`ဘာကိစ္စနှင့် လာကြပါသလဲ..?´

ကျနော်တို့တွေသည် အသိဉာဏ်ပညာ ရှိသော၊ ဝေဖန်စဉ်းစားနိုင်စွမ်းရှိသော လူ့ဘ၀၊ လူ့လောကကြီးမှာ နေထိုင်ကျင်လည် နေကြသူတွေပါ။ ဒီလို လူ့ဘ၀ကို ဘာတွေလုပ်ဖို့ လာကြသလဲ..? ဘာကိစ္စနဲ့လာကြသလဲ..? ငါကတော့ အင်မတန် ရခဲလှတဲ့ လူ့ဘ၀ကို ရောက်လာခဲ့ပြီ ငါ ဘာတွေလုပ်ရမလဲ..? ငါ ဘာတွေလုပ်သင့်လဲ..? စသဖြင့် မိမိတို့ ကိုယ်တိုင် စမ်းစစ်သင့်တယ် လို့ ထင်မိပါတယ်။ `ဤလူ့လောကကို ကျနော်တို့ ဘာကိစ္စနှင့် လာကြပါသလဲ´လို့မေးလျှင်၊ အောက်ပါအတိုင်း အဖြေ(၄)မျိုး ရရှိပါလိမ့်မယ်။


(၁) ယခုပစ္စုပ္ပန်ကာလမှာ စား၊ ၀တ်၊ နေရေး အတွက် လူချင်းတူ၊ သူချင်းမျှအောင် ဥစ္စာစီးပွား ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၂) နိဗ္ဗာန်မရခင်စပ်ကြား သံသရာမှာ ကျင်လည်ကြရဦးမယ်။ ကျင်လည်နေစဉ် အထက်တန်း ကျကျနှင့် မျက်နှာပန်းလှလှဖြစ်တဲ့ သူဋ္ဌေး၊ လူချမ်းသာ၊ ဘုရင်၊ တို့၏ စည်းစိမ်တွေကို လိုချင်ပါသေးတယ်။ အဲသည်လို `တမလွန် လူ့စီးပွား´တွေကို ရှာဖို့လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၃) လူထက်သာလွန်တဲ့ နတ်ပြည် ၆ထပ်က ကောင်းကျိုးချမ်းသာမျိုးကို ရှာဖွေရန် လာကြပါတယ်လို့ အဖြေထွက်ပါမယ်။

(၄) လူစည်းစိမ်၊ နတ်စည်းစိမ်တို့ထက် ထူးကဲသာလွန်တဲ့ ဗြဟ္မာ့စည်းစိမ်ကို ရှာဖွေဖို့ ရောက်လာ ကြပါတယ်လို့ ဖြေကြပါလိမ့်မယ်။

ယခုပစ္စုပ္ပန် လောကီစီးပွားအတွက်..

၁။ ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လ ၀ိရိယရှိခြင်း။

၂။ အာရက္ခသမ္ပဒါ = ရှာဖွေလို့ ရရှိသမျှ ဥစ္စာပစ္စည်းတို့ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက် ခြင်း။

၃။ ကလျာဏမိတ္တ = မိတ်ကောင်း၊ ဆွေကောင်းများရှိခြင်း။

၎။ သမဇီဝိတာ = အ၀င်နှင့် အထွက် မျှတအောင်သုံးစွဲခြင်း၊ ဆိုတဲ့ သမ္ပဒါတရား လေးပါးနှင့် ပြည့်စုံအောင် တရားသဖြင့် လုပ်ရပါတယ်။

တမလွန်လောကမှာ လူ့စီးပွား၊ နတ်စီးပွားတွေကို ရရှိရေးအတွက် `ဒါန´`သီလ´တွေနှင့် ရင်းနှီးရပါလိမ့်မယ်။

ဗြဟ္မာ့စည်းစိမ်အတွက် `မဟဂ္ဂုတ်´ ကုသိုလ်ဆိုတဲ့ သမထတရားတွေနှင့် ရင်းနှီးရပါလိမ့်မယ်။

လူ၊ နတ်စည်းစိမ်ကို ရစေတဲ့ ဒါန၊ သီလနှင့် ဗြဟ္မာ့စည်းစိမ်ကို ရစေတတ်တဲ့ `သမထ´ တရားတွေကို `စရဏမျိုးစေ့´ လို့ခေါ်ပါတယ်။
စရဏမျိုးစေ့ တွေဟာ ၃၁ဘုံဆိုတဲ့ သံသရာမှ ထွက်မြောက်အောင် တိုက်ရိုက် အကျိုးမပြုနိုင်ကြပါ။ အထောက်အပံ့သာဖြစ်လို့ `လောကီကုသိုလ်´ လို့ခေါ်ရပါတယ်။ ထိုလောကီတရား ဆိုတဲ့ `စရဏ´ မျိုးစေ့တွေဟာ လောကဓံ မုန်တိုင်းမှာ ပြေးလွှားနေကြရတဲ့ သံသရာခရီးသည်များ အဖို့ ဖြစ်လေရာရာဘ၀မှာ မျက်နှာပန်းလှလှ အထက်တန်းကျကျ စား၊ ၀တ်၊ နေရေးအတွက် များစွာပင် ကျေးဇူးပြုကြပါတယ်။ ဥပမာ။ ရထားစီးရာမှာ ရိုးရိုးတန်းစီးတဲ့ လူဆင်းရဲတို့မှာ ကြပ်တည်းငြိုငြင်စွာနဲ့ ခရီးသွားကြရပါတယ်။ အထက်တန်းစီးနိုင်တဲ့ လူချမ်းသာတွေကတော့ သက်သာချောင်ချိစွာ ခရီးသွားနိုင်ကြပါတယ်။ ထိုနည်းတူ `စရဏမျိုးစေ့´နည်းတဲ့ ပုဂ္ဂိုလ်တွေမှာ အဆင့်အတန်း နိမ့်ပြီး၊ ဆင်းရဲမွဲတေလျက် ဘ၀သံသရာကို လည်ကြရပါတယ်။

`စရဏမျိုးစေ့´ဖွံ့ဖြိုးတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဖြစ်လေရာ ဘ၀မှာ အဆင့်အတန်းမြင့်စွာ သွား၊ လာ၊ နေထိုင်နိုင်ပါတယ်။ သို့သော် `ဒိဋ္ဌိ´ (မှားယွင်းစွာသိမြင်မှု) နှင့် `၀ိစိကိစ္ဆာ´ (ဘုရား၊ တရား တို့၌ ယုံမှား သံသယရှိမှု) မပြုတ်သေးတဲ့ လောကီကုသိုလ်ပိုင်ရှင် ပုထုဇဉ်တွေဟာ ကုသိုလ်အရှိန်ကုန်တာနဲ့ အပါယ်ဘုံတွေကို လျောကျကြရပါတယ်။ ထို့ကြောင့် `ငရဲ၊ တိရစ္ဆာန်၊ ပြိဿာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံ တို့ဟာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ မပြုတ်သေးတဲ့ ပုထုဇဉ် တို့၏ ဇာတိချက်ကြွေ၊ အမြဲနေထိုင်ရာ အိမ်နှင့်တူပါတယ်´ လို့ ဆိုကြပါတယ်။

ထို့အတွက်ကြောင့် လောကသို့ ကျနော်တို့ ဘာကိစ္စနှင့်လာကြပါသလဲ..? ဆိုတဲ့ မေးခွန်း ဖြေရာမှာ `ဒါန၊ သီလ၊ သမထ ဆိုတဲ့ စရဏ ကုသိုလ်ကို ရှာဖို့လာကြပါတယ်´ လို့ဖြေရင် မပြည့်စုံသေးပါဘူး။ `၀ိဇ္ဇာဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို အဓိကထားပြီး ရှာရန် လာကြပါတယ်´ လို့ ဖြေဆိုမှသာ မှန်ကန်ပြည့်စုံပါလိမ့်မယ်။ `လောကုတ္တရာ´ ဆိုတဲ့ စကားကို `လောက+ ဥတ္တရ´ လို့ပုဒ်ခွဲရပါတယ်။ လောကဆိုတာ `ကာမဘုံ (လူ၊ နတ်ပြည် ၆ထပ်)၊ ရူပဘုံ (ရုပ်နာမ်ရှိသော ဗြဟ္မာဘုံ (၁၆) ဘုံ)၊ အရူပ (ရုပ်မရှိသော ဗြဟ္မာဘုံ (၄) ဘုံ)၊ စတဲ့လောက သုံးပါးကို ဆိုလိုပါတယ်။ ဥတ္တရ ဆိုတာက `ထွက်မြောက်ခြင်း´ လို့ အဓိပ္ပါယ်ရပါတယ်။ ထိုစကားနှစ်လုံး ပေါင်းစပ်လိုက်တော့ `လောကသုံးပါး´မှ ကျွတ်လွတ် ထွက်မြောက်ခြင်းလို့ ဆိုလိုပါတယ်။ ထိုလောကမှ ထွက်မြောက် ကျွတ်လွတ်တဲ့ လောကုတ္တရာ တရားတို့မှာ.. မဂ်လေးပါ၊ ဖိုလ်လေးပါ၊ နိဗ္ဗာန် ဆိုပြီး (၉) ပါးရှိပါတယ်။ ထိုတရား (၉)ပါးကို နှုတ်ပယ်ပြီး ကျန်တဲ့ တရားဟူသမျှက လောကီတရားတွေသာ ဖြစ်ကြပါတယ်။ လောကုတ္တရာ တရားတို့ကိုလည်း ဗုဒ္ဓ၏ သာသနာတော်တွင်းနှင့် ကြုံကြိုက်မှသာ ရှာဖွေနိုင်ပါတယ်။ ယခု သာသနာတော်နှင့် ကြုံနေပါပြီ `ကြိုက်ဖို့သာ´ လိုပါတော့တယ်။
ပျမ်းမျှအားဖြင့် ယခုခေတ်သက်တမ်း ၇၅နှစ် ထားကြပါစို့။ ၂၅ နှစ်ကျော်ရင် ဒုတိယအရွယ်ထဲ ရောက်နေကြပါပြီ။ ဘယ်လိုတရားတွေနဲ့ ရင်းနှီးပြီးတော့ ကုန်လွန်ခဲ့တယ် ဆိုတာ မိမိတို့ ကိုယ်တိုင် အသိဆုံးပါ။ ဘာလိုပင် ဖြစ်နေပါစေ.. လွန်ခဲ့တဲ့ အချိန်တွေဟာ ယခုစာဖတ်နေသူနှင့် ဘာမှ မသက်ဆိုင်တော့ပါ။ သေမည့်ဘက်ကို တစ တစ နီးကပ်လာပြီဖြစ်လို့ အသက်သည် `ကြီးလာပြီ´ လို့မဆိုထိုက်ပဲ၊ `ငယ်၍ ငယ်၍၊ လျော့လျော့ လာပြီ´၊ သေဘက်သို့ နီးကပ်၍ လာပြီလို့ ဆိုလျှင် ပိုပြီးမှန်ပါလိမ့်မယ်။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ `၀ိဇ္ဇာ´ဆိုတဲ့ လောကုတ္တရာ ကုသိုလ်ကို မရှာကြပဲ၊ စရဏ ဆိုတဲ့ လောကီ ကုသိုလ်တွေနှင့်သာ တင်းတိမ်၊ ရောင့်ရဲ နေခဲ့ကြရင်တော့ ဇာတိချက်ကြွေ အပါယ်လေးဘုံသို့ ပြန်ကြရပါလိမ့်မယ်။

ဤသို့ဖြင့် `၀ိသာခါ၊ သာမာဝတီ၊ ခုဇ္ဇုတ္တရာ၊ အနာထပိဏ်´စတဲ့ ပုဂ္ဂိုလ်တွေလို လူဝတ်နှင့်ပင် `၀ိဇ္ဇာမျိုး´ ကုသိုလ်လို့ ဆိုတဲ့ `၀ိပဿနာ´တရား ကို အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတွေက မဦးခင် ကြိုတင် ကြိုးစား အားထုတ်ကြပါရန် ရေးသား ဒါနပြုလိုက်ရပါတယ်။



10 comments:

arirangwin said...

သိပ်ကောင်းပါတယ်.အခုလိုသတိပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။

ရွှေပြည်သူ said...

သာဓု သာဓု သာဓုပါ မောင်လေး။ “ငယ်၍ ငယ်၍၊ လျော့လျော့ လာပြီ” ဆိုတာကို စိတ်ထဲမှာ သေချာမှတ်သွားပါတယ်။

mgngal said...

သေမည့်ဘက်ကို တစ တစ နီးကပ်လာပြီဖြစ်လို့ အသက်သည် `ကြီးလာပြီ´ လို့မဆိုထိုက်ပဲ၊ `ငယ်၍ ငယ်၍၊ လျော့လျော့ လာပြီ´၊ သေဘက်သို့ နီးကပ်၍ လာပြီလို့ ဆိုလျှင် ပိုပြီးမှန်ပါလိမ့်မယ်။
အရမ်းမှန်တယ်ဗျာ ။ အဲဒီစာသားလေး ။ ကျေးဇူးတင်ပါ
တယ် ကိုဦး ။ အစဉ်အားပေးနေပါတယ် ။

အလှတရား said...

သံဝေဂ
ယူစရာပါပဲ

Dr. Nyan said...

ဆရာအောင်ဦးရေ..
သိပ်ကောင်းတဲ့ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်။

Upasaka said...

အကောင်းဆုံးမေးခွန်းပါ၊ဖတ်ရင်းနဲ့သတိသံဝေဂပုရစေပါတယ်
အချိန်မဖြုံးဖို့လေ။
ဘေးစားလျှက်...ဥပသကာ

အလင်းစေတမန် said...

Thanks a bunch for your excellent post.

Dream said...

လူဘ၀ကိုရောက်ရှိလာခဲ့ရင် ၀ိဇ္ဇာဆိုတဲ့ လောကုတ္တရာ ကုသိုလ် ကိုရရှိအောင် လုပ်မှသာလျှင်လူ့ဘ၀ရရှိရကျိုးနပ်တယ
်လို့ထင်ပါတယ်။အရင်ပထမအရွယ်တုန်းက နားမလည်လို့ စရဏ တရားတွေ နဲ့ပဲကျင်လည်ခဲ့ရပါတယ်..အခုဒုတိယအရွယ်မှာ ၀ိပဿနာတရားတွေကိုကိုယ်တတ်နိုင်
သလောက်လုပ်ပါတယ်။စရဏတရားတွေနဲ့
ရောင့်ရဲနေရင်သံသရာမှာ ကျင်လည်
နေဦးမှာ ဆိုတော့ လူသားတိုင်း ၀ိပဿနာ တရားအားထုတ်ရရှိပြီး လောကီလောကုတ္တရာအကျိုး
သယ်ပိုးနိုင်ပါစေလို့ဆန္ဒပြုပါတယ်။ အခု လို စာကောင်း၊ပို့စ်ကောင်းတွေကိုနားလည်အောင်
ပြောပြပေးတာအင်မတန်ကျေးဇူးတင်ပါတယ်...
သာဓုလည်းခေါ်ပါတယ်။ ကိုယ်မသိတာတွေကို
လည်းမှတ်သားထားပါတယ် ။

Dream said...

နိဗ္ဗာန် ၉ပါးကိုအကျယ်သိချင်ပါတယ်ဦးအောင်ဦး..
မသိလို့မေးတာပါနော်.. အဲဒါလေးကိုရှင်းပြပေးပါ
နော်/နိဗ္ဗာန် ၉ပါးဆိုတာ ဘာကိုခေါ်တာလဲသိချင်လို့ပါ။

saihan said...

.ta&;tom;xdxdrdrdydkifydkifEdkifEdkif&Sdygw,f/
tawG;tac:vnf;rSefuefwnfhrwfygw,f/
w&m;A[lokwvnf;BuG,f0ESH.pyfygw,f/
udkatmifOD;udkav;pm;ygw,f/tawG;aumif;aumif;eJ.w&m;aumif;w&m;jrwfrsm;udkqufvufa&;om;Edkifygap/udkatmifOD;&J.pmaytqifh[momreftqifhr[kwfyg/ qufvufBudK;pm;&ifjrefrmAk'¨bmom0ifvlrsdK;wdk.twGuftm;udk;&rnfhw&m;a&S. aqmifq&maumif;wpfOD;ay:xGef;vmzdk.taBumif;&Sdaeygw,f/
av;pm;vsuf..
a'gufwmpdkif;