"အမေး အဖြေ(၄)"

မြတ်စွာဘုရားရှင်ရဲ့ ရင်ငွေ့တော်ခိုလှုံပြီး ကိုယ်စားတော် တည်ထားခဲ့ပါသော မဟာမြတ်မုနိ ရုပ်ပွားတော်သည် အထက်မြန်မာပြည် နာမည်ကြီးမြို့တော်မှာလား၊ ရခိုင်ပြည်နယ်မှာလားဆိုတာကို ဗဟုသုတအနေနဲ့ ပြောကြားပေးပါအုံး ကျေးဇူးတင်ပါတယ်။

မောင်မောင်ထိုက်


ဒီမေးခွန်းအကြောင်းက သမိုင်းမှာ အမျိုးမျိုးပြောကြတာတွေ ရှိပါတယ်။ တချို့ စာတွေက အထောက်အထား မခိုင်လုံပဲ စာရေးသူတွေရဲ့ ကိုယ်ပိုင် သဘောထားကြောင့် ကွဲလွဲတာမျိုးလည်း ရှိတတ်ပါတယ်။ အခု စာဖတ်သူမေးထားတဲ့ အကြောင်းကလည်း အမျိုးမျိုး ပြောနေကြတဲ့ ရာဇ၀င်ပါ။ ဗဟုသုတ ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာ အမှန်ကိုသိမြင်ထားဖို့ အရေးကြီးတာကြောင့် ကျနော့် အနေနဲ့ အတတ်နိုင်ဆုံး လွဲမှားမှု မဖြစ်ရအောင် ရေးလိုက်ရပါတယ်။ ကျနော့်ထက် အချက်အလက် ပိုမိုစုံလင်အောင်သိတဲ့ စာဖတ်သူရှိခဲ့ရင် ဝေဖန် အကြံပြု ရေးသားပေးခဲ့ဖို့ တောင်းဆိုပါတယ် ခင်ဗျာ။

မေးလာတဲ့ မေးခွန်းတွေကို ဖြေဖို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာ အခြား အကြောင်းအရာတွေပါ ရေးသားရင် ပိုကောင်းမယ်လို့ စဉ်းစားမိပါတယ်။ စာဖတ်သူ မေးထားတဲ့ မဟာမြတ်မုနိ ရုပ်ပွားတော်သည် ဘယ်နေရာမှာ ရှိတယ် ဆိုတာထက် တကယ်ပဲ ရင်ငွေ့တော်လှုံပြီး ဘုရားရင် သက်ရှိထင်ရှားရှိစဉ်က ထုလုပ်ခဲ့တာ မှန်ရဲ့လား ဆိုတာ စဉ်းစားစရာဖြစ်လာတယ်။ ရခိုင်ပြည်နယ်ဘက် ကျတော့လည်း သူတို့ဆီက တကယ့် အစစ်လို့ ပြောကြတယ်။ မန္တလေးမှာကျတော့လည်း သူတို့က အစစ်လို့ပြောပြန်တယ်။ ဒါကတော့ လူတွေအပြောပေါ့။


မဟာမြတ်မုနိ ရုပ်ပွားတော် သမိုင်း ဗွီစီဒီမှာ ရခိုင်ပြည်နယ်ကို ဒုတိယတည်ထောင်တဲ့ စန္ဒသူရိယဘုရင် လက်ထက်မှာ သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က မိမိရင်ငွေ့တော်ကို (၇)လက်ခုပ်ထည့် တော်မူကာ ညီတော်မဟာမုနိလို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက် ဘိုးတော်ပဒုံမင်း လက်ထက်ရောက်တော့ အိမ်ရှေ့မင်းနှင့် အတူ သားတော်စကုမင်း၊ ကာမမင်းတို့ကို (၁၆.၁၀.၁၇၈၄) ရက်နေ့မှာ အမရပူရမြို့ကနေ ထွက်ခွာစေပြီ မဟာမြတ်မုနိ ရုပ်ပွားတော်ကို ရခိုင်ကနေ မန္တလေးကို ပင့်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မန္တလေးက အစစ်လို့ ဆိုကြတာဖြစ်မှာပေါ့။ ကျနော့် အနေနဲ့တော့ ဘယ်ရုပ်ပွားတော်က အတုအစစ် ဆိုတာကို မဆုံးဖြတ်တတ်ပါဘူး။ ဘယ်ဟာက ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ပွားတော်လို့ မြင်လိုက်တာနဲ့ ကိုယ်ရဲ့ နှလုံးသားမှာ ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ခြေမတော်ကို နဖူးဦးတိုက် ရှိခိုးသလို စိတ်ထဲမှာထားပြီး ကြည်ညိုပါတယ်။
ဓမ္မစေတီ ဆရာတော်ဟောတဲ့ တရားတွေနာကြည့်တဲ့ အခါမှာ အဲဒီအကြောင်း ရှင်းထားတာကို မှတ်သားခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ ဘုရားရုပ်ပွားတော်များကို AD-57 နဲ့ AD-100 ကြားမှာ ပေါ်ခဲ့တာပါ။ ၂၉ ဆက်မြောက် စန္ဒာသူရိယဘုရင်သည် AD-149 မှာ မဟာမြတ်မုနိ ရုပ်ပွားတော် သွန်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ စဉ်းစားကြည့်လို့ ရပါတယ်။ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ်က သွန်းလုပ်ခဲ့ခြင်းဆိုတာ မဖြစ်နိုင်တဲ့ အချက်ပါ။ ဒါကြောင့် ရင်ငွေ့တော် လှုံတယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ဘုရားရှင်က BC-543 မှာ ပရိနိဗ္ဗာန် စံဝင်ခဲ့တဲ့ အတွက်ကြောင့် ရုပ်ပွားတော် ပေါ်လာတဲ့ အချိန်သည် နောက်ကျပါတယ်။ ဘုရားရှင် ရင်ငွေ့တော်လှုံတယ် ဆိုတဲ့နေရာမှာ ကျနော်တို့ သိထားရမှာက ဘုရားရှင်သည် သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာနဲ့ ကြည့်ရှု ဆုံးမတော်မူပါတယ်။ ရင်ငွေ့တော် မလှုံလဲ ပင်ကိုယ် ကရုဏာဓာတ်က ကြီးမားပြီးသားပါ။
သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် (၇၆) ထက်စောပြီး မြန်မာပြည်မှာ ဘယ်ဘုရား ရုပ်ထုမှ မရှိပါ။ အဲဒီလိုပဲ သီရိဓမ္မာသောက (အသောကမင်း၊ BC-274-232) ထက်စောပြီး ဘယ်စေတီ၊ ပုထိုးမှ မရှိဘူးပါ။ (ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာနိုင်ငံကို ထေရ၀ါဒ သာသနာ ရောက်ရှိပြန့်ပွားလာပုံ စာအုပ်မှာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်)။ ဒါဆိုရင် မဟာမြတ်မုနိ ရုပ်ပွားတော်နဲ့ ပတ်သတ်လို့ သံသယ ဖြစ်စရာ မလိုလောက်တော့ဘူး ထင်ပါတယ်။
နောက်တခု စဉ်းစားကြည့်ရမှာက အခု မဟာမြတ်မုနိ ရုပ်ပွားတော်မှာ ရှိနေတဲ့ မင်းဝတ်တန်စာတွေကို မင်းတုန်းမင်း လက်ထက်မှာ တပ်ဆင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ တချို့က ဘုရားရှင်သည် ထီးနန်းစည်းစိမ် အားလုံးကိုတောင် စွန့်ပြီး တောထွက်ခဲ့တာပဲ ဒါတွေ လှူနေဖို့ မလိုဘူးလို့ ဆိုကြတယ်။ တချို့ကျတော့ ဘုရင်ကလည်း ဘုရင်ရဲ့ မြင့်မြတ်တဲ့ မင်းဝတ်တန်ဆာနဲ့ ပူဇော်တယ်လို့ ဆိုကြတယ်။ ဒါတွေသည်လည်း အမြင်နဲ့ ခံယူချက် မတူတဲ့ လူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။
မေးခွန်းနဲ့ ပတ်သတ်လို့ ကျနော်ဖြေပေးထားတာကို မရှင်းတာရှိလည်း ပြန်မေးပါ။
ဘုရားရှင် နောက်ဆုံး သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ညောင်စောင်းထက်မှာ လျောင်းလျက် တပည့် သံဃာဝင်တွေကို မိမိအပေါ် အပြစ်မြင်ရင် ပြောကြဖို့၊ တရားတော်တွေမှာ ယုံမှား သံသရာ ရှိရင် မေးကြဖို့ အခွင့်ပေးပါတယ်။ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြတယ်။ အဲဒီနောက်မှ ဘုရားရှင်က မှတ်သားဖွယ် စကားလေးခွန်း ပြောခဲ့ပါတယ်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်ပါတယ်။
ဘုရားရဲ့ စကားအတိုင်း လိုက်နာကျင့်ကြံတဲ့ သူသည် ဘုရားကို အမွန်မြတ်ဆုံး နည်းနဲ့ ပူဇော်နေတာပါလို့ ဆိုနိုင်ပါတယ်။ ဘုရားကို ရှိခိုး၊ ရွှေသင်္ကန်းကပ်၊ အလှူငွေ ထဲ့ဝင်နေကြာတာတွေသည် ကုသိုလ်ရပါတယ်။ ဒါပေမယ့် ဘုရားအကြိုက် ပူဇော်ခြင်းမျိုး မဟုတ်သေးပါ။ မိမိအကြိုက် ကုသိုလ် လိုချင်လို့ လုပ်နေခြင်းသာ ဖြစ်ပါတယ်။ ဘုရားရှင်ကို အမြဲတမ်း ကန်တော့နေတဲ့ ၀က္ကလိ မထေရ်ကို ဘုရားက တရားအားမထုတ်လို့ နှင်ထုတ်လိုက်တယ်။ ဘုရားရှင် အကြိုက်ပူဇော်ဖို့က နောက်ဆုံးမှာကြားခဲ့ စကားတခွန်းနဲ့ပဲ လုံလောက်ပါတယ်။
“ချစ်သားတို့ … ရုပ်နာမ် ခန္ဓာ သင်္ခါရ တရားတို့သည် ပျက်စီးခြင်း သဘောရှိကြတယ်။ မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့ …”
အရိုးရှင်းဆုံးပြောရရင် ပျက်ဆီးနေတဲ့ သင်္ခါရ တရားတွေကို သတိနဲ့စောင့်ကြည့် လို့ဆိုခဲ့တာပါ။ ဒါသည် ၀ိပဿနာ အားထုတ်ခိုင်းတာပါပဲ။ ဒါမှလည်း ဘုရားရှင်ကို အမြင့်မြတ်ဆုံး ပူဇော်ရာ ရောက်ပါတယ်။ တရားအားမထုတ်ပဲ မည်သည့် ရုပ်ပွားတော်၊ စေတီတော်မှာပဲ ပူဇော်ရှိခိုးနေပစေ ဘုရား မနှစ်သက်ပါ။ သက်ရှိထင်ရှား ရှိနေတာတောင် တရားအားမထုတ်တဲ့ သူကို ဘုရားရှင် ကိုယ်တော်တိုင် နှင်ထုတ်ခဲ့တာပဲ။ ဒီတော့ မိမိတို့တွေက အဓိက အလုပ်ကို အရင်ဆုံး လုပ်ဖို့ပဲ လိုပါလိမ့်မယ်။

ကောင်းကျိုလိုရာ ဆန္ဒ ပြည့်ဝနိုင်ကြပါစေ…
လေးစားစွာဖြင့်…
အောင်ဦး


7 comments:

sonata-cantata said...

ဖြေကြားချက်ကို နှစ်ခြိုက်မိပါတယ်။

dream said...

မှတ်သားသွားပါတယ်.. ဖြေကြားချက်က အလွန်ကောင်းပါတယ်။

မမေ့မလျော့ မြဲမြံတဲ့ သတိတရားနဲ့ နေထိုင်ကြပါကုန်လော့ …” ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဆုံးမစကား မြေ၀ယ်မကျ နာခံနိုင်သော
လူသားတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

အခုလို အသိတရားဖြန့်ဝေခြင်းအတွက် ကျေးဇူးပါ..

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ

မက်မက်

ဖူးဖူး said...

တော်တော် ကောင်းပါတယ်။ ဒီသမိုင်းကြောင်းနဲ့ ပက်သက်ပြီး ကွဲလွဲနေတာကို သိချင်နေတာ ကြာပါပြီ။ အမျိုးမျိုးကြားဖူးပါတယ်။ ဓမ္မစေတီဆရာတော် ဟောကြားထားလို့ သိရှိရသလို..အခုလိုသိရတော့လဲ ကျေးဇူးတင်ပါတယ်။

Anonymous said...

အမေးအဖြေလေးတွေကိုသေချာဖတ်ပြီးမှတ်သွားတယ်
ဘာသာရေးကိုကိုယ်တက်နိုင်တဲ့ဘက်ကနေပံ့ပိုးနေတဲ့
မောင်လေး ကိုလေးစားမိပါတယ်.။


မမေ

Anonymous said...

ကိုယ်ရေးလိုက်တဲ့ အကြောင်းရာတစ်ခုဟာ အကြိုးကြောင်း ခိုင်လုံဖို့လိုပါတယ်။
တကယ်အမှန်ကို သိချင်ပြောချင်ရင် ရှိသမျှသက်သေ သာဓက ကိုလိုက်ပီးလေ့လာပြီးမှ ပြောစေချင်တယ်။
ရခိုင်ကို ဘုရားရောက်မရောက် ကိုဘယ်လိုရှင်းထားကြလဲ ဆိုတာ သေချာလေ့လာဖူတဲ့လူဆို သိပါလိမ့်မယ်။

KingMarayu said...

ရခိုင်ရာဇဝင်များ၌သကြစ်ဖြိုခြင်း


၁။ ရက္ခပူရ- ဒုတိယဓညဝတီနှစ်ရာလမာယုမင်းသည် “မိ.ဘ.စံ.ဇီ” ကိန်းအရ ရှေးကုသမင်းသကြစ် ၈၆၄၃ ကိုဖြို၏။

(အိန္ဒိယ) မာဂဓ၌- ဂေါတမမြတ်စွာဘုရား၏ဘိုးတော်အည်ဇနမင်းသည် “ပဉ္စ.စတု.ဆ.ပသျှူ”ကိန်းအရ ရှေးကုသမင်းသကြစ် ၈၆၄၅ ကိုဖြိုခဲ့၏

ရာလမာယုမင်းနှင့် ဘိုးတော်အဉ္ဖနမင်းတို့ တပြိုင်တည်းဖြိုခဲ့သောသကြစ်ဖြို ကြွင်းမှတက်လာသောသကြစ် ၆၈ ခုနှစ်တွင် ဘုရားအလောင်းတော် သိဒ္ဓတ္ထကိုဖွားမြင်၍၊ယင်းသကြစ် ၁၀၃ ခုနှစ်(ကလိယုဂ်လနှစ် ၂၅၂၅)တွင် ဘုရာဖြစ်တော်မူ၏။ ၄၅ ဝါကာလပတ်လုံး သတ္တဝါဝေနေယျအားတရားဟောကြားတော်မူလျက် သကြစ် ၁၄၈ ခု(ကလိယုဂ်နှစ် ၂၅၇၀)တွင် ပရိနိဗ္ဗာန်စံလွန်တော်မူ၏။

၂။ ရက္ခပူရ- တတိယဓဝတီ၌-စန္ဒသူရိယမင်းသည် “ဇီ.ဝ.က.”ကိန်းအရ ရာညမာယုမင်းဖြို ကြွင်းမှတက်လာသော သကြစ် ၁၄၈ ကိုဖြို၏။

(အိန္ဒိယ) မာဂဓ၌- အဇာတသတ်မင်းသည် ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူတော်နှစ်မှာပင် (အဉ္ဖနမင်းဖြိုကြွင်းမှတက်လာသော) သကြစ် ၁၄၈ ကို ”သျှူ၊စတု၊ရူပ”ကိန်းအရဖြိုခဲ့၏။ ရက္ခပူနှင့်ထပ်တူပင်။

၃။ စန္ဒသူရိယမင်း၏အနွယ်တော် ၁၆ ဆက်မြောက်ဖြစ်သောသူရိယစိတြမင်းသည် “ဓနဉ္စ” ကိန်းအရ စန္ဒသူရိယမင်းဖြို ကြွင်းမှတက်သောသကြစ် ၆၀၉ ကိုဖြို၏။

(အိန္ဒိယ) မာဂဓ၌- သာကမင်းသည် ဘုရားပရိနိဗ္ပာန်စံလွန်တော်မူသော(ကလိယုဂ် ၂၅၇၀+၆၀၉)ခု နှစ်ပေါင်း ၃၇၉၊ “နဝ.သတ္တ.ဧက.တြိ” ကိုဖြိုခဲ့၏။ ရက္ခပူရနှင့်ထပ်တူပင်။

ဂေါတမမြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံလွန်တော်မူသောနှစ်သည် ကလိယုဂ်ဆန်း နှစ်ပေါင်း ၂၅၇၀ ဖြစ်သည်ဟု”ဂေါတမပူရဏ်ကျမ်း”ကဆို၏။ သကြစ် ၃၁၇၉ ကို သာကမင်းဖြိုသကြစ်ဟူ၍
“သူရိယသိဒ္ဒန္တကျမ်း”ကဆို၏။(သာသနာနှစ်နှင့်ထပ်တူပြုပြီးမှ ကိန်းခန်းအရနှစ်ကြိမ်ဖြိုလာသော)
ဂေါစာသကြစ် ၁၁၆၉ “နဝါ.ဆနှင့်၊ ဧက.ဧကာ”တွင် မြတ်စွာဘုရားပရိနိဗ္ဗာန်စံလွန်တော်မူသော ကလိယုဂ်ကပ်ဆန်းနှစ်ပေါင်း ၂၅၇၀ ကိုနှောသော် (၂၅၇၀+၁၁၆၉)-၃၇၃၉-“နဝါတြိသတ္တဂ္ဂိ”ဖြစ်၏။ ယခုရောက်နေသော ကလိယုဂ်ကပ်နှစ်ဆန်းကို သိလိုလျှင်---
“သာသနာနှစ် တည်တုံလစ်၊ စင်စစ်မှန်သမုတ်။
သုညသတ္တ ဗျည်းဒွယ၊ နှောထကလိယုဂ်။”
(သုညသတ္တ ၊ ဗျည်းဒွယ -၂၅၇၀ ဟူ၍ ရမ်းဗြဲ့တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်း စတုတ္ထတွဲ စာမျက်နှာ ၂၇၅+၇၆ မှာတွေ့ရ၏။)
ဤ၌ သကြစ်ဖြိုခြင်းကို ဓညဝတီခေတ်၌ရေတွက်လျှင် “ရာလမာယုမင်း” ၈၆၄၅ ကိုတစ်ကြိမ်၊ စန္ဒသူရိယမင်း ၁၄၈ ကိုတစ်ကြိမ်၊ သူရိစိတြမင်း ၆၀၉ ကိုတစ်ကြိမ်၊ ၃ကြိမ်တွေ့ရ၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူသောနှစ်တွင် သာသနာနှစ်နှင့်ဂေါဇာသကြစ်ကိုခပ်တူပြုလို၍ ဂေါဇာ ၁၄၈ ကိုဖြိုခဲ့ရခြင်းဖြစ်ပါသည်။

ma ni said...

ကောင်းမွန်တဲ့ဖြေကြားချက်ပါ..