သူတော်စင်တို့၏ စိတ်ဓာတ်

“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်”
( အရှင်ဇ၀န )




သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်မှု့၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါသည်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်”ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက်ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မည်။ ထို့ကြောင့် သဒ္ဓါ(ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ် ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်”ရပါမည်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမည်။ ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါသည်။


ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော် မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။ သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကိုညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှ ကိုယ်တော်တပါး က အပေါ့ အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။ ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာ ကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များသုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်း များကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊ မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ် တီဆရာတော်ကြီးအား “သက်တော်၊ ၀ါ တော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေ ထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။
ထိုအခါ ဆရာတော်ကြီး“အရှင်ဘုရားတို့…တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်း ဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ တပည့်တော်သည် ဒီခန္ဓာ ကြီးကိုတန်အောင်ခိုင်းရပါလိမ့်မည်၊ တပည့်တော်သည် ဘ၀အဆက်ဆက်က သား ကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့် ကြားကာ အနှစ်(၂၀) လုံးလှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုး သည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော် ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တ မြေပေါ် ခြေတစ်လှမ်းချ လိုက်တာနှင့် မိုးရွာချပါတော့တယ်။


စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်းဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုးဆောင်ရွတ်တော်မူခဲ့ပါသည်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်း များ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်း၍ကောင်းပါစေဟူ၍ကျောင်းဝန်း အတွင်းသဲတွေဖြန့်ဖြူးပေးပါ တယ်။ ဆရာတော် ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ မပြုစုရဲပါဘူး။ ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာပြုစုသော်လည်း ထိုရဟန်း မှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အ အိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။ သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသ လဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်း ကျိုးချမ်း သာကို ကျလိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယာဝစ္စကု သိုလ်အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာ ကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ မိမိသည် ကိုယ်ကျိုး မဖက် ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာ ပါဘဲ။ မိမိ တို့ရဲ့ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။


မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားကြရပါ မယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရ စေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းဘဲဖြစ်ပါတယ်။ ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ် ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။ ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည် ပင်ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည် လည်းကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ မိမိသည် ဘာ့ကြောင့် လှူရသလဲဆို သောရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ မိမိတို့မရ ဘူးသေး သည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ဘဲ အများအကျိုးကိုသာဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။



စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။


“သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”

စာရေးသူ- အောင်ဆွေဦး



9 comments:

HEARTMUSEUM said...

ကိုအောင်ရေ...
မလှူခင်ကလဲ ၀မ်းမြောက်၊ လှူပြီးတော့လည်း စိတ်ချမ်းသာ
ကိုယ်ချစ်တဲ့ ပြည်သူတွေကို ပေးရတာကိုးဗျ။ ဒါပေမယ့် အခုတော့ သူတို့ဆီ မရောက်ပဲ ဟို အင်္ကျီအဖြူ၊ ပုဆိုးအစိမ်း
နဲ့လူတွေဆီ ရောက်မှာ စိုးရိမ်စိတ် မောဟ လွှမ်းနေတယ်ဗျာ။
ဒီစာလေးတော့ ကြိုက်လို့ ယူသွားတယ်ဗျာ။
“ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါသည်။

ရွှေပြည်သူ said...

ဒီပို့စ်တစ်ခုထဲနဲ့တင် မှတ်သားစရာတွေ အများကြီးရသွားပါတယ် မောင်လေးရေ။ သိပ်တန်ဖိုးရှိပါတယ်။ အခုလို မုန်တိုင်းအတွက် စေတနာသဒ္ဓါတရားတွေနဲ့ လှူနေကြတဲ့အချိန်မှာ အားလုံးအတွက် လိုအပ်နေတဲ့ ပို့စ်လေးပါ။ အစ်မရဲ့ မှတ်စုလေးက အောက်မှာပါ
၁) “အရှင်ဘုရားတို့…တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေး ငွေပေးငှားပြီးလယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင်ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်း ဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ်ခင်မှာ တပည့်တော်သည် ဒီခန္ဓာ ကြီးကိုတန်အောင်ခိုင်းရပါလိမ့်မည်၊ တပည့်တော်သည် ဘ၀အဆက်ဆက်က သား ကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ”
၂) လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်း ကျိုးချမ်း သာကို ကျလိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယာဝစ္စကု သိုလ်အလုပ်ကျတော့ မလုပ်ကြပါဘူး။
၃) ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။

ဓမ္မဒါန ဖြန့်ဝေပါသည်။ said...

့heartmuseum...
ကျွန်တော်သတိပေးပါရစေ... လှူလိုက်ပြီဆိုကတည်းက စေတနာ ပြတ်သားပြီးသားဖြစ်ပါလိမ့်မယ်။ လှူတယ်ဆိုတာ မိမိက ပေးလိုက်တယ်ထင်သော်လည်း တကယ်တော့ ရလိုက်တာပါ။ မိမိရဲ့ စိတ်မှာ အလောဘ၊ အဒေါသ၊ အမစ္ဆရိယ( ၀န်တိုမှုမရှိခြင်း) ဖြစ်နေတာကို မြင်အောင် ကြည့်လိုက်ပါဦး။ မိမိရည်မှန်းထားတဲ့ သူတွေဆီမရောက်လို့ စေတနာပျက်သွားတာမျိုးမဖြစ်အောင်သတိတရား ရှိပါစေ.။ အလှူခံပုဂ္ဂိုလ်(၁၄)မျိုးရှိပါတယ်။ တိရစ္ဆာန်များသည်လည်း အလှူခံပုဂ္ဂိုလ်ထဲမှာ ပါဝင်ပါတယ်။ အကိုရဲ့ ထက်သန်တဲ့ သဒ္ဓါတရား၊ သန့်ရှင်းတဲ့ လှူဖွယ်ဝတ္ထုကို စိုရိမ်သောက မဖြစ်နေပါနဲ့တော့။ သူတပါးပစ္စည်းကို မတော်မတရား ယူတဲ့သူဟာ လည်း သူကံနဲ့သူသွားရ ပါလိမ့်မယ် အကို။

HEARTMUSEUM said...

ဟုတ်ပဗျာ... သတိဆိုတဲ့ ဥာဏ်ကို ဒေါသဆိုတဲ့ မောဟနောက်မပါအောင် ချွန်းအုပ်နေပါတယ်ဗျာ။
ဒါကြောင့်လည်း “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ကို ကူးသွားပြီး နာနာပွား နေကြောင်းပါဗျာ။

BLACK DREAM said...

တကယ်ကောင်းတဲ့ ပို့စ်ပါပဲ သူငယ်ချင်း..။ ဒါနတွေထဲမှာ ဓမ္မဒါနဟာ အမြတ်ဆုံးပါပဲ...။ သာဓုခေါ်ပါတယ်ကွာ...။ :)

ဗိုလ်ဟိန်း said...

မှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်ဗျာ။ အမွန်မြတ်ဆုံးသော ဓမ္မဒါနအတွက် သာဓု သာဓု သာဓု ပါခင်ဗျာ။ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။

Taungoo said...

လယ်တီဆရာတော်ကြီးနှင့်
စစ်ကိုင်း ဝက်ချပ်မင်းကျောင်းဆရာတော်ကြီးတို့ အကြောင်း ကြည်ညိုဖွယ်သိရှိရတဲ့အတွက် ကျေးဇူးပါ
အောင်ဦးရေ

Eduking said...

အတိုင်းမရှိသော အကျိုးကို ဆောင်ပါတယ် ခင်မျာ..
ဖတ်ရတဲ့အခါ စိတ်အစဉ် တည်ငြိမ်ပြီး မြတ်သောအကျင့်တွေကိုလည်း မမေ့လျော့ဖို့ သတိပေးခံလိုက်ရသလိုပါပဲ..

yinkyi said...

သို့ ......
ဒီစာလေးတွေကိုဒီနေ့ ကစပြီးဖတ်ခွင့်၇အောင်ေ၇းသားသူ၊ပို့ ပေးသူအားလုံးကိုဒီနေ့ ကစပြီးကျေးဇူးအထူးတင်သွားမှာပါ။