ရသပေါင်းစုံ လ ကဆုန်


video

        နတ်လူ၊ ဗြဟ္မာ သတ္တ၀ါတွေ ငြိမ်းချမ်းစေဖို့ မယ်တော်မာယာ၏ ၀မ်းကြာတိုက်ခန်းမှာ ကိန်းခဲ့သည့် မြတ်ဗုဒ္ဓလောင်းလျာ သည် မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်တော် မပေါ်မီ ၆၂၃ ခုနှစ်၊ သောကြာနေ့) တွင် လုမ္ဗိနီအင် ကြင်းတော၌ ဖွားမြင်တော်မူခဲ့ပါတယ်။ ဖွားစမှာပင် မိမိ၏ပါရမီတော်အစွမ်းဖြင့် မြေ၌မတ်မတ်ရပ်ကာ မြောက်သို့ ၇ လှမ်း လှမ်းကြွတော်မူခဲ့ပြီး ညာလက်ကိုမြှောက်၍ လောကမှာ ငါ အမြတ်ဆုံး၊ ဤပဋိသန္ဓေသည် နောက်ဆုံးပဋိသန္ဓေနေခြင်း ဖြစ်တယ်၊ ငါ့မှာ နောက်ထပ်တဖန် ပဋိသန္ဓေနေခြင်း အလျင်းမရှိပေ… ဟူသော ရဲရဲတောက်မိန့်ခွန်းကို မွေးစမှာပင် မြွက်ကြားတော်မူခဲ့ပါတယ်။

        လောကမှာ ငါ အမြတ်ဆုံးလို့ မိန့်ကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာသည် မိမိ၏ စကားတော်နှင့်အညီ အမြတ်ဆုံးသော လုပ်ငန်းများကို ဘ၀တစ်လျှောက်လုံး တစ်စိုက်မတ်မတ် ဆောင်ရွက်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင် သည် လောကမှာ ငါ အမြတ်ဆုံးဟု မိန့်ခဲ့သည့်အတွက် မြတ်သောသူအဖြစ်ကို ရခဲ့သည်မဟုတ်ပဲ အမြတ်ဆုံးသော လုပ်ငန်းများကို မွန်မြတ်စွာဆောင်ရွက်ခဲ့ခြင်းကြောင့်သာ အမြတ်ဆုံးသော ဗုဒ္ဓဖြစ်ခဲ့ရသည်လို့ နားလည်မိပါတယ်။ 

        မြတ်စွာဘုရားရှင်သည် လောကသားတို့အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ဖို့ရာ ကျင့်ခြင်းဆိုတဲ့ မွန်မြတ်သော အကျင့်များဖြင့် ဘ၀ကြီးကို တည်ဆောက်တော်မူခဲ့ပါတယ်။
       မြတ်ဗုဒ္ဓသည် ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ တို့ကို အစွမ်းကုန်ဖြည့်စည်းတော်မူခဲ့သည်မှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် အောင်ပင်ဖြစ်ပါတယ်။ သူတစ်ပါးတို့၏အကျိုးကို ဆောင်ရွက်ချင်သူတို့အဖို့ မိမိတို့မှာအစွမ်းရှိဖို့တော့ လိုပါတယ်။ ဒါနကိုလည်း ပြုစွမ်းနိုင်ရမယ်။ သီလကိုလည်း ဆောက်တည်နိုင်စွမ်းရှိရမယ်။ စသဖြင့် ၁၀ ပါးသော ပါရမီတော်တို့ကို ဖြည့်စွမ်းနိုင်ရပါမယ်။ သို့မှသာလျှင် တစ်ပါးသူတို့အကျိုးကို ဆောင်ရွက်ပေးနိုင်ပေတော့မှာဖြစ်ပါတယ်။ 

        အတ္တာနံ ရက္ခန္တော ပရံ ဒုက္ခတိ နာမ… ဟုဆိုသည့်အတိုင်း မိမိကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းသည် တစ်လောကလုံးကို စောင့်ရှောက်ရာ ရောက်ပါတယ်။ တစ်နည်းအားဖြင့် ပရဟိတအလုပ်ကို လုပ်လိုက်ခြင်းပင်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော မိမိ၏ ပရောဂကြောင့် တစ်ပါးသူ၏ အသက်မဆုံးရှုံးစေခြင်းဖြင့် ထိုသူကို သက်သာရာ ရစေပါတယ်။ မိမိ၏ အလိုဆန္ဒ ကြောင့် တစ်ပါးသူ၏ ဥစ္စာပစ္စည်းကို မယူခြင်းဖြင့် တစ်ပါးသူအား ချမ်းသာရာ တရားကို ပွားစည်းစေသောကြောင့်ပင်ဖြစ်ပါတယ်။ မိမိသည် တစ်ပါးသူ၏ ကာမပိုင်နှင့် မဖောက်ပြားခြင်းဖြင့်လည်းကောင်း၊ မဟုတ်မမှန်လုပ်ကြံပြောဆိုခြင်း၊ ကုန်းချော စကားပြောဆိုခြင်း၊ အကျိုးမရှိသောစကားပြောဆိုခြင်များကို ရှောင်ကြဉ်ခြင်း ဖြင့်လည်းကောင်း၊ အရက်သေစာ မူးယစ်ဆေးဝါး သုံးစွဲသောက်စားခြင်းများ မပြုလုပ်ခြင်းဖြင့် မိမိစွမ်းနိုင်ရာ အများ ကောင်းကျိုး (တနည်း) ပရဟိတအလုပ်ကို ဆောင်ရွက်သင့်လှပါတယ်။

        ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ နာမ- တစ်လောကလုံးကို စောင့်ရှောက်ခြင်းဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်း မည်ပါပေ၏ဟု မိန်ဆိုသည်ကို ကြားနာဖူးပါတယ်။ မြတ်စွာဘုရားရှင်တို့ ပဋိသန္ဓေယူခြင်းသည် အများသူငါတို့ ချမ်းသာဖို့ အကြောင်းသာဖြစ်ပါတယ်။ နတ်လူ ငြိမ်းဖို့ ကိန်းပါကို … ဆိုသည်ကို ကြားဖူးကြမည်ထင်ပါတယ်။ မိမိမွေးဖွားလာခြင်းကြောင့် အားလုံးသော သတ္တ၀ါတွေ ဆင်းရဲဒုက္ခတွေ ချုပ်ငြိမ်းဖို့ရန် ဖြစ်ရပါမယ်။ တစ်လောကလုံး ကောင်းကျိုးအတွက် သာဖြစ်ရပါမယ်။ မိမိမွေးဖွားလာခြင်းသည် တစ်ပါးသူတို့ ဆင်းရဲဒုက္ခပွားစည်းဖို့ရန်အတွက် မဖြစ်ကောင်းပေ။ မိမိကြောင့် တစ်ပါးသူတို့ ချမ်းသာပွားဖို့ကို သူတော်ကောင်းတို့ နှစ်သက်ကြပါတယ်။ မိမိကြောင့် သူတစ်ပါးတို့ ဆင်းရဲမည့်အရေးကို သူတော်ကောင်းတို့ မနှစ်သက်ကြပါ။ 

        ဗုဒ္ဓေါ ဗောဓေယျံ- ငါကိုယ်တိုင် သစ္စာလေးပါးတရားကို သိသလို သတ္တ၀ါတွေသိစေရမယ်၊ မုတ္တော မောစေယျံ- ငါကိုယ်တိုင် သံသရာ ၀ဲသြဃက လွတ်မြောက်သလို သတ္တ၀ါတွေ လွတ်မြောက်စေရမယ်၊ သန္တော သမေယျံ- ငါကိုယ်တိုင် ငြိမ်းချမ်းစွာ နေနိုင်သလို သတ္တ၀ါတွေလည်း ငြိမ်းချမ်းစေရမယ်ဆိုတဲ့ မြတ်စွာဘုရားအလောင်းတော်၏ စိတ်ဓာတ်တော်သည် အများအကျိုးကို ဆောင်ရွက်ရန် အထူးလိုလားပုံအား ဖော်ပြနေပါတယ်။ အများအကျိုး ဆောင်ရွက်လိုသော စိတ်ဓာတ်သည် မြတ်စွာဘုရားရှင်တို့၏ စိတ်ဓာတ် (၀ါ) သူတော်ကောင်းတို့၏ စိတ်ထားပင်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်သည် သံသရာ တစ်လျှောက်လုံး ပြုလုပ်ခဲ့သမျှ ဒါန၊ သီလ အစဖြာသော အလုပ်တို့တွင် ငါ့ကောင်းကျိုး အတွက်ဆိုသည်၊ ငါဆိုသည်ကို ရှေ့တန်းတင်၍ လုပ်ဆောင်ခဲ့သည်မဟုတ်ပဲ သဗ္ဗညုတဉာဏ်တော်အရာအတွက်သာ (၀ါ) အများအကျိုးဆောင်ရွက်ရန် အတွက်သာ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်။

       ဘုရားအလောင်းတော် ယုန်မင်းဖြစ်စဉ်က မိမိအသက်ကိုစွန့်၍ အသားကိုပေးလှူခဲ့ဖူးပါတယ်။ ဒီယုန်မင်းက ဘုရားအ လောင်းတော် ယုန်မင်း။ ဒီတော့ ဘုရားအလောင်းတော်မို့သာ ဒီအလုပ်ကိုလုပ်နိုင်တယ်။ တစ်ခြားယုန်ဆိုရင် လုပ်မှာ မဟုတ်ပါဘူးလို့ စိတ်မှ မတွေးမိစေလိုပါ။ ဘာကြောင့်လဲဆိုတော့ ထိုစဉ်က ထိုယုန်ကလေးဟာ မိမိသည် ဘုရားအလောင်းတော်ပဲဟု မိမိကိုယ် မိမိ မသိရှိခဲ့ပါ။ သူလိုငါလို ယုန်ကလေးပါပဲ။ သို့သော် ဒီယုန်သည် စိတ်ကောင်းရှိသော ယုန်၊ ပေးကမ်းရတာကို ၀ါသနာပါသော ယုန်၊ အများကိုကူညီချင်စိတ်ရှိသော ယုန်သာလျှင် ဖြစ်တယ်။ ထိုစိတ်ဓာတ်ကောင်း ကြောင့်ပင် လှူခြင်းဖြစ်တယ်။ မိမိသည် ဘုရားအလောင်းတော်ဖြစ်ခြင်းကြောင့် မလှူလျှင်မကောင်း၍ (၀ါ) မကောင်းတတ် ၍ လှူခြင်းမျိုးမဟုတ်ပါ။

        အလှူတစ်ခုပြုလုပ်ရာတွင် သူတစ်ပါးတိုက်တွန်းလို့လှူတာရှိတယ်။ လှူချင်လို့လှူတာရှိတယ်။ မလှူပဲကို မနေနိုင်လို့ လှူတာရှိတယ်။ မြတ်စွာဘုရားရှင် အစရှိတဲ့သူတော်ကောင်းတို့ကတော့ မလှူပဲကို မနေနိုင်၍ လှူခြင်းဖြစ်ပါ တယ်။ ဆဒ္ဒန် ဆင်မင်းဖြစ်ခဲ့စဉ်က အစွယ်ဖြတ်၍ လှူခဲ့ဖူးပြီ။ သိဝိမင်းကြီးဘ၀က မျက်လုံးကိုထုတ်၍ လှူခဲ့ဖူးပြီ။ လောကသုံးပါးရှိ သတ္တ၀ါတို့ ပြုလုပ်ခဲ့သမျှ ကောင်းမှုတို့ကို ချိန်ခွင်တစ်ဖက်မှာထည့် မြတ်စွာဘုရားရှင်၏ ကောင်းမှုတော်တို့ကို တစ်ဖက်မှာ ထည့်၍ ချိန်ထိုးကြည့်ဦးတော့။ သတ္တ၀ါအနန္တတို့၏ ကုသိုလ်သည် မြူမှုန်မျှသာ ဖြစ်ရချေတော့မယ်။ ဘုရားရှင်သည် ထိုမျှလောက် ဖြည့်ဆည်းတော်မူခဲ့ပါတယ်။ 

        မြတ်စွာဘုရားရှင်သည် ဒဿပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ စသော ပါရမီ (၁၀) ပါး အပြား (၃၀) တို့ကို ဖြည့်ကျင့်တော်မူပြီး ခရစ်တော်မပေါ်မီ ၅၈၈ ခုနှစ်၊ မေလ ဗုဒ္ဓဟူးနေ့၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဗောဓိပင်ရွှေပလ္လင်ထက်၌ မာန်(၅)ပါးကို အောင်မြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဤပဋိသန္ဓေသည် နောက်ဆုံး ပဋိသန္ဓေနေခြင်း ဖြစ်တယ်ဆိုသည်အား သက်သေထူသောနေ့ ဆိုလျှင်လည်း မှားမည်မထင်ပေ။ ကိလေသာမီးတို့၏ လောင်မြိုက်ခြင်းဘေးမှ လွတ်ကင်းပြီး ငြိမ်းအေးသော ဘ၀ပိုင်ရှင်အဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ 

        လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ အခွင့်အရေးလည်း ရှိပါတယ်။ တာဝန်းလည်းရှိပါတယ်။ ကိုယ့်ရဲ့ မွေးရာပါအခွင့် အရေးဖြစ်တဲ့ ငြိမ်းချမ်းတဲ့သူဖြစ်အောင်လုပ်ဖို့ တာဝန်လည်း ယူသင့်ပါတယ်။ ငြိမ်းချမ်းနေတဲ့စိတ်မှာ မျှတတဲ့သဘောထားရှိတယ်၊ မှန်ကန်တဲ့ အမြင်ရှိတယ်။ ဒါကြောင့် အများအကျိုးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်တယ်။ ငြိမ်းချမ်းတဲ့လူတွေများရင် လောကကြီးဟာ ဘယ်လောက်များ သာယာဖွံ့ဖြိုးလိုက်မလဲ …. ဟု မဟာမြိုင်တောရဆရာ တော် ဦးဇောတိက၏ မိန့်ဆိုချက်ကို သတိရမိပါတယ်။ 

  မြတ်စွာဘုရားရှင်က ဘုရားဖြစ်ပြီးသည့်နောက်ကာလ၀ယ် ဝေနေယျများစွားစွာတို့ကို ငြိမ်းအေးကြောင်းတရားများ ဟော ကြားဆုံးမတော်မူခဲ့ပါတယ်။ လူတွေ ၀ိသမလောဘတွေကြောင့် ဆင်းရဲဒုက္ခတွေများနေကြတယ်။ သူ့ဥစ္စာကို ကိုယ်ပိုင်ဖို့ အတွက်၊ ကိုယ့်မှာ ရှိသထက်ရှိဖို့အတွက် လောဘဇောတိုက်ပြီး ရှာဖွေနေကြတယ်။ ရှာရသမျှတွေနဲ့ ပူလောင်နေကြတယ်။ မရှိတောင့်တ၊ ရှိကြောင့်ကြ ဆိုတာတွေနဲ့အချိန်ကုန်နေကြတယ်။ ထို့ကြောင့်ပင်မြတ်စွာဘုရားရှင်က တရားဦး ဟောတော်မူရာတွင် လောဘတွေမဖြစ်ရအောင် ကာမသုခလ္လိကာနုယောဂကိုပယ်ခိုင်းတယ်။ ဒေါသအစွန်း ကနေလွတ်အောင် အတ္ထကိလမထာနုယောဂကို ပယ်ခိုင်းတယ်။ မောဟတရား တို့မဖြစ်ပွားအောင် သမ္မာဒိဋ္ဌိအစဖြာသော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ဟောကြားဆုံးမတော် မူခဲ့ပါတယ်။ 

       သို့သော် လောကမှာ မကောင်းတဲ့လမ်းက နှစ်လမ်းရှိပြီး၊ ကောင်းတဲ့လမ်းက တစ်လမ်းပဲရှိတယ်။ အတ္ထကိလ သည်လည်း မကောင်းတဲ့လမ်း၊ ကာမသုခလ္လိကာသည်လည်း မကောင်းသည့်လမ်း၊ မဇ္ဈိမပဋိပဒါအကျင့်မြတ်သည်သာ ကောင်းမွန်သော လမ်းဖြစ်၍ တစ်လမ်းသာလျှင် ရှိပါတယ်။ ထိုကြောင့်ပင်လျှင် လောက၌ မကောင်းတဲ့လမ်း၌ အသွားအလားများ၍ ကောင်း တဲ့လမ်း၌ အသွားအလာနည်းနေသလားဟုပင် ထင်မိပါတယ်။ မြတ်ဘုရားသာသနာနှင့် ကြုံကြိုက်တုန်းမှာ လမ်းမှားမလိုက်မိဖို့ အထူးလိုအပ်လှပါတယ်။ မြတ်စွာဘုရားရှင်၏ အဆုံးအမကိုခံယူ၍ လမ်းမှန်ကို လျှောက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ လောကီလူသားတွေအတွက် ကာမဂုဏ်ချမ်းသာကို ရှောင်ခွာနိုင်ရင် ချမ်းသာကြောင်းပင်ဖြစ်ပါတယ်။ 

        မြတ်စွာဘုရားရှင်သည် ၄၅ ၀ါကာလပတ်လုံး ဝေနေယျများစွာ သတ္တ၀ါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး တော်မူပြီးနောက် သက်တော် (၈၀)အရွယ်တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင် ရုပ်သိမ်း ခန္ဓာဇာတ်ချုပ် ငြိမ်းတော်မူခဲ့ပါတယ်။ ထိုအချိန် မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်မှာလည်း အင်ကြင်းပန်းတွေအစုံ အစုံပွင့်လို့ မြတ်စွာဘုရားရှင်ကို နောက်ဆုံး ပူဇော်နေကြပါတယ်။ စကြာဝဠာတိုက်အပေါင်းက စုဝေးရောက်ရှိလာကြတဲ့ နတ်ဗြဟ္မာ အပေါင်းကလည်း မြတ်စွာဘုရားရှင်၏ အန္တိမပူဇာကို နောက်ဆုံးပူဇော်နေကြပါတယ်။ စုဝေးလို့ ရောက်ရှိနေတဲ့ သံဃာ ၇ သိန်းကျော်ကို မြတ်စွာဘုရားရှင်သည် မိမိတစ်သက်တာ ဟောကြားခဲ့သမျှ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားတို့ကို စုပေါင်းကာ တစ်လုံးတည်း မိန့်ကြားတော်မူခဲ့ပါတယ်။ 

        ဟန္ဒဒါနိ ဘိက္ခဝေ အမန္တယာမိဝေါ၊ ၀ယဓမ္မာသင်္ခါရ အပ္ပမာဒေန သမ္ပာဒေထ။
        ဘိက္ခဝေ- ရဟန်းတော်များ အိုချစ်သားတို့၊ ဟန္ဒ- ဟင် ပင်ပန်းလေစွတကား။ ဒါနိ- ယခုအခါကာလ၌ ငါဘုရားရှင်ကိုယ် တော်မြတ်သည်၊ အမန္တယာမိ- နောက်ဆုံးစကား မှာကြားပေအံ့။ သင်္ခါရ- သင်္ခါရတရားတို့မှာ၊ ၀ယဓမ္မာ- ပျက်စီးတတ်သော သဘောရှိကြလေ၏။ အပ္ပမာဒေန- မမေ့မလျော့သောတရားဖြင့် မိမိတို့၏ ကိစ္စတို့ကို၊ သမ္ပာဒေထ- ပြည့်စုံစေကြကုန်လော့။ ဟူ၍ နောက်ဆုံးသောစကားကို မိန့်ကြားတော်မူခဲ့ပါတယ်။

        ထိုနေ့သည်ကား မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ (ခရစ်တော်မပေါ်မီ ၅၄၃ ခုနှစ် မေလ) ပင်ဖြစ်ပါပေတယ်။ 

        အတိခိပ္ပံ စက္ခုံ လောကေ အန္တရဟိတော- လောကမျက်လုံးကွယ်သွားတာ မြန်လွန်းလှချေတကားဟု သံဃာတော်များနှင့် နတ်ဗြဟ္မာများက ရုတ်တရက် နှုတ်မှ မြွက်ဆိုမိကြပါတယ်။ လောကမျက်လုံးကွယ်သွားခဲ့ပေမယ့် မြတ်ဘုရားထွန်းညှိခဲ့တဲ့ ဓမ္မဆီမီးတိုင်ကတော့ ထိန်လျက်လင်းလျက် ရှိနေပါသေးတယ်။ ဓမ္မအလင်းရောင် မရကြတဲ့ လောကလူသားတို့အဖို့ ရံခါ အမှောင်ထဲမှာ စမ်းတ၀ါးဝါး လျှောက်လှမ်းနေကြရပါတယ်။ ရံခါဘ၀ပင်လယ်ပြင်မှာ လွင့်မြော နေကြရပါတယ်။ ရံခါ ဘ၀ကန္တာရ ခရီးကြမ်းမှာ လျှောက်လှမ်းကြရပါတယ်။ ဓမ္မဆီမီးရောင်ဖြင့်သာ လောကကြီးမှ လွန်မြောက်နိုင်ကြပါတယ်။ ထိုဓမ္မဆီမီးတိုင်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရမည့်တာဝန်မှာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ပင်ဖြစ်ပါပေတယ်။

        မြတ်ဗုဒ္ဓ၏ ဓမ္မဆီမီးရောင်ဖြင့် အားလုံးသော ဓမ္မမိတ်ဆွေအပေါင်း မိမိဘ၀ခရီးလမ်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ကြ ပါစေသော်။

2 comments:

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

တတိယမြောက်သမီးတော် said...

ခြေရာကောက်ပြီးလိုက်လာတာ