တရားအားထုတ်တယ် ဆိုရာဝယ်

ဗုဒ္ဓမြတ်စွာဟောကြားခဲ့ တရားဓမ္မများကို လိုက်နာကျင့်သုံးသူတွေသည် လောကီ လောကုတ် နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။ ဘ၀နေထိုင်ရာမှာ ချမ်းသာရုံမကပဲ သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်အောင်လည်း ကျေးဇူးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က အလုံးစုံသော ကောင်းကျိုးချမ်းသာကို ဆောင်ယူနိုင်တယ်ဆိုတာ သက်ဝင်ယုံကြည်ကြတဲ့ အတွက်ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားနည်းလမ်းများ အတိုင်း လိုက်နာအားထုတ် နေကြတာပါ။ တရားဓမ္မများကို မေ့လျော့ပြီး နေချင်သလိုနေ၊ လုပ်ချင်တာကို ရမ်းလုပ်နေကြတယ်ဆိုရင်တော့ တရားဓမ္မတွေကို အမှန်တကယ်ပဲ မယုံကြည် သေးဘူးလို့ အရိုးသားဆုံး ပြောရမှာပါပဲ။ တချို့က ပြောကြတယ်။ “ငါတို့က တရားဆိုတာဘာလဲ သိတယ်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ ဘယ်လိုလဲသိတယ်၊ မလုပ်နိုင်သေးလို့ မလုပ်သေးတာ” စသဖြင့်ပေါ့။ လက်ရှိနေ နေတဲ့ အချိန်ကျတော့လည်း တနေ့ထက် တနေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကလည်း လျော့နည်းမသွားကြဘူး။ အဲလို ဖြစ်နေကြတယ်ဆိုတော့ တရားနဲ့နေတယ်၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာအတွက်ကြောင့်လဲ? ဘယ်လိုတွေ ကျင့်မှ တရားအားထုတ်ကြတယ်။ တရားနဲ့ နေတယ်လို့ ဆိုကြမလဲ?။ တွေးကြည့်စေချင်ပါတယ်။

တရားအားထုတ်ကြတယ် ဆိုတော့လည်း လူတွေအများစုက တရားထိုင်နေမှ အားထုတ်နေတာလို့ လက်ခံထား ကြတယ်။ တရားမထိုင်ရင်ပဲ တရားအားထုတ်တာ မဟုတ်သေးဘူးလို့ မြင်ကြတယ်။ ထိုင်တိုင်းရော တရားရသွားလားလို့ ပြန်တွေးကြည့်စရာ ရှိပါတယ်။ တရားထိုင်ရင်း လောဘ၊ ဒေါသ ဖြစ်နေတာတွေ ရှိပါတယ်။ ထိုင်မှပဲ ကောင်းတဲ့ အာရုံလေးတွေ ပုံဖော်စိတ်ကူးလို့ ပျော်နေတာတွေလည်း ရှိတာပါပဲ။ မကျေနပ်တာတွေ တွေးမိလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်က နာလို့၊ ကျင်လို့ပဲ ဖြစ်ဖြစ်၊ ငါ့စိတ်တွေ တည်ငြိမ်မှု မရသေးဘူးဆိုပြီး မကျေနပ်လို့ ဒေါသဖြစ်ရတာတွေလည်း ရှိကြတာပါပဲ။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံးပြောရရင် ကိလေသာ နည်းပါးအောင်၊ ကုန်ဆုံးသွားအောင် ကျင့်ကြံတာပါပဲ။ လောဘ၊ ဒေါသ ဆိုတာတွေ ဖြစ်နေသေးတယ်ဆိုရင် တရားမဟုတ်သေးဘူးလို့ ဆုံးဖြတ်ထားရမယ်။ ဒါကြောင့် တရားထိုင်နေတိုင်း တရားမဟုတ်သေးဘူးလို့ နားလည်ဖို့ လိုအပ်ပါတယ်။ တရားမထိုင်းတိုင်းလည်း တရားမရဘူးလို့ ယုံကြည်မထားရပါဘူး။ ဘုရာရှင် ရှိစဉ်က သာဝတ္ထိပြည် လူ(၉)ကုဋေရှိရာမှာ (၇)ကုဋေသည် အရိယာဖြစ်ပါတယ်။ နေ့စဉ် နေစဉ်မှာ သီလတွေ စောင့်ထိန်းပြီး လောဘ၊ ဒေါသနည်းအောင် ကျင့်ကြံကြရင်းနဲ့ တရားရသွားကြတာပါပဲ။

တရားကျင့်ရာမှာ ၀ိပဿနာယာနိက၊ သမထယာနိက ဆိုပြီးရှိပါတယ်။ သမထယာဉ် သပ်သပ် စီးသွားရင်နိဗ္ဗာန် မရောက်နိုင်သေးပါဘူး။ သမထယာဉ်စီးပြီး ၀ိပဿနာယာဉ်ကို ပြောင်းစီးလိုက်တာနဲ့ အဲဒီ ၀ိပဿနာယာဉ်က တဆင့် အရိယာမဂ္ဂင်ယာဉ်ကို ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ နိဗ္ဗာန်ရောက်တာပါပဲ။ ဒီတော့ သမထပဲ အရင် အားထုတ်ရမှာလား မေးစရာရှိပါတယ်။ တချို့က ၀ိပဿနာ သပ်သပ်ပဲ အားထုတ်ကြတယ်။ ဈာန်တွေ၊ အဘိဉာဉ်တွေ မရကြဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်သွားပါတယ်။ စာပေတွေမှာတော့ အဋ္ဌကထာ ဆရာတော် ကြီးတွေက သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ သမာဓိ ပညာနှစ်မျိုးလုံး တွဲတဲ့ ဘာဝနာလို့ သုံးမျိုးပြပါတယ်။ ရှင်းအောင်ပြောရရင် သမထ အားထုတ်ပြီးမှ ၀ိပဿနာ အားထုတ်လို့ရတယ်။ သမထချည်းပဲ အားထုတ်လို့ ရတယ်။ ၀ိပဿနာချည်းပဲ အားထုတ်လို့ရတယ်။ ၀ိပဿနာ အားထုတ်ပြီးမှ သမထ အားထုတ်လို့လည်း ရတယ်။ သမထချည်းပဲ အားထုတ်ရင်မြေလျှိုး၊ မိုးပျံတဲ့ အထိတော့ ရတယ်။ ဒါပေမယ့် သောတပန်တောင် မဖြစ်ဘူး။ ၀ိပဿနာချည်းပဲ အားထုတ်ရင် ရဟန္တာတော့ ဖြစ်တယ်။ ဒါပေမယ့် ဈာန်တွေ အဘိဉာဉ်တွေ မရဘူး။ ဒါကို ဆရာတော်ကြီးတွေက မြေလျှောက်ရဟန္တာလို့ သုံးကြပါတယ်။

မိမိတို့ကိုယ်တိုင် ဘယ်လိုအားထုတ်ကြမလဲ ဆိုတာတော့ ကိုယ်တိုင် ရွေးချယ်ထားကြမှာပါ။ သမထ အားထုတ် ရင်လည်း စရိုက်ကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတွေကို ဟောခဲ့ပါတယ်။ (လောဘစရိုက်များရင် အသုဘကမ္မဌာန်းရှု။ ဒေါသစရိုက်များရင် မေတ္တာဘာဝနာပွား။ မောဟစရိုက်များရင် မရဏနုဿတိပွား။ သဒ္ဓါစရိုက်များရင် ဗုဒ္ဓါနုဿတိပွား။ ၀ိတက်စရိုက်များရင် အာနာပါနကမ္မဌာန်း။ ပညာစရိုက်များရင် ဓာတ်ကြီး လေးပါးရှု)။ ၀ိပဿနာ ဆိုတာကျတော့ ပညတ်နှင့် ပရမတ် ကွဲကွဲပြားပြား သိအောင် ကြားနာမှတ်သားပြီးမှ၊ ပရမတ်ရဲ့ သဘာဝကို လက်တွေ့မြင်အောင် ရှုခြင်းဖြစ်ပါတယ်။

နိဗ္ဗာန်နဲ့ သံသရာဟာ တဆက်တည်းမှာ ရှိပါတယ်။ သူတို့ နှစ်ခုဟာ ကမ်းပါး နှစ်ခုလိုပါပဲ။ အဲဒီ နှစ်ခုကြားထဲမှာ ကိလေသာဆိုတဲ့ ရေက ကြားခံနေတဲ့ အတွက်ကြောင့် ကမ်းနှစ်ခုဟာ မနီးစပ်နိုင်ပဲ ဖြစ်နေတာပါ။ ကိလေသာက ချောင်းရေ ပမာဏ လောက်ရှိရင် ကမ်းနှစ်ခုက နီးမယ်။ မြစ်လောက်ရှိရင် ပိုဝေးမယ်။ ပင်လယ်ကြီးလောက်ရှိ ရင်တော့ ကမ်းနှစ်ခုက ပိုပြီးဝေးမှာပေါ့။ ရေလုံးဝမရှိတော့ရင် ကမ်းနှစ်ခုက တဆက်တည်းဖြစ်သွားမယ်။ ရေဆိုတာက ကိလေသာကို ဆိုလိုတာပါ။ ဒီတော့ ရေတွေကုန်မှ ကမ်းနှစ်ခု ထိစပ်ရမှာ ဖြစ်သလို ကိလေသာကုန်မှလည်း သံသရာကနေ နိဗ္ဗာန်ကို ထိတွေ့ခွင့်ရမှာပါ။ တရားအလုပ် အားထုတ်ကြတယ်ဆိုတာ ရေနဲ့တူတဲ့ ကိလေသာတွေကို ကုန်ဆုံးအောင် လုပ်နေကြရတာပါ။ တနေ့ထက် တနေ့ ကိလေသာတွေ ပါးလာမယ်ဆိုရင်ပဲ တရားလုပ်နေတာပါ။ ကိလေသာ မဖြစ်တော့ပဲ ကုသိုလ်တွေဖြစ်နေရင် တရားလုပ်နေတာပါပဲ။ ဒါကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ အမူအယာတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်ဖို့ နေသွားဖို့ အဓိကကျပါတယ်။

ဓမ္မတွေကို အားထုတ်ရာမှာလည်း သီလ၊ သမာဓိ၊ ပညာ အစဉ်အတိုင်းသွားရပါတယ်။ သီလဆိုတာလည်း လူ့ရဲ့ ခါးဝတ်ပုဆိုးလို ဥပမာပေးကြပါတယ်။ အခြေခံအားဖြင့် ငါးပါးသီလကို လူတိုင်းစောင့်ထိန်းရပါမယ်။ တရားအား ထုတ်မယ်ဆိုတော့ တရားထိုင်မှပဲလို့ စဉ်းစားကြတာများပါတယ်။ အခြေခံ သီလတရားကိုမှ လုံအောင် မစောင့် ထိန်းသေးပဲ တရားအားထုတ်ရင် တရားရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာက ဓမ္မနည်းလမ်းတကျ ပြောခြင်း ပါ။ ဘုရားရှင်လက်ထပ်က သန္တတိအမတ်၊ အင်္ဂုလိမာလတို့လို သီလတွေ ဖောက်ဖျက်ပြီးတော့မှ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲလို ပါရမီရှင်တွေ ဖြစ်ဖို့ဆိုတာတော့ အင်မတန် ခက်ခဲပါတယ်။ ၀ိပဿနာ၊ သမထ တွေလုပ်နေတယ်ဆိုပြီး သီလမရှိသေးရင် ပုဆိုးမနိုင်ပဲ အမြင့်ကို ခုန်လှမ်းနေတာနဲ့ တူပါလိမ့်မယ်။ ၀ိပဿနာသာ အဓိက ဒါန၊ သီလတွေ မလိုပါဘူးလို့ ဆိုကြရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ ဒါန၊ သီလ တရားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ မလိုအပ်ပဲ ဟောခဲ့တယ်လို့ ပြောရာရောက်ပါတယ်။ ဘုရားရှင် (၄၅)၀ါ ကာလပတ်လုံးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောတာဖြစ်ခြင်းကြောင့် တရားတိုင်းဟာ သစ္စာထိုက် ပါတယ်။ ဒါကြောင့် ဒါန၊ သီလ အလုပ်တွေသည်လည်းပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအမှု တွေ အပေါ်မှာ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတဲ့ သံသရာ နယ်ချဲ့တဲ့ ပပဉ္စတရားတွေ မကပ်ငြိဖို့ လိုတာပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း ဒါန၊ သီလ လုပ်ရမှာ ရမ်းပြီး မလုပ်ကြဖို့ သတိပေးတာပါ။ သစ္စာသိပြီး လုပ်မယ် ဆိုရင် ခန္ဓာကို ရောင်းပြီး ဒါန ပြုပါလို့ မိန့်တော်မူခဲ့ပါတယ်။

မိမိတို့တွေ အတွက် အားကိုးစရာ တရားလက်မဲ့ မဖြစ်ဖို့၊ တရားရှိထားဖို့ အတွက် တရားတော်တွေကို အရင်ဆုံး နာယူ၊ ဖတ်မှတ်လေ့လာ သင့်ပါတယ်။ တရားတော်ကို နာယူနေတာလည်းပဲ တရားအားထုတ်တာပါပဲ။ နှလုံးသွင်းမှန်ဖို့တော့ အဓိက ကျတာပေါ့။ တရားကို အပြစ်ရှာတဲ့ ပုံစံနဲ့ ဆိုရင်တော့ ဘုရားရှင် ဟောနေလည်း တရားရမှာ မဟုတ်ပါဘူး။ ရိုသေကြည်ညိုစွာနဲ့ နာမယ်ဆိုရင် တရားတော်ကို လိုက်ပြီးတွေးတော စဉ်းစားနေတာ ဖြစ်လို့ ဒေသနာဉာဏ် ဖြစ်နေပါတယ်။ မိမိသန္တာန်မှာ စိတ်အေးချမ်းမှု ဖြစ်နေတဲ့ အတွက်ကြောင့် ကုသိုလ် စိတ်ဖြစ်ပါတယ်။ ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတဲ့ အတိုင်း မင်္ဂလာရှိတဲ့ အချိန်ဖြစ်နေပါတယ်။ ပုညကိရိယာ ၀တ္ထုဆယ်ပါးမှာ ဓမ္မသ၀န ဆိုတဲ့ တရားနာခြင်း ပါပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနည်း လေးမျိုးမှာ ကာလေနဓမ္မသာဝနာ ဆိုတဲ့ အချိန်အားလျော်စွာ တရားနာခြင်းသည်လည်း တစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် တရားနာနေတာသည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာနေရာ ရောက်ပါတယ်။ ကုသိုလ် ဖြစ်ခြင်း၊ ဘုရားဆုံးမတဲ့အတိုင်း နေထိုင်ခြင်းကို တရားအားထုတ်တယ်လို့ သိရှိနားလည်စေချင်ပါတယ်။

အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးအတန်ုဆုံးသော သာသနာရဲ့ အနှစ်သာရကို ရရှိခံစားနိုင်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရနိုင် ရောက်နိုင်ကြပါစေ…


10 comments:

flowerpoem said...

တရားထူးတရားမြတ်တော့ရချင်ပါတယ် ဒါပေမယ့် အတော်လေးကြိုးစားရအုံးမယ်ထင်တယ် ကိုအောင်ဦး
ဖော်ပြပေးတာကျေးဇူးပါ

ထား said...

အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးတန်ဆုံးသော သာသနာရဲ့  အနှစ်သာရကို ရရှိပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ မဂ်ဖိုလ် နိဗ္ဗာန်ကို ရက်တိုတိုနဲ့ လျင်မြန်စွာ ရောက်ချင်ပါတယ် ။ မသိသေးတာကို သိရှိအောင် သိနေပြီးတာကို လုပ်ဆောင်နိုင်အောင် ရေးသားပေးတဲ့ မောင်အောင်ဦးကို ကျေးဇူးအထူး တင်ပါတယ်နော် ။

Dream said...

အခုလိုတန်ဖိုးရှိတဲ့ အနှစ်လေးကို ဖတ်ခွင့်ရတာ ကျေးဇူးပါ။။။ မသိတာတွေ သိသွားပါတယ်။.

လင်းဦး(စိတ်ပညာ) said...

ညီရေ.. အကျိုးရှိလှတဲ့ ဆောင်းပါတစ်ပုဒ်ပဲ.... ဆက်လက် မျှဝေရေးသားနိုင်ပါစေ...

Anonymous said...

အခုလို မျှဝေပေးတာကိုကျေးဇူးတင်ပါတယ် ကိုအောင်ဆွေဦးရေ... အထူးသဖြင့် စရိုက်ကိုကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတရားတွေ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ညီမလေး မှတ်သားသွားပါတယ် ကိုအောင်ဆွေဦးရေ....

ညီမလေး

ပန်းမြတ်ညို said...

အရှိနဲ့ အသိကိုက်အောင် ကြိုးစားရင်း
မရှင်းတာတွေ သိခွင့်ရလို့ 
ကျေးဇူးပါ အကို

အနမ်း said...

လာရောက်လည်ပတ်ရတာ အကျိုးများပါတယ်။ ဓမ္မနဲ့ ပတ်သတ်တာတွေတော်တော်များများသိခွင့်ရတဲ့အတွက် ကျေးဇူးပါအောင်ဦးရေ။
အဆင်ပြေပျော်ရွှင်ပါစေ။

Anonymous said...

ကောင်းမွန်းတဲ့ အကြောင်းအရာလေးတွေပါ..
ဟုတ်ပါတယ်..။ တရားမထိုင်တိုင်း တရားမလုပ်ဘူးလို့တော့ ပြောလို့မရပါဘူး..။ အရာရာတိုင်းမှာ သတိတရားကို ကပ်ထား နိုင်ရပါ မယ်.။ ဒါပေမယ့် ဘုရားခေတ်က အရိယာတွေ တော်တော်များများဟာ ပါရမီရှင်တွေဖြစ်ကြ ပါတယ်..။ သူတို့တွေဟာလည်း တရားထိုင်ခြင်း အစပြုလို့ အရာရာတိုင်း..၊ အချိန်းတိုင်းမှာ သတိကပ်နိုင်အောင် လို့ကျင့်ခဲ့ကြရပါတယ်..။ ဒီလိုပါပဲ ပုထုဇဉ်လူသားတွေဟာလည်း ကိုယ့်ရဲ့ အသိဥာဏ် ရင့်ကျက်မှုရှိစေအောင် ဆိတ်ငြိမ်မှုကို အမှီပြုပြီး သီလတရားနဲ့ အစဦးဆုံးမှာ တရားကို စည်းပူးရပါမယ်လို့ ထင်မိပါတယ်.. မိမိဥာဏ်ကို ရင့်သထက်ရင့်အောင် ကြိုးစားရပါမယ်... အလေ့အကျင့်ကို ဆိတ်ငြိမ်မှုနဲ့ စတင်ဆောင်ရွက်ရပါမယ်..။ ထို့နောက်မှသာ အရာရာတိုင်းမှာ ပိုလို့ အသိရှိ .. သတိကပ်ပြီး လျင်မြန်စွာပဲ တရားတွေကို နက်နက်နဲနဲသဘောပေါက်လာနိုင်မယ်လို့ထင် မိပါတယ်..။ တရားထိုင်ခြင်းဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်.. အရာရာတိုင်းမှာ အသိရှိနေခြင်းဟာ ပိုလို့ကောင်းမွန်ပါတယ်.. ဒါပေမယ့် အရာရာတိုင်းမှာ လေးနက်စွာ သတိကပ်နေဖို့ တရားထိုင်ခြင်းဖြင့် စတင်ရမယ်လို့ ထင်မြင်မိပါတယ်.. ဒါ့အပြင် တရားတော်များကိုလည်း အခါမရွေး နာကြားကြရပါမယ်လို့ ထင်မြင်မိပါတယ်.. ဓမ္မမိဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ

ဒီဇင်ဘာနှင်း said...

ကိုအောင်ဦးရေ ကျေးဇူးအများကြီးတင်ပါတယ်။

ဂျေဂျူဝိုင် said...

နောက် ကျွန်တော်ရေးမယ့်ပိုစ့်မှာ ကိုးကားရမယ့်စာလေးကို ဒီနေရာလာတွေ့ပါတယ်။ ကျေးဇူးတင်ပါတယ်