“ဘာကြောင့် မငြိမ်းချမ်းကြပါသလဲ..?”

မကြာခင်က ဘလော့တခုမှာ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဆူပူမှုတွေ အကြောင်းရေးထားတာ ဖတ်မိပါတယ်။ ထို့အတူ ကမ္ဘာအရပ်ရပ်မှာလဲ စစ်တွေဖြစ်လိုက်၊ ဆူပူမှုတွေဖြစ်လိုက်နဲ့ တကယ့်ငြိမ်းချမ်းမှုကို ခံစားခွင့်ရတာ နည်းပါးကြပါတယ်။ ဘာလို့ ဒီလိုတွေဖြစ်နေကြလဲ? လူတွေအသီးသီး မငြိမ်းချမ်းရခြင်းဟာ လူတိုင်းခေတ်ပညာ မတတ်လို့၊ စာ၊ ၀တ်၊ နေရေး မဖူလုံလို့၊ မချမ်းသာကြလို့ ဟုပြောဆိုကြသည်မှာ တစိတ်တဒေသ အားဖြင့် မှန်ပါတယ်။ လုံးဝ မှန်ကန်တယ်လို့တော့ မဆိုနိုင်ပါ။ စားဝတ်၊ နေရေးပြည့်စုံနေတဲ့ သူတွေသည်လဲ ငြိမ်းချမ်းမှုကို မရနိုင်ကြသေးပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ ပူလောင်နေကြတာပါပဲ။ သိပ္ပံပညာ တိုးတတ်မှုတွေသည်လဲ သွားလာ၊ ဆက်သွယ်ရာမှာ လွယ်ကူစေတဲ့ အထောက်အပံ့တော့ ဖြစ်စေပါတယ်။ တကယ့်ငြိမ်းချမ်းမှု အစစ်မှန်ကိုတော့ ပေးဆပ်နိုင်စွမ်းမရှိပါဘူး။


ထိုမငြိမ်းချမ်းရခြင်း၏ အရင်းအမြစ်ကတော့ “ကိလေသာ” ထူထပ်ကြခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသို့ ကိလေသာ ထူတဲ့သူတွေကိုပဲ “ပုထုဇဉ်” လို့ခေါ်ပါတယ်။ အကျယ်အားဖြင့် ကိလေသာ ၁၅၀၀ ရှိပါတယ်။ (အချစ် ၁၅၀၀ ဆိုသည်မှာ ကိလေသာ ၁၅၀၀ ကိုပြောခြင်းပါ)။ အကျဉ်းအားဖြင့်တော့ ၁၀ပါး ရှိပါတယ်။
(၁) လောဘ = လိုချင်တပ်မက်ခြင်း။
(၂) ဒေါသ = အမျက်ထွက်ခြင်း။
(၃) မောဟ = မိုက်မဲတွေဝေခြင်း၊ မသိခြင်း။
(၄) မာန = ထောင်လွှား၊ မော်ကြွားခြင်း။
(၅) ဒိဋ္ဌိ = အယူလွဲမှားခြင်း။
(၆) ၀ိစိကိစ္ဆာ = ယုံမှားခြင်း၊ သံသယဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ခြင်း။
(၇) ထိန = ငိုက်မျဉ်းခြင်း၊ ပျင်းရိခြင်း။
(၈) ဥဒ္ဓစ္စ = စိတ်ပြန့်လွင့်ခြင်း၊ စိတ်မငြိမ်သက်ခြင်း။
(၉) အ ဟီရိက = အကုသိုလ်ပြုရန် မရှက်ခြင်း။
(၁၀) အ နောတ္တပ္ပ = အကုသိုလ်ပြုရန် မကြောက်ခြင်း တို့ဖြစ်ကြပါတယ်။
ပုထုဇဉ် ဆိုရင် လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ်၊ ဗြဟ္မာပဲ ဖြစ်ဖြစ်၊ မြေလျှိုး မိုးပျံနိုင်တဲ့ သူပဲဖြစ်ဖြစ် ယခု ပြောခဲ့တဲ့ ကိလေသာ ၁၀ပါး ရှိနေပါတယ်။
ကိလေသာကို အမျိုးအစားအားဖြင့်လည်း ခွဲလို့ရပါသေးတယ်။
ကိလေသာ (၃)မျိုး၊
(၁) ၀ီတိက္ကမ ကိလေသာ - အကြမ်းစားကိလေသာ။ အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် လောဘ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု။ (သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန်)။
(၂) ပရိယုဌာန ကိလေသာ - အလတ်စားကိလေသာ။ မနောဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ။ (သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန်)။
(၃) အနုသယ ကိလေသာ - အနုစားကိလေသာ။ သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ။ (၀ိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)။
“မနောဒွါရ” မှ အလွန်ကြမ်းတမ်းစွာ ထကြွသောင်းကျန်း လှုပ်ရှားကြတဲ့ “၀စီဒုစရိုက်” တွေ၊ “ကာယဒွါရ” မှ အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ “ကာယဒုစရိုက်” တွေကို “၀ီတိက္ကမ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာတွေ ထကြွခြင်းကို မျက်မြင်အားဖြင့် လူတိုင်းပဲ သိနိုင်ပါတယ်။
ကိုယ်အင်္ဂါ၊ နှုတ်အင်္ဂါ လှုပ်ရှားထကြွခြင်း၊ သောင်းကျန်းခြင်း မရှိသေးပဲ စိတ်မှာသာ ထကြွနေတဲ့ “ဒေါသ” စတဲ့ တရားတွေကို “ပရိယုဌာန ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုး ထကြွခြင်းကိုတော့ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေသာ သိနိုင်ကြပါတယ်။
မနောဒွါရမှာပင် ထကြွခြင်းမရှိသေးပဲ၊ စိတ်သန္တာန်မှာ အမြဲကိန်းနေတဲ့ လောဘ၊ ဒေါသ စတဲ့တရားတွေကို “အနုသယ ကိလေသာ” လို့ခေါ်ပါတယ်။ အဲဒီကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမှတပါး ဘယ်သူမှ မမြင်နိုင်၊ မသိနိုင်ကြပါ။
ဝီတိက္ကမ ကိလေသာ နဲ့ ပရိယုဌာန ကိလေသာကို သာသနာပ ကာလမှာလဲ ပယ်သတ်နိုင်ကြပါတယ်။ အနုသယ ကိလေသာ ပယ်သတ်နည်းကိုတော့ ဘုရားရှင် ပွင့်တော်မူမှာသာ သိကြရပါတယ်။ ဗုဒ္ဓ၏ သာသနာတော်နှင့် ကြုံပါသော်လဲ၊ “မကြိုက်တဲ့ပုဂ္ဂိုလ်”၊ “မလိုက်နာတဲ့ပုဂ္ဂိုလ်”၊ “မထိုက်တဲ့ ပုဂ္ဂိုလ်” တွေက တော့၊ သိရှိလိုက် ကျင့်သုံးနိုင်ခြင်း မပြုကြပါ။
ကိလေသာ ၁၀ပါး တိုရဲ့ခေါင်းဆောင်ကတော့ “ဒိဋ္ဌိ” ပဲဖြစ်ပါတယ်။ ဒိဋ္ဌိဆိုတာလဲ “အတ္တဒိဋ္ဌိ” (ငါစွဲ) ကိုဆိုလိုပါတယ်။ သူရဲ့နောက်မှာတော့ “တဏှာ” နဲ့ “မာန” က ကပ်ပြီးပါလာပါတယ်။ ထိုသုံးခု ပေါင်းလိုက် ပြီးတော့ “ပပဉ္စတရား ၃ပါး” (သံသရာနယ်ချဲ့တရား) လို့ ဆိုပါတယ်။ ယခုအချိန်မှာ “အတ္တဒိဋ္ဌိ” (သို့မဟုတ်) “သက္ကာယဒိဋ္ဌိ” ခေါင်းဆောင်ကြီးကို မနှိမ်နင်းနိုင်လို့ သူရဲ့တွဲဘက်၊ ရဲဘော်ဖြစ်ကြတဲ့ “တဏှာ”၊ “မာန” တို့ ထကြွသောင်းကျန်းတာကို ခံနေကြရပါတယ်။ တကမ္ဘာလုံး ငြိမ်းချမ်းရေးမရခြင်းရဲ့ အမြစ်ဟာ ထို ဒိဋ္ဌိကြီး ကြောင့်ဖြစ်တယ်ဆိုတာ ကောင်းစွာသိထားဖို့ လိုပါတယ်။ သံသရာတလျောက်လုံးမှာလဲ ထို “အတ္တဒိဋ္ဌိ” ခေါင်းဆောင်တဲ့ “ပပဉ္စအဖွဲ့ကြီး”က အောက်အ၀ီစိ တိုင်အောင် နယ်ချဲ့တတ်ပါတယ်။ ၃၁ ဘုံက မလွတ်သ၍ ဘယ်ပုထုဇဉ်မှာ လွတ်လပ်ရေးမရနိုင်ကြပါ။ အို၊ နာ၊ သေ၊ မွဲ၊ ကွဲ ဆိုတဲ့ ဘေးကြီးတွေနဲ့ ပြေးမလွတ်နိုင်အောင် ရင်ဆိုင်တွေ့ကြရမှာပါပဲ။ (ဗုဒ္ဓဟောကြားတဲ့ တရားတွေကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ထားမှသာ စိတ်ချရပါမယ်)။ “မွဲ၊ ကွဲ” ဆိုတာကတော့ ဘယ်လောက်ချမ်းသာတဲ့ သူပဲဖြစ်ပစေ သေတဲ့အခါကျရင် ပိုင်ဆိုင်သမျှထားခဲ့ရတာပါ။ လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်နဲ့သာ သွားရှာရပါတော့တယ်။ ဒါကြောင့် သူ့ထက် “မွဲ” တဲ့သူမရှိတော့ပါ။ မိမိချစ်ခင် မြတ်နိုးတဲ့ သား၊ မယား၊ ဆွေမျိုး တွေနဲ့လဲ ခွဲခွာသွားရ တဲ့အတွက် “ကွဲ” တယ်လို့ ဆိုလိုပါတယ်။ သေခြင်းတရားနဲ့ နှိုင်းယှဉ်ကြည့်တော့ ငါ့ကိုယ်၊ ငါ့ဟာ ဆိုတာ တွေဟာ ဘာမှ သုံးလို့မရတော့ပါဘူး။ ကိုယ့်ရဲ့သန္တာန်မှာ သစ္စာတရားတွေကို ထိုးထွင်းသိမြင်ထားပါမှ စိတ်ချရပါမယ်။ ယခုအချိန်မှာ လူသားအားလုံး ကိလေသာတွေ နည်းအောင်ကျင့်ကြံ ကြမှသာ လောကလဲ ငြိမ်းချမ်းနိုင်ပါလိမ့်မယ်။ လူသားတွေရဲ့ စိတ်သန္တာန်မှာ ကိလေသာတွေ ထူပိန်းနေသ၍ လောကကြီး မငြိမ်းချမ်း နိုင်ပါဘူး။ ထို့အတူပဲ မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အေးငြိမ်းမှု အရသာကို ပေးစွမ်းနိုင်မည် မဟုတ်ပါ။ အနည်းဆုံး ဒိဋ္ဌိကိလေသာနှင့် ၀ိစိကိစ္ဆာကိလေသာ နှစ်ပါးကို ပယ်သတ်ခြင်း မပြုနိုင်သမျှ ဘယ်တော့မှာ ငြိမ်းချမ်းမှု မရနိုင်ပါဘူး။
ထို့ကြောင့် ကိလေသာတွေ နည်းပါးအောင် သီလစောင့်ထိန်းမှု၊ သမထဘာဝနာ ကျင့်ကြံမှု၊ ၀ိပဿနာ ဘာဝနာ အားထုတ်မှုတို့ဖြင့် မွေ့လျော်ရပါမယ်။ သို့မှ မိမိတို့ လောကကြီး ငြိမ်းချမ်းနိုင်သလို၊ မိမိရဲ့ စိတ်သန္တာန် မှာလဲ ကြည်လင်နိုင်ပါလိမ့်မယ်။

“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်”


5 comments:

လွမ်းသုရင် said...

မငြိမ်းချမ်းခြင်းရဲ့ ဆန့်ကျင်ဖက်ဟာ ငြိမ်းချမ်းခြင်း...
ဒါဆိုရင် မငြိမ်းချမ်းစေမယ့် အကြောင်းတရားတွေကို ပြောင်းပြန်လှန်လိုက်ရင် ငြိမ်းချမ်းခြင်းပေါ့နော်...

ဘာကြောင့်မငြိမ်းချမ်းသလဲဆိုတာကို တွေးပြီး ငြိမ်းချမ်းအောင် နေဖို့ ကြိုးစာရမယ် :)

su wai said...

လူတွေ မငြိမ်းချမ်းတာ ကိလေသာကြောင့်ရော...နောက်ပြီး စိတ်တွေကြောင့်လို့ ထင်တယ်..ဆုဝေ တွေးမိသလောက် ပြောကြည့်တာပါ...လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်တွေကို ငြိမ်းချမ်းအောင် ထားတတ်ကြရင် အားလုံး ငြိမ်းချမ်းသွားမယ် ထင်ပါတယ်။

ဒီဇင်ဘာနှင်း said...

ကိုအောင်ဦးပြောတာမှန်တယ် ဘာသာရေး ဘုရားတရားဆိုတဲ့ အေးမြတဲ့အရိပ်မရှိတာကြောင့်လဲ ပါမယ်ထင်ပါတယ်။ ကိုယ့်စိတ်ကို အေးအေးချမ်းချမ်းမထားနိုင်သရွေ့ ဒီလိုပဲ အပူတွေဖြစ်နေကြဦးမှာပဲ။

သင်းနွယ်ဇင် said...

တရားနာသွားပါတယ် အားထုတ်ဖို့လဲကြိုးစားပါ့မယ်။

ပုလဲ said...

သေခြင်းတရားနဲ့ နှိုင်းယှဉ်ကြည့်တော့ ငါ့ကိုယ်၊ ငါ့ဟာ ဆိုတာ တွေဟာ ဘာမှ သုံးလို့မရတော့ပါဘူး-
ဒီအကြောင်းကို တစ်နေ့ ၂၄နာရီမှာ ဘယ်နှစ်နာရီ သတိပြုနိုင်မလဲလို့ စဉ်းစားကြည့်မိတယ်
ကိုအောင်ဦးပြောတဲ့ ၁၅၀၀ ကိလေသာ၊ အကျဉ်းအားဖြင့် ၁၀ ပါးကို ပုလဲမှတ်သွားပါတယ်
နောက် ကိလေသာ ၃မျိုးကိုလဲ စိတ်ဝင် စားစွာဖတ်ရှုသွားပါတယ်