"အမေး အဖြေ(၃)"

ကိုအောင်ဦး
စာရေးသူသည် အကြောင်းအရာတစ်ခုခု သို့တည်းမဟုတ် အရာဝတ္တုတစ်ခုခုကို မျက်စိရှေ့မြင်မှု၊ တွေးမှု ဖြစ်ပေါ်လာချိန်တွင် ကပ်ရပ်ဖြစ်လာတဲ့ မနောစိတ်က မကောင်းတဲ့စိတ်။ ဥပမာ. ကားမောင်းနေရင်းက တစ်ယောက်က ရှေ့ကဖြစ်ရင် .. တိုက်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဓါးကို ကိုင်ထားချိန် တစ်ယောက်ကို ထိုးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ စသည်ဖြင့် မကောင်းတဲ့စိတ်က ကပ်ကပ်ပါလာပါတယ်။ သတိဝင် ၀င်ခြင်း ချက်ချင်းကို ပြန်ထိန်းပေမယ့်။ မနောစိတ်က ဖြစ်ပြီးသွားပြီ။ စာရေးသူ သိချင်တာက ထိုစိတ်သည် အကုသိုလ်ဖြစ်ပါသလား။ ထိုစိတ်ပျောက်အောင် မည်ကဲ့သို့ စိတ်ကို လေ့ကျင့်ရပါမည်နည်း။ စာရေးသူသည် တစ်ခါမှ တရားစခန်းဆိုသည်ကို မ၀င်ဘူးပါ။ တရားထိုင်ခြင်းကိုလည်း မပြုလုပ်ဖူးပါ။ ထို့ကြောင့်များ စိတ်က ပျံ့လွင့်လွယ်ခြင်း ဖြစ်သလား။ ဖြေကြားပေးစေလိုပါသည်။
ကျေးဇူးတင်ပါသည်။ ကိုအောင်ဦး
စာရေးသူ



မေးသင့်တဲ့ မေးခွန်းလေးပါပဲ။ ကျနော်လည်း တရားစခန်း မ၀င်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ တရားဓမ္မတွေ၊ စာအုပ်တွေကို နာကြား၊ ဖတ်မှတ်ပြီး ကျင့်ကြံနေဆဲပါ ခင်ဗျာ။ မေးခွန်းတွေဖြေတဲ့ နေရာမှာ ဖြေတဲ့သူအနေနဲ့ အင်မတန် ဂရုစိုက်ရပါတယ်။ ကိုယ့်ကြောင့် သူတပါး အသိမှား၊ အမှတ်မှားဖြစ်အောင် ရေးမိ၊ ပြောမိတယ်ဆိုရင် အပြစ်ရှိပါတယ်။ ဒါကြောင့် ကျနော်လည်း သိထားတဲ့ အသိလေးတွေကို အမှား မဖြစ်ရအောင် အတတ်နိုင်ဆုံး ထိန်းပြီး ပြောပြတာပါ။

ကားမောင်းနေရင်းက တစ်ယောက်က ရှေ့ကဖြစ်ရင်း.. တိုက်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဓါးကို ကိုင်ထားချိန် တစ်ယောက်ကို ထိုးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ စသည်ဖြင့် မကောင်းတဲ့စိတ်က ကပ်ကပ်ပါလာ ပါတယ်။ သတိဝင် ၀င်ခြင်း ချက်ချင်းကို ပြန်ထိန်းပေမယ့်။ မနောစိတ်က ဖြစ်ပြီးသွားပြီ။ စာရေးသူ သိချင်တာက ထိုစိတ်သည် အကုသိုလ်ဖြစ်ပါသလား။

ဒီနေရာမှာ ကားနဲ့ တိုက်လိုက်ချင်တာ၊ ဓါးနဲ့ထိုးလိုက်ချင်တယ် ဆိုတာက မကောင်းတဲ့ စေတသိတ်လေးတွေ လာကပ်တဲ့ သဘောလေးပါ။ အခု လောကီနယ်ပယ်မှာ ငါ၊ ငါ့ဟာ၊ သူတပါး ဆိုတဲ့ အမြင်နဲ့ မြင်နေတာကိုက ဒိဋ္ဌိနဲ့ မြင်တဲ့ အမြင်ပါ။ အမှန်တရားမှာ ခန္ဓာငါးပါးပဲ ရှိပါတယ်။ ဒါကို ခွဲကြည့်ရင် ရုပ်ခန္ဓာ တစ်ပါးနဲ့ နာမ်ခန္ဓာလေးပါး ရှိတယ်။ အဲဒါတွေကို အများသိတာက ရုပ်၊ နာမ် ဆိုတာပေါ့။ စိတ်နဲ့ စေတသိတ် ပေါင်းပြီး နာမ်လို့ခေါ်ပါတယ်။ စိတ်ရဲ့သဘာဝက အကြည်ဓာတ်လေးပါ။ အဲဒီ စိတ်အကြည်ဓာတ်ကို စေတသိတ်က ၀င်ကပ်ပြီး ခြယ်လှယ်တဲ့ အခါကျတော့ စိတ်တွေ ဖြစ်ကြရတယ်။ ကောင်းတဲ့ စေတသိတ် ကပ်တော့ ကုသိုလ်စိတ် ဖြစ်တယ်။ မကောင်းတဲ့ စေတသိတ် ကပ်တော့ အကုသိုလ်စိတ် ဖြစ်ရတယ်။ ကားနဲ့ တိုက်လိုက် ချင်တာ၊ ဓါးနဲ့ ထိုးလိုက်ချင်တာတွေက ဒေါသမူ စိတ်လေးတွေ ဖြစ်တဲ့ သဘောပါ။ အကုသိုလ် စေတသိတ်လေးတွေ လာလာကပ်တာပေါ့။ ဒါကို ရှင်းအောင်ပြောရရင် အကုသိုလ် စိတ်တော့ ဖြစ်တယ်လို့ ဆိုရမယ်။ အဲဒီအချိန်မှာ သတိနဲ့ ကပ်ပြီး သိလိုက်တဲ့ အတွက် ရှေ့က ဖြစ်တဲ့ စိတ်သည် နောက်ဆက်ဖြစ်မယ့် အကုသိုလ် တရားတွေကို ထိန်းပြီးသား ဖြစ်ပါတယ်။ ကံတစ်ခုကို ကျူးလွန်ရာမှာ ကာယကံ၊ မနောကံ၊ ၀စီကံ စတဲ့ ကံသုံးပါနဲ့ ကျူးလွန်မိတာပဲ ရှိတာပါ။ ဒီလို ကျူးလွန်တဲ့ နေရာမှာ ကာယကံနဲ့ ၀စီကံကို ကျူးလွန်မိတယ်ဆိုရင် ကံ အရာက အပြီးမြောက်ပါတယ်။ ပြန်တောင်းပန်လို့ မရတော့တဲ့ သဘောမျိုးပေါ့၊ မနောကံနဲ့ ကျူးလွန်မိရင်တော့ ပြန်တောင်းပန်ရင် အပြစ်က သက်သာရပါတယ်။
ဘုရားရှင်လက်ထက်တုန်းက သောရိယ ဆိုတဲ့မြို့မှာ သူဋ္ဌေးသား တယောက်ရှိပါတယ်။ တနေ့တော့ မြစ်ဆိပ်မှာ ရေချိုး နေစဉ် ရဟန္တာတစ်ပါး ကောင်းကင်က ပျံကြွသွားတာကို မြင်ပြီးတော့ ငါ့မိန်းမရဲ့ အသာအရေဟာ ဒီ ကိုယ်တော်လို ဖြစ်ရင် ကောင်းမှာပဲလို့ စိတ်က ပြစ်မှားလိုက်တာနဲ့ သောရိယမြို့က သူဋ္ဌေးသားဟာ မိန်းမ ဖြစ်သွားပါတယ်။ ဒါနဲ့ သူဋ္ဌေးသားဟာ ရှက်ပြီးတော့ မြို့ကို မပြန်တော့ပဲ တခြားမြို့ တမြို့သွားပြီးနေပါတယ်။ အဲဒီမှာပဲ အိမ်ထောင်ကျပြီး သားနှစ်ယောက် မွေးပါတယ်။ တနေ့တော့ အရင်မြို့က ကုန်သည်တယောက်က သူဋ္ဌေးသား အိမ်ကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူဋ္ဌေးသား (အမျိုးသမီး ဖြစ်သွားတဲ့သူ) က ဧည့်ဝတ်ကျေအောင် ပြုစုပေးတယ်။ ဘာလို့ ဒီလောက်ဧည့်ဝတ်ကျေအောင် လုပ်ဆောင်ပေးရသလဲလို့ ကုန်သည်က အမျိုးသမီးကို မေးတဲ့အချိန်မှာ အဲဒီအမျိုးသမီးက သူဟာ တချိန်က သောရိယမြို့က သူဋ္ဌေးသား ဖြစ်ကြောင်း၊ ရဟန်းတပါးကို ပြစ်မှားမိတဲ့ အတွက် ယခုလို မိန်းမ ဖြစ်သွားရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကုန်သည်က စိတ်နဲ့ ပြစ်မှားတာဆို ရင် တောင်ပန်းလို့ ကျေနိုင်ကြောင်းပြောပြီး ရဟန္တာဆီကို ခေါ်သွားပါတယ်။ အမျိုးသမီးလည်း ရဟန္တာနဲ့တွေ့တဲ့ အချိန်မှာ သူက မြစ်ဆိပ်မှာ ရေချိုးစဉ် စိတ်နဲ့ ပြစ်မှား မိကြောင်း ၀န်ခံပြီး တောင်ပန်းလိုက်တဲ့ အချိန်မှာ ရဟန္တာက ကျေနပ်ခွင့်လွတ်ကြောင်း ပြောလိုက်တာနဲ့ မိန်းမ အသွင်ကနေ ယောကျာ်း အသွင်ကို ပြန်ပြောင်းသွားပါတယ်။ ဒီတော့ မနောကံနဲ့ ပြစ်မှား မိရင် ကျေအေး နိုင်တယ်ဆိုတာ ဆုံးဖြတ်ချက်ချရမယ်။
ဘုရားရှင်က ဟောခဲ့တဲ့ အတိုင်းပဲ သတ္တ၀ါတို့ရဲ့ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တတ်ပါတယ်။ လက်တစ်ဖျစ် အတွင်းမှာပဲ စိတ် ကုဋေတစ်သိန်း ဖြစ်ရပါတယ်။ ထိုဖြစ်တဲ့ စိတ်ကလည်း ဖြစ်ပြီး ချုပ်ရတဲ့ သဘောရှိတယ်။ ဒါကို ရုတ်တရက်ဆိုတော့ မြင်ရခက်သွားနိုင်တယ်။ ဥပမာ.. ကျနော်တို့ ငယ်ငယ်က သင်တဲ့ သက်တန့်ရောင်စဉ် (၇) ခုကိုကြည့်ပါ။ အဲဒီ (၇)မျိုး ရောင်စဉ်ကို တရစပ်လည်အောင် လှည့်လိုက်ရင် အဖြူရောင် တခုတည်းလို့ ထင်ရပါတယ်။ ဒီသဘောအတိုင်းပါ။ စိတ်တွေ တရစပ်ဖြစ်နေတော့ စိတ်ဆိုတာ အကောင်အထည်ကြီး၊ ဒီစိတ်ကြီးပဲ ဆက်တိုက်ဖြစ်နေတယ် ထင်နေကြရတာပါ။ ဒါကြောင့် ဘာစိတ်ပဲ ဖြစ်ဖြစ် ခဏလေးနဲ့ ဖြစ်ချုပ် ဆိုတဲ့ သဘောရှိတယ် ဆိုတာ သိထားရမယ်။ သိတဲ့ အတိုင်းလည်း ကိုယ်ပိုင် ဉာဏ်နဲ့ ထိုးထွင်းမြင်အောင် ကြည့်နေရမယ်။ ရှုတယ်၊ သိတယ်၊ ကြည့်တယ် ဆိုတာသည် သဘောကတော့ အတူတူ ပါပဲ။
စိတ်ဖြစ်လိုက်လို့ အကုသိုလ်ဖြစ်လား ဆိုတဲ့နေရာမှာ ဖြစ်လိုက်တဲ့ စိတ်အပေါ်မှာ သတိမရှိပဲ ထင်ရာစိုင်းပြီး ဆက်လုပ်မယ်ဆိုရင်တော့ အပြစ်ဖြစ်ရတာပေါ့။ ပုထုဇဉ် သဘာဝအရ စိတ်တွေကတော့ ဖြစ်ရမှာပဲလေ။ ဒီတော့ ဘာစိတ်ဖြစ်ဖြစ် ကိုယ်က အသိလေး ရှိနေရမယ်။ ဖြစ်လာတဲ့ စိတ်ကို ကိုယ်က သတိထား၊ ၀ိရိယစိုက်ပြီး ပညာမျက်စိနဲ့ သူ့ရဲ့ သဘောကို စောင့်ကြည့်ပေးလိုက်ပါ။ အဲဒီအချိန်မှာ စိတ်ရဲ့ သဘာဝအရ ပျက်တဲ့ လက္ခဏာကို တွေ့ရမှာပဲ။ ဒီအတွက် မိုးကုတ်ဆရာတော်ကြီးက သတိထား၊ ၀ိရိယစိုက်၊ ဉာဏ်နဲ့ ကြည့်လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဒီတရားစကားသည် ကျနော်တို့ တွေအတွက် အဖိုးဖြတ်လို့ မရနိုင်တဲ့ စကားပါပဲ။
ပထမတော့ ကိုယ်က ကားမောင်းရင်း သတိလေးထားနေမယ်၊ ဓါးကိုင်ထားတာကို သတိလေး ထားနေမယ် ဒါကို အဲဒီအချိန်မှာ ဖြစ်လာတဲ့ ကားနဲ့ တိုက်ချင်တဲ့ စိတ်လေးပေါ်လာရင် ဒီစိတ်လေးကို သိပေးနေလိုက်ပါ။ သူရဲ့ သဘာဝကို ကိုယ်က အကဲခက် သုံးသပ်ပြီး နေလိုက်တော့ သူသည် ပျက်စီးတတ်တဲ့ သဘောပါလား ဆိုတာ မြင်သွားတာပေါ့။ အပျက်ကို မြင်သွားတဲ့ အချိန်ကျတော့ ကိုယ်က ကားနဲ့ တကယ်တိုက်တယ် ဆိုတဲ့ သင်္ခါရတရားတွေကို မပြုလုပ်ဖြစ်တော့ဘူး။ ဥပမာ.. ကိလေသာရန်သူကတော့ ကိုယ့်ကို တိုက်ဖို့လာတာပေါ့။ ဒါကို ကိုယ်က သတိရှိပြီး ပြန်မတိုက်တော့ပဲ အယုံသွင်းလို့ သူ့လူ ကိုယ့်ဘက်သား လုပ်လိုက်တဲ့ သဘောပါပဲ။ ကိုယ်က ဒီသဘောကို မသိပဲ တိုက်မယ်ဆိုရင် ကိုယ်လည်း ခံစားသွားရမှာပဲ။ ဒီလို တုန့်ပြန်တာသည် ဉာဏ်မွဲသူတွေ အလုပ်ပါ။ ကိုယ်က သတိလေးထားပြီး စောင့်ဖမ်းလိုက်တော့ ရန်သူက မိတ်ဆွေဖြစ်ရပြီပေါ့။ ဒါသည် ဉာဏ်ဦးသွားတဲ့ သဘောပါ။ အပျက်ကို သိတော့ သင်္ခါရတရားတွေ ဆက်ပြီး မလုပ်ဖြစ်တော့ဘူး။ သင်္ခါရချုပ်တော့ ကံချုပ်တယ်။ ကံချုပ်တော့ သံသရာပျက်တယ်။ ဒီတော့ ကိုယ်ဘာဖြစ်တယ်ဆိုတာကို သိပေးဖို့ အဓိက ကျပါတယ်။ ဒါကြောင့်ပဲ မိုးကုတ်ဆရာတော်ကြီးက အသေမဦးခင် ဉာဏ်ဦးအောင် ကြိုးစားကြလို့ ဆုံးမခဲ့တာပါ။ ဒါကြောင့် နေ့စဉ် ဘ၀တွေမှာ ဘာစိတ်ပဲ ဖြစ်ဖြစ် သူ့ရဲ့သဘောကို စောင့်ကြည့်တဲ့ သတိလေးနဲ့ နေနေတာကို ၀ိပဿနာ အသိနဲ့ နေတယ်လို့ ဆိုတာပါပဲ။ ဒါသည် အမြတ်ဆုံးသော ဘ၀နေနည်းပါ။ ထို့အတူ သေနည်းသည်လည်း ဒီအတိုင်းပါ။

တောရှုပ်လေ၊ ထင်းရလေ ဆိုတဲ့ သဘောလေးကို မှတ်ထားပါ။ ဓါးပါဖို့တော့ လိုတာပေါ့။ ဓါးမပါတဲ့သူကတော့ ချုံတွေနဲ့ ငြိရမှာပဲ။ တောရှုပ်တယ်ဆိုတာ ကျတော်တို့ လောကီမှာ အာရုံတွေက အင်မတန်ရှုပ်လွန်းတဲ့ သဘောပါ။ ဒါကို ကိုယ်က မသိပဲ အာရုံအလိုက်မှားရင်တော့ ကိလေသာ ချုံမှာ ငြိရမှာပါ။ ဓါးပါတဲ့ သူကတော့ ထင်းရပါလိမ့်မယ်။ ဓါးဆိုတာကတော့ သတိတရားပါပဲ။ ဒါကြောင့် နေ့စဉ်ဘ၀တွေမှာ အချိန်တိုင်း သတိလေး နဲ့ နေနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဓါးရှိပြီး ခုတ်ဖို့ လိုသလို သတိရှိပြီး သိဖို့လိုပါတယ်။ ခုတ်လေ ထင်းရလေ ဆိုသလို အသိရှိလေ ချမ်းသာလေပါပဲ။

ဒါဆိုရင် မေးခွန်းအားလုံးကို ဖြေပြီး ဖြစ်ပါပြီ။ လက်တွေကျင့်သုံး လိုက်နာကာ ကောင်းကျိုးချမ်းသာကို ရရှိ ခံစားနိုင်ပါစေ ခင်ဗျာ။

အောင်ဦး


7 comments:

Dream said...

သေသေချာချာ မှတ်သားသွားပါတယ်.. အဖြေလေးတွေက တော်တော်တန်ဖိုးရှိတယ်... မှန်ကန်တယ်..

ရုပ်တရားက ကုဋေငါးထောင် နာမ်တ၇ားက ကုဋေတစိသိန်း ဖြစ်ချုပ်နေတာကို ၀ိပသနာ ဥာဏ်နဲ့ ထင်မြင်အောင် ကြည့်တတ်ဖို့ ကို ဆရာတော်တွေ ဟောပြောသွားတာကို သေသေချာချာ ရှင်းပြပေးတာ အင်မတန် ကောင်းလိုက်တဲ့ အဖြေလေးတွေပါ။

စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ

The Bliss Of Emancipation said...

ရိပ်သာတရားပြဆရာတော်တစ်ပါး ပြောပြဖူးတာကို ဒီနေရာမှာမျှဝေပေးချင်ပါတယ်။
တရားအားထုတ်မှုကြောင့် အသိဥာဏ်ရင့်လာလေ၊ ကိုယ့်စိတ်ကိုယ်ပိုမြင်လာလေ၊ စိတ်ကတွေ့ ကရာလျှောက်သွားပြီး လျှောက်ပြစ်မှားနေတာကို ပိုသိလာလေဖြစ်တတ်ပါတယ်တဲ့၊ အဲဒီအခါမှာ စိုးရိမ်မှု၊ ကုက္ကုစ္စ နောင်တပူပန်မှုမဖြစ်ဘဲ အတွေးမှန်သမျှကို လိုက်သိပေးနေဖို့ ဆုံးမပါတယ်။
နောက်ပြီး စိတ်နှင့်ပြစ်မှားတာတွေကို စိတ်နှင့်ဘဲပြန်တောင်းပန်လို့ ရပါတယ်လို့  ဆရာတော်က ပြောဖူးတာ မှတ်သားဖူးပါတယ်။ မိုးကုတ်ဆရာတော်ကြီးဟောညွှန်ဆုံးမထားသလို စိတ်ထဲမှာ ဘာပဲပေါ်လာပေါ်လာ ဖြစ်ပျက်မှတ်ပစ်ဆိုတဲ့ အဆုံးအမ တစ်ခွန်းတည်းနှင့်တင် တရားအာရုံတွေအပေါ် မိမိကိုယ်ကို သံသယဖြစ်မှုမှ အတော်ကို စိတ်သက်သာရာရစေတယ်လို့ ထင်မိပါတယ်။
အတွေးတွေဟာ အကြောင်းတိုက်ဆိုင်မှုရှိလို့ ပေါ်လာတာဘဲ။ သဘာဝတရားတွေဘဲလို့ ကိုယ်ကိုယ်ကို အပြစ်မတင်ဘဲ ထိထိမိမိနှလုံးသွင်းနိုင်ရင်လဲ အတော်လေးနေသာထိုင်သာရှိတာတွေ့ ရပါတယ်။

flower.poem said...

မေးခွန်းတွေရော ဖြေတာတွေရော ဖတ်သွားပါတယ်... မန့်မှာရေးထားတာတွေလည်းဖတ်သွားတယ် . အားလုံး မှတ်သားသွားပါတယ်.

ညခင်း said...

အစ်မညခင်း သိသလောက်လေးပြောပြမယ်နော်.


အဲဒီ စိတ်က...မဖြစ်သေးတာကို ကြိုတင်တွေးတော ပူပန်တာပါ။ ပူပန်တယ်ဆိုကတဲ့က သောကပါ..သိပ်တော့မကောင်းပါဘူး။
ဒီိစိတ်လေးကို ဖျောက်ဖို့

တရားစခန်းအတွေ့အကြုံလေးအရပြောပြပါမယ်။
(၁)ပထမဆုံးဘယ်အရာကို မဆို မြင်လိုက်တာ နဲ့ စိတ်မှာ မြင်စိတ်ပေါ်တယ်လို့ မှတ်ရမယ်။

(၂)အဲဒီနောက် ဆင်ခြင်ရမှာက..ဒီမြင်စိတ်လေးက...ခဏပဲနေပါတယ်။ ဖျတ်ခနဲ့ပျောက်သွားတယ်။(ဥပမာ...ကောင်မလေးချောတယ် လို့စိတ်မှာပေါ်တယ်..အဲဒီစိတ်လေးက ခဏတွင်းဖျတ်ကနဲ ပျောက်သွားပါတယ်။) စိတ်ဟာ အန်မတန်မှ လျှင်မြန်ပါတယ်။ ဖျတ်ခနဲ ဖြစ်.. ဖျတ်ခနဲ...ပြီးဆုံးသွားတာမျိုးပါ။

(၃)အဲဒီအချိန်မှာ ဆင်ခြင်ရမှာက...အသိလေး လိုက်ပေးရမှာက....ဒီစိတ်လေး... ဖြစ်ပြီးတဲ့နောက်မှာ ပျက်သွားတယ်။ ဒီစိတ်ကရောမြဲလား။ မမြဲဘူး။ ဖြစ်ပြီးပျက်နေတာပဲ။ အဲလိုနှလုံးသွင်းပါ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပသာနာ စာအုပ်ကို ဖတ်ကြည့်ပါ။ ၀ိပသာနာ၎မျိုးထဲက စိတ္တာနုပသာနာ ကို အားထုတ်လိုက်ရင်...အဲဒီစိတ်ပျောက်သွားပါလိမ့်မယ်။

ညခင်း said...

မေးခွန်းလေးနဲ့ အဖြေလေးတွေ တော်တော်ကောင်းပါတယ်။ အနှစ်သာရရှိတဲ့စာများ ဘလော့ပေါ်မှာ တွေ့ရလို့ ၀မ်းသာမိပါတယ်။
မောင်လေးအောင်ဦးကုသိုလ်တွေအများကြီးရသွားပြီ။

Anonymous said...

ကျနော့်ကိုယ်တွေ့ဗျ-စိတ်ထဲ မကောင်းစိတ်ပေါ်မှာ ကြောက်လေ ပိုဆိုးလေပဲ-ကြာတော့ အရမ်းစိတ်ညစ်လာတယ်။ ငါတော့ ဖြေစရာမရှိအောင် ငရဲရပြီပေါ့။ အမှန်က ကုက္ကုစ္စဖြစ်တာ တရားနဲ့ပိုဝေးသွားတာပဲ။ကိုယ်၌က မကောင်းတာတွေးချင်တာမှ မပာုတ်တာနော။ ဒါနဲ့ ဆရာတော် ဦးဇောတိကရဲ့ သတိ(ပဌာန်) ၊မိမိစိတ်ကို မိမိ အသိကပ်ပေးနည်း၊ မိုးကုတ်နည်း နဲ့ ဦးဆန်းလွင် ရဲ့ စိတ္တာနုပဿနာ ရှုနည်းတွေ ၊ဖြစ်ပြီး ပျက်သွားတဲ့ သဘောကို နားလည်လာတော့ တဖြည်းဖြည်းပျောက်သွားပြီး စိတ်သက်သာရာ ရခဲ့ရပါတယ်ဗျာ။ဒီလိုသာ တရားနဲ့မတွေ့ခဲ့ရင် ရုးနိုင်တယ် ထင်တယ်။စိတ်ရဲ့တုန့်ပြန်မှု သဘာဝကအံသြစရာပါ

win latt said...

စိတ်၊စေတသိတ်တို့ရဲ့သဘော သိခွင့်ရတာကျေးဇူးပါ။
တန်ဘိုးရှိပါသည်။သာဓုပါဗျာ။