လျော်ညီစွာနဲ့


     အဲဒီနေ့က စကားဝိုင်းမှာ သူ့အသံက အကျယ်လောင်ဆုံးဖြစ်နေပါတယ်။ ကျယ်လောင်မှာပေါ့၊ အာပေါင်အာရင်း သန်သန်နဲ့ အားပါးတရ သူက ပြောနေတာကိုး။ သူပြောနေတာက “ပုံ” Form နဲ့ “လုပ်ရပ်” Function ဆက်စပ် ဖြစ်ပေါ်မှု အကြောင်းကို ပြောပြနေတာ...
 ကေသရာဇာခြင်္သ့ကြီးနဲ့ ဒီခြင်္သေ့ကြီးရဲ့ လုပ်ရပ်အကြောင်းကို သူကပြောနေပြန်ပါတယ်။ တောသုံးတောင်ကို အုပ်စိုးတဲ့ ကေသရာဇာခြင်္သေ့ကြီးဖြစ်ပါလျက်နဲ့ ကြွက်ဂယ်လောင်းကလေး (ကြွက်ငယ်ကလေး)ကို စားဖို့ ဒီခြင်္သေ့ကြီး ကြွက်တွင်းယက်နေတယ် ဆိုရင်... ဒါ Form နဲ့ Function မညီတာပဲ။ ကေသရာဇာဆိုတဲ့ “ပုံ”နဲ့ ကြွက်ကလေးလို အကောင်ကို စားမယ်ဆိုပြီး ကြွက်ရှိနေတဲ့ ကြွက်တွင်းကို ယက်နေခြင်းဆိုတဲ့ “လုပ်ရပ်” မညီတာပဲ။ ကြားဖူးတယ်မဟုတ်လား၊ ကေသရာဇာ ခြင်္သေ့မင်းတို့ မည်သည် အခုလို ကြွက်ငယ်ကလေး အကောင်မျိုး၊ သူတစ်ပါးစားပြီးလို့ ထားချန်ရစ်ခဲ့တဲ့ စားကြွင်းစားကျန်၊ အသားကြွင်း အသားကျန်ကို စားရိုးထုံးစံ မရှိဘူး။ ကေသရာဇာပီပီ ကိုယ့်ခွန်ကိုယ်အားနဲ့ စားလိုတဲ့ သားကောင် ကြီးတွေကို ရွေးပြီး ဖမ်းယူစားသောက်ရိုးပဲ ရှိပါတယ်။ ဒါမှ ကေသရာဇာ ခြင်္သေ့ဆိုတဲ့ပုံနဲ့ ခြင်္သေ့ရဲ့ လုပ်ရပ် ကိုက်ညီမယ်...တဲ့။
          သူက ဆက်ပြီး... သူ့ဦးလေး အကြောင်းကို ပြောပြပါတယ်။
          နယ်မြို့ကလေးမှာတဲ့ ဘာသာရေးနဲ့ ပတ်သတ်တဲ့ လှည့်လည် အပူဇော်ခံပွဲ ကျင်းပတဲ့ အခမ်းအနား တစ်ခုမှ သူ့ဦးလေးကဗြဟ္မာအဖြစ်နဲ့ ၀တ်စားဆင်ယင်ပြီး လိုက်ပါလှည့်လည်ရတယ်။ နေကလည်းပူ ဗြဟ္မာအ၀တ်အစားကလည်း ထူထဲတော့ သူ့ဦးလေးမှာ ချွေးတွေ တစ်ဖြိုင်ဖြိုင်ကျနေတယ်။ ချွေးတွေကို သုတ်တော့ မျက်နှာမှာ ခြယ်သ လိမ်းကျံထားတဲ့ မိတ်ကပ်တွေက ပျက်ကုန်တယ်။ သူ့ဦးလေး ဗြဟ္မာဟာ ရေငတ်လွန်းတဲ့ ဝေဒနာကို ခံစားလာရပြန်တယ်။ ရေငတ်လွန်းမက ငတ်တော့ ဟန်မဆောင်နိုင်တော့ဘဲ အနီးအနားက လူတွေဆီ ရေပေးကြပါလို့ အော်ပြီး ရေတောင်းတယ်။ ရေယူလာတဲ့ အခါမှာ အားရပါးရ သောက်လိုက်တာ သူ့ရှေ့ဘက်ကဗြဟ္မာ အ၀တ်အစားတွေရေတွေ ရွဲစိုကုန်တယ်။ ပိုဆိုးတာက...ရေသောက်ရင်းရေသီးသွားရာကချောင်းတွေ တဟွတ်ဟွတ် ဆိုးတော့ ဆောင်းထားတဲ့ ဗြဟ္မာဦးထုပ်ချွန်ကြီးက အောက်ကလူတွေထဲ ပြုတ်ကျသွားတယ်...
          တကယ့် ဗြဟ္မာဆိုတာကတော့ ချွေးလည်းမထွက်ဘူး။ ရေလည်း မငတ်ဘူး၊ ချောင်းလည်းမဆိုးဘူး၊ ဗြဟ္မာဦးထုပ်ချွန်လည်း ပြုတ်ကျစရာ မရှိဘူး။ အခုတော့... သူ့ဦးလေးရဲ့ ပုံက ဗြဟ္မာဖြစ်ပေမယ့် ဦးလေးရဲ့ လုပ်ရပ်တွေ၊ ဖြစ်ရပ်တွေက တကယ့်ဗြဟ္မာရဲ့ လုပ်ရပ်တွေ၊ ဖြစ်ရပ်တွေနဲ့ မညီညွတ်ဘူး ဖြစ်နေတယ်။ ကွာခြားလွန်းနေတယ်... လို့ ပြောနပါတယ်။ နားထောင်နေတဲ့ မိတ်ဆွေတွေက သူပြောပြနေတာကို သဘောကျနေပုံ ပေါ်ပါတယ်။ သူက ဆက်ပြီးတော့... တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးစီးယပ်ရဲ့ “အမည်နဲ့ လိုက်အောင် ကျင့်သုံးနေထိုင်မှု အယူအဆ” The Ractification of Names အကြောင်းကို ပြောပြန် ပါတယ်။
          ကွန်ဖြူးစီးယပ်က “မင်းသည် မင်းပီသပါစေ၊ မှူးမတ်သည် မှူးမတ်ပီသပါစေ၊ ဖခင်သည် ဖခင်ပီသပါစေ၊ သားသည် သားပီသပါစေ” လို့ ဆိုတယ်။ “အမည်”နဲ့ လိုက်အောင် ကျင့်ဆောင်သင့်တဲ့ သဘောကို ကွန်ဖြူးစီးယပ်ရဲ့ စကားက ဆိုလိုကြောင်း၊ ဤစကားရဲ့ သက်ရောက်မှုတွေဟာ ကြီးကျယ်တဲ့ အကြောင်းကို သူက ရှည်ရှည်လျားလျားပြောပါတယ်။။ ဒီလိုပြောပြီးတဲ့နောက်မှာ သူက... ဖိုးသူတော်တစ်ဦး ပြောင်းဖူးခိုးစားတဲ့ အကြောင်းကို ဆက်ပြောပါတယ်။ သူပြောပြတဲ့ ဖိုးသူတော်အကြောင်းက ကျွန်တော်တို့ ကြားနေကျ အကြောင်းအရာနဲ့ နည်းနည်းတော့ ခြားနားနေတယ်။ သူပြောတဲ့ ဖိုးသူတော်အကြောင်းက ဒီလိုပါ...
          တစ်နေ့မှာ ဖိုးသူတော် တစ်ဦးဟာ ပြောင်းခင်းတစ်ခုထဲဝင်ပြီး ပိုင်ရှင်မသိအောင် ပြောင်းဖူးခိုးတယ်။ ဒီလို ခိုးယူလာပြီးပြုတ်ဖို့၊ ဖုတ်ဖို့ပြောင်းဖူးတွေကို အခွံ့သင်ကြည့်တဲ့ အခါမှာ အစေ့မပါတဲ့၊ အစေ့မတည် တဲ့ပြောင်းဖူးတွေချည်းဖြစ်နေတာကို တွေ့ရတယ်တဲ့။ ဒါနဲ့ ဒီဖိုးသူတော်ဟာ ပြောင်းခင်းပိုင်ရှင်ဆီသွားပြီး “ဟဲ့... ဒါယကာ...ပြောင်းခင်းထဲကပြောင်းဖူးတွေ အစေ့ကောင်းကောင်း မတည်ဘူး။ သင်က...ပြောင်းစေ့ကြဲတာလောက်ပဲ လုပ်တတ်တဲ့ သူကိုး၊ တကယ် ဆိုပေါင်းသင်တာ၊မြေတာင်မြှောက်တာ၊ အပင်ချဲတာတွေကို မလုပ်ချင်တဲ့ သူပဲ၊ သင်ဟာ ယာသမား၊ ပြောင်းခင်းသမား မပီသဘူး” လို့ ပြောတယ်။ သူခိုးလာတဲ့ ပြောင်းဖူးတွေ အစေ့မပါလို့ မကျေမနပ်နဲ့ ဖိုးသူတော်က ပြောင်းခင်းသမားကို အပြစ်တွေ တင်နေတာ...
          ဒီလိုအပြစ်တင်စကားပြောတော့ ပြောင်းခင်းပိုင်ရှင်က...
          “သူတော်... ကျုပ်လည်း တတ်နိုင်သလောက် စိုက်ခဲ့ ပျိုးခဲ့တာပဲ၊ မြေကိုက မကောင်းတော့ ဘယ်မှာ အစေ့ကောင်းကောင်း တည်ပါ့မလဲ” လို့မြေကြီးကို အပြစ်တင်စကားဆိုတယ်။ ကျုပ်တို့ အိမ်နီးနားချင်း တိုင်းပြည်က ပုံပြင်တွေထဲက စကားနဲ့ဆိုရင်...မြေနတ်မင်းကိုပြောင်းခင်ပိုင်းရှင်က အပြစ်တင်စကား ဆိုတယ် ပေါ့ဗျာ။ ဒီလို အပြစ်ဆိုသံ အပြစ်တင်သံကို ကြားသွားတဲ့ မြေကြီးက၊ အဲဒီ မြေနတ်မင်းက ပြန်ပြောတယ်။ “မြေကြီးကို လာပြီး အပြစ်တင်မနေဲ့ မိုးရွာပုံကမှ အဟုတ်မဟုတ်၊ မိုးမှန်မှန်မရွာတော့ မြေကြီးက ဘယ်လိုကောင်းနိုင်ပါ့မလဲ” လို့  မိုးကို အပြစ်တင်တယ်။ မိုးနတ်မင်းကို အပြစ်တင်စကား ဆိုတယ်ပေါ့။ မိုးနတ် မင်းကလည်း အပြစ်တင် ဘယ်ခံပါ့မလဲ၊ မိုးနတ်မင်းက ဘာပြန်ပြောသလဲ ဆိုတော့ “တိုင်းပြည်အုပ်ချုပ်တဲ့ ရှင်ဘုရင်က မင်းကျင့်မှ မကောင်းဘဲ၊ မိုးကို ဘယ်လို မှန်မှန် ရွာပေးနိုင်ပါ့မလဲ” လို့ ပြောတယ်။ ဒီလို မိုးနတ်မင်း ကလည်း ပြောရော ဖိုးသူတော်ဟာ ရှင်ဘုရင်ရှိရာ နန်းတော်ကို သွားတယ်။ ဘုရင်ဆီ ၀င်ခွင့်တောင်းတယ်။ ဘုရင်က ဒီဖိုးသူတော် ဘာအကြောင်းကြောင့် ငါနဲ့တွေ့ဖို့ ၀င်ခွင့်တောင်းတာလဲဆိုတာ စုံစမ်းကြစမ်းလို့ မင်းချင်းတွေကို ခိုင်းတယ်။ ဖိုးသူတော် ခိုးယူလာတဲ့ပြောင်းဖူးမှာပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင်အစေ့မတည် တာဟာ ပြောင်းခင်ယူသမားရဲ့ လုပ်ရပ်ညံ့ဖျင်းခြင်းကြောင်း ဖြစ်တယ်လို့ အပြစ်ရှာရာကနေပြီး အခုလို ရှင်ဘုရင် ထဲမှောက် ရောက်ဖို့ ခွင့်တောင်းခြင်း ဖြစ်ကြောင်း လျှောက်တင်ကြတယ်။ ရှင်ဘုရင်က ဖိုးသူတော်ကို သူ့ထံမှောက် ၀င်ခွင့်ပေးလိုက်တယ်။
          ရှင်ဘုရင့်ရှေ့မှောက် ရောက်တဲ့ အခါမှာ ဖိုးသူတော်က “အို... ရေမြေ့သခင် အရှင်ဘုရင် မင်းမြတ်၊ ရေမြေ့ရှင်ဆိုသည်မှာ လောကပါလတရား နှစ်ပါး၊ သတ္တိသုံးပါး၊ သင်္ဂဟတရားလေးပါး၊ ဗလငါးပါး၊ နာယကဂုဏ် ခြောက်ပါး၊ အပရိဟာနိယတရား ခုနှစ်ပါး၊ ရာဇဂုဏ်ရှစ်ပါး၊ န၀ရတ်ကိုးပါး၊ ရာဇဓမ္မ ဆယ်ပါး ဤတရားတို့နှင့်ပြည့်စုံရပါသည်။ အသင်မင်းမြတ်သည် ဤတရားတို့နှင့်ပြည့်စုံအောင် မကျင့်ဆောင်ခြင်းကြောင့်သာ မိုးကောင်းစွာ မရွာခြင်း ဖြစ်ရပါသည်” လို့ ဆိုတယ်။ မိုးကောင်းစွာ မရွာတာဟာ ရှင်ဘုရင်ရဲ့ အပြစ်ဖြစ်တယ်လို့ အပြစ်လာတာပါပဲ။ ဒီအခါမှာ ဖိုးသူတော်အကြောင်း သိနှင့်နေတဲ့ ရှင်ဘုရင်က...
“သူတော်... ကျုပ်ဘုရင်မင်းမြတ်ကိုချည်း အပြစ်မဆိုပါနှင့် အသင်... ဖိုးသူတော်ဟာ ဖိုးသူတော်ဆိုပါလျက်နဲ့ ဖိုးသူတော်နဲ့ ညီညွတ်တဲ့ အလုပ်ကို သင်ကကော လုပ်လို့လား၊ ကိုယ့်ကိုလည်း ပြန်ဆင်ခြင်ကြည့်ပါဦး” လို့ ဆိုတယ်။ ဖိုးသူတော်ဟာ ရှင်ဘုရင်ရဲ့ စကားကိုလည်း ကြားရော နန်းတွင်းကနေပြီး အလျှင်အမြန်ထွက် သွားတယ်တဲ့။ ပြောင်းဖူးဝင်ခိုးတဲ့ သူ့အပြစ်ကို သူမြင်ပြီး ရှက်စွာနဲ့ အမြန်သုတ်ချေတင်ပြီး နန်းတော်ကနေ ထွက်သွားတာ ဖြစ်ပါလိမ့်မယ်။
          ဖိုးသူတော်ဆိုတာ ခိုးတာ၊ လိမ်တာ၊ သတ်တာ... စတဲ့ ကံငါးပါးကို မကျူးလွန်အောင် စောင့်ထိန်းသူမို့လို့ “ဖိုးသူတော်” လို့ ခေါ်တာ၊ ဒီကံငါးပါးကို ထိန်းရမည့် ဖိုးသူတော်က ခိုးပြီဆိုမှတော့ တခြားသူတွေ ဘယ်လိုဖြစ်မလဲ၊ ဖိုးသူတော် ဆိုတဲ့ အမည်နဲ့ လုပ်ရပ်က တလွဲတချော် ဖြစ်နေရင် တခြားသူတွေ ဘယ်လောက် လွဲချော်နေမှာလဲ ဆိုတာကို စဉ်းစားသာ ကြည့်ပေတော့။ လူ့အဖွဲ့အစည်း တစ်ရပ်မှာ ပုံနဲ့ လုပ်ရပ် တွေ အမည်နဲ့ လုပ်ဆောင်ချက်တွေ လွဲချော်နေတာ အများကြီး ရှိနေရင် အဲဒီလူ့အဖွဲ့အစည်းဟာ တိုးတက်ဖို့ ခဲယဉ်းမှာ သေချာတယ်လို့ သူက ပြောနေပါတယ်။ သာဓကတွေကိုလည်း တစ်ခုပြီး တစ်ခု သူက ထုတ်ပြပါတယ်။ သူပြောတာတွေကို အားလုံးက စိတ်ဝင်စားပုံ ရပါတယ်။
          အထက်မှာ သူပြောပြတာတွေကို နားထောင်ရင်း “သူတစ်ပါးကို ဆုံးမသော နည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား” ဆိုတဲ့ ဓမ္မပဒမှာ ရှိတဲ့ စကားကို ကျွန်တော် အမှတ်ရလာပါတယ်။ သူတစ်ပါးကို သြ၀ါဒပေးတဲ့အတိုင်း မိမိကိုယ်တိုင်ကလည်း လိုက်နာ ကျင့်သုံးဖို့ ခက်တာကိုလည်း စဉ်းစားမိပါတယ်။
          အထက်ပါပုဂ္ဂိုလ်ပြောဆိုနေတာကို နားထောင်ရင်းနဲ့... ပုံ Form နဲ့ လုပ်ရပ် Function တကယ်ညီညွတ်အောင် ဘ၀မှာ နေဖို့ဆိုတာ ခက်ခဲလှပါလားလို့ စိတ်ထဲက ညည်းညူခဲ့မိတာကတော့ အမှန်ပါပဲ။
                                                                                                                နန္ဒာသိန်းဇံ

2 comments:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

တတိယမြောက်သမီးတော် said...

လက်ရှိခေတ် အခြေအနေ ကိုတင်ပြထားသလို
ပဲနော် ဘယ်အရာမှ မမှန် တော့ဘူးလေ