ရှစ်ပါး သီလ

သင်္ကြန်ကာလတွင် ဥပုသ်၊ သီလ ဆောက်တည်နိုင်စေရန် ရှစ်ပါးသီလ ကိုရေးသားနှိုးဆော်ပါသည်။ ဥပုသ်ဆောက်တည်ရာတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများထံတွင် သီလတောင်းယူ၍လည်းဆောက် တည်ကြပါ သည်။ သို့သော် ဆရာတော်ကြီးများထံ တွင်သွားရောက်၍ သီလတောင်းယူ မဆောက်တည်နိုင်ပါက မိမိကိုယ်တိုင်းသီလ ဆောက်တည်နိုင်သည်။ ထိုသို့ဆောက်တည်မည်ဆိုပါက အောက်ပါအတိုင်း ရွတ်ဆိုဆောက်တည်နိုင်ပါသည်။


သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း...

· ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။

· ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။


· တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။



(က) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( ခ) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( ဂ) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဃ) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

( င) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


( စ) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။


(ဆ) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏမဏ္ဍန၀ိဘူသ
နဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။


( ဇ) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။



အနက်။ ။

(က) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။


(ခ) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။


(ဂ) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။

(ဃ) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(င) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(စ) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဆ) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူရမည်။)ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို၊ ဒဿန- ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော- မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


(ဇ) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။


******************************************************************************
မှတ်သားကြပါရန်…

ဥပုသ်ဆောက်တည်ရာတွင် ကိုးပါး သီလဟူ၍မရှိပါ။ မည်သည့်နေရာမှ ဘုရားရှင် ဟောကြားထားခြင်းလည်း မ ရှိပါ။ ကိုပါး သီလတွင်နောက်ဆုံးဖြစ်သော မေတ္တာသဟဂတေန ဆိုသည်မှာ ရှစ်ပါးသီလတွင် သတ္တ၀ါတွေကို မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ချစ်ဖို့ပြောတာဖြစ်ပါသည်။ မေတ္တာသည် သီလ မဟုတ်ပါ။


(ဓမ္မစေတီဆရာတော် ဟောကြားသော “စစ်မှန်သော ထေရ၀ါဒနှင့်သရဏဂုံ”ံ တရားတော်မှ ထုတ်နှုတ်ရေးသားထားခြင်းဖြစ်ပါသည်)။

**********************************************************************************

အဗြဟ္မစရိယာ နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် တို့၏ ခြားနားချက်။…။

အဗြဟ္မစရိယာသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိပိုင်ဆိုင်သော ကာမကိစ္စနှင့် မိမိမပိုင် ဆိုင်သော ကာမကိစ္စနှစ်မျိုးလုံးမှ ရှောင်ကြဉ်ရ၏။

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် ကိုစောင့်ထိန်းလျှင် မိမိမပိုင်ဆိုင်သော ကာမကိစ္စ တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရ၏။ ဤသို့အားဖြင့် ခြားနားပါသည်။


**********************************************************************************


ညစာ စားလို့ရသော အာဇီဝဋ္ဌမက (ရှစ်ပါးသီလ) သီလ ကို 26.2.2008 ရက်နေ့တွင်ရေးထားနှင့်ပြီးဖြစ်ပါသည်။ စာဖတ်သူများ ဆက်လတ်ဖတ်၍ ထိုသီလ ကိုလည်းဆောက်တည်နိုင်သည်။


“ဓမ္မချမ်းသာ တွေ့အောင်ရှာ အိုနာသေခြင်း ကင်းစေသော်”

“သူတော်ကောင်းဓာတ်တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်”


စာရေးသူ- အောင်ဆွေဦး

No comments: