သက်မဲ့တို့ရဲ့လွတ်လပ်ခွင့်

သက်မဲ့တို့ရဲ့လွတ်လပ်ခွင့်
မန္တလေးမြို့ မိုးကောင်းတိုက်က သက်တော်ရှည်ဒေးဝန်းဆရာတော်ကြီးဆိုတာ မန္တလေးမြို့မှာ ရှိတဲ့ ရဟန်း ရှင်လူ တို့သာမ က မြန်မာပြည်အရပ်ရပ်မှာ ရှိကြတဲ့ ပရိယတ္တိ သာသနာတော်ကို မျက်ခြည်မပြတ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားသိလေးစားကြရတဲ့ ဆရာတော်ကြီးပါ။

ဆရာတော်ကြီး ၀ိနည်းတော်ကို အလွန်လေးစားတာ၊ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမားတာတို့ အပြင် ပရိယတ္တိ သာသနာတော်ရဲ့ အဆင့်အမြင့်ဆုံး စာမေးပွဲကြီးဖြစ်တဲ့ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲကြီးမှာ မိမိရဲ့ခန္ဓာကိုယ်လှုပ်ရှား နိုင်သမျှ ဦးဆောင်နာယကအဖြစ်ဆောင်ရွက်တော်မူခဲ့တာဖြစ်လို့ ပရိယတ္တိနယ်မှာ လေးစားစံထားခြင်းခံရတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။ ဒကာ၊ ဒကာမတို့ကို ဆုံးမ သြ၀ါဒပေးရာမှာလဲ လိုရင်းတိုရှင်းနဲ့ မှတ်လောက်သားလောက်အောင်၊ မဖြစ်မနေ လိုက်နာချင်လာအောင် ဆုံးမညွှန်ကြားလေ့ရှိတာမို့ မန္တလေးမှာ ရှိကြတဲ့ သာသနာရေး၊ လူမှုရေး စတဲ့ အဖွဲ့အစည်းတွေအားလုံးလောက်ဟာ ဆရာတော်ကြီးထံမှာ ဆုံးမသြ၀ါဒခံယူလေ့ရှိကြပါတယ်။

တစ်ခါက လူကြီးလူငယ် အတော်စုံလင်တဲ့ အဖွဲ့တစ်စု ဆရာတော်ကြီးထံ ဆုံးမသြ၀ါဒခံယူဖို့ ရောက်လာကြတယ်။ ဦးဆောင်ဦးရွက်ပြုတဲ့ ဒကာကြီးက “တပည့်တော်တို့ ဒကာ ဒကာမများအတွက် ဘ၀ဒုက္ခ၊ လူမှုဒုက္ခတွေက လွတ်မြောက်နိုင်ဖို့ အတွက် ဆရာတော်ကြီးရဲ့ လမ်းညွှန်ဆုံးမသြ၀ါဒကို ခံယူဖို့ ရောက်လာကြတာ ဖြစ်ပါကြောင်း” လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက...

“အေး... ဒကာတို့ သက်ရှိဖြစ်တဲ့ လူတွေ ဒုက္ခအားလုံးက လွတ်မြောက်လိုကြတယ်ဆိုရင် အဲ့ဒီလူတွေက သက်မဲ့တွေကို အရင်ဆုံးလွတ်လပ်ခွင့် ပေးကြဦးကွယ့်” လို့ မိန့်ကြားလိုက်ပါတယ်။ “သက်မဲ့တွေ လွတ်လပ်ရေးပေးကြ” ဆိုတဲ့ ဆရာတော်ကြီးရဲ့ စကားက အထူးအဆန်းဖြစ်နေတဲ့ အတွက် အံ့သြထူးဆန်းတဲ့ အမူအယာနဲ့ ဆရာတော်ကြီးကို မော့ကြည့်ကြပြီး...

“ဆရာတော် သက်မဲ့တွေကို ဘယ်လိုများလွတ်လပ်ခွင့် ပေးစရာလိုနေပါသလဲ ဘုရား” လို့ လျှောက်ထားကြပါ တယ်။ ဆရာတော်ကြီးက...

“ဒကာတို့... တို့ နိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံကြီးပဲ၊ ဗုဒ္ဓဘာသာဝင် အများစုကြီးနေတဲ့ နိုင်ငံလဲ ဟုတ်တယ်။ ဒီလိုနိုင်ငံမျိုးမှာ ဒကာတို့ စဉ်းစားကြည့်စမ်း၊ လမ်းဘေးမှာ ရှိကြတဲ့ သောက်ရေအိုးစင်တွေမှာ ရေမှုတ်၊ ရေခွက်တွေ လွတ်လွတ်လပ်လပ်နေခွင့်ရရဲ့လား၊ သံကြိုးနဲ့ကို အချည်ခံနေရတယ်ဗျ။ ပြီးတော့ ကျောင်းကန် ဘုရားတို့ အလှူအတန်းတို့ကို သွားကြတဲ့အခါမှာကော ဖိနပ်တွေဟာ လွတ်လွတ်လပ်လပ် ချွတ်ထားလို့ရသလား၊ သံဆန်ခါ အကန့်အကန့်လေးတွေထဲမှာ ထည့်ထားခံရတယ်မို့လား၊ အဲဒီသက်မဲ့ရေမှုတ် ရေခွက်တွေ ဖိနပ်တွေ လွတ်လပ်ခွင့်မရ တာဟာ ဘယ်သူတွေကြောင့်လဲ။ သက်ရှိလူတွေကြောင့် မဟုတ်လား။ လူတွေဆိုတာ တခြားဘာသာဝင်တွေ မမှတ်လိုက် နဲ့။ တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေချည်းသွားကြတဲ့ အလှူပွဲတွေ ဘုရားတန်ဆောင်းတွေမှာကို ဖိနပ်တွေ ဒီအတိုင်းထားလို့ မရကြသေးဘူးမို့လား။ အဲဒါတွေ လွတ်လပ်ခွင့်ရအောင် အရင်လုပ်ရဦးမှာဗျ။”

“ဒုက္ခဆိုတာ ဘယ်လိုဒုက္ခမျိုးကပဲ လွတ်ချင်လွတ်ချင် အခြေခံအကျဆုံးက ကိုယ်ကျင့်သီလပဲ၊ ကိုယ်ကျင့်သီလ မလုံခြုံရင် ဘ၀ဒုက္ခတွေက လွတ်မြောက်ဖို့ မပြောနဲ့ ဘ၀လုံခြုံမှုကိုတောင် မရနိုင်ဘူး။ ဒီလိုအခြေခံကျတဲ့ ကိုယ်ကျင့်တရား အရာမှာ ဗုဒ္ဓသာသနာတော် ထွန်းကားတဲ့ နိုင်ငံကြီးတစ်နိုင်ငံ အနေနဲ့ တခြားတန်ဖိုးရှိတဲ့ ပစ္စည်းတွေ မဆိုထားနဲ့။ သောက်ရေအိုးစင်က ရေမှုတ် ရေခွက်လို ပစ္စည်းလေးတစ်ခုတောင် လွတ်လွတ်လပ်လပ်ထားလို့ မရသေးဘူးဆိုတာ တခြားတိုင်း တစ်ပါးသားတွေ မြင်ရတွေ့ရရင် ဘယ်လောက်ရှက်စရာကောင်းလဲ။ နိုင်ငံကြီးသား ဖြစ်ဖို့ဆိုတာ တိုက်ကြီး တာကြီးတွေ ရှိနေရုံနဲ့ ကမ္ဘာကျော်တဲ့ သူဌေးကြီးတွေရှိနေရုံနဲ့ နိုင်ငံကြီးလို့ မခေါ်နိုင်ဘူး။ ကိုယ်ကျင့်တရားကြီးမားတဲ့ လူတွေ နေမှဖြစ်တာ။ အဲဒီလိုနိုင်ငံသားကိုမှ နိုင်ငံကြီးသားလို့ ဆိုနိုင်မှာဗျ။ ကဲ... ဘယ်နှယ်လဲ” လို့ မေးလိုက်တော့ အားလုံးပဲ ခေါင်းငိုက်စိုက်ကျသွားကြပါတော့တယ်။

အမှန်ကတော့ ဒီအဖြစ်တွေကို တွေ့မြင်နေကြရတာ ကြာလဲ ကြာပါပြီ။ တစ်နေရာတည်းမှာလဲ မဟုတ်ပါဘူး။ အရပ်ဒေသတိုင်း နေရာတိုင်းလိုလိုမှာ ဖြစ်နေကြတာပါ။ လူတို့ရဲ့ ကိုယ်ကျင့်တရား ချွတ်ယွင်းမှုနဲ့ လူ့တန်ဖိုးကို အလေးမထားမှုကြောင့် သက်မဲ့အရာတွေမှာ လွတ်လပ်မှုမရှိရုံမျှမက လုံခြုံမှုကင်းမဲ့တဲ့ အဖြစ်မျိုးတွေ့ကြုံနေရတာတွေလဲ အများကြီးပါပဲ။ လူအများ တည်ခိုးနားနေဖို့ ဆောက်လုပ်ထားတဲ့ ဇရပ်၊ တန်ဆောင်းတွေမှာ ကွက်လပ်မကျန်အောင် အယုတ္တ အနတ္တ (မသင့်လျော်၊ အကျိုးမရှိ)တဲ့ စာတွေ ရေးသားကြတာ၊ အုတ်ရေအိုးစင်တွေမှာ ကွမ်းသွေးများ ပေကျံနေတာ။ အများသောက်တဲ့ ရေအိုးစင်နားမှာ ရွံ့ရှာဖွယ် အညစ်အကြေးနှပ်၊ သလိပ်တွေ ထွေးထားကြတာ၊ စတာ စတာတွေ။

ပြီးတော့ သက်ရှိလူတို့ရဲ့ စည်းကမ်းမဲ့မှုကြောင့် သက်မဲ့တွေ အဆဲခံရတာလဲ ရှိသေးတယ်။ လမ်းသွား လမ်းလာ မလွတ်လပ်တဲ့ နေရာမှာ ရပ်ထားတဲ့ ကား၊ စက်ဘီး၊ လှည်းတွေ အဆဲခံရတာမျိုး။ ရန်အပြုခံရတာမျိုးလဲ ရှိသေးတယ်။ အိမ်ရှေ့လမ်းမမှာ ရပ်ထားတဲ့ ၀ါးလှည်းကို ညမှောင်မှောင် ၀င်တိုက်မိလို့ ၀ါးတွေနဲ့ လှည်းကို ဓါးနဲ့ လာခုတ်သွားတာမျိုး တွေ၊ တစ်ခုခုနဲ့ ၀င်အတိုက်ခံရတာတွေ တခြားအရာ ကိစ္စတွေလဲ အများကြီးရှိနေကြဦးမှာပါ။

ဒါတွေအားလုံးဟာ သက်ရှိတွေထဲမှာ အသိဉာဏ် အကြီးဆုံးနဲ့ အယဉ်ကျေးဆုံးဖြစ်တဲ့ လူတို့ရဲ့ စည်းကမ်းမဲ့မှု ကြောင့် သက်မဲ့တွေမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေပါပဲ။

ဆရာတော်ကြီးရဲ့ ဆိုလိုရင်းကတော့ သက်မဲ့တွေမှာ သက်ရှိ(အထူးသဖြင့် လူ) တွေကြောင့် ကြုံတွေ့ရတဲ့ ဒီမနှစ်မြို့စရာတွေ ပပျောက်အောင် လူတွေရဲ့ ကိုယ်ကျင့်တရားတွေကို ပထမဦးဆုံး ပြုပြင်ဖို့ အရေးကြီးတယ်။ လူတွေမှာ ဒီလို ကိုယ်ကျင့်တရားတွေနဲ့ ပြည့်စုံကြမယ်။ ယဉ်ကျေးကြမယ်ဆိုရင် လူမှုဒုက္ခနဲ့ ဘ၀ဒုက္ခအမျိုးမျိုးက လွတ်လပ်ဖို့ အတွက် အခြေခံ (သီလသိက္ခာ) ပြည့်စုံပြီးဖြစ်လို့ ရည်မှန်းသမျှ မုချရနိုင်မယ်လို့ ဆိုလိုတာပါပဲ။

မိမိတို့ကိုယ်တိုင် ဆရာတော်ကြီး မိန့်ကြားတဲ့ “သက်မဲ့တို့ကို မလွတ်လပ်အောင်၊ လုံခြုံမှုကင်းမဲ့အောင်၊ ရန်ပြုခံရအောင် ပြုလုပ်နေကြသူများ” စာရင်းထဲက ကင်းလွတ်ကြပါရဲ့လား။ တကယ်လို့များ ဒီစာရင်းထဲ ပါဝင်နေသေးတယ် ဆိုရင် ဘာကို အရင်လုပ်ကြမလဲဆိုတာ စဉ်းစားပြီး အမှန်အကန် သုံးသက်ဆုံးဖြတ် အကောင်အထည် ဖော်နိုင်ကြပါစေ...။



ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


1 comment:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog