ဘ၀တစ်ခုရလာပြီဆိုလျှင်မွေးဖွားခြင်းမှအစပြု၍သေဆုံးခြင်းမှာအဆုံးသတ်ရပါတယ်။ သေဆုံးခြင်းကိုမည်သူမှ လွန်ဆန်နိုင်ခြင်းမရှိပါဘူး။ ထို့သို့ဆိုရလျှင်သေဆုံးဖို့အတွက်ပြင် ဆင်ဖို့လိုအပ်ပါမည်။ ဘ၀ဖြစ်တည်လာတာနှင့် အိုခြင်း၊ နာခြင်းတို့သည်လည်းကြုံဆုံရမည် မှာမလွဲပေ။ အို၊ နာ၊ သေခြင်းတရားတို့သည် ဆင်းရဲကြောင်းအမှန် ပင်ဖြစ်ပါသည်။ ရှေးရှေး ဘ၀များက မိုက်အားကြီးခဲ့၍ ယခုအချိန်တိုင်အောင် ဒုက္ခပင်လယ်ဝေနေရသည်ကို သတိသံဝေဂရကြပါစေ။ ရှေးကဘုရားအဆူဆူပွင့်ခဲ့သော်လည်း ဘုရားမမြင် တရားမခင်သောကြောင့်ယခုတိုင် အောင်သံသရာခရီးသည်ရှည်လျားနေရပါတော့သည်။ ယနေ့အချိန် မှာနေရေးအတွက်ကြိုးစားနေရသလိုသေး ရေးအတွက်လည်းပြင်ဆင်သင့်ပါပြီ။ လက်ရှိဘ၀ခန္ဓာကို သံသရာကောင်းကျိုးအတွက်အသုံးချတက်ဖို့အကြံပေး ပါရစေ။
စလေဦးပုညကအောက်ပါအတိုင်းရေးစပ်ခဲ့သည်ကို သတိသံဝေရကြပါကုန်…
“ယခုခါမူ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား
ဟောကြားမည့်သူ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်
အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့
လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”
ထိုအချက်များကိုတွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်းကြုံပြီ၊ ဟောကြားနေသောရဟန်း သာဝကများလည်းပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက်၊ တရားပျက်၊ စရိုက်ပျက်၊ မူပျက်နေရင် တော့လူဖြစ်ရကျိုးနပ်မှာမဟုတ်ပါဘူး။ နောက် ထပ်သံသရာခရီးလည်းရှည်ရပါမည်။ မိမိသည်တနေ့ထက်တ နေ့သေးမင်းဆီကိုဦးတည်သွားနေသည်ကိုလူတိုင်းသိပြီးဖြစ်ပါမည်။ မိမိသည်ခရီးသွားမည်ဆိုလျှင်မသွားခင်ကြို တင်ပြင်ဆင်ကြရပါသည်။ ထို့အတူသေမင်းဆီသို့သွားရမည့် ခရီးကိုမည်သို့သောအရာများနှင့်ပြင်ဆင်ကြပါမည် နည်း။ မိမိကိုယ် ကိုပြန်မေးကြည့်ပါ။ သရဏဂုံတည်၍သေမည်လား၊ သမထ အားထုတ်၍သေမည်လား၊ ၀ိပဿ နာတရားအားထုတ်၍သေမည်လား ဆိုသည်ကိုစဉ်းစားပြင်ဆင်ကြသင့်ပါပြီ။ ပုထုဇဉ်တွေဟာမိမိတို့ဘယ်ဘ၀က လာတယ်ဆိုတာကိုမသိကြပါဘူး။ သေရင်ဘယ်ကို သွားမယ်လို့လည်းမ သိကြဘူး။ ဘယ်နေ့သေရမယ်ဆိုတာ ကိုလည်းမသိကြဘူး။ နေသာနေ နေကြတယ်ဘာမှလည်း ရေရေရာရာမရှိလှဘူး။ ဒါကြောင့်နေရတဲ့အခိုက် တန့်ကာလလေးမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ဗြဟ္မစိုတရား များနှင့်နေထိုင်သင့်ပါသည်။ လူတွေ ရဲ့သက်တမ်းများတိုလာခြင်းမှာ ထိုတရားများခေါင်းပါးလာသောကြောင့်ဖြစ်ပါသည်။ စာဖတ်သူများသည်လည်း အနေလှဖို့ အတွက်သာမပြင်ဆင်တော့ဘဲ အသေလှကြောင်းတရားများကိုလည်း သိရှိကာနေရေးမခင် သေရေး လည်းပြင်သင့်ပါပြီဟုအကြံပြုလိုပါသည်။
အသေလှကြောင်းတရား(၄)ပါး..
(၁) တစ်ကိုယ်ကောင်းမဆန်ခြင်း။
(၂) ကုသိုလ်ပူနွေးခြင်း။
(၃) အစွဲကင်းခြင်း။
(၄) ယုံမှားကင်းခြင်း။
မိမိသည် အရာရာတိုင်းကို ငါ့ပစ္စည်း၊ ငါ့ပိုင်၊ ငါဆိုင်တယ်ဆိုတဲ့ ငါစွဲတရားများမရှိခြင်း ကြောင့်မိမိရဲ့စိတ်ထဲမှာ လောဘ၊ ဒေါသ များနည်းပါးကာ ကုသိုလ်တရားများ ပိုမိုပြုလုပ် ကြပါမည်။ မိမိပြုလုပ်ထားတဲ့ ကုသိုလ်တရား များကို မမေ့မလျော့နေဘဲပြန်လည်စဉ်းစား ကာပီတိဖြစ်ရပါမည်။ မိမိ၏ ပိုင်ဆိုင်မှု၊ ဆွေမျိုးအစရှိသောအရာ များကို အစွဲမထားရပါဘူး။ ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံမှားသံသယ မဖြစ်ရပါဘူး။ သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားမျိုးဖြစ်အောင် ကိုးကွယ်တက်ရပါမည်။ မိမိသည်ကုသိုလ်တရားများကိုပြန်လည်သတိရချိန်တွင်သတိ ရစိတ်သည်အမြဲမရှိသည်ကို ပိုင်းခြားသိမြင်နိုင်ပါက ၀ိပဿသနာဥာဏ် ဖြစ်ပါသည်။ (၀ိပဿနာဥာဏ်ဖြင့်တ ရားအားထုတ်၍သေခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်)။ သေခါနီးအချိန်မှာ နာတဲ့ဝေဒနာကိုခံစားကြရမှာပါ။ ထိုဝေဒနာကို ငါ ခံစားနေတယ်လို့ နှလုံးမသွင်းရပါဘူး။ ဝေဒနာသည်ငါမဟုတ်။ ဝေဒနာ အနိစ္စ(အမြဲမရှိ) ဟူ၍ ဝေဒနာနှင့် ငါခွာ၍သေတက်လျှင်အကောင်းဆုံးသေနည်းဖြစ်ပါမည်။ ထိုသို့သေခြင်းသည်သေခါးနီးအချိန်မှာပင် သောတပန်တည်နိုင်ပါသည်။
“လူ့သက်၊ လူ့အိမ်၊ လူ့စည်းစိမ်က
မိုးတိမ်လျှပ်နှယ်၊ ပျံသော်ကြယ်မျှ
ကြာနွယ်ရေခြောက်၊ သေမီးတောက်သို့
ချုပ်ပျောက်ခန္နာ ကွယ်ရရှာသည်
မှန်စွာဒုက္ခပါတကား။”
လူ့အသက်၊ လူ့အိမ်၊ လူ့စည်းစိမ်ဆိုတာ မိုးပေါ်ကမိုးတိမ်တိုက်တွေလိုပါပဲ အခုမော့ကြည့် လိုက်ရင်ဒီနေရာဆို ပေမယ့် နောက်တကြိမ်ကြည့်လိုက်ရင် လျှင်မြန်စွာနေရာပြောင်းလွှဲသွားတာတွေ့ပါလိမ့်မယ်။ ရေထဲကကြာပန်း ကိုခူးပြီး နေပူပူမှာပစ်တင်ကြည့်ပါကခဏအတွင်း ခြောက်ကပ်သွားမှာ တွေ့ပါလိမ့်မယ်။ မီးတောက်အရက်ကို လောင်းပြီး မီးရှို့ကြည့်ပါက ဟုတ်ခနဲလောင်ပြီ ငြိမ်းသွားတာတွေ့ပါလိမ့်မယ်။ ဒီလိုပါပဲအသက်တစ်ခု၊ ဘ၀တစ်ခု လို့ ပြောနေကြတဲ့ ဒီခန္ဓာဟာအိုခြင်း၊ နာခြင်း၊ သေခြင်းဘေးသို့အလျှင်အမြန်သွားနေတယ်ဆိုသည်ကို သတိ သံဝေဂရကာ ၀ိပဿနာ ဘာဝနာကို အစဉ်ပွားများနေသင့်ပါသည်။ စာဖတ်သူများ ဒေသနာဥာဏ်များတိုးပွား ကာအသိတရားကို အကျင့်လိုက်၍ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။…။
“ဓမ္မချမ်းသာတွေ့အောင်ရှာ အို၊ နာ၊ သေခြင်းကင်းစေသော်”
1 comment:
မောင်လေး blog ကိုဖတ်လိုက်တိုင်း ကိုယ့်ကို စဉ်ဆက်မပြတ် သတိပေးနေသလို ခံစားရပါတယ်။ ကျေးဇူးအထူးတင်ပါတယ် မောင်လေးရေ...
Post a Comment