သာသနာတော်၏ အသက်
“၀ိနယော နာမ သာသနဿ အာယု = ၀ိနည်းသည် သာသနာတော်၏ အသက်ဖြစ်၏” ဟူသော သင်္ဂါယနာတင် ရှေးထေရ်ရှင်တို့၏ ကျူးရင့်တော်မူချက်ကို ထောက်ရှု၍ ၀ိနည်းသည် သာသနာတော်အတွက် မည်မျှအရေး ကြီး လှသည်ကို နားလည် သဘောပေါက်ကြရပေသည်။ ရဟန်းတော်များသည် ရွှေငွေကို မည်သည့်နည်းနှင့်မျှ အလှူမခံကောင်းပေ။ သို့သော်လည်း ရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကိုမူကာ ခံယူခွင့်၊ သာယာခွင့်ကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့သည်။
ဘုရားရှင် လက်ထက်တော်က ၀တ္ထုသာဓက
မဏိစူဠက မည်သော လူကြီးလူကောင်းတစ်ဦးက ဘုရားရှင်အား "ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း" ဟု အစည်းအဝေး တစ်ခု၌ မိမိ၏ ပြောဆိုခဲ့မှု မှန်၊ မမှန် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်က "ဂါမဏိ… သင်ပြောသော စကားသည် မှန်၏။ ရဟန်းတော်များသည် ရွှေငွေကို မခံယူကောင်း၊ ရွှေငွေသည် အပ်လျှင် ကာမဂုဏ်ငါးပါးလုံး (သားမယားပါ) သုံးစွဲကောင်းလိမ့်မည်။ ထိုရွှေငွေခံယူသူကို သမဏဓမ္မ (ရဟန်းတရား) ရှိသူမဟုတ်။ သကျပုတ္တိယဓမ္မ ရှိသူမဟုတ်ဟု စင်စစ် မှတ်လေလော့" ဟု မိန့်တော်မူခဲ့သည်။ သို့သော် ကျောင်းအမိုး မလုံခြင်း စသော အကြောင်းကြောင့် မြက်၊ သက်ကယ် စသည် အလိုရှိသော် သင်္ကန်းရုံကာ မြို့ရွာတွင်းသို့ ၀င်၍ ဆွမ်းခံရပ် သကဲ့သို့ ရပ်ရမည်။ ထိုအခါ ဒါယကာတို့က သိနားလည်၍ မည်သည့် အရာကို အလိုရှိပါသနည်း ဘုရားဟု မေးလျှောက်လာလျှင်မူကား မြက်၊ သက်ကယ်စသည် မိမိအလိုရှိရာ ပြောကောင်းသည်။ ရွှေငွေကိုကား မည်သည့်နည်းပရိယာယ်နှင့်မျှ ခံယူခွင့် မပြုနိုင်ကြောင်း ဘုရားရှင် မိန့်တော်မူလေသည်။ (ဂါမဏိသံယုတ် ပါဠိတော်၊ ၅၀၉-၅၁၀)။
(ထိုသို့ရပ်စဉ် ဒကာ၊ ဒကာမများက တစ်စုံတစ်ရာ မမေးလျှောက်ပါက ရဟန်းတော်ဘက်က စတင်၍ မည်သည့် အရာကိုမျှ (ဂိလာနပုဂ္ဂိုလ်ဖြစ်က ရောဂါနှင့် သင့်မြတ်သော ဆေးမှ အပ) အလှူမခံကောင်းပေ။ နောက်တစ်အိမ်သို့ ဆက်ကြွ၍ ရပ်ရမည်)။
အလှူမခံ ပယ်လှန်ရမည်
ထို့ကြောင့် ဒါယကာများက မသိနားမလည်၍ ရွှေငွေကို လှူလာခဲ့သော် ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် ငြင်းပယ်ရမည်မှာ ရဟန်းတော်တိုင်း၏ တာဝန်ပင်ဖြစ်တော့သည်။ ထို့ထက်ပို၍ လုံခြုံရာ အရပ်ကို ညွှန်ပြခွင့် မရှိ၊ ကပ္ပိယကိုလည်း မညွှန်ကောင်း၊ ကပ္ပိယကိုလည်း မခံယူစေကောင်းပေ။ (လာလှူစဉ် ထိုရွှေငွေကို စိတ်က မသာယာသော်လည်း ကိုယ်၊ နှုတ်နှစ်ပါး တစ်ပါးပါးဖြင့် မပယ်မိပါက ဒုက္ကဋ်အာပတ်မှ မလွတ်ပေ)။
မအပ်စပ်သော လျှောက်ထားနည်းများ
အပ်စပ်ပစ္စည်း (၁၀၀၀)လှူလိုပါသည်။ ငွေ(၁၀၀၀)လှူလိုပါသည်။ ၀တ္ထု(၁၀၀၀)လှူလိုပါသည်။ န၀ကမ္မ လှူလိုပါသည်။ စသော လျှောက်ထားမှုမျိုးများသည် မအပ်စပ်သော လျှောက်ထားနည်းများ ဖြစ်၏။ (အပ်စပ်ပစ္စည်း စသောဝေါဟာရ ပါသော်လည်း “…တန်” ဟူသော ဝေါဟာရ မပါသောကြောင့် ငွေကိုတိုက်ရိုက် ရည်ညွှန်းသည့် အဓိပ္ပာယ်ပင် ဖြစ်နေသောကြောင့်တည်း)။
အပ်စပ်သော လျှောက်ထားနည်းများ
ဒါယကာကိုယ်တိုင်က “အရှင်ဘုရား … တပည့်တော်ထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အရှင်ဘုရား အလိုရှိသော အခါ အလှူခံတော်မူပါ”။ သို့မဟုတ် “အရှင်ဘုရား၏ ကပ္ပိယထံ၌ ရဟန်းတို့နှင့် အပ်စပ်သော (၁၀၀၀)တန် ပစ္စည်းကို အပ်နှံထားပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကို အလှူခံတော်မူပါ” ဟု လျှောက်ထားလာပါက ဒါယကာလျှောက်ထားသော တန်ဖိုးအထိ အလှူခံကောင်း၊ တောင်းကောင်း၏။ လျှောက်ထားသော တန်ဖိုးထက်ကား ပို၍ မတောင်းကောင်းပေ။
“ဤရွှေငွေမှ ဖြစ်ပေါ်လာသော ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းများကို လှူလိုပါသည်၊ သို့မဟုတ် န၀ကမ္မ အလို့ငှာ လှူလိုပါသည်၊ ကပ္ပိယကို ညွှန်ပြတော်မူပါ။ လုံခြုံရာ အရပ်ကိုလည်း ညွှန်ပြတော်မူပါ” ဟု လျှောက်ထားလာလျှင်လည်း ကပ္ပိယကို ညွှန်ပြနိုင်သည်၊ လုံခြုံရာအရပ်ကိုလည်း ညွှန်ပြနိုင်သည်။ ထိုသို့ ညွှန်ပြရာ၌လည်း “မည်သူကား ကပ္ပိယ ဖြစ်၏”၊ “မည်သည့်နေရာ၌ လုံခြုံ၏” ဟုသာ ပြောကောင်း၏။ “မည်သူ့ကို ပေးလိုက်၊ မည်သူ့ကို အပ်ထားလိုက်”၊ “မည်သည့်နေရာ၌ သိမ်းထားလိုက်” ဟုကား မပြောကောင်းပေ။
ဒါယကာက “တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်တော်မူပါ” ဟု လျှောက်ထား လာပါက ပစ္စည်းလေးပါး ဒါယကာ အဖြစ် မှတ်ရုံသာ မှတ်ရမည်။ အလှူမခံကောင်း၊ မတောင်းကောင်းပေ။
“တပည့်တော်ကို အရှင်ဘုရား၏ ပစ္စည်းလေးပါး ဒါယကာအဖြစ် မှတ်တော်မူပါ၊ အရှင်ဘုရား အလိုရှိသောအခါ ရဟန်းတို့နှင့် အပ်စပ်သော ပစ္စည်းကိုလည်း အလှူခံတော်မူပါ” ဟု လျှောက်ထားလာမှသာလျှင် အလှူခံကောင်း၊ တောင်းကောင်း၏။
သတိဆောင်သင့်
မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ဓမ္မ၀ိနယနှင့်အညီ ချီးမြှောက်ထောက်ပံ့ခွင့်ကို အလိုရှိကြကုန်သော သူတော်ကောင်းတို့သည် ရွှေငွေနှင့် ပတ်သတ်၍ လျှောက်ထားတတ်အောင် လေ့လာသင့်ကြပေသည်။ မအပ်သော ဝေါဟာရ အသုံးအနှုံးတို့ဖြင့် လျှောက်ထား လှူဒါန်းမိခဲ့သော် ထိုရွှေငွေမှ ဖြစ်ပေါ်လာသော ပစ္စည်းများကို အပ်သည်ထင်၍ သုံးစွဲမိသော ထိုရဟန်းမှာ သုံးစွဲတိုင်း အာပတ်သင့်ရ၏။ ထိုအာပတ်နှင့်တကွ စုတေခဲ့သော် အပါယ်လေးပါးသို့ လားရောက်ရနိုင်ပေသည်။ (သာရတ္ထ၊ ၃၊ ၃၇၉)။
ထို့ကြောင့် ဒါယကာများ အနေဖြင့် ရွှေငွေနှင့် ပတ်သက်လာပါက သတိဆောင်၍ အပ်အပ်စပ်စပ်ဖြစ်အောင် လျှောက်ထား လှူဒါန်းကြခြင်းသည် ရဟန်းတော်များကို အာပတ်မသင့်အောင် စောင့်ရှောက်ပြီး ဖြစ်ရုံသာမက မိမိတို့ အတွက်လည်း ပစ္စုပ္ပန်သံသရာ နှစ်ဖြာ အကျိုးများကြောင်း ဖြစ်ပေတော့သည်။
(ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ)
ယနေ့အချိန်အခါမှာ ၀တ္ထုငွေ လှူဒါန်းမှုနဲ့ ပတ်သတ်လို့ လူတွေဘက်က များစွာမှားယွင်းနေတာ တွေ့ရပါတယ်။ ထို့အတွက်ကြောင့် ဆရာတော်ဦးဥက္ကံသ (စင်္ကာပူ) မှ ပေးပို့ချီးမြှင့်သော စာစောင်ကို မူရင်းအတိုင်း ရေးသားလိုက်ရပါတယ်။
မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် သံဃာတော်၏ လက်ထဲကို ၀တ္ထုငွေ တိုက်ရိုက်ကပ်နေတာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ မိမိတို့အတွက်ကြောင့် သံဃာတော်များမှာ အပြစ်ဖြစ်ရရင် မသင့်လျော်ပါ။ လူတွေဘက်က သိရှိပြီး လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။
ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သလို ဘုရားရှင်သည်လည်း တရားနှင့်ဝိနည်းကို အလေးအမြတ်ပြုဖို့ ဆုံးမတော်မူခဲ့ပါတယ်။ တရားစခန်းဝင်၊ တရားထိုင်၊ ပရိတ်ရွတ်၊ ဘုရားရှိခိုး၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးကပ် လှူခြင်း စသဖြင့် တရားဘာဝနာ အလုပ်ကိုတော့ အများစု လုပ်ဆောင်ကြပါတယ်။ ထို့အပြင် ၀ိနည်းတော် အတိုင်း ကိုးကွယ်ဆည်းကပ်ပူဇော် သင့်တယ်လို့ ထင်မြင်မိပါတယ်။ မသိတဲ့အခါမှာ မိမိတို့ ထင်ရာအတိုင်း လုပ်ဆောင်တော့ မသင့်တော်တာတွေ ဖြစ်ရပါတယ်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပဲ တရားဓမ္မတွေနာယူကြပါ။ စာဖတ်ကြပါ။ ကျင့်ကြံအားထုတ်ကြပါ လို့တိုက်တွန်းပါရစေ။
“သံဃာရတနာကို အမွန်မြတ်ဆုံး ကိုးကွယ်ဆည်းကပ်တတ်သည့် သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…”
Subscribe to:
Post Comments (Atom)
2 comments:
ကိုအောင်ဦးဖော်ပြပေးတာမှန်ပါတယ် ယခင်ကတည်းက ရဟန်းများဟာ အလှူခံပစ္စည်းကို တိုက်ရိုက်လက်ခံခွင့် မရှိဘူးလို့သိရှိရပါတယ်...
ထိထိမိမိရှိလှပါတယ်။ ကျွန်တော်အပါအဝင် ဖေတ်လူငယ်များ သိကြစေဖို့ ပြန်လည်ဖြန့်ဝေခွင့်ပြုပါ
Post a Comment