အကောင်းဆုံးသောည

လူ့ဘ၀ကိုရောက်လာတဲ့ လူတိုင်း ညပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရပါတယ်။ ညနဲ့ မကြုံတွေ့ရတဲ့ သူဆိုတာ မရှိပါဘူး။ ၁နှစ်မှာ ၃၆၅ရက် ရှိတဲ့ အတွက်ကြောင့် ညပေါင်း ၃၆၅ ညကို ဖြတ်သန်းခဲ့ကြပါတယ်။ ၁၀နှစ်ဆိုရင် ၃၆၅၀ ညပေါ့။ အဲဒီညတွေထဲမှာ တန်ဖိုးရှိတဲ့ အကောင်းဆုံးညဆိုတာ ဘယ်ညလဲ? ညအချိန်တွေမှာ Online မှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် ခွဲခွာနှုတ်ဆက်ကြတဲ့ အချိန်မှာ Good Night (ကောင်းသောညဖြစ်ပါစေ) စသဖြင့် နှုတ်ဆက်ကြပါတယ်။ ကောင်းသောညဆိုရာမှာ ကောင်းတယ်ဆိုတာကို ဘာစံချိန်နဲ့ သတ် မှတ်မှာလဲ။ ကောင်းတယ်ဆိုတာကို အပျော်ဆုံးဆိုတဲ့ ပျော်ရွှင်မှုတွေနဲ့ သတ်မှတ်မှာလား? အခြားအရာတွေနဲ့ သတ်မှတ်မှာလား? ကိုယ်ကြိုက်ရင်ကောင်းတယ်လို့ သတ်မှတ်မှာလား? အဲလိုသတ်မှတ်ရင် တယောက်နဲ့ တယောက်ဟာ ကောင်းတဲ့ညတွေ တူလို့ မဖြစ်ပါဘူး။ ကာမဂုဏ်အာရုံခံစားတဲ့ သူက သူတို့ရဲ့ အပျော်ဆုံးညကို အကောင်းဆုံးညလို့ သတ်မှတ်ပါလိမ့်မယ်။ ဂိမ်းဆော့တဲ့သူတွေ အတွက် ဂိမ်းကစားလို့ နိုင်ပွဲများတဲ့ည ကို အကောင်းဆုံးညလို့ သတ်မှတ်ကြလိမ့်မယ်။ ချစ်သူစုံတွဲတွေ အတွက် ချစ်ချစ်ခင်ခင်နဲ့ ပြောဆိုခွင့်ရတဲ့ ညကို သူတို့ရဲ့ အကောင်းဆုံးညလို့ သတ်မှတ်ကြမှာပါ။ ဒါကြောင့် တဦးနဲ့ တဦးရဲ့ အကောင်းဆုံးညတွေက မတူနိုင်ပါ ဘူး။ အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြမှာပေါ့။ အကောင်းဆုံးညဆိုတာ ဘယ်လိုလဲဆိုတာ သိဖို့လိုလာပါတယ်။

လူ့လောကမှာ ညအခါဆိုရင် အိပ်စက်နားနေခြင်းနဲ့ ကုန်လွန်စေကြတာများပါတယ်။ ညဆိုတာ အေးချမ်းတိတ် ဆိတ်ပြီး ကြည်နူးဖွယ်ကောင်းပါတယ်။ တရားဓမ္မနဲ့ မွေ့လျော်ကြတဲ့ ပညာရှိတွေ အတွက် အိပ်မောကျပြီး ဖြတ် ကျော်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ မြတ်စွာဘုရားက အကောင်းဆုံးည ဖြစ်ဖို့အတွက် အတိတ်အကြောင်းကိုလည်း ပြန်ပြောင်းမစဉ်းစားပါနှင့်၊ နောင်ဖြစ်လာမယ့် အနာဂတ်ကိုလည်း မျှော်တွေးမနေပါနှင့်၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလမှာ ကုသိုလ်တရား တိုးပွားအောင်နေပြီး၊ အကုသိုလ်တရားတွေ မဖြစ်အောင်နေဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားရှင်က အပါဒါန်ပါဠိတော်မှာ -

နတာဝ သုပိတုံ ဟောတု၊ ရတ္တိ နက္ခတ္တမာလိနီ၊
ပဋိဇဂ္ဂိတု မေဝေသာ၊ ရတ္တိ ဟောတိ ၀ိဇာနတံ။
နက္ခတ်ပန်းတို့ဖြင့် ဆန်းကြယ်လှပသော ညဥ့်သည် အိပ်နေဖို့ရန် ဖြစ်လာသည် မဟုတ်။ ရှေ့ရေး နောက်ရေး ထောက်တွေးသိတတ် ပုဂ္ဂိုလ်မြတ်တို့အတွက် နိုးနိုးကြားကြား တရားအားထုတ်ဖို့ရန် အလို့ငှာသာလျှင် ဖြစ်ပေါ် လာ၏။ (အပါဒါန်ပါဠိတော်)

မိမိတို့တွေရော အေးချမ်းမှုရှိတဲ့ ညအချိန်မှာ ဘယ်လိုအသုံးချ ကြမလဲ? လောကမှာ လူတန်းစား အမျိုးမျိုးရှိကြ တဲ့ အတွက်ကြောင့် နေထိုင်စားသောက်ကြရတဲ့ အခြေအနေနဲ့ ရရှိတဲ့ အခွင့်အရေးတွေ မတူညီကြပါဘူး။ ဒါပေမယ့် လူသားတိုင်း တန်းတူရတဲ့ အခွင့်အရေး တခုကတော့ အချိန်တွေကို ပိုင်ဆိုင်ခြင်းပါ။ မိမိတို့ရော တန်းတူရတဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေလဲ? ကံမကုန်ခင်လေးမှာ ဘာအလုပ်တွေက အလုပ်သင့်ဆုံးလဲ ဆိုတာကို ဆုံးဖြတ်ချက် ချနိုင်ရမယ်။ ယခုအချိန်အခါမှာ နေ့စဉ် ၀မ်းစာရေးအတွက် လှုပ်ရှားလုပ်ကိုင်နေရတဲ့ လူသားတွေ အတွက် ညအချိန်မှာပဲ အိပ်စက် အနားယူချိန်ရှိတယ်လို့ ပြောရင် ငြင်းဖွယ်ရာ မရှိပါဘူး။ အကောင်းဆုံးသောည ဖြစ်ဖို့ ညအချိန်မှာ တရားပဲထိုင်နေရမယ်လို့ ဆိုလိုရင်း မဟုတ်ပါဘူး။ တချို့က တရားထိုင်နေမှ တရားလုပ်တယ်လို့ မြင်တတ်ကြတယ်။ မိမိတို့ရဲ့ စိတ်ကလေးကို အပူဓာတ် မဖြစ်အောင် နေတတ်ဖို့ လိုတာပါ။ ၀ိပဿနာ အသိနဲ့ နေ့စဉ် ညစဉ် နေတတ်ရင်တော့ အကောင်းဆုံးပေါ့။ ညအချိန်ပဲ သတိရှိပြီး စိတ်ကို အအေးဓာတ်ကိန်းအောင် နေသွားရမှာ မဟုတ်ပဲ နေ့စဉ် နေစဉ်မှာလည်း နေသွားရမှာပါ။ နေရာတိုင်း အမူအရာတိုင်းမှာ အားထုတ်တတ်ဖို့ အဓိက ကျပါတယ်။
ညစဉ် ရတဲ့အချိန်လေးမှာ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားဓမ္မများကို နာယူသင့်ပါတယ်။ ယခုလို တရားဓမ္မများ အလွယ်တကူရရှိ နာကြားနိုင်ခွင့်ရတာလည်း ဓမ္မကို တန်ဖိုးထားတတ်သူတွေ အတွက် အမြတ် ဆုံးသော ရတနာတွေကို ပိုင်ဆိုင်ခွင့်ရနေတာပါ။ ဒီရတနာတွေကို သိရှိတဲ့ လူတွေအတွက်တော့ အသုံးဝင်သလို မသိတဲ့ သူတွေအတွက်တော့ အကြီးမားဆုံးသော နစ်နာမှုပါ။

ပိုင်းလော့ဆရာတော်ကြီး အရှင်ဇေယျပဏ္ဍိတ ဟောကြားတော်မူသော တရားမှာ “ဘုရားက ကောင်းတယ်ဆိုတာကို မိမိက မနှစ်သက်လည်း ပေလုပ်ပါ။ ဘုရားက မကောင်းဘူးဆိုတာကို မိမိက နှစ်သက်လည်း ပေရှောင်ပါ” လို့ နာယူခဲ့ဖူးပါတယ်။ မိမိတို့ နှစ်သက်နေတဲ့ လောကီအာရုံတွေကို နှစ်သက်နေပေမယ့် ဘုရားရှင်က မကောင်းဘူးလို့ မိန့်ဆိုထားရင် ရှောင်ရှားရမယ်။ မိမိက မနှစ်သက်ပေမယ့် ဘုရားက ကောင်းတယ်ဆိုတာကို လုပ်ဆောင်ရပါမယ်။
မိမိတို့တွေ ဘုရားရှင် ဟောကြားဆုံးမခဲ့တဲ့ တရားဓမ္မနှင့် မွေ့လျော်အောင်နေပြီး Good Night များစွာကို ပိုင်ဆိုင် ဖြတ်သန်းနိုင်ကြပါစေ။


4 comments:

Anonymous said...

ငြိမ်းအေးတည်ကြည်သောစိတ်ဖြင့် ညပေါင်းများစွာ ဖြတ်ကျော်နိုင်ပါစေ။

may16 said...

အေးချမ်းသောညများ နေ့တိုင်း ကြုံတွေ့ပါရစေရှင်

မာရေးသျှင် said...

သာဓု သာဓု သာဓု ပါခင်မျာ။ မင်္ဂလာရှိသောညဖြစ်ကြောင်း ကောင်းမြတ်သော ဓမ္မဒါနပါခင်မျာ။

snow said...

ကိုအောင်ဆွေဦး....အရမ်းကောင်းတဲ. အကောင်းဆုံးည ဆိုတဲ. ဓမ္မဒါနအာတီကယ်လေးပါ၊၊
အကောင်းဆုံးည ဓမ္မဒါနအာတီကယ်ကို ဖတ်ပြီးနောက် နေရာတိုင်း အချိန်တိုင်း အမူအရာတိုင်း ကို ၀ိပဿနာ အသိနဲ. နေတတ် ဘို. အသိတရားကို ပိုပြီးခိုင်မာစေပါတယ်၊၊
ကျေးဇူးအလွန်တင်ပါတယ်ရှင်၊၊
သာဓု သာဓု သာဓု၊၊