူတာလေးတွေ အယူဆလေးတွေက ကွဲနေတယ်ဗျ.. ဒီလိုအယူဆလေးတွေကွဲနေရင် ကျန်တဲ့ ဗုဒ္ဒဘာသာဝင်တွေက ဘယ်ဟာက အမှန်ဆိုတာကို ရွေးချယ်ရမလဲ မသိဘူးဖြစ်နေတယ်.. ဒါကြောင့် ဗုဒ္ဒဘာသာ လူမျိုးတွေအတွက် တစ်မျိုးတည်းသော အယူအဆနဲ့ မှန်ကန်တဲ့အယူဆ မျိုးရှိသင့်တယ်လို့ထင်ပါတယ်.. နောက်ပြီးတော့ ဘုန်းဘုန်းတွေက ဘာလို့အဲဒီလို အနည်းငယ်သော အယူဆလေးတွေ ကွဲလွဲနေတာလေးတွေကိုလည်း သိခြင်ပါတယ်ခင်ဗျာ…။


ကျနော်တို့ လူတွေအနေနဲ့ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာအားဖြင့် ကြီးမားလှတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်နည်းနဲ့မှ မဝေဖန်အပ်ပါ။ ကျနော် ခံယူမိတဲ့ အတိုင်းလေးပဲ ရေးလိုက်ပါတယ်။ လိုအပ်တာတွေ့ရှိခဲ့ရင် ဝေဖန် အကြံပြုရေးသားခဲ့ပါ။

အနည်းငယ်သော အလွဲအမှားဆိုတာ ပုထုဇဉ်တိုင်း မကင်းပါဘူး။ ဘုရားရှင်ဟောခဲ့ တရားတွေကိုလည်း နာယူမှု၊ နှလုံးသွင်းမှု အပေါ်မူတည်ပြီး ကွဲလွဲကြတယ်လို့ ထင်မိပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ သံဃာတွေလည်း ဂိုဏ်ကွဲခဲ့တာပဲ။ ထေရ၀ါဒနဲ့ မဟာယန ပေါ့။
မဟာယနက ပိဋကတ်တော်အတိုင်း မဟုတ်တော့ပဲ ဖြည့်စွက်တာ၊ ထုတ်နှုတ်တာ၊ ပြင်ဆင်တာ၊ ပြောင်းလဲတာတွေ ပြုလုပ်ကြတယ်။ စာတွေရေးတဲ့ အခါမှာလည်း ပိဋကတ်တော်အတိုင်း မဟုတ်ပဲ ရေးတာမျိုးတွေ ရှိတယ်။ အခုနောက်ပိုင်းမှာ တချို့စာအုပ်တွေက မဟာယနက ကျမ်းတွေကို ကိုးကား လိုက်တာမျိုးတွေ ရှိတယ်။ ဒီတော့ ထေရ၀ါဒနဲ့ ကွဲလွဲတာတွေ ဖြစ်ကြတယ်။ ဒါတွေသည် ရှေးယခင်ကတည်းက ဗုဒ္ဓတရားတွေ အပေါ်မှာ နားလည်မှု လွဲခဲ့ကြလို့ပါ။

ပုထုဇဉ်တွေပဲ ဖြစ်တဲ့ အတွက် အယူအဆ မတူပဲ ကွဲလွဲကြ ရတာပါ။ အရိယာဖြစ်ရင်တော့ အယူတူသွားပါပြီ။ ဥပမာ… သောတပတ္တိမဂ်ကျပြီးရင် ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အပြီးတိုင် ပယ်သတ်ပြီး ဖြစ်တဲ့ အတွက်ကြောင့် တရားဓမ္မအပေါ်မှာ အမြင်တူသွားပြီ ဆိုတဲ့ သဘောပါ။

ရေသပ္ပါယ်တာနဲ့ ပတ်သတ်လို့လည်း ကိုယ်တိုင်တွေးကြည့်ပါ။ ကျနော်တို့ ဘုရားရှင်က ကာလမသုတ်တော်မှာ ရှေးရိုးအစဉ် ဆင်သက်လာတဲ့ စကားကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ ယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဟောပြောချက် တို့ကိုလဲ အမှန်လို့ မယူဆကြနဲ့။ မိမိတို့ကိုးကွယ် ဆည်းကပ် အလေးအမြတ်ပြုထားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စကားကိုလဲ မှန်လှပြီလို့ မယူဆကြနဲ့ လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘယ်လိုယုံကြည်ရမလဲ ဆိုတော့ ဘုရားဟောကျမ်းဂန်ဆိုတဲ့ “အာဂမယုတ္တိ”၊ အလွန်ထင်ရှားလှတဲ့ “သာဓကယုတ္တိ”၊ သိပ္ပံနည်းဆိုတဲ့ “သဘာဝ ယုတ္တိ”၊ ကြောင်းကျိုး ဆက်သွယ်တဲ့ “ကာရဏယုတ္တိ” တွေနဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်ထိုက်ပါတယ်။
ဘုရားရှင်ကို သက်တော်ထင်ရှား ရှိသလို နှလုံးသွင်းပြီး ပူဇော်ရမယ်ဆိုတာ သိပါတယ်။ ဒီတော့ ကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်တာ အသင့်တော်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်။

တရားစစ်တရားမှန်ဖြင့် ချမ်းသာသုခပြည့်ဝ နိုင်ကြပါစေ…




"အမေး အဖြေ(၄)"

မြတ်စွာဘုရားရှင်ရဲ့ ရင်ငွေ့တော်ခိုလှုံပြီး ကိုယ်စားတော် တည်ထားခဲ့ပါသော မဟာမြတ်မုနိ ရုပ်ပွားတော်သည် အထက်မြန်မာပြည် နာမည်ကြီးမြို့တော်မှာလား၊ ရခိုင်ပြည်နယ်မှာလားဆိုတာကို ဗဟုသုတအနေနဲ့ ပြောကြားပေးပါအုံး ကျေးဇူးတင်ပါတယ်။

မောင်မောင်ထိုက်


ဒီမေးခွန်းအကြောင်းက သမိုင်းမှာ အမျိုးမျိုးပြောကြတာတွေ ရှိပါတယ်။ တချို့ စာတွေက အထောက်အထား မခိုင်လုံပဲ စာရေးသူတွေရဲ့ ကိုယ်ပိုင် သဘောထားကြောင့် ကွဲလွဲတာမျိုးလည်း ရှိတတ်ပါတယ်။ အခု စာဖတ်သူမေးထားတဲ့ အကြောင်းကလည်း အမျိုးမျိုး ပြောနေကြတဲ့ ရာဇ၀င်ပါ။ ဗဟုသုတ ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာ အမှန်ကိုသိမြင်ထားဖို့ အရေးကြီးတာကြောင့် ကျနော့် အနေနဲ့ အတတ်နိုင်ဆုံး လွဲမှားမှု မဖြစ်ရအောင် ရေးလိုက်ရပါတယ်။ ကျနော့်ထက် အချက်အလက် ပိုမိုစုံလင်အောင်သိတဲ့ စာဖတ်သူရှိခဲ့ရင် ဝေဖန် အကြံပြု ရေးသားပေးခဲ့ဖို့ တောင်းဆိုပါတယ် ခင်ဗျာ။

မေးလာတဲ့ မေးခွန်းတွေကို ဖြေဖို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာ အခြား အကြောင်းအရာတွေပါ ရေးသားရင် ပိုကောင်းမယ်လို့ စဉ်းစားမိပါတယ်။ စာဖတ်သူ မေးထားတဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်သည် ဘယ်နေရာမှာ ရှိတယ် ဆိုတာထက် တကယ်ပဲ ရင်ငွေ့တော်လှုံပြီး ဘုရားရင် သက်ရှိထင်ရှားရှိစဉ်က ထုလုပ်ခဲ့တာ မှန်ရဲ့လား ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ရခိုင်ပြည်နယ်ဘက် ကျတော့လည်း သူတို့ဆီက တကယ့် အစစ်လို့ ပြောကြတယ်။ မန္တလေးမှာကျတော့လည်း သူတို့က အစစ်လို့ပြောပြန်တယ်။ ဒါကတော့ လူတွေအပြောပေါ့။


မဟာမြတ်မုနိ ရုပ်ပွားတော် သမိုင်း ဗွီစီဒီမှာ ရခိုင်ပြည်နယ်ကို ဒုတိယတည်ထောင်တဲ့ စန္ဒသူရိယဘုရင် လက်ထက်မှာ သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က မိမိရင်ငွေ့တော်ကို (၇)လက်ခုပ်ထည့် တော်မူကာ ညီတော်မဟာမုနိလို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက် ဘိုးတော်ပဒုံမင်း လက်ထက်ရောက်တော့ အိမ်ရှေ့မင်းနှင့် အတူ သားတော်စကုမင်း၊ ကာမမင်းတို့ကို (၁၆.၁၀.၁၇၈၄) ရက်နေ့မှာ အမရပူရမြို့ကနေ ထွက်ခွာစေပြီ မဟာမြတ်မုနိ ရုပ်ပွားတော်ကို ရခိုင်ကနေ မန္တလေးကို ပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မန္တလေးက အစစ်လို့ ဆိုကြတာဖြစ်မှာပေါ့။ ကျနော့် အနေနဲ့တော့ ဘယ်ရုပ်ပွားတော်က အတုအစစ် ဆိုတာကို မဆုံးဖြတ်တတ်ပါဘူး။ ဘယ်ဟာက ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ပွားတော်လို့ မြင်လိုက်တာနဲ့ ကိုယ်ရဲ့ နှလုံးသားမှာ ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ခြေမတော်ကို နဖူးဦးတိုက် ရှိခိုးသလို စိတ်ထဲမှာထားပြီး ကြည်ညိုပါတယ်။
ဓမ္မစေတီ ဆရာတော်ဟောတဲ့ တရားတွေနာကြည့်တဲ့ အခါမှာ အဲဒီအကြောင်း ရှင်းထားတာကို မှတ်သားခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ ဘုရားရုပ်ပွားတော်များကို AD-57 နဲ့ AD-100 ကြားမှာ ပေါ်ခဲ့တာပါ။ ၂၉ ဆက်မြောက် စန္ဒာသူရိယဘုရင်သည် AD-149 မှာ မဟာမြတ်မုနိ ရုပ်ပွားတော် သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ စဉ်းစားကြည့်လို့ ရပါတယ်။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့ခြင်းဆိုတာ မဖြစ်နိုင်တဲ့ အချက်ပါ။ ဒါကြောင့် ရင်ငွေ့တော် လှုံတယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ဘုရားရှင်က BC-543 မှာ ပရိနိဗ္ဗာန် စံဝင်ခဲ့တဲ့ အတွက်ကြောင့် ရုပ်ပွားတော် ပေါ်လာတဲ့ အချိန်သည် နောက်ကျပါတယ်။ ဘုရားရှင် ရင်ငွေ့တော်လှုံတယ် ဆိုတဲ့နေရာမှာ ကျနော်တို့ သိထားရမှာက ဘုရားရှင်သည် သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာနဲ့ ကြည့်ရှု ဆုံးမတော်မူပါတယ်။ ရင်ငွေ့တော် မလှုံလဲ ပင်ကိုယ် ကရုဏာဓာတ်က ကြီးမားပြီးသားပါ။
သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် (၇၆) ထက်စောပြီး မြန်မာပြည်မှာ ဘယ်ဘုရား ရုပ်ထုမှ မရှိပါ။ အဲဒီလိုပဲ သီရိဓမ္မာသောက (အသောကမင်း၊ BC-274-232) ထက်စောပြီး ဘယ်စေတီ၊ ပုထိုးမှ မရှိဘူးပါ။ (ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာနိုင်ငံကို ထေရ၀ါဒ သာသနာ ရောက်ရှိပြန့်ပွားလာပုံ စာအုပ်မှာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်)။ ဒါဆိုရင် မဟာမြတ်မုနိ ရုပ်ပွားတော်နဲ့ ပတ်သတ်လို့ သံသယ ဖြစ်စရာ မလိုလောက်တော့ဘူး ထင်ပါတယ်။
နောက်တခု စဉ်းစားကြည့်ရမှာက အခု မဟာမြတ်မုနိ ရုပ်ပွားတော်မှာ ရှိနေတဲ့ မင်းဝတ်တန်စာတွေကို မင်းတုန်းမင်း လက်ထက်မှာ တပ်ဆင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ တချို့က ဘုရားရှင်သည် ထီးနန်းစည်းစိမ် အားလုံးကိုတောင် စွန့်ပြီး တောထွက်ခဲ့တာပဲ ဒါတွေ လှူနေဖို့ မလိုဘူးလို့ ဆိုကြတယ်။ တချို့ကျတော့ ဘုရင်ကလည်း ဘုရင်ရဲ့ မြင့်မြတ်တဲ့ မင်းဝတ်တန်ဆာနဲ့ ပူဇော်တယ်လို့ ဆိုကြတယ်။ ဒါတွေသည်လည်း အမြင်နဲ့ ခံယူချက် မတူတဲ့ လူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။
မေးခွန်းနဲ့ ပတ်သတ်လို့ ကျနော်ဖြေပေးထားတာကို မရှင်းတာရှိလည်း ပြန်မေးပါ။
ဘုရားရှင် နောက်ဆုံး သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ညောင်စောင်းထက်မှာ လျောင်းလျက် တပည့် သံဃာဝင်တွေကို မိမိအပေါ် အပြစ်မြင်ရင် ပြောကြဖို့၊ တရားတော်တွေမှာ ယုံမှား သံသရာ ရှိရင် မေးကြဖို့ အခွင့်ပေးပါတယ်။ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြတယ်။ အဲဒီနောက်မှ ဘုရားရှင်က မှတ်သားဖွယ် စကားလေးခွန်း ပြောခဲ့ပါတယ်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်ပါတယ်။
ဘုရားရဲ့ စကားအတိုင်း လိုက်နာကျင့်ကြံတဲ့ သူသည် ဘုရားကို အမွန်မြတ်ဆုံး နည်းနဲ့ ပူဇော်နေတာပါလို့ ဆိုနိုင်ပါတယ်။ ဘုရားကို ရှိခိုး၊ ရွှေသင်္ကန်းကပ်၊ အလှူငွေ ထဲ့ဝင်နေကြာတာတွေသည် ကုသိုလ်ရပါတယ်။ ဒါပေမယ့် ဘုရားအကြိုက် ပူဇော်ခြင်းမျိုး မဟုတ်သေးပါ။ မိမိအကြိုက် ကုသိုလ် လိုချင်လို့ လုပ်နေခြင်းသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို အမြဲတမ်း ကန်တော့နေတဲ့ ၀က္ကလိ မထေရ်ကို ဘုရားက တရားအားမထုတ်လို့ နှင်ထုတ်လိုက်တယ်။ ဘုရားရှင် အကြိုက်ပူဇော်ဖို့က နောက်ဆုံးမှာကြားခဲ့ စကားတခွန်းနဲ့ပဲ လုံလောက်ပါတယ်။
“ချစ်သားတို့ … ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့ …”
အရိုးရှင်းဆုံးပြောရရင် ပျက်ဆီးနေတဲ့ သင်္ခါရ တရားတွေကို သတိနဲ့စောင့်ကြည့် လို့ဆိုခဲ့တာပါ။ ဒါသည် ၀ိပဿနာ အားထုတ်ခိုင်းတာပါပဲ။ ဒါမှလည်း ဘုရားရှင်ကို အမြင့်မြတ်ဆုံး ပူဇော်ရာ ရောက်ပါတယ်။ တရားအားမထုတ်ပဲ မည်သည့် ရုပ်ပွားတော်၊ စေတီတော်မှာပဲ ပူဇော်ရှိခိုးနေပစေ ဘုရား မနှစ်သက်ပါ။ သက်ရှိထင်ရှား ရှိနေတာတောင် တရားအားမထုတ်တဲ့ သူကို ဘုရားရှင် ကိုယ်တော်တိုင် နှင်ထုတ်ခဲ့တာပဲ။ ဒီတော့ မိမိတို့တွေက အဓိက အလုပ်ကို အရင်ဆုံး လုပ်ဖို့ပဲ လိုပါလိမ့်မယ်။

ကောင်းကျိုလိုရာ ဆန္ဒ ပြည့်ဝနိုင်ကြပါစေ…
လေးစားစွာဖြင့်…
အောင်ဦး