ကျေးဇူးကြီးလှ မြတ်ဓမ္မ...

စာဖတ်သူ အစ်ကို တစ်ယောက်မှ ပေးပို့လာသော စာမူကို မူရင်းအတိုင်းဖော်ပြလိုက်ရပါသည်။





ဤကိုယ်တွေ့ဖြစ်ရပ်မှန် စာစုကို မြတ်စွာဘုရားအား ကျေးဇူးဆပ်သည့်အနေဖြင့် ရေးပါသည်။

ဤစာရေးသူသည် အာရုံစူးစိုက်မှု လျော့နည်းကျဆင်းခြင်းရောဂါဟု မြန်မာ အဓိပ္ပာယ်ရှိသော ADHD ရောဂါကို ငယ်စဉ် ကလေးဘ၀ကတည်းက ခံစားခဲ့ရသူ ဖြစ်ပါသည်။



ရောဂါ၏ ထိုးနှက်ခြင်းကို သိသိသာသာ ခံစားလာရသည်မှာ ၁၀ နှစ်အရွယ် ကတည်းက ဖြစ်ပါသည်။ ရလဒ်မှာ အတန်းထဲတွင် အမှတ်များ ကျဆင်းလာခြင်း၊ ပညာရည်ချွန်ဆုများ မရတော့ခြင်း၊ အာရုံမစိုက်နိုင်သဖြင့် ဆရာ စာသင်လျှင် ဘာသင်မှန်း လိုက်မမှတ်နိုင်ဘဲ စိတ်ပြန့်လွင့်နေခြင်းများ ဖြစ်ပါသည်။
ငယ်စဉ်က မိဘများက အိမ်ပြင်ထွက်၍ အိမ်နီးချင်း ကလေးများနှင့် ရောနှော ဆော့ ကစားသည်ကို မနှစ်သက်သဖြင့် အိမ်ခန်းထဲမှာသာ နေစေခြင်း၊ အိမ်ထဲတွင်လည်း ဆော့ကစားသည်ကို ခွင့်မပြုခြင်းတို့ကြောင့် အထီးကျန်ကာ အိမ်ခန်းကျဉ်းထဲတွင် အချိန်ပြည့် ဟိုငေးဒီငေး လုပ်နေရရင်း ထိုရောဂါ ကြီးထွားလာရခြင်း ဖြစ်ပါသည်။ ကြီးပြင်း၍ သိရှိလာသောအခါ မိမိ ဘ၀ကံ ၀ဋ်ကြွေးဟုသာ နားလည်လိုက်ရပြီး အကျိုးဆက်ကို မသိ၍ စည်းကမ်းချုပ်ချယ်မိသော မိဘများကိုလည်း အပြစ်မတင် တော့ပါ။ သို့သော် သားသမီးကို ချစ်လွန်း၍ အခြားကလေးများနှင့် ပေးမရောနှော ခြင်း၊ အိမ်ထဲမှာသာ နေစေခြင်းတို့ကို ပြုမိသည့် ငယ်ရွယ်သူ မိဘအချို့ကို စာရေးသူ၏အဖြစ်ဆိုးဖြင့် သတိပြုစေလိုပါသည်။


၁၀ တန်းမှာရော တက္ကသိုလ်မှာရော တဖုန်းဖုန်း ကျပါသည်။ စာကျက်မရကြောင်း၊ အာရုံစိုက်မရကြောင်း မည်သူ့ကို ပြောပြ အကူအညီတောင်းရမှန်းလည်း မသိ။ ပြောပြစရာ လူလည်း မရှိပါ။ ကိုယ်စိတ်ဆင်းရဲ ကြီးစွာ ခံခဲ့ရပါသည်။
အသက် ၃၀ ကျော်သောအခါ ADHD ကြောင့် ကြာလေ ဒုက္ခရောက်လေ ဖြစ်လာပါ သည်။ အာရုံစိုက်မှု အားမကောင်း၊ စိတ်အမြဲပြန့်လွင့်နေသဖြင့် အလုပ်နောက်ကျ ခြင်း၊ ပြုဖွယ်ကိစ္စများ အချိန်မီ မပြီးခြင်းများ ကြုံရပါသည်။
သံဃာတော်များ၊ တရားဓမ္မ တတ်ကျွမ်းနားလည်သည့် ဆရာကြီးများ ရေးသား သော တရားစာအုပ်များကို ဖတ်ရှုရ၊ တရားခွေများကို နာကြားရသည့် အခါ ကံ ကံ၏ အကျိုး ဆိုသည်ကို သိနားလည်လာပါသည်။ တရားစခန်း ရိပ်သာများသို့ ၀င်ရောက်၍ တရားထိုင်သောအခါ စိတ်ပိုကြည်လင်သန့်ရှင်းလာပြီး အကြောင်း အကျိုးကို ပို၍ ပိုင်းခြားဆင်ခြင်နိုင်လာပါသည်။ ဆရာဝန်များ သတ်မှတ်ထားသော ADHD ရောဂါသည် တရားဓမ္မ နယ်ပယ်တွင် သမာဓိအားနည်းခြင်းအဖြစ် အကျုံးဝင် ကြောင်း သိလာပါသည်။
ယခုလို နာတာရှည် ADHD ရောဂါသည် ဖြစ်ရခြင်းမှာ ယခင်ဘ၀က သူတပါးကို သမာဓိပျက်အောင် လုပ်ခဲ့မိခြင်း၊ စိတ်ပြန့်လွင့် အာရုံမစူးစိုက်နိုင်အောင် နှိပ်စက်ခဲ့ မိခြင်း (အနှောင်အကျဉ်း ထားမိခြင်း ဖြစ်နိုင်ပါသည်)တို့ကြောင့် ကံကံ၏ အကျိုးကို ပြန်ခံစားရခြင်း ဖြစ်ကြောင်း သိမြင်လာပါသည်။


စာရေးသူ ဘာလုပ်ရပါမည်နည်း၊ အသက်ကလည်း ၃၀ ကျော်လာပါပြီ။ ဒီရောဂါ ဆိုးကြောင့် ဘာမဆို ဖင့်နှေးနောက်ကျနေသဖြင့် ဒုက္ခတွေ ရောက်ရသည်မှာလည်း အကြိမ်ကြိမ် ဖြစ်ပါသည်။
မြတ်စွာဘုရား ခိုင်းသည့်အတိုင်း ဒါနသီလ ကောင်းမှုများကို ပြုခဲ့ခြင်းသည် ဒီဘ၀ မှာပင် ချက်ချင်း အကျိုးပေးခဲ့သည်မှာလည်း ကိုယ်တွေ့ဖြစ်ပါသည်။ စာရေးသူမှာ ဆွေမျိုးအိမ် (အမွေပိုင်ဆိုင်ခွင့်ရှိသောအိမ် ဖြစ်ပါသည်) တွင် အငြိုငြင် အဆူဆောင့် ခံပြီး နေထိုင်ရသည့် ဘ၀မှ အခန်းလေးတခန်းဖြင့် ကိုယ်ပိုင် နေထိုင်ရသော ဘ၀သို့ မထင်မှတ်ဘဲ တိုးတက်ရရှိခဲ့ပါသည်။ နာမကျန်းလျှင်ပင် ဆေးခန်းသွားစရာ ငွေမရှိ၊ ဆရာဝန် ညွှန်ကြားသည့် ဓာတ်စာဖိုး မတတ်နိုင်သည့် ဘ၀မှလည်း အတော် ကလေးတိုးတက် အဆင်ပြေလာပြီ ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးခြင်း၊ မျက်နှာငယ် အောက်ကျခြင်းများကို ဘုရားခိုင်းတိုင်း ပြုခဲ့သော ဒါနသီလ တန်ခိုးဖြင့် ချေဖျက်နိုင် ခဲ့သည်မှာ "အကာလိကော-ချက်ချင်း အကျိုးပေးသောတရား" ဆိုတာ မှန်ကန် ကြောင်း မိမိဘ၀က မိမိကို သက်သေပြသည့်နှယ် ရှိပါသည်။


ADHD ရောဂါမှာမူ သမာဓိ အားနည်းခြင်း ဖြစ်၍ သူ့ကို တရားဘာဝနာနှင့် ချေဖျက် ခြင်းသည် အထက်မြက်ဆုံးလက်နက် ဖြစ်ပါသည်။
စာရေးသူသည် ဆရာကြီး ဒေါက်တာဦးကံညွန့် ဘာသာပြန်ဆို ဓမ္မဒါန ဖြန့်ဝေသော ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် တရားတော် မြန်မာပြန်ကို ဖတ်ရှု၊ မင်းကွန်း ဆရာတော်ကြီး ဟောကြားအပ်သော ခန္ဓကမ္မဌာန်း စီးဖြန်းပုံကို နာကြားရပြီးနောက် မြတ်စွာဘုရား ခိုင်းသည့်အတိုင်း "ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ် ခန္ဓာ ငါးပါ သည် အနိစ္စ-မမြဲပါတကား၊ ဒုက္ခ-ဆင်းရဲစွတကား၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ်ပါတကား"ဟု စီးဖြန်းနှလုံးသွင်းပါတော့သည်။ (ကျေးဇူးရှင် ဆရာကြီး ဦးကံညွန့်နှင့် မင်းကွန်းဆရာတော်ကြီးတို့ကို ရှိခိုးကန်တော့လိုက်ပါသည်။ အသက် ၈၀ ကျော် ဆရာကြီး ဒေါက်တာကံညွန့်ကို လွန်ခဲ့သည့် ၅ နှစ်ကျော်က ရွှေတိဂုံ စေတီတွင် တရားစာအုပ်များ ဓမ္မဒါန ပေးလှူနေစဉ် တွေ့ရသဖြင့် ရှေ့တွင် ဦးချရှိခိုး ကန်တော့ ခဲ့ပါသည်။ မည်မျှ ကျေးဇူးကြီးမှန်းတော့ ဆရာကြီးကို ပြောမပြခဲ့ရပါ။)


အလုပ်မှ တလခွဲခန့် အနားယူကာ တရားဘာဝနာကို အိမ်တွင် ကြိုးစားအား ထုတ်ပါတော့သည်။ စစချင်း လုံးဝ မလွယ်ကူပါ။ ADHD ရောဂါသည်တို့၏ဘာဝ သမာဓိအား နည်းပါးခြင်းကြောင့် တရားထိုင်ရ၊ တရားမှတ်ရခြင်းသည် ဧရာမ အခက်အခဲကြီး ဖြစ်နေပါသည်။
တရက်ပြီးတရက် သမာဓိမရဘဲ စိတ်တွေပြန့်လွင့်ပြီး အချိန်တွေ ကုန်သွားပါသည်။ တလ ကျော်လာသောအခါလည်း စိတ်ပြန့်လွင့်မှုတောင်ကို မကျော်နိုင်သေးပါ။ အချိန်တွေကုန်ပြီးရင်းသာ ကုန်နေရပါတော့သည်။
အားမလျှော့ဘဲ ဆက်လုပ်ပါသည်။ မြတ်စွာဘုရားမှာရော၊ တရားဓမ္မမှာရော လုံးဝ အမှားမရှိ၊ အားနည်းချက်မရှိ၊ ငါ့ဘ၀ကံဝဋ်ကြွေး ကြီးလွန်းခြင်းနှင့် ၀ီရိယ နည်းပါး ခြင်းကြောင့်သာ ဖြစ်သည်ဟု အမှန်အတိုင်း နှလုံးသွင်းပါသည်။
ထို့နောက် သမာဓိ အားနည်းသည့်ကြားမှ ဆက်အားထုတ်ပါသည်။ ငါ့သမာဓိ မကောင်း၍ ငါ့မှာ ဒီရောဂါဆိုးကြီး ရှိနေ၍ ခရီးရောက်မည်မဟုတ်ဆိုပြီး အလျှော့ပေး လျှင် အကျိုးမရှိ၊ ဒီတော့ ရသလောက် အားထုတ်မည်ဟူသော စိတ်ဖြင့် ဆက်လုပ် ပါသည်။
ရှိသမျှ အကုန် ဘုရားလှူပြီး လူက တရားကို ကြိုးစားအားထုတ်ပါသည်။ အလုပ် မလုပ်ဘဲ အိမ်မှာနေ၍ တရားနောက် သဲသဲမဲမဲ လိုက်နေခြင်းကြောင့် ငွေကြေး၊ ပညာရေး စသည် နစ်နာနှေးကွေးဖွယ်များကိုလည်း အခိုက်အတန့် ဥပေက္ခာထား လိုက်ပါသည်။
ရုပ်နာမ်တို့သည် အနတ္တ-ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု နှလုံးသွင်း စီးဖြန်းပါသည်။ အသေးစိတ် အမူအရာများလည်း မှတ်ပါသည်။ ဤသို့ ကြိုးစားလိုက်သောအခါ သမာဓိ မရနိုင်၍ လက်လျှော့ရမည့် အခြေအနေမှ တရားတက်လာပါတော့သည်။
တရားပြ ဆရာတော်တပါးကို အကျိုးအကြောင်း လျှောက်ထား၍ ဘယ်လို ဆက် လက် ရှုမှတ်သင့်သည်ကို နည်းနာခံယူပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက် (အနိစ္စသ ဘော)ကို ထင်ထင်ရှားရှား မြင်လာချိန်တွင် ထိတ်လန့်ခြင်း၊ လောကီ ကာမဂုဏ် များကို စိတ်ကုန်ညည်းငွေ့ခြင်းများ ဖြစ်တတ်သည်မှာ သဘာဝဖြစ်၍ တရားသာ ဆက်မှတ်ရန် ဆရာတော်က ညွှန်ကြားပါသည်။
တရားမှတ်သောအခါ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးပါးတွင် ရှုမှတ်သူ တဦးနှင့်တဦး ထင်ရှားသည့် လက္ခဏာ မတူကြောင်း မဟာမြိုင်ဆရာတော် ဦးဇော တိက ဟောကြားသည်ကို ဖတ်ဖူးပါသည်။ စာရေးသူမှာ အနတ္တ လက္ခဏာကို ရှုမှတ် ရတာ ပိုအားသန်ပြီး အနတ္တကို အဓိက အားစိုက် ရှုဖြစ်ပါသည်။ (အနတ္တ၏ အဓိပ္ပာယ်မှာ အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာမဟုတ် ဟု ဖြစ်ပါသည်။ ဘာမှ မဟုတ်ဘူး၊ ဘာမှ မရှိဘူးဟူ၍ မမှတ်သင့်ပါ။ ဒီလိုမှတ်လျှင် အနတ္တ မဟုတ်ဘဲ နတ္တိက၀ါဒ ဖြစ်သွားပါမည်။ ရုပ်နာမ်တို့သည် ဧကန် ရှိပါသည်။ ဖြစ်ခြင်းပျက်ခြင်းများနှင့် ရှိနေ တာ ဖြစ်ပြီး လုံးဝ မရှိခြင်း မဟုတ်ပါ။ မြဲသောရှိခြင်း မရှိတာကိုသာ ဆိုလိုပါသည်။ ရုပ်နာမ်သည် အနိစ္စ-မမြဲ၊ ဒုက္ခ-ဆင်းရဲ၏၊ အနတ္တ-အစိုးမရ၊ ငါမဟုတ်၊ ငါ့ဟာ မဟုတ်ဟုသာ မှတ်သင့်ပါသည်)။


ဤသို့ ရှုမှတ်ရင်း တလခွဲ ကျော်လာသောအခါ ADHD ရောဂါဆိုးကို ခံစားရစဉ် ကာလမှာ လနှင့် နှစ်နှင့် ချီ၍ မလုပ်နိုင်ခဲ့သော အမှုကိစ္စများကို လုပ်နိုင်လာသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ADHD ရောဂါဆိုးကြောင့် စိတ်ဆင်းရဲ စိတ်ဓာတ် ကျကာ မရှင်းလင်းဖြစ်ခဲ့သော အိမ်ခန်းမှာ အတန်ငယ် သပ်သပ်ရပ်ရပ် ဖြစ်လာပါ သည်။ ဟိုတွေးဒီတွေးဖြင့် အကျိုးမဲ့ စိတ်တွေ ပြန့်လွင့်ရင်း နှစ်ပေါင်းများစွာ အချိန် တွေ နှမြောဖွယ် ဆုံးရှုံးခဲ့ရသည့် ဘ၀မှ စိတ်ကို တရားထဲ နှလုံးသွင်းပြီး နေနိုင်သည့် ဘ၀ ရောက်လာပါသည်။ ပြန့်လွင့်နေကျ အကျိုးမဲ့အာရုံတို့ကိုလည်း သံယောဇဉ် ဖြတ်နိုင်လာပါသည်။
ADHD ရောဂါ၏ သဘာဝ ဘာမှ ပြီးအောင် မလုပ်နိုင်ဘဲ တို့လို့တန်းလန်း အဆုံးမ သတ် ဖြစ်တတ်သည့် စိတ်အခြေအနေမှ တခုခုဆို ပြီးအောင် လုပ်လိုက်ချင်စိတ်များ ၀င်လာပါသည်။ (တရားအားထုတ်စဉ် ကျန်ကိစ္စများကို ဥပေက္ခာပြုပြီး တရားကိုသာ ခရီးရောက်အောင် အားထုတ်ချင်စိတ်ကလည်း ပြန်အကျိုးပေးသွားခြင်း ဖြစ်ပါ သည်။)
ဤသို့ ပြောင်းလဲတိုးတက်လာသော စိတ်အခြေအနေမှာ သာမန်လူများအတွက် "ဘာထူးဆန်းလို့လဲ။ ဒီလို တခုခုဆို စွဲစွဲမြဲမြဲ ပြီးအောင် လုပ်ချင်စိတ်၊ ပစ္စည်းအသုံး အဆောင်တွေကို သပ်သပ်ရပ်ရပ် ထားချင်စိတ်၊ ဟိုတွေးဒီတွေး အချိန်ဖြုန်းမနေဘဲ တခုခုမှာ အာရုံစူးစိုက်ချင်စိတ်တွေ ငါတို့မှာ ရှိပြီးသားပဲ"ဆိုလျှင် ထိုစိတ်များမှာ သာမန်လူများမှာ မထူးဆန်းဘူး ပြောနိုင်သော်လည်း ADHD ရောဂါဝေဒနာရှင် များအတွက် အလွန်တောင့်တသော၊ ရချင်ပါလျက် မရနိုင် ဖြစ်ရသော စိတ်များ ဖြစ်ပါသည်။ ဥပမာ ကျန်းမာသူ တယောက်သည် အမြင့်တက်နိုင်၊ ပြေးလွှားနိုင် သော်လည်း နာတာရှည် နှလုံးရောဂါသည်မှာမူ ထိုအလုပ်များကို လုပ်နိုင်စွမ်း မရှိ သည့်နှယ် ဖြစ်ပါသည်။


ဤရောဂါအတွက် Ritalin လို အနောက်တိုင်းဆေးများ ရှိသော်လည်း ဘေးထွက် ဆိုးကျိုးများ အန္တရာယ်ကြီးကြောင်း အနောက်တိုင်းတွင်လည်း ငြင်းခုန်ဝေဖန် နေကြ ပါသည်။ အလားတူ ရောဂါသည် တယောက်က သူ ရီတာလင် မသောက်ရလျှင် စိတ်ဂဏှာမငြိမ် ဖြစ်ရကြောင်း ပြောပြဖူးပါသည်။
စာရေးသူ အမြင်မှာ တရားထိုင်ခြင်း၊ တရားဓမ္မ ရှုမှတ်ပွားများ အားထုတ်ခြင်းသည် ထိုရောဂါအတွက် အကောင်းဆုံး ဆေး ဖြစ်ပါသည်။
စာရေးသူသည် တရားရှုမှတ်ရင်း တဖက်ကလည်း ADHD ရောဂါ ကုသဖို့ အထောက်အကူပြု ဆေးဝါး ဖြစ်သည့် ငါးကြီးဆီ၊ ဗီတာမင်ဘီ ဆေးပြားများ၊ သံဓာတ်အားဆေးများ ပုံမှန်သောက်ပါသည်။
ဆိုးဆေးပါ အစားအသောက်များ၊ ဆိုဒီယမ်ဘန်ဇုတ် (E211) ပါသော အစား အစာများ (ကိုလာနှင့် ဂက်စ်ပါ အချိုရည်များ၊ ဖျော်ရည်များ)ကိုလည်း ရှောင်လိုက် ပါသည်။ ထိုအစားအစာများ စားသူတိုင်း ADHD ဖြစ်ပွားခြင်း မဟုတ်သော်လည်း ADHD စွဲကပ်လာသည့် ကလေးငယ်များကို ထိုဓာတ်များပါသည့် အစာများ ဖြတ်လိုက်သောအခါ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာသည်ဟု အမေရိ ကန် ဆေးသုတေသန တရပ်က ဆိုပါသည်။ ထို့ကြောင့် သောက်နေကျ ကိုလာနှင့် အချိုရည်များ၊ ဆိုးဆေးပါ ဖျော်ရည်များကို လုံးဝ ဖြတ်လိုက်ပါသည်။ ဝေဒနာ မရှိသူ အတွက် အကြောင်းမဟုတ်သော်လည်း ADHD သမားအတွက် ရှောင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ သွေးတိုးသမား အငံနှင့် အချိုအဆိမ့် ရှောင်သလို ဖြစ်ပါ သည်။
အစားစားရာတွင်လည်း ဆိုးဆေးနှင့် ဓာတုပစ္စည်းပါသော အစာများကို တတ်နိုင် သမျှ ရှောင်၍ ရောဂါမပျောက်မချင်း သဘာဝ အစားအစာနှင့် အသီးအရွက်သာ အားပြုစားရန် စီစဉ်ရပါသည်။ အသင့်လုပ် အစားအစာများတွင်လည်း ပါဝင်သည့် အမယ်များထဲတွင် ဆိုဒီယမ်ဘန်ဇုတ် သို့မဟုတ် E-211 ဆိုသော ဓာတုပစ္စည်း ပါ၊ မပါ ဖတ်ပြီး ပါလျှင် ရှောင်ရပါသည်။
ADHD သမားများမှာ စိတ်ပြန့်လွင့်တတ်သလို အိပ်ချိန် များလွန်းခြင်း၊ မအိပ်ဘဲ အိပ်ရာထဲ လဲလျောင်းအချိန်ဖြုန်းနေခြင်းများလည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် နိသဇ္ဇိက ဓုတင်ခေါ် လျောင်းသော ဣရိယာပုဒ်ကို ရှောင်ကြဉ်သည့် ဓုတင်ကို တရားမှတ်ရင်း အချိန်ပိုင်းနှင့် သတ်မှတ်ဆောက်တည်ရပါသည်။ တောင်ပုလု ဆရာ တော်ကြီး၊ အီတာလျံလူမျိုးဆရာတော် ဦးလောကနာထတို့ ဆောက်တည်ကြ ကြောင်း ဖတ်ဖူးပါသည်။ စာရေးသူမှာ ထိုဆရာတော်ကြီးများလောက် စွမ်းနိုင်ဖို့ဝေး စွ၊ နေ့စဉ် ၂၄ နာရီအပြည့်ပင် မဆောက်တည်နိုင်ပါ။ သို့သော် အိပ်ချိန်သာ လှဲအိပ်ပြီး ကျန်သည့်အချိန်တွေမှာ လျောင်းစက်ခြင်းကို ရှောင်ကြဉ်ကာ ရပ်၊ ထိုင်၊ သွား ဣရိယာပုဒ်များဖြင့်သာ နေခြင်းဖြင့် အိပ်ရာထဲ အမြဲ အချိန်ဖြုန်းနေတတ်သည့် ADHD လက္ခဏာကို တိုက်ဖျက်ရပါသည်။
အစား၊ အအိပ် ဂရုပြုရသလို အနေအထိုင်တွင်လည်း ADHD ကို အားပေးသည့် စိတ်ပြန့်လွင့်စေသော အမူအကျင့် အားလုံးကို ရှောင်ရပါသည်။ တရားကမ္မဌာန်း တခုခုကို အမြဲ စီးဖြန်းမိနေအောင် စိတ်ကို အလေ့အကျင့် လုပ်ရပါသည်။ ဥပုသ် ကြောင့် တီဗီမှ အကအခုန်ပွဲများ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ မလုပ်ရ သောအခါ စိတ်ပြန့်လွင့်စရာ ထွက်ပေါက်တခုကို ပိတ်ဆို့လိုက်သလို ဖြစ်သွားပါ သည်။ ဆရာကြီး ဦးဂိုအင်ကာသည် ဦးခေါင်းတခြမ်းကိုက်သော မိုင်ဂရိန်း ဝေဒနာ ကို ခံစားနေရသဖြင့် မိတ်ဆွေတဦး၏ အကြံပေးချက်အရ ဆရာကြီး ဦးဘခင်၏ ရိပ်သာသို့ သွားရောက် တရားအားထုတ်ရာ စွဲကပ်နေသော မိုင်ဂရိန်း ဝေဒနာ ပျောက်ကင်းသွားရုံမက တရားသိသွားသဖြင့် ရတနာသုံးပါးအပေါ် အလွန် သက်ဝင် ကြည်ညိုပြီး ဗုဒ္ဓဘာသာသို့ ပြောင်းလဲခံယူလိုက်ခြင်းကြောင်း၊ ထို့နောက် မိသားစု ကိုပါ ရိပ်သာသို့ စေလွှတ်တရားအားထုတ်စေရာ မိသားစုပါ ဗုဒ္ဓဘာသာဝင်များ ဖြစ် ကုန်ကြောင်း ဆရာကြီး ပြန်လည် ဟောကြားသည့် တရားခွေ မြန်မာပြန်ကို နာကြား ရဖူးပါသည်။
စာရေးသူနှင့် ဘ၀တူ ADHD ဝေဒနာရှင် အနောက်တိုင်းသား လူငယ်မှာ တရား ထိုင်ခြင်း၊ တရားဓမ္မ အားထုတ်ခြင်း မရှိသူ ဖြစ်သဖြင့် သူ့ရောဂါအတွက် ရီတာလင် လို စားဆေးကိုသာ အားကိုးခဲ့ရပါသည်။ တရားဓမ္မသည် ဆေးစွမ်းကောင်းဖြစ် ကြောင်း လက်တွေ့ သိသော်လည်း မိမိဘာသာသို့ ဆွယ်ရာ ရောက်မည်စိုး၍ မပြော ဖြစ်ပါ။ ADHD ဝေဒနာရှင်တယောက်အတွက် စိတ်အာရုံ စုစည်းရသော တရားထိုင် ခြင်းသည် အခက်ခဲဆုံး အလုပ်တခု ဖြစ်ကြောင်း ကိုယ်တွေ့ သိထား၍လည်း လုပ်နိုင်ခဲသော အလုပ်ကို လွယ်လွယ် ပြော၍ မသင့်သဖြင့် မပြောမိပါ။


စာရေးသူမှာမူ ဗုဒ္ဓမြတ်စွာကို သက်ဝင်ကြည်ညိုသူ ဖြစ်သဖြင့် ပွင့်လင်းစွာ ပြောရ လျှင် ဘ၀တူ ထိုလူငယ်ထက် တပန်းသာ အခွင့်အရေး ရှိနေပါသည်။ စာရေးသူ သည် လောကတွင် အတော်ဆုံး သမားတော်ကြီး ဖြစ်သော ဗုဒ္ဓမြတ်စွာထံတွင် ဤ ရောဂါအတွက် ဆေးကုသခွင့် ရပြီ၊ ထိုသမားတော်ကြီး တိုက်ကျွေးသော တရား ဆေးကိုလည်း ရောဂါနှင့် သင့်တော်သည့် ဆေးစွမ်းကောင်းအဖြစ် ယုံယုံကြည် ကြည် သောက်သုံးအပ်ပြီ။ အကယ်၍ မပျောက်ကင်းခဲ့လျှင်ပင် ကိုယ် ကြိုးစားအား ထုတ်မှု အားနည်းခြင်းနှင့် ၀ဋ်ကြွေးကြီးမားခြင်း၊ ရောဂါကျွမ်းနေခြင်းတို့ကြောင့်သာ ဖြစ်ရမည်၊ ဘုရားရှင်နှင့် တရားတော်မြတ်မှာ ဘာအားနည်းချက်မှ မရှိဟုလည်း သိနားလည် ယုံကြည်အပ်ပြီ။ ကုသခံဖို့သာ ကိုယ့်တာဝန် ကျန်ပါတော့သည်။
စာရေးသူသည် ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တကို ရှုမှတ်သည့် ခန္ဓကမ္မဌာန်းကို နေ့စဉ် အားထုတ်ပါတော့သည်။ အချိန်တန်၍ အလုပ်ပြန်ဝင်ရတော့လည်း ရသမျှ အချိန်မှာ ဆက်လက် အားထုတ်ပါသည်။
မိမိ၏ ခန္ဓာငါးပါးနှင့် အသက်၊ အရွယ်၊ ဘ၀၊ အချိန်၊ ဥာဏ်ပညာ စသည် အားလုံးကို မြတ်စွာဘုရားရှင်အား လှူဒါန်းပါ၏ဟု အပြီး လှူဒါန်းလိုက်ပါသည်။ အသက်ရှင် နေခြင်းသည် မြတ်စွာဘုရားရှင်ကို လုပ်ကျွေးကျေးဇူးဆပ်ဖို့သာ ဖြစ်သည်ဟု ခံယူ လိုက်ပါသည်။ အလုပ်လုပ်နေရခြင်းသည်လည်း မြတ်စွာဘုရားရှင်၏ တပည့်သား သံဃာများကို ဘုရားကိုယ်စားမှတ်၍ လုပ်ကျွေးလှူဒါန်းဖို့ ၀င်ငွေရှာနေရခြင်းဟု ခံယူထားလိုက်ပါသည်။


လစဉ် ရသမျှ ၀င်ငွေကိုလည်း မြတ်စွာဘုရားရှင်အား အကုန်လှူဒါန်းပြီး ထိုထဲမှ တလစာ မိမိစားစရိတ်ကိုသာ အနည်းငယ် ပြန်လည် ခွင့်တောင်းသုံးစွဲပါသည်။ ထို သို့ သုံးစွဲရာတွင်လည်း ဆီ၊ ဆန်၊ ဟင်းချက်စရာ အခြေခံ စားသောက်ကုန်နှင့် ဆပ်ပြာ၊ သွားတိုက်ဆေးလို တကိုယ်ရေသုံး ပစ္စည်းများအတွက်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားကို ကပ်လှူပူဇော်ဖို့ ပန်းနှင့် ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်ဖိုးကိုတော့ ထိုငွေထဲမှ ပြန်လည်သုံးစွဲရပါသည်။ ငါသည် ဘ၀ကံဝဋ်ကြွေး အလွန်ကြီးလေးခဲ့သူ ဖြစ်သည်၊ ဘုရားစကားနားထောင်၍ ကုသိုလ်ကောင်းမှုများ ပြုခဲ့သဖြင့်သာ ဒုက္ခများ လျော့ပါး လွတ်မြောက်ရသည်ဟု နားလည်သဖြင့် မိမိရသမျှ လာဘ်လာဘ အားလုံး နှင့် မိမိခန္ဓာကိုပါ ဘုရားရှင်သို့ ပြန်လှူလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် မြတ်စွာဘုရားကို ပြန်လည် ကျေးဇူးဆပ် လုပ်ကျွေးဖို့ အသက်ရှင်နေသည်ဟု ခံယူထားခြင်းနှင့် ဗြဟ္မစရိယငါးပါးသီလ ဆောက်တည်ထားခြင်း၊ မေတ္တာ ကမ္မဌာန်း စီးဖြန်းခြင်းတို့ကြောင့် အိမ်ထောင်ပြုလိုစိတ်လည်း မရှိတော့ပါ။
ဤသို့ ကျင့်ကြံအားထုတ်သောအခါ စိတ်ကြည်လင် သန့်ရှင်းလာခြင်း၊ လူချစ်လူခင် ခံစားရခြင်း အကျိုးများ လက်တွေ့ ပေးလာပါတော့သည်။ စာရေးသူမှာ ကလေးဘ၀ ကတည်းက ADHD ရောဂါကြောင့် ငေးငေးငိုင်ငိုင် ဖြစ်နေတတ်သဖြင့် မသွက်လက် မချက်ချာ၊ နုံအသည်ဆိုကာ အထီးကျန်၊ အပယ်ခံ ဖြစ်ခဲ့ရပါသည်။ ယခုမူ လူချစ် လူခင် တိုးလာခြင်း၊ လူကောင်းများ စိတ်ကောင်းရှိသူများနှင့် တွေ့ကြုံပေါင်းသင်း ရခြင်းများ ဘ၀တွင် ထူးခြားမှုအဖြစ် တွေ့ကြုံလာရပါသည်။ ဒုက္ခရောက်လျှင် ယခင် က ကယ်မည့်ကူမည့်သူ မရှိသော မျက်နှာမွဲ ဘ၀မှ ယခု တစိမ်းတရံဆံကအစ စေတနာထား ကူညီသွားခြင်းများ တွေ့ကြုံခံစားရပါတော့သည်။


မြတ်စွာဘုရား စကား နားထောင်သဖြင့် ကံကတော့ တက်လာပါပြီ။ စာရေးသူမှာ ADHD ရောဂါကြောင့် ဘွဲ့တခုသာ အနိုင်နိုင် ရခဲ့ပြီး ပညာရေးဆက်မတိုးနိုင်ခဲ့သည့် ဘ၀မှ ယခု ဘွဲ့လွန်ပညာများ ဆည်းပူးသင်ကြားလိုစိတ် ၀င်လာပါသည်။ ထိုအခါ နိုင်ငံခြား ဘာသာစကားများ သင်ယူရန် စေတနာထား သင်ကြားပေးသည့် ဆရာကောင်းကိုရော၊ ဆက်သွယ်စီစဉ်ပေးသည့် စေတနာရှင်များရော ရရှိပြန်ပါ သည်။ အလုပ်တဖက်နှင့် ပညာသင်ကြားရာတွင်လည်း အခက်အခဲမရှိဘဲ အလုပ်ချိန်အတွင်း လစာပြည့် သင်ကြားရန် အခွင့်ရပြန်ပါသည်။ နောက်မှ သိရသည်မှာ စာရေးသူ၏ ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရသည့် ဘ၀နှင့် ADHD ဝေဒ နာခံစားရသည့် အဖြစ်ကို သိနားလည်သည့် လူကြီးသူမ တဦးက စာရေးသူကို မပြောဘဲ အဆင်ပြေအောင် နောက်ကွယ်မှ ပံ့ပိုးထောက်ခံပေးနေသည့် အဖြစ်ကို သိရပါတော့သည်။ တချိန်က အလုပ်အကိုင် အဆင်မပြေ၊ နေစရာမရှိ စားစရာ ဆင်းရဲလှသည့် မျက်နှာမွဲ လူငယ်တဦးသည် ဘုရားခိုင်းတိုင်း လုပ်ခဲ့သည့် ဒါန စ သော ကောင်းမှုများကြောင့် ကံကြမ္မာ ပြောင်းလဲခဲ့ပါပြီ။
ယခု စာရေးနေချိန်တွင် စာရေးသူသည် မိမိနေရာ အခန်းကလေးကို ကြည့်လိုက်ရာ တချိန်က ADHD ရောဂါသည်တို့၏ဘာဝ (သမာဓိအားနည်း စိတ်မစူးစိုက်နိုင်ခြင်း ကြောင့်) သပ်သပ်ရပ်ရပ် ရှင်းလင်းနိုင်ခြင်း မရှိဘဲ နှစ်နှင့်ချီ၍ ပေရေရှုပ်ပွနေသော အခန်းသည် ကြမ်းလည်း ပြောင်အောင် တိုက်လျက်၊ ယခင်ကထက် စာလျှင် အတန်ငယ် ကြည့်ပျော်ရှုပျော် တွေ့ရပါသည်။ ဝေဒနာ သက်သာလာပြီဆိုသည့် သင်္ကေတ ဖြစ်ပါသည်။


သဒ္ဓါတရားများ တက်လာသော စာရေးသူသည် နေထိုင်ရာ အခန်းကိုပါ "ဘုရား အမှူးရှိသော သံဃာအား ကျောင်းအဖြစ် လှူဒါန်းပါ၏"ဟု လှူဒါန်းလိုက်ပါသည်။ စိတ်တွင်လည်း သံဃိကကျောင်းတွင် နေထိုင်စောင့်ရှောက်ပေးနေသည့် အလုပ် အကျွေးအဖြစ်သာ မိမိကိုယ်မိမိ သဘောပိုက်လိုက်ပါသည်။ ထိုအခါ အခန်း သန့်ရှင်းရေး လုပ်ရာတွင်လည်း ဘုရားကျောင်း၊ သံဃာ့ကျောင်းကို ရှင်းလင်းပေး နေရသည့် အဖြစ်ဖြင့် ကုသိုလ်စိတ်များ ဖြစ်လာပါသည်။ ကိုယ့်အခန်းကိုယ် သန့်ရှင်း ရေး လုပ်တာပဲဆိုသည့် စိတ်ထက် သာသွားပါသည်။
မြတ်စွာဘုရားအား ရည်စူးလှူဒါန်းထားသော စုဆောင်းငွေများကို ရေတွက်လိုက် သောအခါ သိန်း ၂၀၀ ကျော် ရှိနေပြီကို ၀မ်းမြောက်ဖွယ် သိလိုက်ရပါတော့သည်။ တချိန်က နေထိုင်မကောင်း ဖြစ်ချိန်မှာ ကုစရာ ဆေးဖိုးလည်းမရှိ၊ သေသွားလျှင်ပင် အသုဘစရိတ် မရှိသည့် အဖြစ်ကို တွေးတော စိတ်ဆင်းရဲခဲ့ရသော ဘ၀ကိုပြန် သတိရမိသည်။ သို့သော် ထူးဆန်းသည်မှာ ထိုငွေများကို စကတည်းက ဘုရားလှူ ထားပြီး ဖြစ်သဖြင့် မိမိပိုင်ဟု တပ်မက်ခြင်း လုံးဝ မရှိတော့ပါ။ "ကျောင်းလေး တကျောင်းတော့ ဆောက်လှူလို့ ရလောက်ပါပြီ၊ သီလရှိတဲ့ သံဃာတွေအတွက် တရားရိပ်သာကျောင်း ဆောက်လှူမှပဲ။ စာသင်သား ကိုယ်တော်တွေအတွက် စာသင်တိုက် လှူရရင်လဲ ကောင်းမယ်" စသည်ဖြင့် စိတ်ထဲက တွေးတောကြံစည် ကုသိုလ်စိတ် ဖြစ်နေမိပါသည်။ "ရှိသမျှအကုန် ဘုရားလှူတော့ မင်းက အရေးဆို ဘာနဲ့ သွားစားမလဲ"ဟု မေးလာလျှင် လုံးဝကို ခေါင်းထဲ ထည့်မစဉ်းစားမိပါ။ နေစရာ မရှိ သည့်ဘ၀မှ ဘုရားကျေးဇူးကြောင့် ကျောချစရာလေး တနေရာ ရလာခြင်း၊ စား ဖို့ ရှိနေခြင်းသည်ပင် ကျေးဇူးကြီးလှပါပြီ။ ထိုကျေးဇူးကို ဆပ်ဖို့သာ အဓိက ဖြစ်ပါ သည်။


ကျောင်းဆောက်လှူဖို့ သိန်း ၂၀၀ ကျော် စုဆောင်းလှူဒါန်းပြီးသော စာရေးသူမှာ ခြူးတပြားမှ လက်ဝယ်အပိုင်မရှိတော့ပါ။ ဒါကိုပင် သဘောကျပြီး ပျော်နေမိပါသည်။ လကုန်ထိ စားဖို့ အစားအသောက် ရှိနေပြီ၊ လမ်းစရိတ်က ဒီလအတွက်ရော နောက်နှစ်လစာပါ သီးခြား စီစဉ်ပြီးပြီ။ လူမှာ ၀တ်စရာ အ၀တ် အတန်အသင့်ရှိ သည်၊ ဒါဆို လုံလောက်ပြီ၊ ဘာမှ မလိုတော့ပါ။ မိတ်ဆွေများကို ကျွေးမွေးရန်မှတပါး လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် သွားတတ်သူ မဟုတ်၍လည်း အပိုကုန်စရာ မရှိပါ။ မိတ်သင်္ဂဟများကို ကျွေးမွေးရန်၊ ဧည့်သည် ဧည့်ဝတ်ပြုရန် စသည်တို့ အတွက် ငွေ ခြောက်သောင်းခွဲခန့် ဖယ်ထားပြီး ရှိပါသည်။ ကိုယ် သုံးဖို့အတွက် တော့ တပြားမှ မရှိတော့ပါ။ သို့သော် ဘုရားရှင်ကို ဆွမ်းလှူဒါန်းခွင့် မဲကျသည့် ဆင်းရဲသား မဟာဒုက်လို စိတ်အလွန်ကြည်နူးချမ်းသာနေပါသည်။
ဤသို့နှင့် တရားဓမ္မကို ကြိုးစားအားထုတ်ရာ အချို့ရက်များတွင် သမာဓိအား ပြန်ကျလာပြီး အချိန်တွေ အလဟဿ ဆုံးရှုံးသွာခြင်းလည်း ကြုံရပါသည်။ သို့သော် အလျှော့မပေးဘဲ ဆက်ကြိုးစားပါသည်။ တရားထိုင်ရာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း လာသော အနောက်တိုင်းသား မိတ်ဆွေတဦးကလည်း အားပေးပါသည်။
ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းတခုကို လုံးဝနီးပါး ပစ်ထားသဖြင့် ဖောက်သည်များ ပျက်လာခြင်း၊ လုပ်ငန်းရပ်တန့်နေကြောင်း သတိပေး ဝေဖန်ခြင်းများ ကြုံရပါသည်။ မြတ်စွာဘုရား ဟောကြားထားသည့် မဇ္ဈိမပဋိပဒါ အလယ်အလတ် လမ်းစဉ်ဆို သော စကားကို နှလုံးသွင်းကာ အစွန်းမရောက်ရန် မိမိကိုယ်မိမိ ပြန်ဆန်းစစ်ပါ သည်။


တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို မြင်၍ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာများ ထင်ရှားလာချိန်တွင် လောကီကို စိတ်ကုန်ညည်းငွေ့ခြင်း၊ လောကီကိစ္စများကို စိတ်ဝင်စားမှု မရှိခြင်းများ ဖြစ်တတ်ပါသည်။ ဘယဥာဏ် (အပျက်ကိုသာ မြင်နေရ၍ ထိတ်လန့်ခြင်း)၊ အာဒီန၀ဥာဏ် (မှတ်တိုင်း အပျက်ကိုသာ သတိပြုမိနေ၍ မကောင်းမှန်း သိမြင်ခြင်း)၊ နိဗ္ဗိဒါဥာဏ် (အပျက်ကို မြင်နေရ၍ ပျင်းရိခြောက်သွေ့ ညည်းငွေ့ခြင်း)၊ မုဉ္စိတုကမ္မတာဥာဏ် (အပျက်နှင့် ဆင်းရဲကို မှတ်ဆဲမှာ တွေ့ရ၍ လွတ်မြောက်လိုခြင်း)များ ကြောင့်ဖြစ်ပါသည်။ ရိပ်သာဝင် တရားအားထုတ်ရာမှ တခါတည်း ရဟန်းပြု၊ သီလရှင်ဝတ်သွားသော စာရေးသူတို့ထက် သာလွန်ပါရမီ ထူးသည့် ပုဂ္ဂိုလ်များမှာ ထိုဥာဏ်များ ထင်ရှားအားကောင်းလာခြင်းကြောင့် လောကီ ကို တခါတည်း စွန့်သွားခြင်း ဖြစ်ပါသည်။
တရားအားထုတ်ရာတွင် ထိုဥာဏ်များ တက်နေခိုက်တွင် လောကီကိစ္စများကို စိတ်ကုန်ညည်းငွေ့နေတတ်ပါသည်။ ထိုအခါ မိမိမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း လျစ်လျူပြု၍ မရသေးသဖြင့် မျှမျှတတ နှလုံးသွင်းရန်၊ အလုပ်ကိုလည်း သည်းခံပြီး လုပ်ရန် ဦးပဉ္စင်းတပါးက ညွှန်ကြားပါသည်။ ထိုဦးပဉ္စင်း မှာလည်း တရားထိုင်ရင်း တရားကို သိမြင်ကာ လူဝတ်ကြောင်ကို စွန့်လွှတ်သွားသူ ဖြစ်ပါသည်။


စာရေးသူသည် တရားမှာ လောကီစည်းစိမ်ဥစ္စာ ဂုဏ်သိမ်များထက် တုနှိုင်းမရ တန်ဖိုးကြီးသဖြင့် တရားတက်နေခိုက် တရားနောက် ဦးစားပေးလိုက်ရန် ဆုံးဖြတ် လိုက်ပါသည်။ ၀ိသာခါ ကျောင်းအစ်မကြီး၏ မြေးတစ်ဦးသည် ၀ါတွင်းကာလမှာ သဒ္ဓါတရားများ ထက်သန်နေခိုက် ရဟန်းပြုရန် ခွင့်ပန်သော်လည်း သံဃာတော် များက ၀တ်မပေးသဖြင့် မ၀တ်လိုက်ရပါ။ ၀ါတွင်းကျော်လွန်၍ ရဟန်းပြုပေးရန် အကြောင်းကြားလာသောအခါ ထက်သန်နေသော သဒ္ဓါတရား ကျဆင်းသွားပြီ ဖြစ် သဖြင့် ရဟန်းပြုလိုစိတ် မရှိတော့ကြောင်း တုံ့ပြန်သည်ဟု ဖတ်ရဖူးပါသည်။ ထိုအ ခါ ၀ိသာခါ ကျောင်းအစ်မကြီး၏ လျှောက်ထားချက်အရ မြတ်စွာဘုရားက ၀ါတွင်း ကာလတွင် ရဟန်းပြုပေးရန် မငြင်းဆန်ရဟု ပညတ်ခဲ့ရပါသည်။
စာရေးသူသည် တရားတက်နေခိုက် ကျန်တာတွေ ယာယီ အနာခံ၍ တရားကို ဦးစားပေး အားထုတ်လိုက်မည်၊ ခုလို တရားတက်နေသည့် အခွင့်ကောင်းကို လွတ်သွားလျှင် နောက်နောင် ၁၀ နှစ်ဆက်တိုက် နေ့စဉ် အားထုတ်သော်လည်း အခြား လောကီအာရုံများကြောင့် ယခုလို တရားတက်သည့်အချိန် တရက်တောင် ရချင်မှ ရမည်ဟု နှလုံးပိုက်ကာ ဦးစီးလုပ်ကိုင်နေရသည့် လုပ်ငန်းကိုပါ ယာယီ ပစ်ထားပြီး တရားသာ အားထုတ်ပါသည်။ အတိုင်းအတာ တခုထိ တရားရရှိ ပိုင်ဆိုင်သွားပြီး စိတ်တည်ကြည်သန့်ရှင်းသွားလျှင် ထိုသမာဓိ၊ ပညာစွမ်းဖြင့် လုပ်ငန်းကိုလည်း ပိုကောင်းအောင် ဥာဏ်အမြော်အမြင်ဖြင့် လုပ်နိုင်မည်ဟူသော အသိလည်း ပါပါသည်။


တရားကို ကျင့်ကြံအားထုတ်လျှင် တရားတန်ခိုးကြောင့် လိုသမျှ ပြည့်စုံသည်ဟု သီလရှင် ဆရာလေးတပါး အမိန့်ရှိဖူးပါသည်။ တရားကိစ္စ သိလိုသည်များကို တရား ပြ သံဃာတော်တပါးအား မေးမြန်းလျှောက်ထားသောအခါ ထိုသံဃာတော်က လည်း အလားတူ အမိန့်ရှိပါသည်။ ဦးဇင်းလည်း ပိုင်ဆိုင်မှုအားလုံးစွန့်ပြီး ရဟန်းပြု လာခဲ့ကြောင်း၊ တရားတန်ခိုးကြောင့် ယခုလို ပြည့်စုံလာခြင်းဖြစ်ကြောင်း အမိန့်ရှိပါ သည်။ ထိုဦးဇင်းမှာ တရားပြရိပ်သာ တခု ဖွင့်လှစ်ပြီး ဒကာဒကာမများကို တရားပြ ပေးနေပါသည်။ ဦးဇင်းမှာ န၀ကမ္မ ၀တ္ထုပင် မကိုင်သော်လည်း ရိပ်သာမှာ ယောဂီ များအတွက် ဆွမ်းဆေးကအစ မပူပန်ရပါ။
စာရေးသူလည်း မိမိကိုယ်ကိုယ် ပြန်ကြည့်ရာ အလားတူပင် လှူဒါန်းဖို့ သတ်မှတ်စွန့် လွှတ်ထားပြီး ငွေများသာမက နေစရာ အာဝါသလေးတခု (ရေရှည် မရေရာသော် လည်း) ရှိနေခြင်း၊ နေ့စဉ် စားစရာ ဖူလုံနေခြင်းများ တွေ့ရပါသည်။ လူ့ဘ၀မှာ နေဖို့နှင့် စားဖို့မှာ လိုအပ်ချက်တခုဖြစ်ပြီး ဒါလေးမှ အဆင်မပြေ ဒုက္ခရောက် နေရသူတွေ ဒုနှင့်ဒေး၊ ကိုယ်လည်း အပါအ၀င် ဖြစ်ခဲ့သူမို့ ယခု အရေးကြီးသည့် လိုအပ်ချက်တခု ပြည့်စုံနေပြီ ဆိုရပါမည်။ တနေ့ ၁၃ နာရီ၊ ၁၄ နာရီ ပိတ်ရက်မရှိ ညလုံးပေါက်ပါ အလုပ်ဆင်း၍ ပင်ပင်ပန်းပန်း ရုန်းကန်ရှာဖွေသော်လည်း ဆင်းရဲ တွင်းနက်ခဲ့သည့် ဘ၀မှ ယခု လစာပြည့် ခွင့်ရပြီး နေ့စဉ် တရားအားထုတ် နေနိုင်ခြင်းမှာလည်း ကုသိုလ်ကောင်းမှုက ပေးလာသည့် အမြတ်တခု ဖြစ်ပါသည်။


စာရေးသူမှာ ကလေးဘ၀က ဘာသာရေးကို အလိုမရှိသူ လူကြီးမိဘများ မနှစ်မြို့သည့်ကြားမှ မြတ်စွာဘုရားကို ဖယောင်းတိုင် အတိုအစများနှင့် မီးပူဇော်ခဲ့ဖူး ပါသည်။ အိမ်မှာ ဘုရားစင် မရှိပါ။ သူငယ်ချင်းတဦး ဆွဲပေးသည့် ဘုရားပုံကို အိပ်ရာခေါင်းရင်းမှာ ထား၍ ကိုးကွယ်ခဲ့ရပါသည်။ ထိုသို့ အဆူပူခံပြီး ဘုရားကို မီးပူဇော်ခဲ့သည့် အကျိုးပေးကြောင့် ဖြစ်ပါလိမ့်မည်၊ ကြီးပြင်းသောအခါ ဥာဏ်ရည် အားကောင်းလာပါသည်။ ADHD ရောဂါကြောင့် သမာဓိအား နည်းနေသော်လည်း ဥာဏ်ထက်သန်စေသည့် ကောင်းမှုကို အခက်အခဲကြားမှ ပြုခဲ့ခြင်းက ကံအကျိုးပေး သဖြင့် ပညာရေး၊ အလုပ်အကိုင်စသော လောကီရေးများမှာလည်း ADHD ရောဂါ ဆိုး နှိပ်စက်သည့်ကြားမှ အတန်အသင့် ခံသာခဲ့ခြင်း ဖြစ်ပါသည်။
၁၀ နှစ်ဝန်းကျင် ကလေးဘ၀ကတည်းက စွဲကပ်နှိပ်စက်ခဲ့သော ရောဂါဆိုးသည် ယခုအခါ နှစ်အစိတ်ကျော် သက်တမ်းရှိပြီ ဖြစ်ပါသည်။ နှလုံးရောဂါ၊ ပန်းနာ၊ ရင်ကျပ် ရောဂါ စသော လူသိများသည့် နာတာရှည် ရောဂါဆိုးများ ခံစားရသူများကို ကြည့်ပါ။ နှစ် ၂၀ ကျော် ရောဂါသက်တမ်း ရင့်လာသောအခါ လူစဉ်မမီ ရှူနာရှိုက် ကုန်း ဖြစ်လာခြင်း၊ အသက်ဆုံးရှုံးရခြင်းများ တွေ့ပါလိမ့်မည်။
ယခုမူ စာရေးသူမှာ ဘုရားကျေးဇူး၊ သံဃာ့ကျေးဇူး၊ တရားဓမ္မ ဖြန့်ဝေပေးလှူသည့် လူဆရာကြီးများ ကျေးဇူးကြောင့် တရားဆေးကို မှီဝဲရသဖြင့် ရောဂါသက်တမ်း နှစ် အစိတ်ကျော်ပြီး လက်မြှောက်ရမလို အဖြစ်ဆိုးမှ လွတ်မြောက်ရပါပြီ။ တရားကို ဖိဖိ စီးစီး အားထုတ်လိုက်ရာမှ အလုပ်တခုကို ဖိဖိစီးစီး လုပ်ချင်သော စိတ်များ ဖြစ်ထွန်း လာပြီး ADHD ရောဂါသည်တို့မှာ ဖြစ်တတ်သည့် ဘာဆိုဘာမှ မပြီးစီး အလုပ်တွေ တပိုင်းတစ တိုးလို့တန်းလန်း အကျင့်ဆိုးကိုလည်း ထိန်းကွပ်နိုင်ခဲ့ပါပြီ။
နေ့စဉ် ပြုဖွယ်ရှိသော အမှုကိစ္စများကိုလည်း ယခင်လို လနှင့်နှစ်နှင့်ချီ၍ မလုပ်နိုင်ဘဲ ပစ်ထားခြင်း မဟုတ်တော့ဘဲ ပုံမှန်ထမ်းဆောင်လာနိုင်ပါပြီ။ ADHD သမားများ၏ အာရုံများတတ်သည့် အကျင့်ဆိုးကိုလည်း တရားသမားများ၏ အာရုံမထွေပြား လုပ်သင့်တာကိုသာ ရွေးလုပ်သော အကျင့်ကောင်းက ပြန်လည်တိုက်ဖျက်နေပါပြီ။
အပျော်အပါးဖြင့် အချိန်ဖြုန်းခြင်း မရှိတော့သည့်အတွက်လည်း အသက်မွေးဝမ်း ကျောင်း အလုပ်အပြင် တရားထိုင်ဖို့ အချိန်ပါ ပိုထွက်လာပါသည်။ အလုပ်သွား အလုပ်ပြန် ဘတ်စ်ကားပေါ်တွင်ဖြစ်စေ၊ အိမ်နေရင်း ပန်းကန်ဆေး အစားစား ချိန်ဖြစ်စေ၊ လဲလျောင်းရင်း နိုးနေစဉ်ဖြစ်စေ မေတ္တာပို့လျှင်ပို့၊ မဟုတ်လျှင် တရားရှု မှတ်နေတတ်သည့် အကျင့်ကောင်း ဖြစ်လာသဖြင့် ADHD ရောဂါသည်တို့ဘာဝ ရောက်တတ်ရာရာ စိတ်ပြန့်လွင့်တတ်သော အကျင့်ဆိုးကို တရားဖြင့် ခုခံနိုင်ခဲ့ပါပြီ။
ရုပ်နာမ်တို့၏ လက္ခဏာရေး သုံးပါးကို ရှုမှတ်ရင်း သတိပြုမိသည်မှာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါဆိုး၏ နှိပ်စက်မှုအောက်တွင် စွမ်းဆောင်ဖို့ ခက်ခဲလှသော ကိစ္စဖြစ်သည့် အာရုံတခုတွင် စိတ်ကို စူးစိုက်တည်ကြည်စေခြင်း တရားဘာဝနာ မှုကို လုပ်နိုင်လာခြင်း ဖြစ်ပါသည်။ ပြောင်းလဲတိုးတက်လာသော အခြေအနေထူး အတွက် ၀မ်းသာကျေးဇူးတင်လှသဖြင့် တရားရှုမှတ်ရင်း မြတ်စွာဘုရားကို ရှိခိုးဦး ခိုက်မိသည်အထိ ဖြစ်ပါသည်။


ငယ်တုန်း တရားကို ဦးစားပေးအဆင့်တစ် ထားပြီး အားထုတ်ဖြစ်နေခြင်းကိုလည်း ကိုယ့်မှာ ရှိဆဲ အကောင်းဆုံး အချိန်နှင့် အရွယ်ကို မြတ်စွာဘုရားကို ပေးလှူခြင်း ဖြစ်သည်ဟု သတ်မှတ်ခံယူလိုက်သဖြင့် သဒ္ဓါပီတိ ပိုအားကောင်းလာပါသည်။ ရုပ်နာမ်တို့၏ သဘာဝဖြစ်သော မမြဲခြင်းကို ရှုမှတ်ပါများသောအခါ ချမ်းသာသုခ တွေလည်းမမြဲ၊ ဆင်းရဲဒုက္ခတွေလည်း မမြဲဟု အသိဝင်လာပါသည်။ ဆင်းရဲခြင်းကို ရှုမှတ်ပါများသောအခါ ရုပ်နာမ်တို့၏ တရားကိုယ်ကိုက ဒုက္ခမှန်း သိနားလည်လာ၍ အပရိက ဒုက္ခများကို သည်းခံနိုင်လာပါသည်။ နေရေးစားရေးကို ဇာမချဲ့ဘဲ သင့်တင့်လျောက်ပတ်ရုံဖြင့် ရောင့်ရဲနိုင်လာခြင်း၊ ဗာဟီရ မများဘဲ အပိုကိစ္စများကို လျစ်လျူပြုပြီး အရေးအကြီးဆုံး အလုပ်တို့ကိုသာ ဦးစားပေး လုပ်ရမှန်း သိလာခြင်း၊ အသေးအဖွဲ အဆင်မပြေမှုဒုက္ခများကို ညည်းတွားအချိန်ဖြုန်းမနေဘဲ ကြံ့ကြံ့ခံပြီး လုပ်စရာရှိတာ လုပ်နိုင်လာခြင်း စသည့် အကျိုးထူးများ ခံစားလာရပါသည်။
အချို့မိတ်ဆွေများ ပညာရေး၊ အလုပ်အကိုင်၊ တရားဓမ္မရေး စသည့် အရေးတကြီး လုပ်သင့်သော ကိစ္စများကို မကြိုးစားဘဲ အပြိုင်အဆိုင် ကိစ္စများ၊ နေရေးစားရေး ဇိမ်ခံနိုင်ဖို့ အချိန်ပေးလွန်းခြင်းများ၊ အပျော်အပါးများကြောင့် ဘ၀မှာ အချိန်တွေ အလကားဖြစ်နေရသည်ကို တွေ့သောအခါ တရားအားထုတ်မိခြင်း၏ အကျိုးကို မြင်လာပါသည်။ ငါ့မှာ တရားနှင့်တွေ့၍ ဒီလို အရေးမကြီးတာတွေနှင့် အချိန်ဖြုန်းမိ နေမည့် အဖြစ်မှလွတ်ရသည်၊ ဤမိတ်ဆွေများလည်း တရားအားထုတ်မိလျှင် ဒီလို အကျင့်မျိုး ပျောက်ပြီး သူတို့ဘ၀တွေ ပညာရေး၊ လူမှုရေးကအစ ပိုမိုတိုးတက် အောင်မြင်ဖွယ်ရှိသည်ဟု တွေးမိပါသည်။ တရားဟူသည် မလိုသူကို ဇွတ်တိုက် တွန်း၍ အရာထင်မည် မဟုတ်၍သာ စေတနာ ရှိသော်လည်း မပြောဖြစ်ပါ။


မိဘအသိုင်းအ၀ိုင်းမဲ့ အထီးကျန် ဘ၀ကို တချက်တချက် အားငယ်မိရာမှ ယခုမူ ဘုရားကို မိဘပြု၍ တရားကို အဆွေခင်ပွန်းဖွဲ့ကာ နေမည်ဟူသော စိတ်ခွန်အား များ ၀င်လာပါတော့သည်။ အခြံအရံ ၁၀၀၀ ရှိသော်လည်း တရားမရှိသည့် အဖြစ် ထက် ဆွေမျိုးမရှိ မိတ်ဆွေတဦးမှ မရှိသော်လည်း တရားဓမ္မ ရှိသည့် အဖြစ်က မြတ် သည်ဟု အသိဝင်လာပါသည်။ မိဘဆွေမျိုး အသိုင်းအ၀န်းအခြံအရံ အားနည်းခြင်း ကိုလည်း ရှေးအတိတ်က အကုသိုလ်၏ အကျိုးဆက် ၀ဋ်ကြွေးအဖြစ် တရားနှလုံး သွင်းကာ ကြံ့ကြံ့ခံနိုင်လာပါသည်။ မေတ္တာကမ္မဌာန်း စီးဖြန်းမိသောအခါ ငါဘယ် အခြေပဲ ရောက်နေနေ၊ ငါ့ကို ဘယ်သူဘာပဲ လုပ်လုပ်ပြောပြော ငါက အားလုံး အပေါ် မေတ္တာထားမည်ဟူသော စိတ်များ ၀င်လာပါသည်။ အထီးကျန်ဘ၀ကို အားငယ်ဝမ်းနည်းနေစိတ်ကို တလောကလုံး ကိုယ့်ကို ဆေးဖော်ကြောဖက် မလုပ်ရင်နေ၊ ကိုယ်က တလောကလုံးအပေါ် မေတ္တာပွားနေမည်ဟူသောစိတ်က လွှမ်းမိုးလာပါသည်။
အမေရိကန်တွင် သုတေသန ပြုချက်များအရ ADHD ဝေဒနာရှင်လူငယ် တ၀က်နီး ပါး၏ ပညာရေးမှာ အထက်တန်းကျောင်းပင် မပြီးဆုံးကြောင်း တွေ့ရပါသည်။ အမေရိကန်တွင် ပျမ်းမျှလူ ၁၀၀ လျှင် ၂၈ ဦးသည် တက္ကသိုလ်ဘွဲ့ ရကြသော်လည်း ADHD ဝေဒနာသည်များထဲမှ တက္ကသိုလ်ဘွဲ့ ရသူမှာ ၁၀၀ လျှင် ၅ ဦးနှုန်းထက် လျော့နည်းပါသည်။


ဥာဏ်ရည် ပုံမှန်နှင့် ပုံမှန်အထက် ရှိနေသော်လည်း အိမ်စာများ ပြီးအောင် မလုပ်နိုင် ခြင်း၊ ဘာမဆို အချိန်မီ မပြီးစီးခြင်းများမှာ ADHD ဝေဒနာသည် ကလေးများ၏ သင်္ကေတ ဖြစ်ပါသည်။ ကြီးပြင်းလာသောအခါတွင်လည်း ထိုရောဂါကြောင့် ဘ၀ တွင် အခက်အခဲများ တွေ့ရပါသည်။ စာရေးသူထက် လေးနှစ်ငယ်သော ADHD ဝေဒနာရှင် အမေရိကန် လူငယ်တဦးမှာ မူးယစ်ဆေးပါ သုံးတတ်လာပြီး ဘ၀အခြေ အနေကောင်းများ ရပါလျက် ပညာရေးရော လူမှုရေးပါ မထူးချွန်တော့ပါ။
ထိုသို့ ဘ၀၏ အောင်မြင်မှုများကို အလှမ်းဝေးစေသည့် ကြောက်စရာ ရောဂါဆိုးကို မြတ်စွာဘုရား တိုက်ကျွေးသည့် ဓမ္မရေအေး အမြိုက်ဆေးဖြင့် ကုစားနိုင်ခဲ့ပါပြီ။ ယခု စာရေးရင်း ခဏရပ်ပြီး တရားရှုမှတ်ကြည့်သောအခါ ADHD ရောဂါ၏ စိတ်မတည် ငြိမ်ပြန့်လွင့်အောင် နှိပ်စက်မှုမှ ကင်းလွတ်၍ စိတ်ကြည်လင်တည်ငြိမ်စွာ တရားမှတ် နိုင်နေသည်ကို ၀မ်းမြောက်ဖွယ် တွေ့ရပါသည်။ ရဟန္တာပုဂ္ဂိုလ် မဟုတ်သေးသဖြင့် နိဝရဏ တရားများကတော့ လူမှာ ကုန်ဦးမည် မဟုတ်ပါ။ သို့သော် ADHD ရောဂါ သည် အဖြစ်မှ လွတ်မြောက်၍ ကျန်းမာလာခြင်းကပင် အံ့ဖွယ်အကျိုးရလဒ် ဖြစ်ပါ သည်။


ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်၊ ပညာ အဓိပတိတပ်၍ ကြိုးစားလျှင် အမှုကိစ္စတို့ ပြီးစီးအောင်မြင်သည်ဟူသော မြတ်စွာဘုရား၏ အဆုံးအမနှင့် ဟောကြားသော တရားတော်မြတ်ကို ရိုသေစွာ ရှိခိုးဦးခိုက်လိုက်ပါသည်။



6 comments:

NatShinNaung said...

ဒီထက်မက အဆင်ပြေ ပါစေခင်ဗျာ

khin myat said...

Congratulation!
I appreciate you after reading this post.
KMN

funny said...

Thanks a lot brother.

aungaunghlaing said...

စိတ်အေးချမ်းမှုတွက် ဒီထက်မက အစ်ကိုပိုမို့ချောမွေ့နိုင်ပါစေ.......။

sonata-cantata said...

ကိုယ်တွေ့ကို သေသေချာချာ ဖတ်ပြီး ဆန္ဒပြုခဲ့ပါတယ်။
လမ်းဆုံး ပန်းတိုင် ကို
ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ပါစေ။

sonata-cantata said...

ထပ်ဆင့်ဝေမျှပေးသူ ကိုလည်း ထပ်တူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်