သာသနာပြုလုပ်ငန်းနဲ့ ဒေသဓလေ့

သာသနာပြုလုပ်ငန်းနဲ့ ဒေသဓလေ့

“ကိုယ့်ဝါဒကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး”
ဆရာတော်အရှင်သေဋ္ဌိလ

ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...
“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။

ဆရာတော်ကြီးက...
“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားအောင် လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကား စေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုးမှာ မဆို သူတို့ရဲ့ မိရိုးဖလာ အယူဝါဒ ဓလေ့ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ ရူးကြောင်ကြောင်အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။ မြတ်စွာဘုရားပွင့်တော်မူလာတဲ့ အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာ ၀ါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ထွေးနေတာပေါ့။ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုတော်မူသွား တယ်ဆိုတာ မျက်ခြေမပြတ်စေနဲ့၊ လေ့လာရတယ်။ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတုယူကျင့်သုံးမှပေါ့။ အရှင်ဘုရားတို့ ၀ိနည်းသိက္ခာပုဒ်တွေထဲမှာ မြတ်မနှုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မို့လား၊ ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက ‘အဲဒါတွေကို မလုပ်ရ’ လို့ ဘာလို့ ပညတ်ထားသလဲ၊ အကျိုးမရှိဘဲနဲ့ မပညတ်ဘူး၊ အကျိုးရှိလို့ ပညတ်တာ”

“အဲဒီခေတ်မှာ တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲ တစ်ခုက သစ်ပင်ကို ခုတ်ထစ်တာဟာလဲ ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တ၀ါကို ညှင်းဆဲတာပဲ လို့ မှတ်ယူထားကြတာ။ အဟိံသာ ပရမောဓမ္မာ၊ မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရား ဆိုတာ ဒီလို အယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။ ဒါကို ဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့် မထိရောက်သေးဘဲ သူ့ဝါဒနဲ့ ဆန့်ကျင်ဘက် လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ့်သူတောင် ရှိမှာမဟုတ်လို့ သူ့ဝါဒနဲ့ မဆန့်ကျင်အောင် ဒီသိက္ခာပုဒ်တွေကို ပညတ်တာ။ ဒါကို ပညတ်လိုက်လို့ ကိုယ့်ဝါဒမှာလဲ ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်” လို့ မိန့်ကြားပါတယ်။

နတ်မှီတောရ ဆရာတော်ကြီးကတော့...
“အယူဝါဒ ဓလေ့ထုံးတမ်းဆိုတာ မှန်တာ မှားတာ အပထား။ သူတို့က ဦးထိပ်မှာထားပြီး လေးစားကိုးကွယ်နေကြ တာ ဆိုတော့ ဒါကို ထိပါးပုတ်ခတ်လိုက်ရင် ဦးခေါင်းကို ထိပါးပုတ်ခတ်တာထက် နာကြဉ်းတတ်တယ်။ ဒါဟာ ဘာသာဝါဒ တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဘယ်ဝါဒနဲ့မှ ထိပ်တိုက်မတိုးရဘူး။ ပိဋကတ်တော်တွေထဲမှာ မြတ်စွာဘုရားက... အဲဒီခေတ်က ဂိုဏ်းဆရာကြီးတွေအပေါ် ပြောဆိုသုံးစွဲတဲ့ ဝေါဟာရတွေကို ကြည့်ပါလား။ တိတ္ထိကြီးတွေ၊ မိစ္ဆာ၀ါဒီကြီးတွေလို့ ဒီလို ရင့်ရင့်သီးသီး မသုံးဘူး။ သာမညဖလသုတ်မှာ ပါတယ်မို့လား၊ ဂိုဏ်းဆရာကြီးတွေကို ခေါ်ဆိုတဲ့ ဝေါဟာရတွေလေ။ ‘သင်္ဃီ= အပေါင်းအစုခေါင်းဆောင်။ ဂဏီ= ဂိုဏ်းရဲ့ခေါင်းဆောင်။ ဂဏာစရိယော= ဂိုဏ်းဆရာ။ ဉာတော= ထင်ရှားကျော်ကြားသူ။ ယသဿီ= အခြံအရံအသိုင်းဝိုင်းရှိသူ။ တိတ္ထကရော= အယူဝါဒကို ပြုတတ်သူ။ သာဓုသမ္မတောဗဟုဇနဿ= လူအများက သူတော်ကောင်းလို့ သတ်မှတ်ထားသူ’ ဆိုတာတွေဟာ ဘုရားလက်ခံ သုံးစွဲတဲ့ ဝေါဟာရတွေ ဖြစ်လို့ ပိဋကတ်မှာ ထည့်သွင်းပြီး သင်္ဂါယနာတင်ထားတာတွေပေါ့။ ဒါတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သူတော်ကောင်း စိတ်ထားကို ဖော်ပြတဲ့ စကားတွေပဲ။ သူတော်ကောင်းဆိုတာ ဘယ်တော့မှ သူတစ်ပါးကို ထိပါးပုတ်ခတ် မပြောဘူး” လို့ ဖြည့်စွက်ပြောပါတယ်။

ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးကတော့ ဆေးပညာလဲ နားလည်ကျွမ်းကျင်တာဆိုတော့...
“လူမမာဆေးကုရသလိုပေါ့ ဘုရား၊ အပူလွန်တယ်ဆိုပြီး ဆန့်ကျင်ဘက်ဆေးအေးတွေ တွန်းတိုက်လိုက်ရင် တစ်ခါတည်း လူမမာငန်းဖမ်းပြီး သေသွားတတ်တယ်။ တဖြည်းဖြည်းချင်း ဆေးချက်သွင်းရတယ်။ ကိသာဂေါတမီကို မြတ်စွာဘုရားက... တရားဆေးနဲ့ ကုသလိုက်ပုံကြည့်ပါလား။ သားသေကို ဆေးကုပေးဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဟိုက အားကိုးတကြီးနဲ့ လာတာ။ သောကမီးကလဲ တောက်နေတာ။ တရားဟောလိုက်ရင်လဲ သောကပူနဲ့ တရားအအေးနဲ့ ဖြောင့်ဖြောင့်ဆန့်ကျင်နေတော့ အကျိုးမရှိတဲ့အပြင် တရားကို ကလန်ကဆန် လုပ်မိလို့ ဓမ္မန္တရာယ် ဖြစ်ဦးမယ်။ သေသူဆိုတာ ကုလို့ ရတာမျိုးမဟုတ်ဘူး လို့ တိုက်ရိုက်ကြီး ပြောလိုက်ပြန်လဲ အပူမီးတောက်နေသူ အတွက် နေပူကလာသူကို အရိပ်ကနေ ဆီးကန်လွှတ်သလို ဖြစ်သွားမှာ။ ဒီတော့ မြတ်စွာဘုရားက သူ့အပူသူ ငြိမ်းနိုင်အောင် ပရိယာယ်နဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းတယ်။ မရတော့ ‘သေတယ်ဆိုတာ အိမ်တိုင်းနဲ့ ဆိုင်တဲ့ တရားပဲ’ လို့ သဘောပေါက်ပြီး သောကအပူအေးသွားတော့မှ တရားရေအေးတိုက် ကျွေးလိုက်တော့ အနာနဲ့ဆေး တစ်ခါတည်းကိုက်ပြီး အရိယာ ဖြစ်သွားသလိုပေါ့။ မြတ်စွာဘုရားရှင်ရဲ့ ဒီလို နည်းပရိယာယ်မျိုးကို လေ့လာအတုယူရမှာပေါ့” လို့ ကောက်ချက်ချပြပြီး စကားဝိုင်းကို ရပ်နားလိုက်ပါတယ်။

“နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်”


ဓမ္မဘေရီ အရှင်ဝိရိယ

1 comment:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog