ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်ပန်းတိုင်ကား မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင်ဖြစ်ပါသည်။ လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော်ဘုရားကြီးက…
“အို…လူများတို့၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ၊ ယခုအခါ ဓမ္မက္ခန္ဓာဘုရားတွေ အများကြီး ရှိသေး၏။ ကံ၊ ပါရမီရှိလျှင် ရလိမ့် မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည်။ စာမတက်လို့၊ ဘာမတက်လို့လဲ မလုပ်ကြပါနှင့်၊ ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည်။ သို့အတွက် အို..လူများတို့ ယခုအခါ ကံ၊ ပါရမီကို မေးရန်မလိုပါ။ ရှင်ဘုရင်သားဖြစ်ပြီး အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို။ မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီး ပျားဖွတ်ရန်မလို၊ ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိ လျက်ကနဲ့ မထွက်သော် ကံ၊ ပါရမီ ချဖွယ်မရှိ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိ လျှက်မဆေးသော် ရေ၌အပြစ်ဆိုဖွယ်ရာမလို၊ မိမိကသာ ဖျင်းလို့၊ “အ”လို့၊ ဖြစ်သည်။ “အ” သေနည်း သေတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ၊ လန့်ကြ၊ ထိတ်ကြ။ အို..လူများတို့ သို့အတွက် တရားအားထုတ်ကြပါကုန်လော့။”
ဟူ၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ် ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည်။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀အနှစ်သာရထုတ်ခြင်းတစ်ခုဖြစ်၏။ ထိုကဲ့သို့ အနှစ်သာရ ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရှိထားသင့်ပါသည်။
လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်မှာ…
(၁) ဘုရားရှင်ပွင့်တော်မူသောအခါကို ရခဲခြင်း၊
(၂) လူ့ဘ၀ကို ရခဲခြင်း၊
(၃) သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်အဖြစ်ကို ရခဲခြင်း၊
(၄) ရဟန်းဘ၀ကို ရခဲခြင်း၊
(၅) သူတော်ကောင်းတရားကို ကြားနာရခဲခြင်း တို့ဖြစ်ပေသည်။
ဤနေရာတွင် လူ့ဘ၀ရခဲပုံကိုသာ စာရှုသူများ နားရှင်းသည်အထိကြိုးစားရေးသားပါမည်။ နခသီခူပသုတ်တွင် ဗုဒ္ဓဟောကြားထားသည်မှာ- “ချစ်သား၊ ချစ်သမီးတို့… ငါဘုရား၏ လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က မဟာပထ၀ီမြေ ကြီး ဘယ်ဟာကများသနည်း”၊
“အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား”
“ချစ်သား၊ ချစ်သမီးတို့၊ ဟောဒီဥပမာအတိုင်းပဲ၊ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံ့ပေါ်က မြေမှုန် လောက်ပဲရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ဖြစ်ပါသည်။
တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်တွင်လည်း အပါယ်ဘုံသားတို့ လူ့ဘ၀ရခဲယဉ်းပုံနှင့်ပတ်သတ်၍ ဟောကြားထားတော်မူသည်မှာ “ချစ်သား၊ ချစ်သမီတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခုခဲယဉ်းပုံကို ငါဘုရား ဥပမာနှင့်တကွ ဟောကြားတော်မူမယ်။ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရှိတယ်။ အဲဒီသမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။ ထမ်းပိုးကလည်း လေတိုက်ရာအရပ် လေးမျက်နှာ မျောချင်းရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့် ရင် သူပေါ်ချင်ရာမှာပေါ်မယ်၊ လိပ်ကန်းကြီးကလည်း အနှစ်တစ်ရာပြည့်လို့ ရေပေါ်ကို ပေါ်လာတဲ့ အချိန်လည်း ဖြစ်ရမယ်။ အရပ်လေးမျက်နှာ မျောချင်ရာ မျောနေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့တည့်တည့် နေရာ ရောက်နေရမယ်။ ပိုပြီးခဲခဲယဉ်းယဉ်း ဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့်မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား ချစ်သား၊ ချစ်သမီးတို့”၊
“ဤသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရား”
“ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ကတော့ ယခုငါဘုရား ဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့” ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤဟောကြားချက် သုံခုလုံးပေါင်းကြည့်လိုက်ပါမှ လူ့ဘ၀ရဖို့ခဲယဉ်းပုံကို ပိုမို၍ သိလာရပါသည်။ အများအားဖြင့် လူတွေက မိမိရလာတဲ့ ဘ၀ကို တန်းဖိုးသိတ်မထားသလိုပါဘဲ။ အင်မတန်ကံကောင်းလွန်းသောကြောင့် လူ့ဘ၀ကို ခဏတာရောက်လာခြင်းဖြစ်ပါသည်။ အခုလို လူ့ဘ၀ရောက်ချိန်လေးမှာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကိုကြိုးစားအားထုတ်မှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်မှန်းချက် အတိုင်းလိုက်နာသူစင်စစ် ဖြစ်ပါမည်။ လောကီအလုပ်တွေနဲ့ဘဲ အချိန်ကို အသုံးချနေမယ်ဆိုရင် လူ့ဘ၀တန်ဖိုးဆုံးရှုံးသွားပါမည်။ တန်းဖိုးထား တက်သူမှသာ တန်းဖိုးရှိမှန်းသိပါမည်။ တဆက်တည်းပြောလိုသည်မှာ မိမိတို့ ပန်းတိုင်ရောက်ရေး အားထုတ်ရာမှာ ဆရာကောင်းကို ဆည်းပူးဖို့အရေးကြီးပါသည်။ ဆရားတင်မှားပါကလည်း မိမိတို့ ပန်းတိုင်ရောက်နိုင်မှာ မဟုတ်ပါ။ “ပူဇော်ရာမှာ အများသံဃာ၊ ကိုးကွယ်ရာမှာ ရွေးချယ်ပါ” ဆိုသည့်အတိုင်း ဆရာကောင်းကို ရွေးချယ်ကိုးကွယ်ရပါမည်။ ဆရာကောင်းကိုရရင် ကိစ္စအားလုံးပြီးစီးတယ်လို့ ဘုရား ရှင်က ဟောကြားခဲ့ပါသည်။ မိမိတို့ရထားတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိရှိကာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်တက်လှမ်းဖို့သည်သာ အရေးအကြီးဆုံးဖြစ်ပါသည်။
“စာဖတ်သူများ အသိဉာဏ်ပညာတိုးပွားကာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်းမှန်းချက် ပန်းတိုင်ကို အရောက်တက်လှမ်းနိုင်ကြပါစေ…”
မှတ်ချက်။..။ အရှင်ဇ၀န(မေတ္တာရှင်)၏ “မျက်ရည်မကျခင်သိစေချင်” စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment