လောကဇာတ်ခုံ

လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။ အမှန်ကတော့- မိမိကိုယ်တိုင်လျှင် မိမိရဲ့ ကိုးကွယ်အားထားရာ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အတိုင်း လူတစ်ကိုယ် ဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင် နေကြရတာပါ။ လူတိုင်းဟာ မွေးဖွားလာချိန်မှစလို့ သေတဲ့ အထိ ကိုယ့်ဇာတ်ထုပ်ကို နေရာပေါင်းစုံက သရုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အချို့က ကိုယ့်ဇာတ်ကို နိုင်အောင် သိမ်းကြနော်လို့ ပြောတာဖြစ် နိုင်ပါတယ်။ ဘ၀ဇာတ်ထုပ်ကို ကပြသရုပ်ဆောင်ရာမှာ တချို့က ကြီးကျယ်မှုကို ရည်မှန်းပြီး တချို့ကတော့ မြင့်မြတ်မှုကို ရည်မှန်း သရုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့ အတွေးလေးတွေဟာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

ဘုရားအလောင်း တောမထွက်ခင် ကာလမှာ ဖခင်သုဒ္ဓေါသနမင်းကြီး အပါအ၀င် ဆွေးတော် မျိုးတော်အားလုံးတို့က လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြ၀တေးမင်း ဖြစ်ဖို့ ၀ိုင်းပြီး တွန်းအားပေးနေချိန်မှာ သိဒ္ဓတ္ထ မင်းသားက- “သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်ဖို့အတွက် အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊ ငါက အမြင့်မြတ်ဆုံး ဖြစ်ဖို့အတွက် အကြီး ကျယ်ဆုံးတွေကို စွန့်လွှတ်ရမယ်၊ ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်၊ ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး၊ ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာမရှိတဲ့ တစ်ဘ ၀ တစ်နပ်စာသာဖြစ်တယ်၊ မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်” လို့ ဆင်ခြင်သုံးသပ်ပြီး သစ္စာတရားရှာဖို့ တောထွက်တော်မူခဲ့ပါတယ်။

တောထွက်ခါနီးမှာ အလောင်းတော်မင်းသားရဲ့ ယသော်ဓရာကို သတိပေး၊ ကတိပေး စကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ်လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်” ဆိုကာ မြင်းမြတ်မှုအတွက် ကြီးမြတ်မှုတွေကို ကျောခိုင်းခဲ့တာလည်း အတုယူစရာပါ။

လောကဇာတ်ခုံမှ ကြီးမြတ်မှုအတွက် သရုပ်ဆောင်သွားကြတဲ့ နပိုလီယံ၊ ဟစ်တလာ တို့ကိုကြည့်မယ်ဆိုရင် အမြင်မှာ ကြီးကျယ်သလောက် လုပ်ရက်တွေက အနိမ့်ကျဆုံးလို့ ဆိုရလောင်အောင် အသက်ပေါင်းများစွာကို မညှာမတာ သတ်ခဲ့တာ တွေ့ရပါတယ်။ မာသာထရီဇာ (Mother Theresa) ဆိုတဲ့ အမျိုးသမီးကတော့ သူပိုင်တဲ့ ကြီးကျယ်မှုတွေကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံမှာ အပယ်ခံ ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ အတွက် အမြင့်မြတ်ဆုံး ကရုဏာလုပ်ငန်းကို သရုပ် ဆောင်သွားတာဟာ ရင်သပ်ရှုမောပြီး သာဓု ခေါ်ကြရမှာပါ။ သူ့ဘ၀ဇာတ်လမ်းဟာ အမြင်မှာ ခမ်းနားထည်ဝါတယ်လို့ မထင်ရပေမယ့် တကယ့်ကို မြင့်မြတ်တဲ့ သရုပ်ဆောင်မှုတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့ တဘ၀တာ ဇာတ်သိမ်းခန်းကို အိန္ဒိယနိုင်ငံ သာမက တကမ္ဘာလုံး အမြင့်ဆုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လူသားစိတ်ရှိသူ အားလုံးက တလေးတစား ဂါရ၀ပြု ကောင်းချီး ပေးကြတာပေါ့။

ယနေ့အချိန်မှာလည်း သူဋ္ဌေးအတော်များများ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ပရဟိတ လုပ်ငန်းအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နေကြတဲ့ သတင်းကို မကြာခဏ ကြားသိရပါတယ်။ လောကကြီး ကျက်သရေရှိဖို့ အတွက် ဒီလို သရုပ်ဆောင် ကောင်းတွေ အများကြီးလိုပါတယ်။ (အခုစာဖတ်နေသူ ကိုယ်တိုင် ဖြစ်ခဲ့ရင် အတိုင်းထက် အလွန်ပေါ့)။ မြတ်ဗုဒ္ဓရဲ့ အလိုအရ ဘ၀ဇာတ်လမ်းတခုကို လုပ်ကိုင်ကြတာဟာ နှလုံးသားကို တည်မှီတဲ့ အတွေးအကြံ (မနောကံ)၊ နှုတ်က ပြောဆိုတဲ့ (၀စီကံ)၊ ကိုယ်နဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ (ကာယကံ) စသဖြင့် သုံးမျိုးပဲရှိပါတယ်။ ဒီသုံးမျိုးထဲမှာလည်း မနော ပုဗ္ဗင်္ဂမာ ဓမ္မာ= သက်ရှိတို့ရဲ့ လုပ်ဆောင်မှု(ဓမ္မ) အားလုံးကို မနောကံက ရှေ့သွားဦးဆောင် ပြုတယ် ဆိုတဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့ တရားတော်အရ ဘ၀ဇာတ်လမ်းမှာ နှလုံးသား (မနောကံ)က ဒါရိုက်တာဖြစ်ပြီး၊ အပြော(၀စီကံ)နဲ့ အပြုအမူ (ကာယကံ) တို့က သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုရမှာပေါ့။

မိမိတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သိသာမြင်စေတာက အပြောနဲ့ အပြုအမူဆိုတဲ့ သရုပ်ဆောင်ကံ နှစ်မျိုးပါပဲ။ ဒီကံ နှစ်ခုဟာ ကောင်းရင် ကောင်းသလောက် မိမိအတွက်ရော ပတ်ဝန်းကျင့်အတွက်ပါ ကောင်းကျိုးရစေတဲ့ ဘ၀ဇာတ်လမ်း ကောင်းဖြစ်ပြီး ဆိုးရင်တော့ ဇာတ်လမ်းဆိုးကြီး ဖြစ်သွားမှာပါ။ ဒီကံနှစ်မျိုး သရုပ်ဆောင်တာကို ညွှန်ကြားနေတာက မနောကံ (နှလုံးသား) ဖြစ်တာမို့ ဘုရားရှင်ကတော့ နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ရေးဟာ ဘ၀ဇာတ်လမ်း အတွက် အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးကောင်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအတိုင်း ကိုယ်နဲ့ နှုတ်က သရုပ်ဆောင် လိုက်ရင် အမြင့်မြတ်ဆုံး ဇာတ်လမ်းဖြစ်မှာ မလွဲပါပဲ။

နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ဖို့ အတွက် အရည်အချင်း လေးချက်လိုအပ်တယ်လို့ အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ အပဏ္ဏကသုတ် အရ သိရပါတယ်။ အဲဒီလေးချက်ကတော့-
၁။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ် (နေက္ခမ္မ၀ိတတ်)။
၂။ ရန်ငြိုးအာဃာတ လုံးဝကင်းရှင်းပြီး ခွင့်လွှတ်သည်းခံ တတ်တဲ့စိတ်ဓာတ် (အဗျာပါဒ၀ိတတ်)။
၃။ သူတစ်ပါးအပေါ် သတ်ဖြတ်ငြှင်းဆဲလိုမှု၊ မထီမဲ့မြင်ပြုမှု၊ နိုင်ထက်စီးနင်းပြုလိုမှု ကင်းရှင်းပြီး ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓာတ် (အ၀ိဟိံသ ၀ိတတ်)။
၎။ အကောင်းအဆိုး အကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အသိမှန် (သမ္မာဒိဋ္ဌိ) တို့ဖြစ်ပါတယ်။
ဘယ်သူမဆို ဒီစိတ်ဓာတ်ကောင်းလေးခုကို နှလုံးအိမ်မှာတည်ရှိပြီး နှလုံးကောင်းစိတ်မြတ်ရဲ့ ဦးဆောင်ညွှန်ပြတဲ့ အတိုင်း ကာယကံ၊ ၀စီကံ တို့နဲ့ သရုပ်ဆောင် ပြောဆို ပြုမူနေထိုင်မယ်ဆိုရင် သူတို့ရဲ့ ဇာတ်လမ်းဟာ လောကနဲ့လည်း အံဝင် သာသနာနဲ့လည်း မဆန့်ကျင်တဲ့ အတွက် လောကအနေနဲ့လည်း အမြတ်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်သလို သာသနာတော် (ဓမ္မ)အရ ကြည့်ရင်လည်း အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ထိ အမြင့်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်အောင် ကျင့်ဆောင် နေထိုင်သူလို့ ဆိုနိုင်ပါတယ်။

မိမိတို့တွေ မွေးဖွားခြင်းကနေ စခဲ့ရတဲ့ ဘ၀ဇာတ်လမ်းမှာ ဇာတ်ညွှန်းကောင်း သရုပ်ဆောင်ကောင်းစွာနဲ့ လောကဇာတ်ခုံမှာ ဇာတ်သိမ်းနိုင်သလို ဇာတိ အစ မရဏအဆုံးဆိုတဲ့ ဘ၀တိုတိုမှာ စိတ်ကောင်းနှလုံးမြတ် ရှိပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။


ကိုးကား။ ။ဓမ္မဘေရီ အရှင်ဝီရိယ ရေးသော လောကကျက်သရေ စာအုပ်။


5 comments:

ရွှေပြည်သူ said...

မောင်လေး အောင်ဦးရေ... လောကဇာတ်ခုံပေါ်က သရုပ်ဆောင်တွေ အဖြစ်သရုပ်ဖော်သွားတာ သိပ်ကို ရှင်းလင်းတာပါပဲ။ သိပ်မှန်တာပါပဲ။ ကိုယ်တိုင်ဇာတ်ဆရာ လုပ်တဲ့ ဇာတ်မှာ ကိုယ်ပြုသမျှကံတွေအတိုင်း မျောပါရင်း ကုသိုလ်တွေ အကုသိုလ်တွေ ဆက်ဖန်တီးရင်း သရုပ်ဆောင်နေကြတာပါလေ။ ကိုယ်တိုင်လည်း သရုပ်ဆောင်ကောင်း ဖြစ်ချင်ပါတယ်။ ဖြစ်ဖို့လည်း အများကြီး ကြိုးစားရပါဦးမယ်...

winmyint said...

လောကဇာတ်ခုံ ပိုစ့်ပါ အကြောင်းအရာများကို ဖတ်သားခွင့်ရသည်မှာ လွန်စွာအကျိုးများပါတယ် ညီလေး.. ဘာကြောင့်လဲဆိုတော့ အကိုတို့ဖြစ်စဉ်ကို မြင်သာအောင် ထင်ရှားပြထားတဲ့အတွက်၊ ထိုမြင်ခွင့်ရတဲ့ အသိဖြင့် မြင့်မြတ်သူတို့၏ လုပ်ရပ် အချက် ၄ ချက်ကို မူချပြီး ရှေ့ဆက်၍ မြင့်မြတ်သည်ထက် မြင့်မားအောင် ကြိုးစားသွားရဖို့ဆိုတဲ့ လမ်းကြောင်းကို ချပေးလို့ပဲ ဖြစ်ပါတယ်။
လောကဇာတ်ခုံမှာ တစ်မျိုးတစ်ဖုံနဲ့ သရုပ်ဆောင်ရတို့ဖြစ်ထွေ... ဘယ်တစ်မျိုးဘယ်တဖုံကိုလှ စိတ်ဦဆောင်ကံဆော်ပြုလို့ ဖြစ်ရတဲ့တို့ပုံတွေ...
ဒီပုံတွေရနေသမျှ ပျက်ရခြင်း ဆင်းရဲအထွေအထွေ...
ဤသို့လေ တို့တစ်တွေပါ့...
ဒီ...
... ဇာတ်ခုံမှာ ကနေသမျှ ပုံအမျိုးမျိုးနဲ့ ဆင်းရဲအထွေအထွေ...
...ဆင်းရဲကလွတ်အောင်ပါ့ ဇာတ်ခုံဖျက်မှ တော်မယ်ပါ့...
ဒါပေမယ့် မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်မှ ဘုရားပေးတဲ့အသိရ၍ ထိုအသိဖြင့် စီစစ်ကြည့်တော့ ဇာတ်ခုံဆိုတာက မဖျက်လည်း ပျက်နေတာပါပဲ... အမှန်တကယ် ဖျက်ရမည်က လောကဇာတ်ခုံကို ဆောက်လုပ်နေသူ အဝိဇ္ဇာမူ တဏှာသူကိုပါ့နော...

Dream said...

ပို့စ်လေးကို သေသေချာချာလေးဖတ်သွားတယ် ။
တူညီတဲ့လူ့ဘ၀ ဇာတ်ခုံပေါ်မှာ မတူညီတဲ့
ကကွက်မျိုးစုံနဲ့ ကပြနေကြရတယ်နော်။

အကောင်းဆုံး သရုပ်ဆောင် ကောင်းတစ်ယောာက် ဖြစ်အောင်ကြိုးစားပါမည်။း)

မေတ္တာရောင်ပြန်ဆိုတာ said...

ဘ၀ဇတ်ခုံဆိုတဲ့ ပိုစ့်လေးကို သေချာဖတ်ခဲ့ပါတယ်။ လောကကြီးမှာ ကိုယ်ပြုသမျှကံ အဆိုး အကောင်းကို ကိုယ်သာလျှင်ခံရမှာမို့။ ကိုယ်တိုင်က ဇတ်ဆရာပေါ့။ ကိုဝင်းမြင့်ပြောသလိုပဲ အားလုံးက ဖြစ်ပြီးရင် ပျက်ကြစမြဲဆိုတော့ ဒီဇတ်ခုံဆိုတာလည်း မမြဲဘူးပေါ့နော်။
ဒါပေမယ့် မပျက်သေးတဲ့ ကာလမှာတော့ အကောင်းဆုံးကို ကပြနိုင်ဖို့ ကြိုးစားရမှာပဲလေ။

ကျေးဇူးတင်ပါတယ် မောင်လေးရေ။

ခင်တဲ့

Anonymous said...

အလွန်တန်ဖိုး ရှိတဲ့ စာလေး တစ် ပုဒ်ပါ။ ကျေး ဇူးတင်ပါတယ်။ အမြဲ အား ပေး လျက်။