“အနေမြတ် အသေတတ်စေဖို့”

လူသားမှန်သမျှ ပုခက်နဲ့ ဝေးဝေးလာပြီး အသက်တွေ ကြီးပြင်းလာတာနဲ့အမျှ သုဿန်နှင့် နီးနီးလာပြီ ဆိုတဲ့ အသိလေးကို အရင်ဆုံး စွဲမြဲကြပါ။ အချိန်တွေ ကုန်ဆုံးနေတာမဟုတ် သက်တမ်းတွေ ကုန်ဆုံးနေတယ်ဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားသုံးသပ်ကြည့်ပါ။ နေရေးအတွက်ပဲ အချိန်တွေကို အသုံးချ မနေသင့်တော့ဘူးလို့ ဆုံးဖြတ်ချက် ချသင့်ပါပြီ။ လောကီလူသားတွေ ဖြစ်တာကြောင့် နေရေးလဲ ပြင်ပါ။ သေရေးကိုလဲ စဉ်းစားကြပါလို့ အလေးနက်ထားပြီး တိုက်တွန်းပါတယ်။ မိမိမှာ ဘာတွေပြင်ဆင်ပြီးပြီလဲ၊ ဘယ်တရားကို အားကိုးပြီးတော့ သေမှာလဲ။ နောက်ဆုံး သေခါနီးမှာ ဘယ်လို နှလုံးသွင်းနိုင်အောင် ပြင်ထားမလဲ၊ ဒါနတွေ ဘယ်လောက် ကောင်းခဲ့သလဲ၊ သီလတွေ ဘယ်လောက် စောင့်ထိန်းခဲ့သလဲ၊ ဘာဝနာတွေ ဘယ်လောက်ပွားများ ကျင့်ကြံနေလဲ ဆိုတဲ့ မေးခွန်းလေးတွေကို အလေးထား စဉ်းစားသင့်ပါပြီ။ ယခုအခါမှာ ဘာသာရေး ပြဿနာများ၊ အခြားသော အယူဝါဒများသည် ထေရ၀ါဒ သာသနာအတွက် ခြိမ်းခြောက်သလို ဖြစ်နေပါတယ်။ ဒါတွေအပြင် ထေရ၀ါဒ မဟုတ်သော အယူဝါဒများ၊ ဗေဒင်၊ လက္ခဏာ၊ နက္ခတ်၊ နတ်၊ ဘိုးတော်၊ စတဲ့ အယူအဆတွေကို လူအများ လက်ခံနေကြသည်မှာ သာသနာတော်ကို သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ကျောခိုင်းနေခြင်း ဖြစ်ပါတယ်။ သတိရှိကြဖို့ သတိပေးခြင်းပါ။


ကျွန်တော်တို့တွေသည် (၇)ရက် (၇)လီ မိုးမှောင်ကျနေတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သတ္တ၀ါတွေနဲ့ တူပါတယ်။ မိုးမှောင်ကလဲကျ အလင်းရောင်ဆိုတာလဲ မရှိတဲ့ တောကြီးထဲမှာ ထွက်လမ်းကို ရှာကြရမှာက ကျွန်တော်တို့ အလုပ်ပါ။ မှောင်နေတဲ့ အတွက် လမ်းတွေ့ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းပါတယ်။ အဲဒီအချိန်မှာ လျှပ်စီးလေးတချက် လက်လိုက်တာသည် ကျွန်တော်တို့ အတွက် တောထဲက လွတ်မြောက်နိုင်မဲ့ လမ်းကို တွေ့လိုက်တာပါပဲ။ ဒါကို မတွေ့လိုက်တဲ့ သူရှိနေရင် ခရီးသွားဖြစ်တဲ့ သူတွေက အချင်းချင်းဖေးမ ခေါ်ယူမှုကြောင့် ခရီးသွားဖော်တွေ အားလုံး တောထဲက လွတ်မြောက်သွားနိုင်ပါတယ်။ ဒီသဘောတရားလေး အတိုင်းပါပဲ။ ကျွန်တော်တို့ စာဖတ်သူတို့တွေသည် ၃၁ ဘုံဆိုတဲ့ တောကြီးထဲမှာ မျက်စိလည် လမ်းပျောက်နေတဲ့ သူတွေနဲ့ တူပါတယ်။ ဘုရားအဆူဆူ ပွင့်ခဲ့သော်လည်း သာသနာနဲ့ မတွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၊ တွေ့ကြုံခဲ့ သော်လည်း သာသနာကို ကျောခိုင်းခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် ယနေ့တိုင် ဘ၀တွေရပြီး ဒုက္ခတွေနဲ့ တွေ့ကြုံနေရတာပါ။ ဓမ္မအလင်းရောင်နဲ့ ဝေးခဲ့ရတာပေါ့။ ဒါကြောင့် မိုးမှောင်ကျနေတဲ့ ညအချိန်ကြီးက ရှည်လျားခဲ့ပါပြီ။ ယခုလို သာသနာတော်နဲ့ တွေ့ကြုံလိုက်တာသည် လျှပ်စီးလက်လိုက်တဲ့ အချိန်ပမာဏ မျှသာ ရှိပါတယ်။ ကျန်တဲ့အချိန်က သာသနာကွယ်နေတဲ့ အချိန်တွေနဲ့ တူပါတယ်။ လျပ်စီးလက်တာကို မြင်လိုက်တဲ့ သူက တောထဲမှာရှိတဲ့ ချောက်၊ သစ်ပင်၊ ချုံ၊ ထွက်လမ်း စသဖြင့် သိလိုက်သလို၊ သာသနာကို သိမြင်လိုက်တဲ့ သူကလဲ ဒါတွေက ကုသိုလ်၊ ဒါတွေက အကုသိုလ်၊ ဒါတွေက အပါယ်လမ်း၊ ဒါတွေက သံသရာက လွတ်လမ်း ဆိုတာကို သိမြင်လိုက်တာပါပဲ။ ဒါကြောင့် လမ်းသိတဲ့ သူက ခရီးသွားတွေကို နှိုးဆော်ပြောပြသလို တရားဓမ္မကို သိမြင်သူတွေကလဲ သံသရာခရီးသွားတွေကို သတိပေး တိုက်တွန်းခြင်းပါ။ အတင်းဆွဲခေါ်လို့ရတဲ့ ခရီးစဉ်မျိုး မဟုတ်တာကြောင့် ခရီးသွားတွေ ကိုယ်တိုင် စိတ်ပါဝင်းစားစွာ လိုက်မှရမှာပါ။ ကျွန်တော်တို့ကိုယ်တိုင် လျှပ်စီးအလင်းရောင်နဲ့ တူသော ဘုရှားရှင် ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို နာကြားလိုက်နာပြီး တောထဲက ထွက်ရမဲ့ လမ်းကို လျှောက်လှမ်းကြရမှာပါ။ အဲဒီလမ်းကတော့ မဂ္ဂင်လမ်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ပဲ သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ကြည့်ပြီး လျှောက်လှမ်းကြဖို့ အသိပေးပါတယ်။
သာသနာနဲ့ တွေကြုံနေရတာသည် အခုအချိန်လေးပဲလို့တောင် ပြောလို့ရပါတယ်။ အရင်က သာသနာ ထွန်းလင်းခဲ့ပေမဲ့ ကိုယ့်သန္တာန်မှာ မည်းမှောင်ခဲ့တော့ ကိုယ်က သာသနာနဲ့ မတွေ့သလိုပါပဲ။ အခုလဲ သာသနာနဲ့ ကြုံပေမဲ့ မလိုက်နာ မကျင့်သုံးရင်တော့ သာသနာ ကွယ်တဲ့ကာလမှာ ဖြစ်တဲ့သူနဲ့ ထူးမခြားနားပဲ ဖြစ်ပါလိမ့်မယ်။ နောင်ဆိုတာလဲ မသေချာတဲ့ အလုပ်ပါ။ လက်ရှိ ဘဒ္ဒကမ္ဘာမှာ နောက်ထပ်ပွင့်မည့် အရိမေတ္တယ ဘုရားရှင် ကျန်ပါသေးတယ်။ ထိုဘုရားရှင်ရဲ့ သာသနာကွယ်ပြီးတဲ့ အချိန်ကျမှ ယခုကမ္ဘာကြီးက ပျက်စီးမှာပါ။ ဒီကမ္ဘာ ပျက်ပြီးတော့ ဖြစ်လာမယ့် ကမ္ဘာသည် သုညကမ္ဘာ ဖြစ်ပါတယ်။ သုညကမ္ဘာဆိုတာ သတ္တ၀ါတွေ မရှိလို့ ခေါ်တာ မဟုတ်ပါဘူး။ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ အပြည့်ရှိပါတယ်။ မြတ်စွာဘုရားလဲ မပွင့်၊ ဘုရားရှင်၏ သာသနာတော်လဲ မရှိပဲ ဆိတ်သုန်းနေတဲ့ ကမ္ဘာကြီးကို ခေါ်ပါတယ်။ အဲဒီလို ကမ္ဘာမှာလဲ လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ အပါယ်လေးဘုံသားတွေ ဖြစ်နေတာပါပဲ။ ဘာလို့လဲ ဆိုတော့ အပါယ်ရောက် ကြောင်း အကုသိုလ်တရားတွေ၊ လူ့ပြည်၊ နတ်ပြည်ရောက်ကြောင်း ဒါန၊ သီလတွေ၊ ဗြဟ္မာပြည်ရောက်ကြောင်း သမထ တရားတွေ ကျင့်သုံးနေကြလို့ပဲ ဆိုရပါမယ်။ ထို ဒါန၊ သီလ၊ သမထ တရားတွေဟာ ကမ္ဘာ့နိယာမ တရားများဖြစ်ကြလို့ ကမ္မ၀ါဒီ ဖြစ်ကြတဲ့ ရသေ့သူတော်ကောင်း၊ လူသူတော်ကောင်းတွေက ဆရာအဆက်ဆက်၊ တပည့် အဆက်ဆက် အစဉ်အလာ ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမထ ဘာဝနာသည်ပင် သာသနာပ တရားဖြစ်ပါတယ်။
ဘုရားရှင် မမွေးဖွားမီကပင် ခမည်းတော် သုဒ္ဓေါဓန မင်းကြီး ကိုးကိုယ်တဲ့ ကာဠဒေ၀ီလ ရသေ့ကြီးဆိုတာ ရှိပါတယ်။ လောကီအဘိညာဉ်ရပြီး ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ကာဠဒေ၀ီလကို မည်သူမှ တရားဟောပေးခြင်းမရှိပဲ ဆရာအဆက်ဆက်က ဟောပြခဲ့ပြီး တပည့်အဆက်ဆက်က လိုက်နာကျင့်သုံးတာ ဖြစ်ကြောင်း ထင်ရှားပါတယ်။ ကာဠဒေ၀ီလ ရသေ့က ဈာန်အဘိညာဉ်ရ ဖြစ်လို့ တာဝတိံသာ တတ်ပြီး ဆွမ်းခံလေ့ရှိပါတယ်။ ဘုရားလောင်းဖွားမြင်ကြောင်းကို ကြားကြားချင်း သုဒ္ဓေါဓန မင်ကြီး၏ နန်းတော်ကို ချာန်နဲ့ ကြွလာပါတယ်။ မင်းကြီးက သားတော်ကို ရှိခိုးခိုင်းပါတယ်။ အဲဒီအခါမှာ ဘုရားလောင်းရဲ့ ခြေတော်အစုံဟာ ရသေ့ကြီးခေါင်းပေါ်မှာ တည်လျက်ရှိနေပါတယ်။ သည်တော့ ရသေ့ကြီးက ဘုရားလောင်းကို ရှိခိုးပြီး ရယ်လဲ ရယ်ပါတယ်၊ ငိုလဲ ငိုပါတယ်။ ရယ်ရတဲ့ အကြောင်းကတော့ သတ္တ၀ါတွေ ဘုရားကို ဖူးတွေ့ရလို့ အကျွတ်တရားရကြတော့မယ်လို့ တွေးဆပြီး ၀မ်းသာ အားရရှိတဲ့ အတွက် ဖြစ်ပါတယ်။ ငိုရတဲ့ အကြောင်း ကတော့ ဘုရားမဖြစ်ခင်မှာ မိမိသေဆုံးပြီး အရူပဗြဟ္မာဘုံ (ရုပ်မရှိပဲ နာမ်ပဲရှိသော ဗြဟ္မာဘုံ) မှာ ဖြစ်ရတော့ မယ်၊ ဘုရား၏ တရားတော်ကို မနာကြားရတော့ပဲ တမဂ်၊ တဖိုလ် မရနိုင်တော့ပြီလို့ သိခြင်းကြောင့် ဖြစ်ပါတယ်။ (ဒီနေရာမှ စဉ်းစားစရာရှိပါတယ်။ ရှေ့ကမ္ဘာ(၄၀)၊ နောက်ကမ္ဘာ(၄၀) မြင်နိုင်စွမ်းရှိတဲ့ ဈာန်အဘိညာဉ်ရ ရသေ့ကြီးသည်ပင် ဘုရားပွင့်တော့မယ့် အချိန်တိုကာလလေးကို မစောင့်နိုင်ပဲ သေဆုံးရရင်၊ အခုအချိန်မှာ အသက်ကို ရှည်အောင်ဆွဲဆန့်ပြီး နောက်ဘုရားကို စောင့်နေတယ် ဆိုတာတွေသည် သဘာဝ မကျပါဘူး)။
အနှစ်ချုပ်ရသော်.. သဗ္ဗညုတဉာဏ်ရှင် ဘုရားရှင်ကိုယ်တော်တိုင် မယ်တော်မာယာ ၀မ်းမှာ ဇာတိနှင့် စခဲ့ရသဖြင့် မလ္လာမင်းတို့၏ အင်းကြင်းဥယျာဉ်တွင် သက်တော်ရှစ်ဆယ်၌ ပရိနိဗ္ဗာန်စံခံရလေပြီ။ သို့အတွက် မဖြစ်မနေရင်ဆိုင်ရမဲ သေခြင်းအတွက် ပြင်ဆင်ဖို့ လိုပါပြီ။ သေတာ၊ နေတာ၊ အားထုတ်တာသည် အတူတူပါပဲလို့ သဘောပေါက်ထားပါ။ အားထုတ်တာကတမျိုး နေတာက တမျိုးဖြစ်နေရင် မဟုတ်သေးပါဘူး။ (ကိုယ်တိုင် စဉ်းစားကြည့်ပါ)။ နေတတ်၊ သေတတ်တယ်ဆိုတာ အားထုတ်တတ်လို့ပါ။ ပြောင်းပြန်ဆိုရရင် အားထုတ်တတ် ရင် နေတတ်၊ သေတတ်ပါတယ်။ နေစဉ်၊ နေ့စဉ်မှာ သာသနာနဲ့ ကြုံမှသာ သိခွင့်ရတဲ့ ၀ိပဿနာ ဘာဝနာ အလုပ်ကို ကျင့်ကြံအားထုတ်ကြပါ။ သို့မှသာ သာသနာတွင်းသား ပီသပါမယ်။
ယခုလို တရားဓမ္မများ လွယ်ကူစွာ နာယူ လေ့လာနိုင်တဲ့ အချိန်မှာ ရရှိထားသော အခွင့်အရေးကို အကျိုးရှိ အောင် အသုံးချတတ်ကြပါစေ။ မိမိလုပ်ရမယ့် အလုပ်ကို ကောင်းစွာ ဆုံးဖြတ်ချက် ချနိုင်ခြင်းသည် ၃၁ဘုံ ဆိုတဲ့ မိုးမှောင်ကျနေတဲ့ တောကြီးထဲက ထွက်မယ့်လမ်းကို သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။ ဒါကြောင့် တရားတော်များကို ယခုအချိန်မှာပဲ နာယူကြပါ။
မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဆုံးမသြ၀ါဒများကို နာယူနှလုံးသွင်းကြပါ။
~ ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။
~ အသေမဦးခင် ဉာဏ်ဦးစီးပြီး ၀ိပဿနာ အားထုတ်ပါ။
~ ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေ မဖြုန်းပါနဲ့။
~ မနေ့ကထက် ကနေ့ သေဖို့ တစ်ရက်နီးသွားပြီ။
~ ရက်ရာဇာ၊ ပြဿဒါးမရွေးနဲ့၊ သူတော်ကောင်း အလုပ်လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာ အချိန်လို့ မှတ်ပါ။
~ တဏှာလောဘခိုင်းတာ လုပ်နေလျှင်၊ သေရင် အပါယ်ရောက်မယ်။
~ ကိစ္စဟူသ၍ မဂ်တား၊ ဖိုလ်တားလို့ မှတ်ပါ။
~ တရားနာနေတဲ့ အချိန်ဟာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
တရားတော်များ နာယူနိုင်ကြပါရန်…
http://thitsartayar.dhammathukha.com/
http://www.dhammathukha.com

စာဖတ်သူများ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာ၍ အနေတတ်၊ အသေတတ်၊ အားထုတ်တတ်တဲ့ သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…။


4 comments:

flower.poem said...

အသေတတ် ၊ အနေတတ်စေဖို့ ဘာသာရေးကို တတ်နိုင်သလောက်လုပ်ဖို့ ဒီသတိပေးပို့စ်ကိုဖတ်သွားပါတယ်..

liberty said...

သာဓု.. သာဓု.. သာဓု.. ပို့စ်လေး အတွက် သာဓု ခေါ်ဆိုပါတယ် ခင်ဗျာ။ အေးငြိမ်းချမ်းသာ ရှိပါစေ။

ပုလဲ said...

မှတ်သားသွားပါတယ် ကိုအောင်ဦး

strike said...

သာဓု.. သာဓု.. သာဓု ပါဗျာ၊ဘယ်နေရာရောက်ရောက်
မြတ်ဘုရားအားမမေ့ပါကြောင်း။
အသည်းထဲထိစွဲနှက်မိလျှက်၊အသက်ကိုပင်ပေးဆက်
ပါကြောင်း။