သိသင့်လို့ ဖြေပါတယ်၊

ဒါဆို သာမညဆရာတော်ကြီးကရော..... သိချင်လို့ပါ..ကိုအောင်ဦး ဖြေပေးပါ။
အမည်မသိ

ကျနော်ရေးလိုက်တဲ့ သက်သတ်လွတ်စားခြင်းဆိုရာဝယ် ပိုစ့်ကို ညီလေးဗီလိန်က ထပ်မံဖြန့်ဝေ အသိပေးလိုပြီး သူ့ဘလော့မှာ ကူးယူဖော်ပြတဲ့ အခါမှာ ထပ်ပြီးမေးလာတဲ့ အချက်လေးကို တွေ့ရပါတယ်။ သာမညတောင် ဆရာတော်ကြီးကရော… ဆိုတဲ့ မေးခြင်းပါ။ ဒီလိုမေးခွန်းမျိုး ထပ်ပြီးမေးလာနိုင်မယ်လို့ ကြိုတွေးမိခဲ့ပါတယ်။
ကျနော့်အနေနဲ့ မေးလာတဲ့ အချက်ကို ဖြေပေးတာထက် စာဖတ်သူတွေနဲ့ မေးတဲ့သူကိုယ်တိုင်ပဲ ဆရာတော် အရှင်ဆေကိန္ဒ ဖွင့်တဲ့ ပထမအကြိမ် သံဃာတရားစခန်းမှာ ဟောကြားတဲ့ တရားကို နာယူကြပါလို့ တိုက်တွန်းပါတယ်။ တိုက်ရိုက်နာလို့ မရခဲ့ရင် ကျနော်မေလ်းက တဆင့်ဆက်သွယ်ပြောပါ။ မေလ်းက ပို့ပေးပါမယ်။ တရားတော် ၂၃မိနစ်လောက်မှာ သာမညတောင် ဆရာတော်ကြီး သက်သတ်လွတ်စားတာနဲ့ ပတ်သတ်လို့ ဟောထားပါတယ်။




သာမညတောင် ဆရာတော်ကြီးဆီကို ဆရာတော်အရှင်ဆေကိန္ဒနဲ့ အခြားဆရာတော်တပါး ရောက်သွားတဲ့ အခါမှာ အခြားဆရာတော်က “တပည့်တော် မုတ္တမ ဘီလူးတစ်ရာ ကျောင်းကပါဘုရား၊ တပည့်တော်အဲဒီမှာ သာသနာ ပြုနေပါတယ် ဘုရား၊ တပည့်တော်အဲဒီမှာ ဆယ့်နှစ်လ တစ်နှစ်နေရင် ဆယ့်သုံးလလောက် ဖျားပါတယ် ဘုရား၊ တပည့်တော် ဘာအလုပ်မှ လုပ်လို့ မရပါဘူးဘုရား၊ အဲဒီတော့ တပည့်တော်က တခြားတနေရာကို ပြောင်းပြီး သာသနာပြောင်းပြုရ ကောင်းမလား၊ အဲဒီနေရာမှာပဲ သက်သတ်လွတ် စားပြီးပြုရကောင်းမလား ဘုရား” လို့ သာမညတောင် ဆရာတော်ကြီးကို လျောက်ပါတယ်။ အဲဒီတော့ သာမညတောင် ဆရာတော်ကြီးက “ကိုယ်တော်… ကျောင်းရှားသလား? မရှိရင်ကျောင်းပေးမယ်၊ သက်သတ်လွတ်ဆိုတာ ဒေ၀ဒတ်အယူ” လို့ မိန့်ပါတယ်။ “တပည့်တော်တောင် ဒီမှာနေလို့ သက်သတ်လွတ်စားတာ၊ အခြားဆိုရင် စားချင်မှ စားမှာလို့” မိန့်ပါသေးတယ်။ ဒီအချက်တွေနဲ့ပဲ သာမညတောင် ဆရာတော်ကြီးကို ကြည်ညိုခဲ့တယ်လို့ ဆရာတော်အရှင်ဆေကိန္ဒက ဆက်လက် ဟောထားပါတယ်။
ကျနော်တို့တွေ သတိပြုရမှာက သာမန်လူတွေ အနေနဲ့ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာအားဖြင့် သာလွန်မြင့်မြတ်လှတဲ့ ရဟန်း၊ သံဃာတွေရဲ့ အပြုအမူတွေမှာ ကောင်းဆိုး၊ မှားမှန်ဆိုတာကို သာမန် အသိ၊ အမြင်အားဖြင့် မဝေဖန်သင့်ဘူးလို့ ခံယူမိပါတယ်။ သေချာသိရှိ တွေ့မြင်မှ ပြောဆိုတာက ပိုပြီးသင့်မြတ်မယ်လို့ ခံယူပါတယ်။ မည်သို့ပင်ဆိုစေ တရားတွေနာယူတာ၊ သြ၀ါဒတွေခံယူရာမှာလည်း မိမိကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားခြင်း၊ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတွေရဲ့ ပိဋကတ်တော်နဲ့အညီ ဟောကြားတဲ့ တရားတွေကို နာယူပြီးမှ လက်ခံကျင့်သုံးတာ သင့်တော်ပါလိမ့်မယ်။
သာမညတောင် ဆရာတော်ကြီးဆီကို ကျနော်တခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့် ဆရာတော်ကြီးရဲ့ တဘ၀သာသနာ ဗွီစီဒီကို ကြည့်တဲ့ အခါမှာ ဆရာတော်ကြီး ဟောကြားတဲ့ တရားတွေ၊ အလှူမှတ်တမ်းတွေ၊ ချက်ပြုတ်ကျွေးမွေးတာ တွေကို တွေ့မြင်ရပါတယ်။ အဲဒီဗွီစီဒီမှာ တနေ့ကို ဆန် တင်း(၁၀၀)ကျော် ချက်ပြီး ပတ်ဝန်ကျင်းက လူဦးရေ တစ်သောင်းကျော်နဲ့ ဘုရားဖူးတွေကို ထမင်းကျွေးတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တာကို မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ အဲဒီမှာ သက်သတ်လွတ် စားရတယ်ဆိုတာ အားလုံး သိမှာပါ။ ဆရာတော်ကြီးကိုယ်တိုင်လည်း သက်သတ်လွတ်စားပါတယ်။ ဘုရားဖူးတွေလည်း သက်သတ်လွတ် စားကြရတယ်။ ရောက်ဖူးတဲ့ သူတွေက ပိုသိမှာပါ။
ကျနော်တို့ စဉ်းစားကြည့်ရအောင်။ တနေ့ကို တင်း(၁၀၀) ကျော်ချက်ရတဲ့ ထမင်းတွေနဲ့ လိုက်ဖက်အောင် ဟင်းတွေချက်ပြုတ်ရတာ မလွယ်ကူတဲ့ ကိစ္စပဲ။ အသီးအရွက်တွေ ချက်ရတာတောင် အတော်ခက်ခဲတဲ့ အနေအထားပါ။ အဲလို အခြေအနေမှာ တကယ်လို့ အသားငါးစားခွင့်ပြုပြီး သားငါးပါ ကျွေးလိုက်မယ်ဆိုရင် အဲဒီနယ်တစ်ဝိုက်မှာရှိတဲ့ စားလို့ရတဲ့ သတ္တ၀ါတွေ တော်တော်ပြုန်းတီးရလိမ့်မယ်။ တနည်းအားဖြင့် ဒီလူတွေကို ကျွေးဖို့ သားငါး မှာယူရတဲ့ သူကလည်း သတ္တ၀ါတွေကို သတ်ဖို့ တိုက်ရိုက်မပြောဆိုပေမယ့် သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောဆိုရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကုသိုလ်လည်း လုပ်ဖြစ်တယ်၊ အကုသိုလ်လည်း ဖြစ်ရတာတွေရှိပြီး အဖြူကံ၊ အမဲကံတွေ ရောသွားနိုင်တယ်။ ကိုယ်တိုင်သတ်ရတဲ့ သားသတ်သမားတွေလည်း အကုသိုလ်တွေ တော်တော်ကြီးသွားနိုင်မယ်။ ဒါတွေကို ဆရာတော်ကြီးက မြင်လို့ သက်သတ်လွတ်ချက်ကျွေးဖို့ မိန့်ကြားတာ ဖြစ်နိုင်ပါတယ်။ ဒါကို လူတွေက ချဲ့ပြီး “ငါတို့ သာမညကပြန်လာတာ၊ သက်သတ်လွတ် လှူခဲ့တယ်၊ ငါတို့ ကုသိုလ်တွေလုပ်လာတာ…” စသဖြင့် ပြောဆိုကြွားဝါတာနဲ့ပဲ နောက်လူတွေ အမှတ်မှား၊ အသိမှားတွေ ဖြစ်လာတဲ့ သဘောလို့ တွေးမိပါတယ်။ ဒါက ကျနော် အတွေးသက်သက်ပါ။
အထက်က ပုဂ္ဂိုလ်တွေနဲ့ စိတ်ကို အောက်ကလူတွေ မသိနိုင်ပါ။ ဥပမာ… သောတပန်ရဲ့စိတ်ကို ပုထုဇဉ်က မသိနိုင်ဘူး။ သကဒါဂါမ်ရဲ့ စိတ်ကို သောတပန်က မသိနိုင်ဘူး။ အနာဂါမ်ရဲ့ စိတ်ကို သကဒါဂါမ်က မသိနိုင်ဘူး။ ရဟန္တာရဲ့ စိတ်ကို အနာဂါမ်က မသိနိုင်ပါဘူး။ ဒါက ဓမ္မနိယာမ အရပါပဲ။ ကျနော်တို့လူတွေ အနေနဲ့ ကိုယ့်ထက် သိက္ခာသုံးရပ်အားဖြင့် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်သန္တာန်ကို ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး။ ဒါသည် သတိပြုစရာ အချက်ပါ။
ဒီလောက်ဆိုရင် မေးတဲ့ မေးခွန်းအပေါ်မှာ ကျေနပ်နှစ်သိမ့်နိုင်မယ်လို့ ထင်မိပါတယ်။

တရားနှင့်မွေ့လျော် တရားနှင့်ပျော်နိုင်ကြပါစေ…


11 comments:

Unknown said...

aသတ်သတ်လွတ်နဲ့ ပက်သက်လို့ ဒေ၀ဒတ်က စခဲ့တယ်လို့ ကြားဖူးခဲ့ပါတယ်။ အခု ဒီတရားနဲ့ ပက်သက်ပြီး နာချင်ခဲ့ပါတယ်။ တရားဖွင့်လို့မရပါဘူး။

Unknown said...

ကိုအောင်ဦးရေ..... တရားနာသွားတယ်ဗျာ။

မသက်ဇင် said...

ကိုအောင်ဦး--
တရားနာ သွားပါတယ်ရှင်---
ကျေးဇူးတင်ဝမ်းမြောင်စွာဖြင့်

ဗီလိန် said...

အားရတယ်ဗျာ။ အရမ်းကို အားရတယ်။ သာဓု အခွန်းပေါင်း မြောက်မြားစွာခေါ်ပြီး။ ဦးပါ အကြိမ်ကြိမ်ချ သွားပါတယ်။ သာမည ဆရာတော်ကြီးကိုလည်း အကြိမ်ကြိမ်ဦးတိုက်ပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

ဒီပို့စ်ကို စိတ်ဝင်တစားကို စောင့်ဖတ်ခဲ့တာပါ။ ဖတ်ပြီးတဲ့အခါမှာ လေးလေးနက်နက် သာဓုအကြိမ်ကြိမ် ခေါ်ပါတယ် မောင်လေး အောင်ဦးရေ... တရားလည်း နာနေပါတယ်...

flowerpoem said...

ကိုအောင်ဦး အရမ်းကောင်းပါတယ် . အမေးနဲ့အဖြေနဲ့ ဖတ်ရတာ အရမ်း အကျိုးကျေးဇူးရှိုပါတယ် ရှင်...

Dr Phyo Wai Kyaw said...

သာဓုပါဗျာ
ဆက်လက်သာသနာပြုနိုင်ပါစေ။

Unknown said...

မောင်လေး....ဒီခွေကို ဒေါင်းလုပ်...လုပ်ချင်တာ...
မရလို့..ဘယ်လိုရနိုင်မလဲ...အကြံပေးပါဦး...

မိုးခါး said...

အရမ်းအကျိုးရှိပါတယ် .. တရားတော့မနာရသေးဘူး .. အိမ်ရောက်မှ ..း)

nyimuyar said...

thank you so much for this post

Anonymous said...

Dear U Aung Oo or Ko Aung Oo,

Could we please listen more of discussion dhamma between A Shin Say Kein Da & others monks? (please)