“လောဘစရိုက်အိုကို မလိုက်လို ရှောင်ပစ်စို့”

လောကမှာ အများစုသော ပုထုဇဉ်တွေ ဘာလို့ စိတ်အေးချမ်းမှု မရကြလဲ ဆိုတာကို အကြောင်းရင်းရှာကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ် စေတသိတ်တွေရဲ့ ခြယ်လှယ်မှု ကိုခံစားနေရလို့ ပဲဖြစ်ပါတယ်။ မူလက အကြည်အတိုင်းရှိနေတဲ့ စိတ်ကလေးကို လောဘ စေတသိတ် ကပ်လိုက်တော့ လောဘစိတ် ဖြစ်ရ တယ်။ လောဘ ဆိုတာက လိုချင်မှုသဘော ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံငါးပါး အပေါ်လိုချင်တာ၊ (ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကို တပ်မက်တာ) က လောဘ သဘောပါ။ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားလိုချင်တာ၊ စာပေတတ်ချင်တာ၊ မရှိဆင်းရဲသူကို ပေးကမ်းလိုပြီး ပစ္စည်းဥစ္စာလိုချင်တာတွေ ကတော့ လောဘမဟုတ်ပါဘူး။ ဆန္ဒဖြစ်ပါတယ်။ ဆန္ဒနဲ့ လောဘသည် မတူပါဘူး။ ဆန္ဒက လိုချင်တာရပြီးရင် ကျေနပ်တတ်တဲ့ သဘောရှိပါတယ်။ လောဘကတော့ ရလေ လိုလေ၊ ဘယ်လောက်ပဲ ရနေပစေ လိုအပ်နေမှာပါပဲ။ သစ္စာလေးပါးမှာ လောဘဆိုတာ “သမုဒယ” သစ္စာပါ။ သမုဒယ ဆိုတာက ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်းလေးပါပဲ။ ဒီလိုဆိုရင် ကျနော်တို့တွေ လောဘ (တဏှာ)ကြောင့် ဒုက္ခတွေရပြီး သံသရာ တကြောမှာ မျောနေရတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ထို့ကြောင့် လောဘကြီးရင် ဒုက္ခကြီးမယ်၊ လောဘငယ်ရင် ဒုက္ခငယ်မယ်၊ လောဘမရှိရင် ဒုက္ခမရှိ တော့ပြီလို့ ဆိုကြပါတယ်။


မြတ်စွာဘုရားရှင်က ဒါနပြုဖို့ တိုက်တွန်းတာဟာ ဘ၀အဆက်ဆက် ချမ်းသာဖို့ တခုတည်းမဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ပါလာခဲ့တဲ့ လောဘ တဏှာကို သတ်နိုင်ဖို့ အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဒါနပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်မှာ အလောဘနဲ့ အမစ္ဆရိယ ပြဌာန်းပါတယ်။ တရားလုပ်တယ်ဆိုတာ အဓိကတော့ မနောကံ အလုပ်ပါ။ စိတ်လေးကောင်းအောင်ပဲ အရင်ဆုံးကြိုးစားဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးကလဲ စိတ်ကောင်းရှိဖို့ ပထမလို့ ရေးသား ဆုံးမခဲ့ပါတယ်။ စိတ်ကောင်းမမွေးနိုင်ပဲ တရားထိုင်နေရုံနဲ့တော့ တရားရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်သန္တာန်မှာ လောဘအရင်းခံတဲ့ ကိလေသာတွေ မဖြစ်ရအောင် အမြဲသတိရှိဖို့ လိုအပ်ပါတယ်။ သတိမရှိရင်တော့ ကိလေသာတွေရဲ့ ထိုးနက်မှုကို ခံစားရကြမှာပါပဲ။ သတိရှိဖို့ သတိထားကြစို့ လို့ ဆရာတော်အရှင်ဆေကိန္ဒက မိန့်တော်မူပါတယ်။ ကိုယ်က သတိထားမှ သတိရှိမှာပါ။ သတိ လက်လွတ်နေရင်တော့ ဘယ်တော့မှ သတိဖြစ်မှာ မဟုတ်ပါဘူး။
လောဘကို “ပေမ”၊ “တဏှာ”၊ “ရာဂ”၊ “သမုဒယ” လို့ အမျိုးမျိုး နာမည်တပ်ပြီး ပြောဆိုကြပါတယ်။ “ပေမ” ဆိုတဲ့ စကားက “ချစ်ခင်ခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။ လောဘသဘောကို လိုက်နေရင်တော့ ဆင်းရဲဒုက္ခတွေ့ ရမှာမလွဲပါ။ အချစ်လောဘကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းကို အရှင်ဇ၀န ရေးသားတဲ့ “မြန်မာတို့၏ အသက်စာအုပ်” မှ ထုတ်နှုတ် တင်ပြလိုက်ပါတယ်။

သီဟိုကျွန်းရှိ စာသင်တိုက်ကြီး တတိုက်မှာ အဘိညာဉ်ရ ကျောင်းထိုင် စာချ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့မှာ ဆရာတော်ကြီးကျောင်းကို ရဟန်းပျို တပါးက စာသင်သား အဖြစ်နေဖို့ လျှောက်တယ်။ ဆရာတော်ကြီက ထိုရဟန်းဟာ အမျိုးသမီး တဦးကြောင့် ရဟန်းသီလ ပျက်မှာကို ကြိုမြင်တဲ့ အတွက်ကြောင့် ကျောင်းမှာ သီတင်းသုံးဖို့ ခွင့်မပြုပါဘူး။ နောက်ဆုံး ရဟန်းက သုံးကြိမ် တိုင်အောင် မျက်ရည်ဝဲပြီး တောင်းပန်တဲ့ အချိန်ကျမှ ဆရာတော်ကြီးက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော် ကြီးက ကျောင်းအနောက်ဘက်က ရွာထဲကို ဘယ်တော့မှ မသွားဖို့ ကတိတောင်းပါတယ်။ ရဟန်းကလဲ မသွားပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ထိုရွာထဲမှာ အလွန်ချောမောလှပတဲ့ အမျိုးသမီး ရှိပါတယ်။ ထိုအမျိုးသမီးက အ၀ါရောင် ၀တ်စုံနဲ့ ပ၀ါကို အသုံးပြုလို့ ၀ါဝါ လို့ပဲ ခေါ်ကြတယ်။ ချောမောလှပပြီး သိက္ခာရှိလွန်းတဲ့ အတွက်ကြောင့် ရွာမှာရှိတဲ့ ကာလသားများက သူတို့နဲ့ မတန်ဘူးဆိုတဲ့ သဘောနဲ့ အနားမကပ်ရဲအောင် ဖြစ်ကြရတယ်။ ၀ါဝါ ကလဲ ဘယ်ယောက်ျားလေးကိုမှ စိတ်မ၀င်စားပဲ ဘုရား၊ တရားဘက်ကိုသာ လိုက်စားပါတယ်။
သီတင်းကျွတ်ပြီး တနေ့ကျတော့ ရဟန်းက ဆရာတော်ကြီးတားမြစ်ထားတဲ့ ကြားက အနောက်ဘက်ရွာထဲကို ဆွမ်းခံကြွချင်စိတ်ပေါ်တာနဲ့ ကြွသွားပါတယ်။ ရွာထဲရှိ အိမ်ခြေ တ၀က်ကျော်ကို ဆွမ်းခံရာ ဘာမှ မထူးခြားသေးပါ။ ၀ါဝါ တို့အိမ်ရှေ့အရောက်မှာ ရဟန်းတို့ သိက္ခာအတိုင်း မျက်လွှာ ချကာ ရပ်လိုက်ပါတယ်။ ဆွမ်းလောင်းဖို့စောင့်နေတဲ့ ၀ါဝါက ဆွမ်းဇလုံကို မပြီး ထွက်လာပါတယ်။ ဆွမ်းလောင်းရမဲ့ ရဟန်း အနားရောက်တော့ မသိစိတ်က တိုက်တွန်းမှုကြောင့် အပေါ်မော့ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာ ရဟန်းကလဲ အလိုလိုကြည့်ချင် စိတ်ဖြစ်လာတာကြောင့် မျက်လွှာကို ပင့်ကြည့်လိုက်တော့ အကြည့်နှစ်ခု ဆုံသွားတာပေါ့။ အကြည့်ချင်းဆုံတော့ စက္ခုရူပေန သံဝါသာ ရာဂပုတ္တံဝိဇာယတိ (စက္ခုပသာဒရုပ်နှင့် အဆင်းရူပါရုံတို့၏ ပေါင်းဖော်မိခြင်းကြောင့် တပ်မက်စွဲလမ်းခြင်းဟု ဆိုအပ်သော ရာဂ ဟူသော သားကို မွေးဖွား၏) ဟူသော ဒေသနာအတိုင်း တဦးနှင့် တဦး ချစ်မိခဲ့ပါတယ်။ ရဟန်းလည်း ဣန္ဒြိယသံဝရသီလကို ဖျက်မိတဲ့ အတွက် ရုတ်တရက်ပဲ နောက်ကြောင်းပြန် လှည့်သွားပါတယ်။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဖြင့် မြင်သောအခါ၊ ကြားသောအခါ၊ နံသောအခါ၊ စားသောအခါ၊ ထိသောအခါ၊ တွေးကြံသိသောအခါတို့တွင် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာများ ၀င်မလာအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်)။ ၀ါဝါမှာလည်း ဘာပြော ရမှန်း မသိတော့ပဲ ဆွမ်းဇလုံကို ရှေ့ချပြီး အခန်းထဲ ၀င်ပြေးပါတော့တယ်။ အခန်းထဲရောက်တော့လဲ ရဟန်းရဲ့ ရုပ်ပုံလွှာက မျက်စိထဲက မထွက်တော့ပဲ လောဘမီး စတင်လောင်တော့တာပေါ့။ သို့သော် ၀ါဝါကတော့ ပူမှန်း မသိခဲ့။ ရဟန်းမှာလဲ ၀ါဝါ ပုံရိပ်ကို မေ့မရ၊ စာလဲကျက်မရ၊ စိတ်ထဲလည်း စိတ်မပါ၊ ခဏမြင်ခဲ့ရတဲ့ အမျိုးသမီး ကို ပြန်လည်တွေ့ချင်စိတ် ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဆရာတော်ကြီးကို ပေးခဲ့တဲ့ ကတိကို ပြန်သတိရ ဖြစ်တယ်။ သို့သော် လွန်ခဲ့ပါပြီ။ ၃ ရက်လောက် မသွားပဲနေနိုင်သော်လည်း ၄ ရက်မြောက်နေ့မှာ မနေနိုင်တော့။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာခဲ့ပါတယ်။ ၀ါဝါတို့အိမ်ရှေ့အရောက်မှာ ဆွမ်းခံ မရပ်တော့ပဲ ဆက်လျောက်သွား ပါတယ်။ ဒါနဲ့ ၀ါဝါရဲ့ အမေက နောက်ကလိုက်သွားပြီး တနေရာအရောက်မှာ ရဟန်းကို ကွပ်ပျစ်ပေါ်ကြွစေပြီး လျှောက်ကြားပါတယ်။ ၀ါဝါက ရဟန်းကို စွဲလမ်းနေကြောင်း၊ အရှင်ဘုရားကို မရရင် သေနိုင်ကြောင်း၊ အစားလဲ မစား၊ ဆေးလဲ မသောက်ပဲနေကြောင်း စသဖြင့် လျောက်ပြီး ၀ါဝါ ကို လက်ထပ်ဖို့ပြောတာပေါ့။ အဲဒီအချိန်မှာ ရဟန်းက စဉ်းစားပြီး အကြည့်တစ်ခုက ဖြစ်လာတဲ့ ဒုက္ခက မနည်းပါလာလို့ သံဝေဂဖြစ်မိပါတယ်။ ရဟန်းက လူဝတ်လဲလိုက်ရင် စာသင်တိုက်၊ ဆရာနှင့် မိဘဆွေမျိုးတွေ နာမည်ပျက်ရတော့မယ်။ ယောကျာ်းလေးတ ယောက်ကို မရလို့ သေမယ်ဆိုတာမဖြစ်နိုင်၊ ကြာရင်မေ့သွားမှာပဲ ဆိုပြီး လူဝတ်လဲဖို့ မဖြစ်နိုင်ကြောင်း၊ စာသင်ဖို့ စာသင်တိုက်ကို ရောက်လာတာဖြစ်ကြောင်း၊ မိန်းမယူဖို့ မဟုတ်ကြောင်း၊ ဦးပဉ္စင်း ကိုမေ့ပြီး အခြားတယောက် ကို ယူလိုက်ပါ၊ ဦးပဉ္စင်းကို မေ့ဖို့ပြောလိုက်ပါလို့ မိန့်ကြားခဲ့ပါတယ်။
ထိုဖြစ်ရပ်တွေ ဖြစ်ပြီး ရက်အတန်ကြာတော့ စာချဆရာတော်တပါးက ရဟန်းရဲ့ အခန်းထဲကို ၀င်လာပါတယ်။ ရဟန်းလဲ ၀ါဝါနဲ့ ပတ်သတ်ပြီး အပြင်သိပ်မထွက်၊ အစားလဲ ကောင်းကောင်းမစားပဲ နေမကောင်းတဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါနဲ့ စာချဆရာတော်ကြီးက “အေး… ကျန်းမာရေးဂရုစိုက်ကွာ၊ မင်းကြည့်ရတာ သိပ် ပိန်တာပဲ၊ အစားမ၀င်ဘူးထင်တယ်၊ မင်းစားချင်တာပြော၊ ငါ့ရဟန်း အမကြီးကို ခိုင်းပေးမယ်၊ ရော့.. ဟောဒီမှာ ဒီနေ့ရက်လည် ဆွမ်းကျွေးကရလာတဲ့ အ၀ါရောင် အနေကထိုင်လေး၊ လှလိုက်တာ မင်းသုံးရအောင် လာစွန့်တာ၊ သေသွားတဲ့ မိန်းကလေးရဲ့ ပုဝါကို ချုပ်ထားတာတဲ့”။ အ၀ါရောင် နေကထိုင်လေးကို မြင်လိုက်တာ နဲ့ ရဟန်းက တုန်လှုပ်သွားပါတယ်။ ၀ါဝါ ကိုလည်း သတိရသွားတယ်။ ၀ါဝါခြုံတဲ့ ပ၀ါလေးများ ဖြစ်မလားဆိုတဲ့ အတွေးနဲ့ အတူ ဆရာတော် ဘယ်ရွာက ရခဲ့တာလဲ လို့မေးလိုက်ပါတယ်။ စာချဆရာတော်ကြီးက “အနောက်ဘက်ရွာကလေ၊ သနားစရာပါကွာ၊ သေတဲ့ မိန်းကလေးက အသက် ၁၈နှစ်လောက် ရှိသေးတာပဲ၊ အသုဘချတဲ့နေ့က ငါတို့ပါတယ်၊ သေတာတောင် လှလိုက်တာကွာ၊ အသက်ရှင်စဉ်ကဆို ဘယ်လောက်လှမယ် မသိဘူး၊ အင်း.. နာမည်လေးကလဲ တမျိုးလေးကွ၊ ၀ါဝါ တဲ့” လို့ပြန်မိန့်ပါတယ်။
အဲဒီအချိန်မှာ ရဟန်းက ငါ့ကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးတယောက် သေရပြီ ဆိုတဲ့ အတွေးနဲ့ မျက်ရည်ကျ လာပါတယ်။ ၀ါဝါ ခြုံခဲ့တဲ့ ပ၀ါမှဖြစ်တဲ့ နေကထိုင်လေးကို ရင်ဘက်ပေါ်တင်ပြီး မျက်ရည်ကို ဆရာတော် မမြင်အောင် စောင်ခြုံလိုက်ပါတယ်။ စာချဆရာတော်က ဘာမျ မသိ၊ ၀ါဝါအကြောင့်ကိုသာ ဆက်ပြောပါတယ်။
“အေး.. မင်းချမ်းရင် စောင့်ခြုံထား၊ စောစောက ၀ါဝါဆိုတဲ့ မိန်းကလေးဟာ ရဟန်းတပါးကို မြင်မြင်ချင်း စွဲလမ်း ချစ်သွားတာဆိုပဲကွ၊ နောက်ဆုံး မစားနိုင် မသောက်နိုင်ထိ ဖြစ်လာလို့ အဲဒီ ကိုယ်တော်လေးကို လူထွက်ဖို့ သူ့အမေက ပြောတော့ ကိုယ်တော်လေးက မထွက်နိုင်ဘူးလို့ ပြောလိုက်သတဲ့ကွ၊ သနားစရာပဲကွာ၊ အဲဒီနေ့က စပြီး ဘာမှ အစားမစားဘဲနေလိုက်တာ ခုနှစ်ရက်၊ ရှစ်ရက်လောက်ရှိတော့ သေတာပါပဲ”။
စာချဆရာတော် ပြောနေတာကို ရဟန်းက တင်ပါ့၊ ဟုတ်လား စသဖြင့် တစ်ခွန်းမှ ပြန်မပြောလို့ မသင်္ကာဖြစ်ပြီး ခြုံထားတဲ့ စောင်ကို ဆွဲလှပ်ကြည့်လိုက်တော့ စာချဆရာတော်က “ဟင်” ဆိုတဲ့ အသံနဲ့ အံ့သြသွားပါတယ်။ နေကထိုင်အ၀ါလေးကို ရင်ဘက်ပေါ်တင် လက်နှစ်ဘက်က ဖိထားပြီး အသက်ပျောက်နေတဲ့ ရဟန်း ကိုတွေ့ရလို့ ဖြစ်ပါတယ်။
သူတို့တွေသည် သေလောက်အောင်ပင် လောဘမီး အလောင်ခံရတာပါ။ ကျနော်တို့တွေသည်လည်း အလောင်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ လောဘစရိုက် အားကြီးတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း ပွားများခြင်းနဲ့ သင့်တော်ပါတယ်။ “တစ်စတစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောင်နောက်၊ ဆက်တိုင်းကောင်း၏” ဆိုတဲ့ တရားစာစုလေးအတိုင်း လောဘနည်းနည်းစွန့်နိုင်လျှင် နည်းနည်းချမ်းသာမယ်၊ များများစွန့်နိုင်ရင် များများချမ်းသာမယ်၊ အကုန်လုံးစွန့်နိုင်ရင် နိဗ္ဗာန်ကိုပါ ရနိုင်ပါတယ်။
တသံသရာလုံးက ပါလာခဲ့တဲ့ လောဘ စရိုက်ဆိုးကို အပြီးနိုင်ပယ်သတ်နိုင်ပြီး ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်သို့ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။


10 comments:

အောင်မြေ said...

ဗုဒ္ဓအကျိုးကို ဆထက်တိုးလို့ သယ်ပိုး ရွက်ဆောင်နိုင်ပါစေ။ ကုသိုလ်ယူသွားပါတယ်။

ပုလဲ said...

မှတ်သားသွားပါတယ် ကိုအောင်ဦး

flower.poem said...

လောဘနည်းလေကောင်းလေပါပဲ
မှတ်သားသွားပါတယ်ကိုအောင်ဦး

မဆုမွန် said...

ပို့စ်လေးထဲမှာ နာယူစရာတွေ အများကြီး တွေ့သွားတယ် သာဓုပါ ကိုအောင်ဦး

မသက်ဇင် said...

ကိုအောင်ဦး--
လာလည်ဖတ်မှတ်ရင်း---
သာဓုခေါ်သွားပါတယ်---

winmyint said...

ညီလေး...
အကို ဖတ်မှတ်ဆင်ခြင်သွားပါတယ် ညီလေး..
ကျေးဇူးတင်ပါတယ်..

ဒီဇင်ဘာနှင်း said...

အခုလိုလေး ပြောပြပေးလို့ ကျေးဇူးလဲတင်ပါတယ်။ မှတ်သားသွားသလို ကိုယ့်ကိုကိုယ်လည်း ဆင်ခြင်မိပါတယ် ဒီထက်ပိုပြီး သာသနာအကျိုးသည်ပိုးနိုင်ပါစေ

GreenGirl said...
This comment has been removed by the author.
GreenGirl said...

အော်... အသက်သေလောက်အောင်အထိ လောင်ခံလိုက်ရတာပေါ့နော်။ မှတ်သားသွားပါတယ် မောင်လေးရေ

winlatt said...

သံသရာထဲမှာ ကျင်လည်နေသ၍ ဒုက္ခတွေဘဲ ရင်ဆိုင် နေရမှာ...။ထေရ၀ါဒ သာသနာထွန်းကားနေဆဲ မြန်မာ ပြည်မှာ ဆိုဆုံးမမည့်သူ၊လမ်းပြ ခေါ်ဆောင်ပေးမည့်သူ များ မကွယ်ပျောက်သမျှ ယူတတ်ရင် သံသရာလွတ် ကြောင်း အကျိုးကောင်းများရရှိ ပိုင်ဆိုင်ကြရမှာပါ။ အခုလို ဘာသာရေးလမ်းညွှန်ကောင်းများ များများ ပေါ်ထွန်းပါစေ...သာဓုပါခင်ဗျာ....။