ဧည့်သည်ဆိုတာကတော့ မိမိအိမ်ကို ခဏတာလာတဲ့သူ၊ အချိန်တိုကာလမျှသာ နေထိုင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကို ပြောကြတာပါ။ တို့များဧည့်သည်ပါ ဆိုတော့… ကျနော်တို့တွေ အားလုံးက ဧည့်သည်တွေ လို့ ဆိုလိုခြင်းပါ။ လူ့လောက ဆိုတဲ့ အိမ်ဆီကို လာတဲ့ ဧည့်သည်တွေပါပဲ။ အမှန်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ကုန်ဆုံးခဲ့ပြီးတဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင်ပဲ ထင်မြင်နိုင်ပါတယ်။ ကုန်ဆုံးခဲ့တဲ့ အချိန်တွေမှာ မိမိတို့ကိုယ်တိုင် မည်သည့်အရာတွေနဲ့ မွေ့လျော်ခဲ့တယ်ဆိုတာ ပြန်ပြီး သုံးသပ်သင့်ပါတယ်။ လူ့သက်တမ်းအရ ကြည့်ရင်ပဲ ကျနော်တို့ ဒုတိယအရွယ်ကို ရောက်လာပါပြီ။ ဒီနေရာမှာ လူ့သက်တမ်း တွက်ပုံလေး တင်ပြချင်ပါတယ်။ ဘုရားရှင်လက်ထက်က လူ့သက်တမ်းက (၁၀၀)နှစ် ပါ။ သာသနာတော်နှစ် ၁၀၀ ပြည့်တိုင်း
လူ့သက်တမ်းက ၁ နှစ်လျော့တာဖြစ်ပါတယ်။ ယခု သာသနာတော်နှစ် (၂၅၅၂) ဖြစ်တာကြောင့် ၂၅နှစ်လျော့ပြီး ၇၅ နှစ်ဖြစ်တာပါ။ သက်တမ်းအရ အသက်ရှည်ခွင့်ရဦးမယ်လို့ ပုံသေတွက်ထားလို့ မရပါဘူး။ သေခြင်းတရား ဆိုတာ အမှည့်လွန်တဲ့ အသီးလိုပဲ အချိန်မရွေး ကြွေကျသွားနိုင်တယ် ဆိုတာ နှလုံးသွင်းဖြစ်ကြပါ။ (နာဂစ်မုန်တိုင်းကြောင့် အချိန်တိုအတွင်းမှာ အသက်များစွာ သေခဲ့ရတာတွေဟာ သက်သေပေါ့။ သံဝေဂ ရစရာပါပဲ။)။ ဒီလို နှလုံးသွင်းဖြစ်မှ သံဝေဂဉာဏ်ရပါမယ်။ သံဝေဂဉာဏ်ရမှ တရားအား ထုတ်ချင်စိတ်ဖြစ်ပါမယ်။ သံဝေဂဉာဏ် မရပဲ လက်ရှိအခြေအနေကို ရေရှည်တည်တံ့မယ်ထင်ပြီး ပျော်ပါးနေဦးမယ် ဆိုရင်တော့ သံသရာ တကြောမှာ မျောရပါတော့မယ်။ ပုထုဇဉ်ဆိုတာ ကိလေသာ အင်မတန် ထူထဲပါတယ်။ ဒီနေ့လောကမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေ များလာတာတွေ့ရပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတတ်လာတာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဆုတ်ယုတ်စေပါတယ်။ ဥပမာ၊ ဖုန်းတွေ စပေါ်တော့ လူတိုင်းကိုင်ချင်ကြတယ်။ ဒီတော့ ကြိုးစားရပြီ။ လူက မသိပေမဲ့ စိတ်ကိုသေချာကြည့်မယ်ဆိုရင် လောဘက ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်။ (လောဘသည် ကိလေသာ တရားပါ)။ ဖုန်းရပြီးတော့လည်း နောက်ထပ်ရမယ် ဆိုရင် ထပ်လိုချင်ပြန်တာပဲ။ ဒီတော့ လောဘအလို လိုက်ရင်တော့ လမ်းဆုံးကို ရောက်မှာ မဟုတ်တော့ပါ။ ဒါတွေရဲ့အကြောင်းက ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကြောင့်ပါ။ တိုးတတ်လာမှုကို မကောင်းပြောခြင်း မဟုတ်ပါဘူး။ ကိလေသာနဲ့ ယှဉ်ပြီး ကြိုးစား မလုပ်မိစေရန် အသိပေးတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးက ဒကာထွန်းတင်ကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။
“မောင်ထွန်းတင်ရေ… အခုလို သိပ္ပံပညာတွေ ထွန်းကားလာပြီးတော့ အသံဖမ်းယူနိုင်တာဟာ အသုံးချတတ်ရင် နိဗ္ဗာန်ရောက်ဖို့ပဲကွ၊ အသုံးမချတတ်ရင်လည်း အပါယ်ငရဲကို ဇောက်ထိုးဆင်းဖို့ပဲ၊ သတိရှိဖို့လိုတယ်”
ကျနော်တို့တွေ တကယ့်ကို လေးလေးနက်နက် နာယူလိုက်နာသင့်ပါတယ်။ ယခု ကွန်ပျူတာတွေရှိ နေခြင်း ကြောင့် သာသနာနဲ့ဝေးရာ ရောက်နေသော်လည်း ဆရာတော်ဘုရားကြီးတို့၏ တရားတွေ၊ စာအုပ်တွေကို ဖတ်ရှု မှတ်သားနိုင်ပါတယ်။ ဒါက သိပ္ပံပညာရဲ့ ကျေးဇူးပါပဲ။ အသုံချမှ အသုံးကျတတ်တဲ့ သဘောလေးပါ။ သတိရှိပြီး ကောင်းတဲ့ဘက်မှ အသုံးချဖို့ အရေးကြီးပါတယ်။ အမ်ပီသရီးလေးတွေနဲ့ အသံဖိုင်ထဲ့ပြီး တရားတွေ နာလို့ရနေပါတယ်။ နားကို အလှဆင်တာဟာ နားကပ်မဟုတ်၊ တရားစကားနာကြားခြင်း ဆိုတဲ့ စာသားလေး ကို မှတ်သားဖူးပါတယ်။ မိမိတို့ ရလာတဲ့ ဧည့်သည်ဘ၀လေးမှာ အသုံးကျကျ နေသွားတတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ အသုံးမချရင်တော့ အရှုံးကြီး ရှုံးရပါမယ်။ ကျနော်တို့တွေဟာ အခု ရနေတဲ့ ခန္ဓာက သေမင်းဆီက ခဏတာငှားထားရတာပါ။ အချိန်တန်လို့ သေချိန်ရောက်ရင် ဒီခန္ဓာကြီးကို သေမင်းဆီ ပြန်အပ်ခဲ့ ရမယ်။ ဒီတော့ မသေခင်မှာ အသုံးချဖို့ လို့ပါလိမ့်မယ်။ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန် အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ ကျနော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့ သေမင်းဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ ဒီခန္ဓာကြီးကို တန်အောင်ခိုင်းသင့်ပါတယ်။ ဒီခန္ဓာကို ကျန်းမာအောင် အာဟာရဖြည့်ဆည်း၊ ဆေးဝါးနဲ့ပြုပြင် ပေးရတာရှိမယ်။ ပြီးတော့ဝိပဿနာရှုဉာဏ်ကို ခန္ဓာကို စေလွှတ်ပေးရမယ်။ ဒီလို ခန္ဓာကို ဝိပဿနာဉာဏ် စေလွှတ်ပေးခြင်းသည် ဒီခန္ဓာကို အသုံးချတာပဲ။
ဝိပဿနာ အားထုတ်ဖို့သည် အရေးကြီးလို့ အရင်ပြောတာပါ။ ၀ိပဿအလုပ် အားမထုတ် ဖြစ်ခဲ့ရင်တောင်မှ အိမ်ရှင် လောကကြီး ကျေးဇူးကို တဖန်ပြန်ဆပ်ဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီအလုပ်ကလည်း သူတပါးအကျိုးလုပ်ဆောင်ရင်း မိမိအကျိုးအတွက် လုပ်တာပါပဲ။ အသက်မဲ့တဲ့ ညောင်ပင်က လူတွေ အတွက် အရိပ်ရအောင် ပေးဆပ်နိုင်တယ်။ ကျေးငှက်တွေစားဖို့ အသီးပေးနိုင်တယ်။ အသိဉာဏ် မရှိတဲ့ နွားတွေက လူတွေရဲ့ အလုပ်မှာ များစွာကျေးဇူးပြုတယ်။ အဟာရရှိတဲ့ နွားနို့တွေပေးဆပ်နိုင်တယ်။ အသိဉာဏ် ရော အသက်ပါရှိတဲ့ ကျနော်တို့ လောကလူသား ဧည့်သည်တွေက လောကကြီး ကောင်းကျိုးအတွက် လေးတော့ လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက်သာ ကြည့်မနေပဲ အများအကျိုး ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်းလေးတွေပါ လုပ်ဆောင်သင့်ပါတယ်။ ပရဟိတ လုပ်ဆောင်ပြီဆိုရင်တော့ အတ္တဟိတ ဆိုတဲ့ ငါ့အကျိုး၊ ငါ့အတွက်ဆိုတာကို စွန့်သင့်ရင် စွန့်ရပါတယ်။ ဒီလို ကိုယ့်ရဲ့ စိတ်မှာ လောဘတွေ လျှော့ပြီး မေတ္တာ၊ ဂရုဏာနဲ့ အများအကျိုး လုပ်ဆောင်ရင်ပဲ လောဘပယ်ပြီးသား ဖြစ်ပါတယ်။ မေတ္တာရှေ့ထားလုပ်တဲ့ အတွက်ကြောင့် ဒေါသလည်း မဖြစ်ရပါဘူး။ ဒီတော့ လောဘ၊ ဒေါသ စတဲ့ ကိလေသာ တွေနည်းပါး ပျောက်ကွယ်သွားအောင် သတ်ခြင်းဖြစ်တာကြောင့် တရားအလုပ် လုပ်နေတာပဲ ဖြစ်ပါတယ်။ (အနုသယ ကိလေသာကိုတော့ ၀ိပဿနာဉာဏ်နှင့်မှသာ ပယ်နိုင်ပါမယ်)။ ဒီတော့ ကျနော်တို့ ရလာတဲ့ ခဏတာ အချိန်အတွင်းမှာ လောကအကျိုး၊ မိမိအကျိုးကို ဆောင်ရွက်ကြတာဟာ လောက အတွက် ဧည့်သည်ကောင်းဖြစ်ပါလိမ့်မယ်။ လောကီ အာရုံတွေမှာပဲ အလိုက်မှားနေကြရင်တော့ ကံကို ထိုင်စားရာ ရောက်ပြီး ကိုယ့်သံသရာ သမိုင်းကို ကိုယ်တိုင်ရေးရပါမယ်။ အဲဒီ သမိုင်းကတော့ စာနဲ့ ရေးခြင်း မဟုတ်ပဲ။ ခန္ဓာတွေဖြစ်ပြီး အကြိမ်ကြိမ် မွေးဖွားခြင်း၊ သေဆုံးခြင်းတွေနဲ့ လည်ပတ်နေပါလိမ့်မယ်။ ဒီတော့ ဘုရားရှင် နောက်ဆုံး မှာကြားခဲ့တဲ့ “၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ” (သင်္ခါရ- အဘိသင်္ခါရတရားတို့သည်၊ ၀ယဓမ္မာ- ပျက်စီးခြင်းသဘောရှိကြပါပေကုန်၏၊ အပ္ပမာဒေန- မမေ့၊ မလျော့၊ မပေါ့၊ မဆ၊ မြဲမြံတဲ့ သတိတရားဖြင့်၊ သမ္ပာဒေထ- ပြည့်စုံရစ်ကြပါကုန်လော့၊) ဆိုသည့်အတိုင်း ပျက်စီးတတ်တဲ့ သဘောကို နှလုံးသွင်း လိုက်နာကျင့်ကြံဖို့ တိုက်တွန်းပါရစေ။ မိသားစုတွေမှာ အမိ၊ အဖ သေခါနီးရင် မှာကြားတဲ့ အတိုင်း သားသမီးတွေက လိုက်နာ လုပ်ဆောင်ကြပါတယ်။ မိဘဆိုတဲ့ ကျေးဇူးတရား အသိစိတ်လေးနဲ့ပဲ နားထောင်လိုက်လုပ်ကြတယ် ဆိုရင် မဟာကရုဏာနဲ့ ဆုံးမဟောကြားခဲ့တဲ့ ဘုရားရှင်၏ တရားတော်တွေသည် ပိုပြီးတော့ လိုက်နာသင့်ပါပြီ။
မိမိတို့ ခဏတာ နေခွင့်ရတဲ့ ဧည့်သည်ကာလမှာ အချိန်ကို အကျိုးရှိအောင် အသုံးချပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ အောင်မြင်နိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
4 comments:
ဟုတ်ပါပေတယ်
ကိုအောင်ဦးခင်ဗျား။
သာဓုသာဓုသာဓု။
ဟုတ်ပါတယ်.. ကိုယ်ဟာ လောကကြီးကို လာလည်တဲ့ဧည်သည်ပါပဲ။
နောက်ဆုံးကျတော့လည်း ကိုယ်ဆိုင်ရာဆိုင်ရာ ကိုယ့်အိမ်ကို ပြန်ကြရမှာပါနော်။။
သေခြင်းဆိုတာ ကိုယ်နဲ့ လက်တကမ်းတောင် မဝေးပါဘူး..ကြီး2ငယ်2 မျက်စိတမှိတ်
အတွင်းမှာ ပျက်စီးခွာကြရတဲ့ ခန္ဒာကိုယ်ဟာ မြောက်မြားစွာပါ။ရေတွက်လို့တောင်မကုန်
နိုင်ပါဘူး။ဒီလောကကြီးမှာ ရရှိလာတဲ့ ဒီခန္ဒာကြီး ကိုတန်အောင်အကျိုးရှိစွာ အသုံးချပီး
ခန္ဒာအိမ်ကိုစွန့် ခွာတဲ့တနေ့ ဘယ်လိုနေရာကို ပြန်ရမယ်ဆိုတာ ကိုသိဖို့ လိုအပ်တယ်
ဒါကြောင့် ရရှိလာတဲ့ခဏတာခိုက်မှာ ဘ၀နာ ပွားများရင် မြတ်နိဗ္ဗာန်ကို မျက်မှောက်
ပြုနိုင်အောင် ကြိုးစားကြရမှာပါ။
ပို့စ်ကောင်းလေးကို ဖတ်ရလို့ ကျေးဖူးပါနော်
ပျော်ရွှင်ပါစေ။
မက်မက်
လူတိုင်း တရားတာ ကြိုက်တယ်။တရားသိ၊ တရားရှိ၊ ဒါပေမဲ့ တရားတာကို လုပ်နိုင်တဲ့လူ အလွန့်အလွန်နည်းလှတယ်။ တရားနာနေတဲ့အချိန်မှာတောင် မတရားလောဘဇောနဲ့ နာနေသူတွေအများကြီးပဲ။ ကိုယ့်အမှားကိုသိပြီး ပြင်ရဲတဲ့လူတောင် တော်တော်ရှားလာတယ်။ တရားနဲ့ ပတ်သက်ပြီး နက်နက်နဲနဲဝေေ၀ဆာဆာပြောနိုင်တဲ့လူ များပြားပြီ။ တရားသိ၊တရားရှိ၊ တရားကိုယုံကြည်ကိုးကွယ်လိုက်စားသူအတော်နည်းပါးတယ်။ ရတနာသုံးပါး၊ ငါးပါးသီလလုံတဲ့လူ လောကမှာမရှိသလောက်ဖြစ်လာပြီ။အပေါ်ယံ တရားစာဖတ်ပြီး မဟုတ်တာလုပ်တဲ့လူတွေများများလာတယ်။ အမှားကိုဝန်မခံပဲ တရားရှိဟန်ဆောင်တတ်တဲ့သူတွေ များများလာတယ်။ လောဘ ကစတာမှန်ပေမဲ့ ရက်စက်မှုတွေကိုသွေးအေးအေးနဲ့ လုပ်တတ်သူတွေများများလာတယ်။ လူတော်တော်များများ မတရားတာခံရမှ တရားဟောကောင်းတဲ့လူတွေကိုစင်ပေါ်တင်ပြီး ကျိုးကြောင်းပြတရားတွေ၊ ဒေါသပြေ တရားတွေ၊ လောဘပြေတရားတွေကို နားထောင်ကောင်းအောင် ဟောတတ်တဲ့လူတွေများများလာတယ်။ မတရားတာတကယ်ခံရတဲ့သူတွေ အတွက်အစစ်အမှန်တရားကဘယ်မှာလဲ။ မတရားလုပ်နေသူတွေကော သူတို့မတရားတာကိုနောင်တရကြပြီး တရားစစ်တရားမှန်နောက်ကို လိုက်စားနေကြပြီလား။ ဘယ်သူမပြုမိမိမှုတဲ့။ ငါမှာကောတရားရှိရဲ့လား။နေ့စဉ်တရားတာတွေကို ကြံစည်ကြိုးစားအားထုတ်နေရဲ့လား။ ကိုယ့်အပြစ်၊ ကိုယ့်အမှားကို သိပြီးပြင်နိုင်တဲ့ အနေအထားကို ရောက်ပြီလား။အစစ်အမှန်ပျော်ရွှင်မှုကိုရပြီလား။ ချမ်းသာမှုကိုတွေ့ပြီလား။ လူဖြစ်ကျိုးနပ်ပြီလား။ ကိုယ်ဟာ တရားတဲ့လူဟုတ်မဟုတ် ထက် တရားတာကိုသိပြီးကိုယ်ချင်းစာစိတ်ရှိတတ်ဖို့ကတာ အဓိကကျတယ်ဆိုတာ သိပြီလား။ တရားဆိုတာဘာလဲ............ လူအများ တရားမျှတဖို့အတွက် ကျင့်သုံးဖို့လား။ မတရားတာလုပ်ဖို့ရန်အတွက် အသုံးချဖို့လား။ သိဖို့ထက် ပြင်ရဲတဲ့စိတ်ကအဓိကပဲ။ တရားစစ်တရားမှန်ရဖို့အတွက် ပြင်ရဲပြီလား။ တရားစစ် တရားမှန်ဆိုတာဘာလဲ။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ။ ကိုယ်ကျိုးအတွက်အသုံးမချပါနဲ့။ ငါးပါးသီလစောင့်ထိန်းပါ။ သမာအာဇီဝ လုပ်ငန်းလုပ်ကိုင်နိုင်ဖို့အတွက် ဇွဲ၊လုံ့လနဲ့ အသိပညာ၊အတတ်ပညာ၊နည်းပညာဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်ပါ။ ကိုယ်ချင်းစာတတ်သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုရနိုင်တယ်။ အချောင်မခို၊ အလွယ်မလိုက်သူဟာ လိမ်ညာခံရခြင်း ကင်းစင်တယ်။ လောဘမဖက်စီးပွားရှာနိုင်မှ ရှာသမျှစည်းစိမ်ဟာ ငါ့စည်းစိမ်ဖြစ်တယ်။သေရင်တောင် ပါသွားနိုင်တယ်။ ပူလောင်မှုသောကကင်းစင်တယ်။ တရားတာလုပ်ချင်တဲ့သူဟာ ဒါတွေကိုစံထားပြီးစသင့်တယ်။ လူဖြစ်ကျိုးနပ်ပြီး လောကတန်ဖိုးနားလည်ဖို့အတွက် မိမိစိတ်ကိုမိမိသတိနဲ့ အမှန်သိပြီးအမှန်ပြင်တတ်မှ တန်ဖိုးရှိမှာ။ လူတိုင်းကိုမေးကြည့်ပါ။ တရားတာကိုလူတိုင်းတောင်းဆိုနေတယ်။ တရားတာဖြစ်ဖို့အတွက် သင်ကောတရားရဲ့လား။ ငါကောတရားရဲ့လား။ လူတွေအားလုံးကော တရားတာတွေကို သိပြီးလုပ်ကြရဲ့လား။ ငါကြိုက်တာ တရားပဲဆိုပြီး တရားထင်တဲ့လူတွေကြောင့် မတရားခံနေရသူတွေရဲ့ ဆင်းရဲခြင်းကို ကိုယ်ချင်းစာနားလည်တတ်ပြီလား။ မတရားခံနေရတယ်ဆိုပြီး တရားတာလုပ်ဖို့အတွက် ကြိုးစားအားထုတ်ဖို့မေ့နေသူတွေအနေနဲ့ကော ဒီအတိုင်းဆက်နေလို့ကောတရားတာတွေဖြစ်လာမလား။ အသိဥာဏ်ရှိပါ။ကြိုးစားပါ။ တရားရှိအောင်လုပ်ပါ။ တစ်ယောက်လုပ်မှ တစ်ယောက်ရမှာ။ မတရားတာတွေများနေတာဟာ မတရားမှုကို လုပ်တဲ့သူများနေတဲ့သဘောပဲ။ တရားတာကိုသိပြီးလုပ်မှသာ တရားတာတွေလောကမှာဖြစ်နေမှာ။ မတရားတာကိုကျော်ဖို့ တရားတာလုပ်တဲ့လူများလာမှဖြစ်မှာ။ မတရားလုပ်တဲ့လူကိုသိပြီးအပြစ်တင်နေဖို့ထက် တရားကြိုက်၊တရားသိ၊တရားရှိ၊တရားလုပ်နိုင်တဲ့လူတွေများ လာမှသာ မတရားမှုတွေအလိုလိုကင်းစင်သွားမှာ။ တရားရှိဖို့အတွက် ကြိုးစားကြပါ။ အသိပညာ၊အတတ်ပညာ၊နည်းပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လေ့လာဆည်းပူးကြပါ။ ကိုယ်ချင်းစာစိတ်မွေးပါ။ မပျင်းပါနဲ့။ အလုပ်မှာပျော်မွေ့ကြပါ။ ကျွန်စိတ်မမွေးပါနဲ့။ မျှတစိတ်ရှိပါ။ ကောင်းတာလုပ်ဖို့ ၀န်မလေးပါနဲ့။ ဆင်ခြေမများပါနဲ့။ စံအတိုင်းကြိုးစားအားထုတ်ကြပါ။ တရားဆိုတာဘာလဲ။ အလုပ်ပါ။ လက်တွေ့ပါ။ မပျင်းတဲ့ ကိုယ်ချင်းစာတတ်တဲ့လက်တွေ့ပါ။ အပြောမဟုတ်ပါ။ ကိုယ်ကျိုးဖက်တဲ့ လက်တွေ့မဟုတ်ပါ။ စံအတိုင်းလူအများ တရားမျှတမှုဖြစ်လာဖို့အတွက်တာ။ ငါကော တရားရဲ့လား။ တရားတာကိုကော စလုပ်နေပြီလား။ ပျင်းတဲ့စိတ်ကို ဖျောက်နိုင်ပြီလား။ အချောင်ရချင်စိတ်ကို ချိုးနှိမ်နိုင်ပြီလား။ လူသားအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် တရားတာလုပ်နိုင်အောင် ၀ိုင်းကူညီပေးကြပါ။ တရားသိ၊တရားရှိ၊တရားပေါ်နေတဲ့ လောကလေးဖြစ်လာအောင် ကူညီပေးကြပါ။ သင်ပါဝင်မှသာ တရားရှိတဲ့လောကဖြစ်လာမှာ။ တရားရှိတဲ့လောကဖြစ်ဖို့ ကျွန်တော်ကလည်း တရားတဲ့အလုပ်တွေနေ့စဉ် လုပ်၊ သင်ကလည်း တရားတာတွေကို နေ့စဉ်လုပ်မှဖြစ်မှာ. တရားတာကိုဝိုင်းကူလုပ်ကြမလား။ လူသားအားလုံးအတွက် တရားတဲ့လောကလေးဖြစ်အောင် မိမိမိတ်ဆွေ၊သူငယ်ချင်း၊အသိုင်းအ၀န်း ကိုနေ့စဉ်တရားတာလေးတွေလုပ်ဖို့ အကူအညီတောင်းကြပါ။ အသိပေးကြပါ။ ကိုယ်တိုင်လည်းတရားရှိပြီး တရားတာကိုလုပ်ပြီးကူညီကြပါ။ ကိုယ်ကြိုက်တာကိုယ်လုပ်ချင်၊ ကိုယ်ထင်တာကောင်းတဲ့တရားမဟုတ်ပါ။ ကိုယ်ချင်းစာတဲ့တရားပါ။ တရားရအောင် သင်တို့အကူအညီပေးကြပါ။၂၀၀၉နှစ်သစ်ကို ကောင်းတဲ့အမှုပြူပြီး ကြိုဆိုလိုက်ကြစို့။
အစ်ကိုညီလာလည်သွားပါတယ် ။ပျော်ရွှင်ပါစေ ။
Post a Comment