ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး

ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ)၏

ဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုး



“နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ”


မဟာကာရုဏိကဿ- ကြီးကျယ်များပြား ကရုဏာတရားကို၊ ဝေနေယျသတ္တ၀ါတို့အပေါ်၌ ထားတော်မူပေထသော၊ မဟာကာ ရုဏိကဿ- အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သောသက္ကာယနှစ်ဌာနသို့၊ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ မဟာကာရုဏိကဿ- ဒုဂ္ဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာတရားတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကား သဿတ လမ်းစဉ်၊ ဤကား ဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကာ၊ မဇ္ဈိမပဋိဒါ အကျင့်မြတ်လမ်းစဉ်ကိုသာလျှင် ဝေဖန် ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊ ၀ိဘဇ္ဇ၀ါဒိနော- ဤကားပယ်သတ်ရမည့် အကြောင်းတရား၊ ဤကားသိရုံသာ သိရမည့် အကျိုးတရားဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိဥာတဗ္ဗခန္ဓာတို့ကို၊ ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ ရှိတော်မူသော၊ သမ္မာသမ္ဗုဒ္ဓဿ- သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသယမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီး ထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာ သိမြင်တော်မူပြီးသည့်အလျောက်၊ ဝေနေယျသတ္တ၀ါတို့ကို ကိုယ်တော်နှင့်မခြား တစ်မူအလားတူ သာလျှင်၊ သိမြင်တော်မူစေတတ်သော သဗ္ဗညုတဥာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊ နမော- ဦးခေါင်းညွှတ်ကျိုး လက်စုံမိုး ၍၊ ရှိခိုးကန်တော့လိုက်ရခြင်းသည်၊ အတ္ထု- စင်စစ်မသွေဖြစ်ပါစေသတည်း။

(သာဓု၊ သာဓု၊ သာဓု)




အသိပေးခြင်း။ ... ။
ကျေးဇူးတော်ရှင် ဆရာတော် ဦးကောသလ္လ(ဓမ္မစေတီ) ၏ တရားပွဲအစတွင် ပူဇော်ကန်တော့ သောဗုဒ္ဓဂုဏ်တော် ဘုရားရှိခိုးဖြစ်ပါတယ်။ ဘုရားရှင်၏ ကျေးဇူးတော်များကို ရှိခိုးပူဇော်နိုင်ရန် အတွက် နှစ်သစ်မှာ ဘုရားရှိခိုး ကန်တော့စာနှင့် ရေးသားကာ ပူဇော်လိုက်ရပါသည်။