မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီဆိုတဲ့ စကားကိုကြားသောအခါမှာ ကိလေသာ မကင်းသေးတဲ့ ရဟန်းတို့က လူးလိမ့်ငိုကြွေးကြတယ်။ ကိလေသာကင်းပြီးသော ရဟန်းတို့က “သင်္ခါရတရား တို့သည် အမြဲ မရှိကုန်၊ ဤသင်္ခါရ တရား၌ မြဲခြင်းသဘောကိုဘယ်မှာ ပြုအံနည်း” ဟု စိတ်ကို ဖြေပြီး ဓမ္မသံဝေဂ ယူကြပါတယ်။ အဲဒီအခါမှာ သုဘဒ္ဒဆိုတဲ့ တောထွက်ရဟန်းကြီးက “ငါ့ရှင်တို့၊ မငိုကြကုန်လင့်။ အငိုတိတ်ကြကုန်လော့။ ယခု အခါ ငါတို့သည် ရဟန်းကြီးဂေါတမ၏ လက်အောက်မှကောင်းစွာ လွတ်မြောက်ကြပေပြီ။ ရဟန်းကြီး ဂေါတမသည် ငါတို့ကို အရာရာချုပ်ခြယ်ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာကို ပြုကြကုန်အံ့။ မပြုလုပ် အပ်သည်ကို မပြုဘဲ နေကြကုန်အံ” ဟုဆိုပါတယ်။ တောထွက်ရဟန်းကြီး သုဘဒ္ဒရဲ့ စကားတွေကို အရှင် မဟာကဿဖ ကြားရတဲ့ အချိန်မှာ များစွာအံသြတုန်လှုပ်တော်မူမိပါတယ်။
“သြော်… ပြောမှပြောရက် ပါလေ၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ ခုနှစ်ရက်မျှသာရှိသေး၏။ မြတ်စွာဘုရားသခင် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ တည်ထောင်ခဲ့ရသော သာသနာဖြစ်ပါလျှက် သာသနာ့ ရန်ဆူး ရန်ညှောင့် ပေါ်ပေါက်လာပုံမှာ မြန်ဆန်လှခြေ၏ တကား။ သာသနာ့ အလှေးအမွှား သာသနာ့ အမှိုက် သရိုက်တို့သည် အလွန်လျှင်မြန်စွာ ပေါ်ပေါက်လာချေဘိ၏။ ဤရဟန်းယုတ်သည် ကာလရှည် ကြာ၍ သဘော တူရာအဖော်အပေါင်းကို ရခဲ့သော် ဗုဒ္ဓသာသနာတော်ကို ဆုတ်ယုတ်နိုင်စေရာ၏” ဟုလည်း ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။
အဲဒီနောက် အရှင်မဟာကဿဖ မထေရ်က ဤသို့အကြံဖြစ်တော်မူပါတယ်။
“အကယ်၍ ငါသည် ဤတောထွက်ရဟန်းကြီးကို သင်္ကန်းချွတ်၊ ပိတ်ဖြူပတ်ကာ လူဝတ်လဲစေ၍ သာသနာ့ဘောင်မှနှင်ထုတ်ငြားအံ၊ ဂေါတမဘုရား၏ အလောင်းတော်ပင် မီးသင်္ဂြိုဟ်မူ မပြုရသေးပါဘဲလျှက် ဂေါတမဘုရား၏ တပည့်များသည် ငြင်းခုံခိုက်ရန်ဖြစ်နေကြကုန်ပြီဟု လူအများကဲ့ရဲ့စရာ ဖြစ်ချိမ့်မည်။ အခိုက်အတန်းအားဖြင့် ဆိုင်းငံထားဦးအံ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားဒေသနာတော်တို့သည် မသီကုံး ရသေးသော ပန်းပုံကြီးသဖွယ်ဖြစ်နေသေး၏။ အရပ်လေးမျက်နှာမှ လေတိုက်ခတ်လာပါမူ ပန်းပွင်များ ဖရိုဖရဲပြန့်ကြဲလွင့်ပါ ပျောက်ပျက်ကုန်လေရာ၏။ ထို့နည်းတူ အချိန်ကာလ ကြာညောင်းသောအခါ ၀ိနည်း သိက္ခာပုဒ်များမှ သိက္ခာပုဒ်တခုချင်း၊ နှစ်ခုချင်း ပျောက်လေရာ၏။ သုတ္တန်တရား၊ အဘိဓမ္မာတရားတို့သည်လည်း တဖြေးဖြေး ပျောက်လေရာ၏။ ထိုအခါ ဗုဒ္ဓသာသနာကွယ်ပသည် မည်၏။ ဤသို့သာသနာမကွယ်ပစေရန် ဓမ္မနှင့် ၀ိနယကို သင်္ဂါယနာတင်အံ။ ထိုသို့ သင်္ဂါယနာ တင်ပြီးသောအခါ၌မူ ဓမ္မနှင့်ဝိနယ တို့သည် ခိုင်ခံသော ကြိုးဖြင့် သီကုံးထားသော ပန်းပွင့်တို့ကဲသို့ ခိုင်မြဲလတ္တံ့။ ဗုဒ္ဓသာသနာတော် အဓွန့်ရှည်စွာ ခိုင်ခံတည်မြဲစေရန် သင်္ဂါယနာတင်ခြင်းအမူ့ကို မလွဲမသွေပြုရပေမည်”။ အဲဒီနောက် အရှင်မဟာကဿပ ဦးဆောင်ပြီး ပထမဆုံး အကြိမ်သင်္ဂါယနာတင်ပွဲကို ရာဇဂြိုလ်ပြည်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒါသည် ၀ိနည်းတော်ကို ထိခိုက်သော စကားတွေ ပြောကြားခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။
ဘုရားရှင်သတ်မှတ်ခဲ့သော ၀ိနည်းတော်ဆိုသည်မှာ လူမှု့ဘောင်အရကြည့်ရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေလို့ ဆိုလိုနိုင်ပါတယ်။ စည်ကမ်းသည် လူ၏တန်ဖိုး ဆိုသလို ၀ိနည်းသည်လည်းပဲ သာသနာ၏ အသက်ပင် ဖြစ်ပါတယ်။ ၀ိနည်းတော်ကို ဖောက်ဖျက်ရင် ရဟန်းများ အပြစ်ဖြစ်ရပါတယ်။ တချို့နေရာတွေမှာ လူတွေရဲ့ မသိတတ်မှုကြောင့် ရဟန်းမှာ အပြစ်ဖြစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လူတွေကိုယ်တိုင် ၀ိနည်း တော်ကိုသိပြီး ကိုးကွယ်ဆည်းကပ်တတ်မှသာ သင့်တော်ပါလိမ့်မယ်။ ဒါ့ကြောင့် ၀ိနည်းကို လူတွေလည်း သိ သင့်ပါတယ်။ အဘိဓမ္မာသင်တန်းတွေကို တတ်ပြီး အဘိဓမ္မာကို သိရှိနှံ့စပ်တဲ့ လူတွေရှိပါတယ်။ အဘိဓမ္မာ တရားသည် ပိဋကတ်သုံးပုံမှာ သာမန်လူတွေ နားလည်ဖို့ခက်တဲ့ တရားတော်ပါ။ အင်မတန် လေးနက်ပါတယ်။ ဒါပေမယ့် ၀ိနည်းကိုတော့ မကျော်နိုင်ပါ။ ၀ိနည်းကို စွန့်ပြီး အဘိဓမ္မာပဲ သင်မယ်ဆိုလို့ မရပါဘူး။ ဒါ့အပြင် သုတ္တန် တရားတွေကိုလည်း သိဖို့လိုပါတယ်။ တရားရဖို့ အတွက် ဘုရားရှင်သည် တရားတွေကို နည်းလမ်းမျိုးစုံ နဲ့ဟောကြားတော်မူခဲ့တာပါ။ ပိဋကတ်သုံးပုံကို အနှစ်ချုပ်လိုက်ရင် ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင် ရပါတယ်။ ဓမ္မခန္ဓာဆိုတာက တရားအစုလေး တခုပါ။ ဓမ္မခန္ဓာ တခုစီသည် သစ္စာထိုက်ပါတယ်။ အဲဒီ ဓမ္မခန္ဓာ တခုသည်ပင် နိဗ္ဗာန်ရောက်အောင်ထိ ပို့ဆောင်နိုင်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ အတွက် မိမိတို့နဲ့ သင့်တော်တဲ့ တရားနည်း တခုကို သိရှိကျင့်ကြံတာနဲ့ လုံလောက်ပါတယ်။ ဥပမာ… ပရိတ်ကြီး (၁၁)သုတ်ကို ရွတ်ဖတ်ပူဇော်ရင် ကုသိုလ်ရခြင်း၊ အန္တရာယ်ကင်းခြင်း စတဲ့ အကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါသည် သာမာန် ရွတ်တဲ့ အဆင့်ပါ။ ပရိတ်တော်ထဲကပါတဲ့ တရားနည်းတွေအတိုင်း လိုက်နာ ကျင့်ကြံရင် နိဗ္ဗာန်ရောက်အောင်ပင် ကျေးဇူး ပြုနိုင်ပါတယ်။ ဒီအတွက်ကြောင့် အချိန်ရတာနဲ့ တရားနာကြဖို့ အကြံပြုပါတယ်။ အချိန်မရဘူး၊ အလုပ်တွေရှုပ်တာလို့ နှလုံးသွင်းတော့မယ်ဆိုရင် တဆက်တည်းမှာပဲ “အားလို့ သေသွားတဲ့ မသာ မရှိသေး ပါ့လား” ဆိုတာ သတိသံဝေဂရပြီး တနေ့ကို အနည်းဆုံး တရား ၁ပုဒ်တော့ နာကြားကြပါ။ တရားနာနေတဲ့ အချိန်မှာပဲ ကုသိုလ် စိတ်ဖြစ်နေပါပြီ။ တရားအားထုတ်တယ်ဆိုတာ ကိလေသာတွေ နည်းပါးကုန်ဆုံးဖို့ ကျင့်ကြံခြင်းလို့ ဆိုနိုင်ပါတယ်။ နှလုံးသွင်းမှန်စွာနဲ့ တရားနာနေတဲ့ အချိန်မှာ ကုသိုလ်စိတ်ဖြစ်နေတာကြောင့် ကိလေသာ မဖြစ်ပါ။ ကိလေသာ နည်းပါးနေတဲ့ အလုပ်ဖြစ်တာကြောင့် တရားနာတာသည်ပင် တရားအား ထုတ်နေတာပါပဲ။ ဒီအချက်ကို သိစေချင်ပါတယ်။ တချို့က တရား ၁နာရီ နာဖို့ထက် ဗီဒီယိုဇာတ်ကား တစ်ကားကို ကြည့်ချင်ကြပါတယ်။ ကောင်းမှု အလုပ်ဆိုတာ မလုပ်ချင်လည်း လုပ်ရမယ်။ စိတ်မပါလည်း လုပ်နေသင့်တယ်။ ၀ိရိယထားပြီး ပြုလုပ်ရင်းမှ ကောင်းမှုနဲ့ မွေ့လျော်ပျော်လာတတ်တဲ့ သဘောရှိပါတယ်။ အစတော့ ၀ိရိယထားပြီး တရားနာရမှာပေါ့။ နောက်ဆိုရင် အကျင့်ဖြစ်လာပြီး တရားပဲ နာချင်တဲ့ စိတ်မျိုး ဖြစ်လာပါလိမ့်မယ်။ တရားတွေနာရင်းနဲ့မှ သိလာတဲ့ အသိအတိုင်း နေ့စဉ် နေထိုင်စဉ်မှာ ကျင့်ကြံသွားရင် ဘ၀မှာနေ တတ်လာပါတယ်။
မိမိတို့်က တရားတော်တွေကို နာကြား ကျင့်ကြံခြင်း မပြုလုပ်ရင် သာသနာတော်ရဲ့ အနှစ်သာရကို သိရှိခံစားနိုင်မှာ မဟုတ်ပါဘူး။ ထို့အတူ မိမိတို့ နှလုံးသားမှာလည်း ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာမြတ် သုံးပါးကို ပစ်ပယ်ထားရာ ရောက်နေတတ်ပါတယ်။ သတိ သံဝေဂရကြပါစေ။
ဘုရားရှင်လက်ထက်က ကောသမ္ဗီမြို့မှာ ဓမ္မကထိကရဟန်းနဲ့ စာချရဟန်း၊ ရဟန်း နှစ်ပါး အာပတ်သင့်ရာက အငြင်းပွါးကြပြီး တပည့်တွေပါ ပါလာပြီးနောက် ဘုရားရှင်ကိုယ်တော်တိုင် တားမြစ်လို့မရတာကြောင့် ပါလိလေယျက တောကိုကြွပြီး ၀ါကပ်တော်မူရပါတယ်။ ၀ါကျွတ်မှ သာဝတ္ထိပြည်ကို ကြွပါတယ်။ အဲဒီအချိန်မှာ ကောသမ္ဗွီပြည် သားတွေက … ရဟန်းတွေ နှောက်ယှက်လို့ ဘုရားရှင် အရပ်တစ်ပါးကို ပြောင်းသွားရတယ်၊ ကျွန်ုပ်တို့ ဘုရားကို မဖူးတွေ့ရအောင် ဒီကိုယ်တော်တွေ ပြုလုပ်တယ်လို့ ဆိုကာ ဆွမ်းလောင်းခြင်း၊ အရိုအသေပေးခြင်း မပြုလုပ် တော့ဘူး။ ဒီတော့ ရဟန်းတွေ ဆွမ်းအခက်အခဲဖြစ်ရတယ်။ ထို့အတွက်ကြောင့် ဘုရားရှိတဲ့ သာဝတ္ထိကို သွားကြလေတယ်။ အဲဒီအချိန်ကျမှ အာပတ်သင့်တဲ့ ရဟန်းလည်း အာပတ်သင့်တာ အမှန်ဖြစ်ကြောင်း ၀န်ခံပြီး သံဃာတွေညီညွတ်စွာနဲ့ ဗုဒ္ဓထံမှာ အဖူးမြော်ဝင်ကြပါတယ်။
ထိုဝတ္ထုမှာ ဂိုဏ်းကွဲနေသော သံဃာတွေကို ဘုရားရှင်ကိုယ်တိုင် ဆုံးမလို့ မရပေမယ့် လူအများက ညီညွတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၀ိနည်းသိက္ခာပုဒ်ရဲ့ ချွင်းချက် အချို့ကိုလည်း လူဒကာများက နားလည်ဖို့ လိုပါတယ်။ ထိုနည်းတူ ယခုအချိန်မှာလည်း လူတွေဘက်က သိရှိလိုက်နာဖို့ များစွာလိုအပ်ပါတယ်။ ဘုန်းကြီးတွေ့ရင် သာသနာနဲ့ မသက်ဆိုင်တဲ့ လျှောက်ထားမှုတွေ (ဂဏန်းတောင်းခြင်း၊ ဗေဒင်မေးခြင်း စသဖြင့်) မလုပ်သင့်ပါ။
မိမိတို့ကိုယ်တိုင် တရားနာ၊ တရားအားထုတ်တဲ့ အလုပ်တွေ လုပ်နေကြသလို ၀ိနည်းသိက္ခာပုဒ် တွေကို လေ့လာပြီး ၀ိနည်းတော်အတိုင်း ဒကာတွေဘက်က ကိုးကွယ်ဆည်းကပ် သင့်တယ်လို့ ထင်မိပါတယ်။ ဒါမှမှသာ ဆရာနှင့်ဒကာ နှစ်ဦးလုံး အကျိုးကျေးဇူး ကြီးမားပါလိမ့်မယ်။
တရားစစ် တရားမှန်ဖြင့် ချမ်းသာနိုင်ကြပါစေ…
ဆရာတော်ဦးလောကနာထ ပေးပို့သော ၀ိနည်းအကျဉ်း (၂၂၇သွယ်) ကို ကူးယူနိုင်ပါတယ်။ သင်္ကြန်ရက်မှာ ရဟန်းဝတ်လိုသူများလည်း ယခုအချိန်မှာ ဖတ်ထားသင့်ပါတယ်။
ကျမ်းကိုး။ ။အနာဂတ်သာသနာရေး (အရှင်ဇနကာဘိဝံသ)
Subscribe to:
Post Comments (Atom)
3 comments:
ကိုအောင်ဦး ရေးထားတဲ့တရားတော်ကို လာယူမှတ်သားသွားပါတယ်ရှင်..
မှတ်သားနာယူအပ်ပါသည်...
လွန်စွာမှတ်သားအပ်ပါသည်။
Post a Comment