အကဲ့ရဲ့မလွတ်သောလောက

လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်းဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစား ဆောက်တည်နေရမှု စသော ဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင် ပေသည်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်းတရားများရှိခဲ့သောကြောင့် အကျိုးတရားခန္ဓာကိုရလာခြင်း ဖြစ်ပါသည်။ အကြောင်းတရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက် ကျွန်တော်တို့၊ စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှလွတ်မြောက်ရာလမ်းကိုရှာ ရပါမည်။ အတိတ်ကာလက သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တရား။) တဏှာ၊ လောဘ(ပယ်သတ်ရမည့်တရား) များကိုပြုလုပ်ခဲ့၍ ယခုကာလတွင် ဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား။) ဖြစ်-ဒုက္ခ၊ ပျက်-ဒုက္ခ(ပိုင်းခြားသိရမည့်တရား) ကိုရရှိ လာခြင်းဖြစ်ပါသည်။ အတိတ်က မသိမှု(အ၀ိဇ္ဇာ)၊ လိုချင်တမ်းမက်မှု(တဏှာ) ဦးဆောင်ခဲ့သဖြင့်ယခုတိုင် သံသ ရာရှည်နေပါတော့သည်။ ယခုအချိန်တွင် သံသရာမှလွတ်မြောက်ကြောင်းတရားများကို သာကျင့်ကြံသင့်ပါ သည်။ လောကတွင်နေထိုင်ရသ၍ လောကဓံရှစ်ပါး( ငွေရှိခြင်း၊ မရှိခြင်း။ အခြွေရံရှိခြင်း၊ မရှိခြင်း။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်း ခြင်း။ ကောင်ကျိုးချမ်းသာခံစားရခြင်း၊ မကောင်းကျိုးခံစားရခြင်း) နှင့်လည်းကြုံတွေ့ နေရမည်မှာမ လွဲ ပေ။လောကကြီးမှာ မည်သည့်အကြောင်းနှင့်ဖြစ်စေအကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်ကဟောကြားတော်မူခဲ့ပါ သည်။ ထိုကြောင့်မိမိကိုကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့်ကြုံးလာရသည် ရှိခဲ့သော်ရန်တုံ့မပြန်မိစေရန်သတိရှိရ ပါမည်။ မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန်ရောက်လာကြ၏။ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ်ကြ၏။ အရှင်ရေ၀တသည် အနည်းငယ်နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာတရားထိုင်နေလေ ရာအရှင်သာရိပုတ္တရာထံ သွားကြ၏။ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသောအဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာဟောပြောရာငြီးငွေ့လာကြ၏။ သင့်တော်သောတရားကို နာယူမည်ဟုဆုံးဖြတ်၍ အရှင်အာနန္ဒာထံ သွားကြပြန်သည်။ အရှင်အာနန္ဒာ ကအခြေခံတရားများ၏လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ်ဟောပြောရာ နားမရှင်းဖြစ်ကြပြန်၏။ ထို့နောက်မြတ်စွာဘုရား၏ရှေ့မှောက်သို့သွားကြရောက်ပြီး လျှောက်ထားကြ၏။“အရှင် ဘုရား အရှင်ရေ၀တ ကတရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါသည်။ အရှင်သာရိပုတ္တရာက ကျယ်ဝန်း စွာဟော၍ ငြီးငွေ့ကြပါသည်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍နား လည်ရန်ခက်ပါသည်။ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါသည်” ဟုလျှောက်ထားရာဘု ရားရှင်က အောက်ပါအတိုင်း ဟောတော်မူပါသည်။


“အို…အတုလ...ကဲ့ရဲ့ခြင်းသည်ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည်ယခုမှဖြစ်သည်မဟုတ်။ ဆိတ် ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟောသူကိုလည်းကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”


ဆောင်ပုဒ်။...။

လောကလူများ၊ စိတ်အထာကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။ မချဲ့လိုရင်းသင့်ရုံရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊
အပြစ်တင်သည်၊ ဤလျှင်လူ့သဘောပေတည်း။...။

( ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု )၊


မိမိကို ကဲ့ရဲ့ခြင်းလောကဓံနှင့်ကြုံလာခဲ့ရသော် အထက်တွင်ရေးသားထားသော ဘုရားရှင်၏ ဟောကြားသည့် တရားကို သတိရ၍ ရန်နှင့်မတုန့်ပြန်မိစေရန် အသိပေးရေးသားလိုက်ရပါသည်။ ကြုံလာသော လောကဓံတရား ကိုဒုက္ခသစ္စာဟု သိ၍မိမိမှ သမုဒယသစ္စာထပ်မံ မလုပ်မိရန်သတိတရားရှိပါမည်။ စာဖတ်သူများ အသိတရား များတိုးပွား၍ အကျင့်တရားလိုက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။


“အသိတလုံး လက်ကိုင်သုံး အဆုံးနိဗ္ဗာန်ပြည်”


စာရေးသူ- အောင်ဆွေဦး

2 comments:

ရွှေပြည်သူ said...

အစ်မ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်ရဲ့မှတ်ချက် (ကဲ့ရဲ့မှု)တွေကို လိုတာထက်ပိုပြီး ဂရုစိုက်ခဲ့ဖူးပါတယ်။ အခုလည်း အနည်းနဲ့အများတော့ ဂရုစိုက်မိတုန်းပါ။ ပြန်ပြီး ရန်မပြုမိရင်တောင် ဒေါသလေးတော့ နည်းနည်းထွက်မိတာပါပဲ (အကုသိုလ်တွေပေါ့လေ)။ မောင်လေးရေးထားတာကို ဖတ်ပြီး သတိထားဖို့ အသိတစ်ခုတိုးသွားပါပြီ။ အစ်မ ဒီBlogကို ပထမဆုံးလာလည်တုန်းက ပြောခဲ့ဖူးသလိုပါပဲ... သိပ်တန်ဖိုးရှိတဲ့ Blog လေးပါ။ သာဓုခေါ်ပါတယ် မောင်လေး...

NatShinNaung said...

ကောင်းလွန်းလို့ ဘယ်လိုပြောရမလဲ ကိုမသိတော့ဘူး။ ဗုဒ္ဓရဲ့ ကျေးဇူးတော်တွေပေါ့။ တစ်ဆင့်ဖော်ပြပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ့်ဘာသာ ရှာဖတ်ရရင် မလွယ်ဘူးလေ။ ဆက်ပြီး တရားဒါန ပြုနိုင်ပါစေ။