“ဘာသာ သာသနာကို သိပါလေ”

မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်။
(မြန်မာတို့၏ အသက်စာအုပ်မှ-)
ကျွန်တော်တို့ မြန်မာနိုင်ငံသည် ထေရ၀ါဒ သာသနာ ယနေ့တိုင်ထွန်းလင်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဗုဒ္ဓသာသနာ ကို ပြန်ကြည့်ရရင် သာသနာသည် အမြဲတမ်း ထွန်းကားနေတာမဟုတ်သလို အမြဲတမ်းလည်း နိမ့်ကျခဲ့တာမျိုး မဟုတ်ပါဘူး။ မှေးမှိန်လိုက်၊ တောက်ပြောင်လိုက်နဲ့ သာသာတော် နှစ်ပေါင်း ၂၅၅၂ တိုင်ခဲ့ပါပြီ။ အနှစ်ချုပ်ပြောရရင် နောက်ဆုံး ထေရ၀ါဒ ငါးနိုင်ငံ (မြန်မာ၊ သိရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား) ကျန်ရာမှာ အခုဆိုရင် မြန်မာ တနိုင်ငံတည်းသာ ထေရ၀ါဒ သာသနာ ထွန်လင်းနေတာပါ။ သိရိလင်္ကာမှာတော့ သာသနာ ကျန်ရှိနေပါ သေးတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ကျနော်တို့ မြန်မာမှာ ရှိနေတဲ့၊ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်ဟာ အင်မတန်မှ တန်ဖိုးကြီးပါတယ်။ (လူတိုင်း ကိုယ်တိုင်လေ့လာပြီး သိစေချင် ပါတယ်)။ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မတွေကို ဆရာတော်ကြီးများက ဟောကြား၊ ဆုံးမပေးတာကြောင့် နာကြားကျင့်ကြံ ခွင့်ရနေတာပါ။ တရားဓမ္မများ နာကြားကြသော်လည်း နာတဲ့အတိုင်း မကျင့်ကြံနိုင်ရင်တော့ ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။

“မြန်မာလူမျိုးတို့၏ တိုးတတ်မှုမှန်သမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာ ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင် ဖြစ်ပါတော့သည်” ဆိုတဲ့ စကားကိုကြည်ရင် မြန်မာတို့ရဲ့ အသက်သည် ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ လူမျိုး= မြန်မာ၊ ကိုးကွယ်သည့်ဘာသာ= ဗုဒ္ဓဘာသာပါလို့ မှတ်ပုံတင်မှာ ရေးပြီးတော့ ဗုဒ္ဓဘာသာ သာသနာကို မလိုက်နာပဲနေရင်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ အခုအခါမှာ မူစလင် ဘာသာအကြောင်းနဲ့ သူတို့တွေ ရှေ့ဆက်လုပ်မဲ့ အစီအစဉ်တွေကို ပြောပြတဲ့ မေလ်းတွေ ဖတ်ရပါတယ်။ ဒီနေရာမှာ သူ့အကန့်၊ ကိုယ့်အကန့်လေး ခွဲပြီး လုပ်ဆောင်သင့်တယ်လို့ တွေးမိပါတယ်။ သူတို့က အစွန်းရောက် ၀ါဒဖြစ်တာကြောင့် လုပ်ရင်လဲ လုပ်မယ်၊ ဖြစ်လာချင်မှလဲ ဖြစ်မယ်။ ကိုယ်က ကိုယ်လုပ်စရာရှိတာ လုပ်ဖို့ အဓိက ကျပါတယ်။ ကိုယ်တိုင် တရားဓမ္မကို သိအောင်လုပ်ရမယ်။ ဒါမှလဲ ဘုရား၊ တရား၊ သံဃာ တွေရဲ့ ကျေးဇူးတွေကို သိလာမယ်။ ဒီလို သိလာရင် သာသနာကို ချစ်တဲ့စိတ်၊ စောင့်ထိန်းချင်တဲ့ စိတ်ဆိုတာ အလိုလိုဖြစ်လာတာပါ။ ဘာသာ သာသနာရဲ့ တန်ဖိုးကို မသိတော့ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်က မလုပ်သင့်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်နေကြတာ တွေ့ရပါတယ်။ အပြစ်မဆိုသာပါ။ သူတို့တွေရဲ့ စိတ်သန္တာန်မှာ အ၀ိဇ္ဇာ (မသိမှု၊ သိသင့်တာ မသိခြင်း၊ မသိသင့်တာသိခြင်း) အားကြီးတဲ့ အတွက် ထင်ရာလုပ်တာ ဖြစ်ပါတယ်။ ထင်ရာလုပ်တော့ ဒုက္ခဖြစ်ရတာပေါ့။ ဘုရားရှင်ဟာ သတ္တ၀ါတွေ ကောင်းကျိုးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်ရာမှာပင် အသက်၊ ခန္ဓာပေါင်းများစွာ၊ အချိန်ကြာမြင့်စွာနဲ့ ဘုရားဖြစ်အောင် အားထုတ်လာခဲ့ရတာပါ။ သာသနာကို စောင့်ရှောက်ရမှာလဲ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဘာသာ သာသနာနဲ့ ပတ်သတ်လို့ အသိလေးတွေ ရှိထားကြဖို့ တိုက်တွန်းပါတယ်။ သိတယ်ဆိုတဲ့ နေရာမှာလဲ လေးလေးနက်နက် သိဖို့ လိုပါသေးတယ်။ ဒီနေရာမှာ တခု ရှင်းပြချင်ပါတယ်။ ဗုဒ္ဓဘာသာ လူမျိုးလို့ ပြောတဲ့အတွက် အဓိပ္ပါယ်ကို သေချာအောင် သိသင့်ပါတယ်။ များသောအားဖြင့်က ဗုဒ္ဓဆိုတာကို ဘုရားလို့ပဲ ပြောတတ်ကြတယ်။ မှားတယ်လို့ မဆိုပါဘူး။ အမှန်တော့ ဗုဒ္ဓဆိုတာ ဘုရားဆိုတာထက် လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ မူရင်း အဓိပ္ပါယ်ကလဲ ဘုရားမဟုတ်ပါဘူး။ နာမ်စား အနေနဲ့သာ မြန်မာဗုဒ္ဓဘာသာ အချင်းချင်းမှာ ဘုရားလို့သုံးတာ ဖြစ်တယ်။ နိုင်ငံတကာမှာဆိုရင် ဗုဒ္ဓလို့ပဲသုံးတယ်။ ဗုဒ္ဓဆိုတာ သစ္စာ(၄)ပါး သိသူကိုမှ ခေါ်တာဖြစ်တယ်။ ဗုဒ္ဓဆိုတာ ဘုရားလို့ ပေါ့ပေါ့လေးပြောရင် ဟိုဘုရားသခင် ဆိုတဲ့ ဖန်တီးရှင်တွေနဲ့ ရောထွေးသွားမယ်။ သစ္စာ (၄)ပါး သိသူတွေကိုမှ ထပ်ပြီးခွဲထုတ်လိုက်ရင်-
(၁) သဗ္ဗေညုတဗုဒ္ဓ ( ၄ / ၈ / ၁၆ သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၂) ပစ္စေကဗုဒ္ဓ ( ၂ - သင်္ချေ၊ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရမယ်)။
(၃) သုတဗုဒ္ဓ ဆိုတာရှိပါသေးတယ်။
(ပိဋကတ် (၃)ပုံ အာဂုံဆောင်နိုင်သူ (ရဟန်း၊ လူ)နဲ့ ပရိယတ္တိ သာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင် ရွက်နေသူတွေကို ဘုရားရှင်ကိုယ်တော်တိုင်က သုတဗုဒ္ဓ လို့ ချီးကျူးခေါ်ဆိုပါတယ်။ မြန်မာ့သမိုင်းမှာတော့ ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကို ဝေဘူဆရာတော် ဘုရားကြီးက သုတဗုဒ္ဓလို့ ဂုဏ်ပြုခေါ်ဆိုပါတယ်။)
ထေရ၀ါဒ ဆိုတာက အရှင်မဟာကဿဖ၊ အရှင်အာနန္ဒာ အစရှိသော ရဟန္တာအရှင်မြတ်တို့ရဲ့ ခိုင်မြဲတဲ့ အယူ ၀ါဒကို ခေါ်ပါတယ်။ တနည်းအားဖြင့် အလွန်ခိုင်ခံ့မာကြော ကျစ်လစ်တဲ့ ကျောက်စာတိုင်ဟာ အရပ်လေး မျက်နှာက တိုက်ခတ်လာတဲ့ လေပူ၊ လေအေး၊ လေနု၊ လေကြမ်း မုန်တိုင်းများဒဏ်ကြောင့် ရွေ့လျားယိမ်းယိုင်မှု မရှိသလို ထေရ ဆိုရာမှာလည်း သံဃာတော်များရဲ့ အယူသည် သီလသိက္ခာဖြင့် ခိုင်မြဲခြင်း၊ သမာဓိသိက္ခာဖြင့် ခိုင်မြဲခြင်း၊ ပညာသိက္ခာဖြင့် ခိုင်မြဲခြင်းလို့ ဆိုပါတယ်။ ဒီလိုအသိတွေကိုတော့ လူတိုင်း ရှိထားသင့်ပါတယ်။
ဗုဒ္ဓရဲ့ အဆုံးအမတွေ အတိုင်း လိုက်နာနေထိုင် ကျင့်ကြံနေသူတွေ ရှိနေသ၍ သာသနာက တည်တံ့နေဦးမှာပါ။ အခြားဝါဒတွေဟာ အတ္တကို အခြေခံတဲ့ အတွက်ကြောင့် ဘယ်လိုမှ အမြင်မှန်ရမှာမဟုတ်ပဲ မိစ္ဆာဒိဋ္ဌိ အယူနဲ့သာ သူတို့ သံသရာကို သူတို့ ကိုယ်တိုင် ရေးဆွဲသွားပါလိမ့်မယ်။ သူတို့က နောက်ထပ်နှစ်ပေါင်း များစွာကြာမှ သူတို့ဝါဒ ကြီးစိုးချင်တာတွေ လုပ်နေတာပဲ ထားပါဦး။ ကိုယ်က နောက်ထပ် နှစ် ၅၀ ဆိုရင်ပဲ သေရတော့မယ်။ (အလွန်ဆုံးနေခဲ့ ရရင် ဆိုတဲ့သဘောပါ)။ သူတို့ကို ဂရုစိုက်နေတာထက် ကိုယ့် အရေးကိုပဲ ဂရုစိုက်ရမှာပါ။ ကိုယ်က သူတို့ သဘောကို မသိပဲ ဒေါသ၊ မာန တွေ ဖြစ်မိရင် ကိုယ့်အပြစ် ဖြစ်ပါမယ်။ ကိုယ့်အကြောင်းကို သိအောင် လုပ်ဖို့က အရေးအကြီးဆုံးပါပဲ။ ကိုယ်ဆိုတာက ငါဆိုတဲ့ အတ္တဒိဋ္ဌိကို ပြောတာမဟုတ်ပါ။ ရုပ်၊ နာမ်တွေရဲ့ ပြောင်းလဲ ဖောက်ပြန် ပျက်ဆီးနေတဲ့ သဘောကို သိဖို့ပါ။ တရားအလုပ်ဆိုတာ တကူးတက လုပ်နေရတာလို့ ထင်တာကိုက လွဲနေကြတာပါ။ ခက်သလားဆိုတော့ မခက်ဘူးလို့ ဖြေလည်းရတယ်။ သဘော အသွားကို မသိဘူးဆိုရင်တော့ ခက်တယ်လို့လည်း ဖြေလို့ရပါတယ်။ လောကီနေဖို့ ပညာရှာရ၊ စီးပွားရှာရ ဖြစ်နေတဲ့ အချိန်မှာ ရိပ်သာဝင်ပြီး အားထုတ်ဖို့လဲ မဖြစ်နိုင်တာ များကြတယ်။ အချို့ကလဲ ရိပ်သာဝင်မှ တရားအားထုတ်ဖြစ်တယ်။ ရိပ်သာကလဲ ပြန်လာရော နဂိုအတိုင်းပဲ ပြန်ဖြစ်တာပါပဲ။ ဒီတော့ ပုံမှန်နေတာ ထက်တော့ အကျိုးရှိတယ်လို့ ပြောရမှာပါ။ အကျိုးတော့ မများသေးဘူး။ ကိုယ်သိခဲ့တဲ့ အသိလေးတွေကို အချိန်တိုင်း နှလုံးသွင်း နေထိုင်နိုင်ဖို့က အရေးကြီးပါတယ်။ နှလုံးသွင်းမှန်မှလဲ နိဗ္ဗာန်ရနိုင်တာပါ။ နှလုံးသွင်း မကောင်းရင်တော့ ဘယ်လောက်ပဲ အားထုတ်နေပစေ မရနိုင်ပါဘူး။ မိမိတို့တွေရဲ့ တနေ့တာ အလုပ်လေးတွေမှာ သတိလေးထားပြီး လုပ်ဆောင်ကြည့်ပါ။ သတိထားပါများရင် သတိရှိလာပါတယ်။ သတိဖြစ်လာရင် ကိုယ်လုပ်နေတဲ့ အလုပ်တွေ (တနေ့တာ အလုပ်အားလုံး) အပေါ်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို အကဲခက် သုံးသပ်ကြည့်ပါ။ အဲဒီစိတ်က သူရဲ့ သဘာဝဖြစ်တဲ့ မမြဲခြင်း သဘောကို ပြမှာပဲ။ နေ့စဉ်လုပ် နေတဲ့ အလုပ်တိုင်းမှာ သတိလေးထားပြီး ဖြစ်ပေါ်လာတဲ့ စိတ်ကို အကဲခက် သုံးသပ်ပြီးနေတာကိုပဲ ၀ိပဿနာ အသိလေးနဲ့ လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ကိလေသာက ဖြစ်ခွင့်မသာတော့ပဲ စိတ်စင်ကြယ် နေမှာပါ။ စင်ကြယ်တဲ့ စိတ်က စင်ကြယ်သထက် စင်ကြယ်လာပြီဆိုရင် နိဗ္ဗာန်ဆိုတဲ့ အာရုံးအပေါ်ကို ကိုင်းညွတ် သွားတာပါပဲ။ ဒါက ဓမ္မနိယာမ အလုပ်ပါ။ တရားက သူ့အလုပ်ကို သူလုပ်ပါလိမ့်မယ်။
ဒါကြောင့် တရားအလုပ်ဆိုတာ လုပ်နေဖို့ပဲ အရေးအကြီးဆုံးပါပဲ။ အချိန်တွေ ရွေးနေသေးရင်တော့ သေတွင်းကို လက်ယက်တူးနေသလို ဖြစ်နေဦးမယ်။ ၀ါးလုံး ၂လုံး ပွတ်ရင် မီးတောက်မယ်ဆိုတာ လူတိုင်းသိတယ်။ ဘယ်အချိန်တောက်မယ် ဆိုတာတော့ မသိနိုင်ဘူး။ မီးတောက်မှာကတော့ သေချာတယ်။ ပွတ်နေဖို့ပဲ လိုတာပါ။ မပွတ်ရင်တော့ ဘယ်တော့မှကို တောက်လာမှာမဟုတ်ဘူး။ အဲဒီလိုပဲ တရားဆိုတာ အမြဲမပြတ် ဖြည့်နေဖို့ အရေးကြီးတယ်။ ပြည့်ချိန်ရောက်ရင် ပြည့်သွားမှာပါ။

ဒီလို သံသရာလွတ်ကြောင်းတရားတွေသည် ဘုရားရှင် ပွင့်ထွန်းမှသာ သိခွင့်ရတာပါ။ ဒါ့ကြောင့် သာသနာနဲ့ ကြုံတုန်းမှာ ကြိုက်ပြီးတော့ တရားအလုပ်ကို ယခုအချိန်မှာပဲ ဖြည့်ကျင့်လုပ်ဆောင်ဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။

စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ဖြည့်ကျင့်လုပ်ဆောင်နိုင်သည် ဖြစ်၍ ဒုက္ခခပ်သိမ်း လွတ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ…

ဓမ္မချမ်းသာ တွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်…



3 comments:

arirangwin said...

ကောင်းတဲ့ပိုစ့်လေးပါ။ လူတိုင်း သူ့ယုံကြည်ရာနဲ့ သူပေါ့။ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရား အပေါ် တကယ်ပဲသက်ဝင်ယုံကြည်နေရင် ဒါလဲ သာသနာပြုနေတာပဲပေါ့။ အခုလို ဗုဒ္ဓဆိုတဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ သိရတာ ကျေးဇူးတင်ပါတယ်။

အောင်မြေ said...

ကျေးဇူးရှင် သီတဂူဆရာတော်ကြီး ဦးသုမင်္ဂလ ရဲ့ ဟောကြားတဲ့ တရားမှန်သမျှ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုး တွေအတွက် ထေရဗုဒ္ဓဘာသာ တရားတွေ နိမ့်ပါးကွယ်ပျောက်မှာ စိုးရိမ်နေတာ အလကား တော့မဟုတ်လောက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းလူတိုင်းမှာ ဗုဒ္ဓဘာသာ အခြေခံနားလည်မှု နည်းပါးလို့ ဖြစ်ပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာက များနေပြီး အခြေခံကျကျ အတွင်းသိသိ နားလည်တဲ့ ပုဂ္ဂိုလ်တွေ နည်းနေလို့ပါ။ ပို့စ်ကောင်းလေး အတွက် ကျေးဇူးတင်ပါတယ်။

flower.poem said...

ခုလိုမသိသေးတာတွေကို ရှာဖွေပြီး တင်ပြပေးတာကျေးဇူးပါ. မသိတာတွေသိသွားပြီး သိပြီးသားတွေကိုလည်း ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာ သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.