"အမေး အဖြေ"

နေ့အိပ်မက်က ထေရ၀ါဒဗုဒ္ဓဘာသာပါ.. သိချင်တာလေးရှိလို့ပါ.. သိတဲ့သူတွေဖြေပေးပါနော်.....
ငရဲမှာ ယမမင်းရှိတယ်.. နောက်ပြီးတော့ ငရဲကျတဲ့သူတွေကို နှိပ်စက်တဲ့ငရဲသားတွေရှိတယ်ဆိုရင် သူတို့တွေကရော ငရဲမကျဘူးလား။
နေ့အိပ်မက် တကယ်သိချင်လို့ပါ.. သိရင်ဖြေပေးကြပါနော်....။ မယုံလို့ ကပ်မေးတာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို လက်မခံတဲ့သူတွေကို ရှင်းပြပေးချင်လို့ပါ...

စာတွေဖတ်ကြည့်ရင်းနဲ့ နေ့အိမ်မက် မေးတာကို ဘယ်သူမှ ဖြေပေးခြင်းမရှိသေးတာနဲ့ ကျနော် သိတာလေး ဖြေပေးလိုက်တယ်။ ဘာသာတရားအတွက် ရှင်းပြချင်တဲ့ ရည်ရွယ်ချက်လေး အင်မတန်ကောင်းပါတယ်။ နောက်လဲ သိချင်တာရှိရင် အားမနားတမ်းမေးပေါ့။

ယမမင်းရှိတယ်ဆိုတာ အားလုံးလဲ လက်ခံကြတယ်။ ယမမင်းဆိုတာ စတုမဟာရာဇ်နတ်ပြည် အပါအ၀င်ဖြစ်တဲ့ ဝေမာနိက ပြိတ္တာမင်းကို ခေါ်ခြင်းပါ။ တခါတရံ နတ်စည်းစိမ်ခံစားပြီး တခါတရံ မကောင်းမှု ကံအကျိုးကို ခံစားရပါသေးတယ်။ ယမမင်းက တယောက်တည်းရှိတာမဟုတ်ဘူး။ ငရဲဘုံတံခါးလေးဖက်မှာ ရှိပြီးတော့ ငရဲရောက်လာသူတွေကို စစ်ဆေးမေးမြန်းကြတယ်။ ဒီနေရာမှာ ငရဲရောက်လာသူတိုင်းကို စစ်ဆေးတာ မဟုတ်ဘူး။ အကုသိုလ်ကြီးတဲ့ သူတွေအတွက်က ကျတော့ စစ်ဆေးဖို့မလိုပဲ တခါတည်း ငရဲသွားရတယ်။ ဥပမာ.. အဖေသတ်တဲ့ကံ၊ အမေ သတ်တဲ့ကံ၊ ရဟန္တာသတ်တဲ့ကံ၊ ဘုရားသွေးစိမ်တည်အောင် လုပ်တဲ့ကံ၊ သံဃာဂိုဏ်းခွဲတဲ့ကံ စတဲ့ ကံငါးပါးထဲက တခုခုကို ကျူးလွန်မိရင် သေပြီးတာနဲ့ ငရဲကို တိုက်ရိုက်ရောက်သွားမယ်။ အကုသိုလ်ကံနည်းတဲ့ သူတွေအတွက် လွတ်လိုလွတ်ငြား အနေနဲ့ ယမမင်းထံမှာ အစစ်ဆေးခံခွင့်ရကြတယ်။ ဒါကြောင့် ယမင်းမင်းရဲ့ စစ်ဆေးမှုဟာ အပြစ်ရှာခြင်းမဟုတ်ပဲ လွတ်သင့်က လွတ်စေလိုတဲ့ အတွက်ဖြစ်ပါတယ်။ ဒီတော့ ယမမင်းဆိုတာ အင်မတန် တရားမျှတဲ့ မင်းလို့ မှတ်ထားရမယ်။ ယမမင်းနဲ့ စစ်တမ်းဝင်ပြီး လူ့ပြည်ပြန်ရောက်လာတဲ့ အကြောင်းတွေလဲ အားလုံးကြားဖူးမှာပါ။



ငရဲထိန်း ဆိုတာက စတုမဟာရာဇ်နတ်မျိုးမှာ ပါတဲ့ နတ်ဘီလူးတွေဖြစ်ပါတယ်။ သူတို့က အကုသိုလ်နည်းတဲ့ သူကို ယမမင်းထံပို့ပေးခြင်း၊ ငရဲပြည်ကိုရောက်လာတဲ့သူကိုတော့ သူတို့ တာဝန်အရ သတ်ပုတ်ရိုက်နက်တာတွေ လုပ်တယ်။ ဒီနေရာမှာ ငရဲထိန်းတွေကို ငရဲမီးက မပူဘူး။ ငရဲမီးဆိုတာက ကံကြောင့်ဖြစ်ရတဲ့ အတွက်ကြောင့် အကုသိုလ်ကံတွေလုပ်ပြီး ငရဲခံရတဲ့ သူတွေကိုသာ ပူလောင်ပါတယ်။
ဒါကြောင့် ငရဲထိန်းက ငရဲကျတယ်လို့ မဆိုနိုင်ဘူး။ သူ့အလုပ်အရ ငရဲကျလာတဲ့ သူကို နှိပ်စက်ရတဲ့ သဘောပါပဲ။ ငရဲထိန်းဘ၀က လွန်မြောက်ရင် ရှေးဘ၀တွေက သူလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် အရ နောက်ထပ် ဘ၀တွေကို ဆက်ခံစားရဦးမှာပါ။ တူသော အကျိုးပေးနဲ့ နောက်ဘ၀တွေကို ခံစားရမယ်ဆိုတဲ့ သဘောပါ။

မရှင်းတာရှိရင် ထပ်မေးပါ။

ချမ်းသာကိုယ်စိတ်မြဲပါစေ..

အောင်ဦး
…………………………………………………………………………………....................
သိပ်ကောင်းတဲ့ ရှင်းပြချက်တစ်ခုပါပဲ သူငယ်ချင်းရေ..။ ငါလဲ ဒီနေရာမှာ မရှင်းတာလေး တစ်ခုကို မေးချင်ပါတယ်။ မေးတဲ့သူအတွက်ကတော့ တိုကောင်းတိုပါလိ့မ်မယ်..။ ဖြေမယ့်သူအတွက်တော့ တော်တော်ရှင်းပေးရမယ် ထင်ပါတယ်..။ ငါသိချင်တာက
၁။ ရဲသော်မသေ၊ သေသော်ငရဲမလားဆိုတာ သေချာပါသလား? (သေချာရင် ဘာကြောင့်သေချာရပါသလဲ?)
၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အကုသိုလ် (ငရဲ) နဲ့လွတ်ပါ့မလား?

ဖြေရှင်းပေးပါဦး သူငယ်ချင်းရေ...။ မင်းရဲ့အဖြေကို စိတ်ဝင်စားစွာစောင့်မျှော်လျှက်ပါ..
………………………………………………………………………………........................
မေးခွန်းက အင်မတန် ကောင်းတယ်။ တော်တော်ရှင်းပေးရမယ် ထင်တဲ့ အတိုင်း လိုအပ်မယ်ထင်တာတွေပါ ရှင်းလိုက်မယ်။
ဒါတွေကို မဖြေခင်မှာ သတ်တဲ့ ကိစ္စတွေဖြစ်နေတာကြောင့် အရင်ဆုံး ပါဏာတိပါတ ကံ ဆိုတာကို အကျဉ်းရှင်းပြချင်ပါတယ်။ ပါဏာတိပါတ မူရင်း ပုဒ်အနေနဲ့ကတော့…
ပါဏာ = သူတစ်ပါး၏ အသက်ကို
တိ ( အတိ ) = ကုန်လွန်စေသည် ၊ ပြီးဆုံးစေသည်။
ပါတ = အချိန်မတိုင်မီ။
ဒီတော့ သူတစ်ပါး၏ အသက်ကို အချိန်မတိုင်မီ ကုန်လွန်စေတယ်၊ ပြီးဆုံးစေတယ် ဆိုတာ သတ်တာပဲ လို့ မြန်မာလိုနားလည်ကြပါတယ်။ ဒါကတော့ မူရင်း အဓိပ္ပါယ်ကို သိစေချင်လို့ပါ။
ဘယ်လိုအချက်တွေနဲ့ ညီရင် သူ့အသက်သတ်ခြင်း ဆိုတဲ့ ပါဏာတိပါတာကံမြောက်တာလဲ ဆိုတာကို သိဖို့လိုပါတယ်။ ပါဏာတိပါတာကံ မြောက်တဲ့ အင်္ဂါ ၅ ပါးရှိပါတယ်။ ၄င်းတို့ကတော့ -
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း )၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရှိခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်းတို့ဖြစ်ပါတယ်။

ဒါတွေအပြင် ပါဏာတိပါတာကံ ကျူးလွန်ရာမှာ အားထုတ်မှု (ပယောဂ) ၆ မျိုးလည်းရှိသေးတယ်။ ၄င်းတို့ကတော့-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ပါတယ်။
ပယောဂ (၆)မျိုးမှ တစ်ခုခုဖြင့် တစ်ပါးသောသူကို သေစေလိုသောစိတ်နဲ့ သတ်မိရင် သေသွားရင် ပါဏာတိပါတကံ မြောက်စေပါတယ်။

ပါဏာတိပါတကံကို ကျူးလွန်သူတို့အတွက် အပြစ်ကတော့ (၉) မျိုးရှိတယ်။
(၁) မျက်စိ ၊ နား၊ နှာ ၊ ခြေလက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း၊
(၂) ဖြစ်ရာဘ၀တိုင်း၌ အရုပ်အသွင် မွဲပြာခြောက်ညှိုးပြီး စိုစိုပြည်ပြည် မရှိခြင်း၊
(၃) အားအင်ချွတ်ယွင်းခြင်း (အားနည်းခြင်း)၊
(၄) လျင်မြန်ဖျတ်လတ်ခြင်းလည်း ကင်းဝေးခြင်း၊
(၅) ဘေးရန်ပေါ်ပေါက်လျှင် ကြောက်ရွံ့တတ်ခြင်း၊
(၆) သူများအသတ်ကိုခံရတတ်ခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်များ စား
လျက် သေရတတ်ခြင်း၊
(၇) အနာရောဂါ များတတ်ခြင်း၊
(၈) အချွေအရံ ပျက်ဆီးတတ်ခြင်း၊
(၉) အသက်တိုတတ်ခြင်း တို့ဖြစ်တယ်။

ဒီနေရာမှာ သိရမှာက ပါဏာတိပါတကံ ကျူးလွန်တိုင်း ငရဲကို တိုက်ရိုက်ကျမသွားဘူးဆိုတဲ့ အချက်ပဲ။ ဥပမာ.. အင်္ဂုလိမာလ ဆိုရင် လူပေါင်း ၉၉၉ တောင်သတ်ခဲ့တာပဲ။ ဒါပေမဲ့ မဂ်ဉာဏ်နဲ့ ပယ်သတ်တော့ အကုသိုလ်တွေ ကျေသွားတယ်။ သို့သော် ၀ဋ်တော့ခံစားရတယ်။ ၀ဋ်မှာ အမြဲ ငရဲမှာ အပ ဆိုသလိုပေါ့။ ဒါကြောင့် ပါဏာတိပါတ ကံ ရဲ့အဆိုးဆုံး အပြစ်တွေကိုတော့ ပဉ္စာနန္တိရ ကံ (၅) ပါးမှာ သီးသန့် ထုတ်ပြီး ဗုဒ္ဓမြတ်စွာက တားမြစ်ပါတယ်။

(၁) အမိကိုသတ်ခြင်း။
(၂) အဖကိုသတ်ခြင်း။
(၃) ရဟန္တာ ကိုသတ်ခြင်း။
(၄) ဘုရားကို သွေးစိမ်းတည်အောင်လုပ်ခြင်း၊
(၅) သံဃာဂိုဏ်းခွဲခြင်း.. တို့ဟာ အ၀ိစိ ငရဲ သို့ လားရာ ပြင်းထန်သော အပြစ်တွေဖြစ်ပါတယ်။ ၀ိပဿနာတရားမည်မျှ အားထုတ်သော်လည်း ဒီကံရှိနေလျှင် တရားထူးမရပါ။
(၄) (၅) ကတော့ ပါဏာတိပါတ ကံ မဖြစ်ပါ။ သို့သော် ထိုကံတွေလဲ အ၀ီစိကို တိုက်ရိုက်သွားရမှာ ဖြစ်တယ်။
ရဲသော်မသေ၊ သေသော်ငရဲမလား.....ဆိုတော့..

အမှန်တော့ ဒီစကားလုံးရဲ့ မူလပထမ အစအဦးမှာလဲ မြန်မာပြည်ကမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယက ဗြာဟ္မဏတို့ရဲ့ ဘာသာရေးအရ ဖန်ဆင်းရှင်အလိုကျ စစ်တိုက်ရသော် သေရင်လည်း ငရဲကိုမရောက်၊ စစ်သားသေရင် နတ်ပြည်ရောက်တယ် ဆိုတဲ့ အယူတစ်ခု ဗုဒ္ဓမပွင့်ပေါ်မီက တွင်ကျယ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီ အယူဝါဒတွေ ထိုခေတ်က နိုင်ငံရေးနဲ့ဘာသာရေး ရောမွေပြီး စိတ်ဓာတ်မြှင့်တင်ရေးသဘော ၀ါဒဖြန့်ခဲ့တဲ့ ကြွေးကြော်သံများလို့ ထင်ပါတယ်။ ဗုဒ္ဓလက်ထက်ကျသောအခါ စစ်သားသေ နတ်ပြည်ရောက်ဆိုသည်မှာ မဟုတ်မှန်၊ အကုသိုလ်သဘောသည် တသမတ်တည်းသာဖြစ်၍ အကုသိုလ်မှုကြောင့် ငရဲလားရမည့်သူမှာ လားရန်သာရှိသည်ဟု ဖြောင့်ဖြောင့်ဟောလိုက်တယ်။ သေချာတာကတော့ အကုသိုလ် ဖြစ်တယ်။

၂။ ကြိုးစင်တက်တဲ့သူတွေကို ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေရော အကုသိုလ် (ငရဲ) ဖြစ်နိုင်ပါလား?
ဒီမေးခွန်းကို ဥပမာလေး တခုနဲ့ ပြောပြမယ်။ ဘုရားရှင်လက်ထက် လူသတ်သမား တယောက်ရှိတယ်။ (နာမည် မသေချာလို့ မရေးတော့ဘူး)။ အစတုန်းက အဲဒီလူက သူခိုးကြီးပါ။ တနေ့တော့ သူနဲ့ အတူ ခိုးသား ငါးရာကို ဘုရင်က ဖမ်းမိတယ်။ အဲဒီခိုးသားတွေကို သတ်ဖို့ ဘုရင့်ရဲ့ လူသတ်သမားတွေကလဲ အသက်တွေ ကြီးနေပြီ ဖြစ်တဲ့ အတွက် မစွမ်းဆောင်နိုင်တော့ဘူး။ ဒီတော့ ခိုးသားတွေထဲက ခွန်အားအကြီးဆုံး ၁ ယောက်ကို ရွေးပြီး လူသတ်သမား တာဝန်ခန့်တယ်။ အဲဒီလူက ကျန်တဲ့ ခိုးသားတွေကို ပြန်သတ်ရတာပေါ့။ ဒီလိုနဲ့ ၄၅ နှစ်လောက် ဘုရင်ဆီမှာ လူသတ်သမား တာဝန်ယူခဲ့တယ်။ ဘုရင်ရဲ့ လူသတ်သမား တာဝန်ကနေ နှုတ်ထွက်လာတဲ့ နေ့မှာ သူ့မိန်းမကို ဆန်ပြုတ် ပူပူလေး စားချင်လို့ ချက်ခိုင်းတယ်။ အဲဒီနေ့မှာပဲ အရှင်သာရိပုတ္တရာက လူသတ်သမား ကြီးမှာ ပါရမီ ဓာတ်ခံ ပြည့်နေတာဖြစ်တာကို မြင်တော်မူတယ်။ ဒါနဲ့ လူသတ်သမားကြီး အိမ်ကို ဆွမ်းခံကြွပါ တယ်။ လူသတ်သမားကြီးက အရှင်သာရိပုတ္တရာ ဆွမ်းခံတာကို တွေ့တော့ စဉ်းစားတယ်။ သူ့ဘ၀ လူသတ်လာ တာပဲ ကြာခဲ့ပြီ ကုသိုလ်ဆိုလို့ ဘာမှ မရှိသေးဘူးဆိုတာ သိလိုက်မိတယ်။ ဒါနဲ့ သူစားမယ့် ဆန်ပြုတ်ကို လောင်းလှူလိုက်တယ်။ သူမှာ လူသတ်လာတာများပြီ ဖြစ်ကြောင်း၊ အကုသိုလ်တွေသာ များပြီး ကုသိုလ် တရားနည်းကြောင်း လျောက်ကြားတယ်။ အဲဒီ အချိန်မှာ အရှင်သာရိပုတ္တရာက လူသတ်တာက မိမိ စိတ်နဲ့ သတ်တာလား သူတပါးခိုင်းလို့ သတ်တာလား မေးတယ်။ ဘုရင်က ခိုင်းလို့ သတ်ရတာပါလို့ ပြောတော့ ဒါဆို လူသတ်သမားမှာ အပြစ် မရှိဘူးလို့ ပြောပြီး တရားဟောလိုက်တာ သောတပန် ဖြစ်သွားတယ်။
အမှန်တော့ အပြစ်လုံးဝ မရှိဘူး ပြောတာမဟုတ်ပါဘူး။ လူသတ်သမားရဲ့ စိတ်မှာ မိမိသတ်ခဲ့ ကံတွေကို နောင်တ တဖန်ပူပန်ခြင်းမရှိအောင် ပြောလိုက်ခြင်းပါ။ တကယ်လို့ အဲလိုပူပန်မှု ဖြစ်ခဲ့ရင် ရရှိမယ့် သောတပတ္တိမဂ်ကို မရရှိနိုင်လို့ပါ။ သူသတ်ခဲ့တဲ့ အထဲမှာ အဖေ၊ အမေ တွေ မပါတဲ့ အတွက် သာမန် သီလ ချိုးဖောက်မှုလောက်သာ အကုသိုလ် ဖြစ်တယ်။ ဒါကြောင့် ငရဲ မရောက်ပဲ သောတပန်တောင် ဖြစ်ခဲ့ပါသေး တယ်။ ဒီ ဇာတ်တော်အရ ကြိုးပေးရတဲ့ ရဲ (သို့) ၀န်ထမ်းတွေလဲ ငရဲကို ရောက်မယ်၊ မရောက်ဖူး ဆိုတာ သေချာပြောလို့မရဘူး။ အကုသိုလ်တော့ ဖြစ်တယ်။ သီလကို စင်ကြယ်ချင်ရင် ဒီအလုပ်တွေ မလုပ်ပဲနေတာ ကောင်းပါတယ်။
၃။ သေဒဏ်ချမှတ်ပေးတဲ့ (သို့) အပြစ်ပေးတဲ့ တရားသူကြီးတွေရော အထက်က ပြောခဲ့တဲ့ သဘောအတိုင်းပါပဲ။
မြတ်ဗုဒ္ဓက - "စေတနာဟံဘိက္ခဝေ ကမ္မံဝဒါမိ။ " "စေတနာကို ကံဟုငါဘုရားဆို၏။" လို. ဟောခဲ့တယ်။ ဒီတော့ အမိန့်ချတာပဲ ဖြစ်ဖြစ်၊ သတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် သေစေချင်တဲ့ စိတ်စေတနာ များရင် များသလောက် အပြစ်ကြီးပါတယ်။ စေတနာနည်းရင်တော့ အပြစ်နည်းတာပေါ့။ ငရဲတွေကျလောက်တဲ့ အပြစ်တွေပါ လုပ်မိရင်၊ မကောင်းမှုတွေပဲ တသက်လုံးလုပ်လိုက်ရင်တော့ ငရဲကျဖို့ များတယ်။ မေးခွန်းထဲက ပါသလောက် ဆိုရင်တော့ တခါတည်း မကျနိုင်သေးဘူး။ ကုသိုလ်ကောင်းမှုတွေနဲ့ ပြန်ပြီး ပြုပြင်ရင် ရနိုင်ပါတယ်လို့ ဖြေလိုက်ပါတယ်။
မရှင်းခဲ့တာ ပါရင် ထပ်မေးပါ။
စိတ်ချမ်းသာကြပါစေ..


မှတ်ချက်။ ။http://myanmargenius.com/ ဖိုရမ်မှ အမေးအဖြများကို ပြန်လည်တင်ပြထားပါသည်။



4 comments:

flower.poem said...

ကိုအောင်ဦး အမေးအဖြေကြောင့်မသိတာတွေသိသွားရ ပါတယ် ကျေးဇူးပါ.

Dream said...

အင်မတန် တန်ဖိုး ရှိတဲ့ အမေးအဖြေလေးပါ... လေ့လာပြီး သေသေချာချာ ဖတ်မှတ်သွားပါတယ်... အခုလို တန်ဖို ရှိတဲ့ အမေးအဖြေလေးကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ ဦးဦးအောင်ဦးရေ..

စိတ်ချမ်းသာပါစေ နော်..

မသက်ဇင် said...

""အမေး အဖြေ""
လာဖတ်တယ်-မဖတ်ရသေးတာတွေလည်းလာဖတ်တယ်--
ရေးထားတာ နားလည်လွယ်ပြီးအလွန်ကောင်းပါတယ်--
ဖြန့်ဝေပေးတာ ကျေးဇူးတင်ရင်း သာဓုခေါ်ပါတယ်---

itmgmg said...

စနစ်တကျ ရှင်းပြထားဖတ်ရတဲ့အတွက် သာဓု ခေါ်ပါတယ်။ တာဝန်အရဖြစ်စေ၊ စိတ်စေတနာအရဖြစ်စေ မကောင်းမှုက မကောင်းမှုဖြစ်သလို တဘက်ကလဲ ကောင်းမှုက ကောင်းမှု အကျိုးကို သွားမှာမို့ အလွန်နူးညံ့တယ်လို့ ခံယူထားပါတယ်။ ဗုဒ္ဓ မြတ်စွာ တေမိမင်း ဘ၀မှာတော့ တရားသဖြင့် ဆုံးဖြတ်ပြီး သေဒဏ် ထောင်ဒဏ် အမိန်တွေ ပေးရမှာတောင် စိုးရွံ့လို့ စကားမပြောပဲ မင်းအဖြစ်ကို ငြင်းဆန်တယ်လို့ ဖတ်ဖူးပါတယ်။ ကျေးဇူးတင်ပါတယ်