နှစ်သစ်မင်္ဂလာ တရားရှာ



“စန္ဒကူးရနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းရနံ့သည် လည်းကောင်း၊ ကြာညိုပန်းရနံ့သည် လည်းကောင်းရှိ၏။ ထိုရနံ့ အမျိုးမျိုးထက် သီလရနံ့သည် အတုမရှိမြတ်၏။”


ယနေ့ အချိန်ကာလသည်ကာ ကျွန်တော်တို့မြန်မာလူမျိုးများ အတွက်နှစ်သစ် အချိန်ကာလဖြစ်ပါသည်။ နှစ်ဟောင်းမှအညစ်အကြေးကို နှစ်သစ်မှာမပါလာ ရအောင်ဆေးကြောသည် ဟူ၍ရေသဘင်ပွဲတော်ကိုကျင်းပ ပြုလုပ်ကြပါသည်။ ထိုသို့အညစ် အကြေးကို ဆေးကြောသည်ဆိုရာဝယ် မိမိ၏ ကိုယ်ထဲတွင်ရှိနေသော လောဘ၊ ဒေါသ၊ မောဟ တည်းဟူသောကိလေသာမြူအညစ် အကြေးများကို ဆေးကြောရခြင်းဖြစ်ပါသည်။ မိမိကိုယ်ထဲတွင်ရှိနေသော ကိလေသာ အညစ်အကြေးကို သာမန်ရေဖြင့် ဖြန်းပက်၍ စင်ကြယ်ရိုးထုံးစံမရှိပါ။ ထိုသို့ဆိုရလျှင် ကိလေသာ အညစ်အကြေးကို ဆေးကြောရမည့် အရာကိုရှာရန်လိုအပ်ပါလိမ့်မည်။ မည်သည့် အရာဖြစ်ပါမည်နည်း…..။ သတ္တ၀ါတွေ အာလုံးအတွက် ဒုက္ခ အားလုံးမှလွတ် မြောက်ရာလမ်းကြောင်းကို ဗုဒ္ဓ ဘုရားရှင်က ဟောကြားတော်မူခဲ့ပြီးဖြစ်ပါသည်။ ဘုရားရှင်၏တရားတော်များ အတိုင်းကျင့်ကြံနေထိုင်သွားမည် ဆိုပါက နှစ်စဉ်နှစ်တိုင်း ရေသဘင်ပွဲကျင်းပ၍ဆေးကြောစရာလည်းမလိုပါ။ ဘုရားရှင်၏ တရားတော်များသည် လောက အတွက်နေနည်းများ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရားများ ဖြစ်ပါသည်။ ရေသဘင် ပွဲကို မြန်မာတို့၏ ယဉ်ကျေးမှု၊ ရှေးရိုးအစဉ်အလာအရ ကျင်းပသည် ဟုဆိုသော်လည်း ယနေ့အခါကာလမှာ အလွန်ပင် အကုသိုလ်များပါသည်။ ရေသဘင်ပွဲ ကာလ မဏ္ဍပ်များတွင် မြန်မာ အမျိုးသမီးများ၏ ၀တ်ဆင်မှု ယုတ်ပျက်၊ ဆင်ပျက် ဖြစ်လာကြပါသည်။ ( လူတိုင်း၊ မဏ္ဍပ်တိုင်းကို မပြောလိုပါ ) ။ အမျိုးသားများသည်လည်း သောက်စားမူးရစ်ကာ သတိမေ့လျှော့နေကြပါသည်။ အကျိုးမရှိသော၊ သေးသိမ်ညံဖျင်းသော စကားများ ကိုပြောဆိုပြီး အကုသိုလ်ကို ငွေနှင့်ဝယ်ယူနေသည့် အလားဖြစ်နေပါသည်။( စာဖတ်သူများပင် မှန်းဆကြည့် လျှင်သိနိုင်မည်ထင်ပါသည် )။ ယခုလိုသောက်စား ပျော်ပါးနေခြင်းသည် ကုသိုလ်တရားဖြစ်မည်မဟုတ်ပါ။ အပါယ်အတွက် ပြင်ဆင်နေကြခြင်းသာဖြစ်ပါမည်။ သို့အတွက် သတိတရားရှိဖို့ အလွန်အရေးကြီးပါသည်။ အသိတရားလက်ကိုင်ထားပြီး ဘုန်းကြီးကျောင်းသွား၍ ဥပုသ်သီလစောင့်တည်ခြင်း၊ တရားရိပ်သာဝင်ခြင်းအစ ရှိသော သတိရှိသူများအတွက် ကောင်းကျိုးချမ်းသာရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မိမိကိုယ် ကိုပြန်လည်စမ်း စစ်စေချင် ပါသည်။ မိမိသည် အသက်ရှင်ရာကိုသွားနေခြင်းလား..၊ သေခြင်းတရားဆီကိုသွားနေခြင်းလားဆို တာ အလေးအနက်ထား စဉ်းစားကြည့်ပါ။ တနေ့ကုန်သွား တာနှင့် သေမင်းသည် မိမိနေရမည့် အသက်ထဲမှ တနေ့ကို နှုတ်ယူသွားသည်ကို သတိသံဝေဂ ရကြပါတော့။ နှစ် တနှစ်ကုန်သွားတိုင်း ငါလည်းသေဖို့ တစ်နှစ်နီး လာပြီ ဟူသော သံဝေဂ ဥာဏ်ရင့်သန်ကြပါ။ သံဝေဂ ဥာဏ်ရမှ တရားအားထုတ်ဖြစ်ပါမည်။ လောက အတွက် နေဖို့ သက်သက်ပြင်ဆင် မနေတော့ဘဲ သေရေးကိုလည်း ပြင်ဆင်ကြပါတော့။ အသက် (၂၅) နှစ်ရှိသောလူတ ယောက်သည် (၇၅) နှစ်မတိုင်မီ (၁၈၂၅၀) ရက်သာကျန်ပါတော့သည်။
သာသနာကွယ်သည်ဆိုရာဝယ် ဘုရားရှင်၏ သာသနာတော်သည် နောက်ထပ် နှစ်ပေါင်းများစွာကျန်ပါ သေးသည်။ သို့သော် မိမိသည် ယခုဘ၀မှာ ဘုရားသာသနာနှင့် ကြုံတွေ့နေရသော်လည်း တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိ၊ ထိုသို့ တရားတော်နှင့် အညီလိုက်နာနေထိုင်ခြင်းမရှိပါကလည်း သာသနာကွယ် သူနှင့် အလားတူပင်ဖြစ်ပေတော့မည်။ အဘယ်ကြောင့်ဆိုသော် နောင်ဘ၀တွင် အပါယ်လမ်းကို ရောက်သွားပါ က လူ့ဘ၀သို့ပြန်ရောက်ရန်မလွယ်တော့ပါ။ လူတစ်သိန်းသေလို့ တစ်ယောက် လူပြန်၍မဖြစ်ပါ။ လူဖြစ်ပြန် သည်ဟုဆိုပါတော့ သစ္စာတရားသိသော ဗုဒ္ဓဘာသာဖြစ်ဖို့သာ၍ပင် ခက်ခဲပါသည်။ ယနေ့အချိန်ကာလသည် လူတိုင်းအတွက် အကောင်းဆုံး အချိန်ကာလ ပင်ဖြစ်ပါသည်။ လောကီအလုပ်တွေမှာသာ ကြိုးစားမနေပါနှင့်၊ အလုပ်နှင့် မအားဘူးလို့လည်းအကြောင်းမရှာသင့်ပါ။ အဘယ့်ကြောင့် ဆိုရသော် အားလို့သေသော သူဟူ၍မ ရှိပါ။ မအားတဲ့ကြားကဘဲ သေသွားကြရသည်ကို သတိသံဝေဂ ရကြပါစေ။ နှစ်တွေ အလီလီဆန်းသစ်ခဲ့သလို မိ မိရင်ထဲတွင် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါး ထွန်းလင်းတောက်ပြောင်ကိန်းဝပ်လာ အောင်တရားတော်များ အတိုင်း လိုက်နာကျင့်သုံးနေထိုင်ကြရပါမည်။
“ ဓမ္မောဟဝေ ရက္ခတ ဓမ္မစာရီ ” ( တရားကိုစောင့်ရှောက်သောသူကို တရားကပြန်စောင့်ရှာက်ပါသည် ) ။ တရားကို ချစ်ခင်မှသာ တရားကလည်းချစ်ခင်ပါသည်။ အရေးကြုံမှ ဘုရားတခြင်းသည် အောက်တန်းစား (ဘယ ဗုဒ္ဓဘာသာ) မျိုးသာဖြစ်ပါမည်။
ကျွန်တော်တို့ မြန်မာ ဓလေ့အရ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲများပြုလုပ်ကြပါသည်။ အဘိုး၊ အဖွား တို့သည်လည်း သွားတွေကျိုး သလို မာန်၊ မာနတွေ ကျိုးပြီလား၊ ဆံပင်တွေဖြူ သလို မိမိစိတ် တွေဖြူစင်ပြီးလား၊ အရေတွေတွန့် သလို လောဘ၊ ဒေါသ၊ မောဟ တွေကို တွန့်ဆုတ်ပြီးလား ဟုစဉ်းစား ဆင်ခြင်ကာ အလုံးစုံသောတရားဘာဝနာကို ကျင့်ကြံအားထုတ် သင့်ပါပြီ။ နေထိုင်ရာ ရပ်ကွက်များမှာလည်း နှစ်ဆန်းတစ်ရက်နေ့ ညနေတွင် သံပုံးတီးကာ မကောင်းဆိုးဝါးနှင်ထုတ်ကြသည် ဟုဆိုပါသည်။( အချို့နေရာများတွင် မပြုလုပ်ပါ )။ အမှန်မှာ မကောင်းဆိုးဝါးမဟုတ်ပါ။ နိမ့်ကျသော အပါယ်ဘုံမှ သတ္တ၀ါများ သာဖြစ်ပါသည်။ (မိမိသည်လည်း ထိုဘ၀မျိုးရောက်ခဲ့သည်ကို သတိသံဝေဂ ရကြပါ)။ အမျှဝေသောအခါ သာဓုခေါ်လို၍ ကပ်နေသော သတ္တ၀ါများကို သံပုံးတီး၍ နှင်ထုတ်ကြခြင်းမှာ မပြုလုပ်အပ်ပါ။ ( ထေရ၀ါဒ ပိဋကတ်တော်တွင်လည်း ထိုသို့နှင်ထုတ်ရမည်ဟု ရေးသားထားခြင်းမရှိပါ )။ အချို့နေရာများတွင် ငါးလွှတ်ပွဲများပြုလုပ်ကြပါသည်။ ထိုသို့လွှတ်တဲ့အချိန်မှာ လွှတ်ပေးသောသူသည် သတ္တ၀ါများကို ကိုင်ပြီး “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းကြပါသည်။ သတ္တ၀ါများကို လွှတ်တာက ကုသိုလ်(ပုည) လို့ခေါ်ပါတယ်။ “နင့်အသက် ၁ ခါလွှတ် ငါ့အသက် ၁၀ ခါလွှတ်” ဟုဆုတောင်းလိုက်တာက အလွန် အမင်းပြုလုပ်ခြင်း ( အဘိသင်္ခါ ) ဟုဆိုပါတယ်။ ထိုသို့လျှာရှည်လိုက်တာဖြစ်ခြင်းကြောင့် ငါးဘ၀ ၁၀ ခါရောက် ရပါလို၏ဟု ဆုတောင်းသလိုဖြစ်သွားပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ငါးလွှတ်ပြီး ငါးဘ၀ ၁၀ ခါရောက်သွားပါ မယ်။ မိမိက ၁ခါလွှတ်ပြီး ၁၀ ခါလွတ်ချင်တာက မဟာလောဘ ဖြစ်သွားပါတယ်။ ပြီးတော့ ငါးဘ၀ ၁၀ ခါရောက်ပြီးသူများ အလွှတ်ခံရမယ့် ဘ၀ရောက်ချင်တာက မသိမှု (အ၀ိဇ္ဇာ) ဖြစ်ပါတယ်။ ငါးလည်း လွှတ်ရသေး တယ်၊ ကိုယ့်ကိုကိုယ် ငါးဘ၀ ၁၀ ခါရောက်ရပါစေလို့ဆုတောင်းသလိုဖြစ်ကာ အရှုံးကြီးရှုံးရပါတယ်။
ထေရ၀ါဒ တရားတော်တွေကိုလေ့လာကြိုးကုတ် အားထုတ်တယ်ဆိုတာ အထက်တွင်ရေးခဲ့သော အကြောင်းအရာမျိုးမဖြစ်ရအောင်ပြုလုပ်တက်ဖို့ဖြစ်ပါတယ်။ “တရားမြင်မှ ဘုရားကိုမြင်ပါမယ်၊ ဘုရားမြင်မှ သံဃာကိုမြင်ပါမယ်”။ ဘုရား၊ တရား၊ သံဃာ တို့၏ဂုဏ်ကျေးဇူးတော်တွေကိုသိမှ သက်ဝင်ယုံကြည်ကိုး ကွယ်တက်ပါမယ်။ စာဖတ်သူများအနေနှင့်လည်း မနှစ်က လောဘ၊ ဒေါသ၊ မောဟ တွေရှိခဲ့ပေမဲ့ ဒီနှစ်သစ် ကစပြီးလျှော့နည်း ပယ်သတ်နိုင်အောင် တရားဓမ္မနဲ့မွေ့လျှော်ကြပါစေ။ နှစ်သစ်မှာ ဖြူစင်တဲ့ စိတ်အသစ်နဲ့ သစ္စာတရားများကို နာကြား အားထုတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…..။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”

စာရေးသူ- အောင်ဆွေဦး