အများအကျိုးရွက်သယ်ပိုးက

            အများကောင်းကျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာပါ ဆိုသော သူနှစ်ဦးကို တစ်နေ့တည်းတွင် နှစ်ခါကြုံခဲ့ရပါ၏။
            ပထမတွေ့သူက အရပ်မြင့်မြင့် သွယ်သွဝ်လျလျနှင့် စကားပြော ညင်သာသူ ဖြစ်ပါသည်။
            သူက ဆိုပါသည်။
           သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်း၊ အပေါင်းကိုယ့်ကြောင့် အေးစေသောဝ်… ဆိုတဲ့ စကားရှိတယ် မဟုတ်လားဗျာ။ ကိုယ့်ကြောင့် အများသူငါ ကောင်းကျိုးရကြတယ်ဆိုရင် ကျွန်တော်ဝမ်းသာရမယ် မဟုတ်လား။ ဒါပေမယ့် အများအကျိုးကို ရည်မြှော်ပြီး လုပ်ပေးနေတာကိုပဲ သဘောမပေါက်၊ မသိနားမလည်တဲ့သူတွေက ရှိနေလေတော့ အခက်အခဲတွေနဲ့ ကြုံရတာတွေရှိတာပေါ့။ ကိုယ့်ကို မနာလိုဖြစ်လာတာတွေ၊ ကိုယ့်လုပ်ငန်းကို ဖျက်လိုဖျက်ဆီး လုပ်တာတွေ၊ ကဖျက်ယဖျက် လုပ်တာတွေ ရှိတာပေါ့ဗျာ။ ရှိနေတာပေါ့။ ဒီလိုရှိနေပေမယ့်လဲ ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမှာပါ။
            အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင့် မှန်လမ်းကြောင်းဖြင့် စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ဆိုတဲ့ အဆုံးအမ စကားအတိုင်း ကိုယ်ရည်ရွယ်ထားတဲ့ ပန်းတိုင် အရောက် လျှော်မှာပါပဲ၊ သွားမှာပါပဲ။
            သူ့စကားသံကို နားထောင်ရင်း အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖို့ တင်းထားသော သူ၏အားမာန်ကို မြင်ယောင်၍ရပါသည်။
            ဒုတိယတွေ့သူကတော့ အရပ်ခပ်ပြတ်ပြတ် ကိုယ်လုံးကိုယ်ထည် ခိုင်ခံ့တောင့်တင်း၍ သူ့စကားသံကလည်း မာကျောသည်။   
            သူက ဆိုပါသည်။
            ခင်ဗျားကြားဖူးတယ်မဟုတ်လား၊ ကယ်ရဗင်လှည်းကြီးကတော့ သွားမြဲပဲ … ဆိုတာလေ။
            သူက ဘာဆက်မပြောမလဲ ဆိုသည်ကို ကျွန်တော်က ငြိမ်၍စောင့်သည်။
            ဟိုဗျာ… အမေရိကတိုက်ကို နိုင်ငံပေါင်းစုံက လူတွေလာပြီး အခြေချစဉ် ကာလကမြင်းနှစ်ကောင်၊ ဒါမှမဟုတ် လေးကောင်ဆွဲတဲ့ ကယ်ရဗင် (Caravan) ပေါင်းမိုးလှည်းကြီးတွေနဲ့ မိသားစုတွေ နယ်မြေသစ်ရှာကြ၊ ပြောင်းကြ၊ ရွှေ့ကြတယ်၊ ရွာတွေတည်ထောင်မိကြတဲ့ အခါမှာလဲ အဲဒီပေါင်းမိုးမြင်းတပ် ကယ်ရဗင် လှည်းကြီးတွေနဲ့ တစ်ရွာဝင်တစ်ရွာ ထွက် လှည့်ပြီး ဈေးရောင်းကြတယ်။
            ဈေးလှည့်ရောင်းတဲ့ ကယ်ရဗင် လှည်းကြီးထဲမှာ သတ္တုပစ္စည်းတွေ၊ အိုးခွက်တွေရော၊ တခြားပစ္စည်းတွေရော အစုံပါတယ်။ ဒီတော့ ဒီဈေးလှည်းကြီးလာရင် လမ်းကလဲ မကောင်းတဲ့ ခေတ်ဆိုတော့ လှည်းလှုပ်တိုင်း အိုးခွက်တွေ အချင်းချင်း တိုက်လို့ ထွက်လာတဲ့ ဂလုံ ဂလွမ်အသံတွေရော၊ တခြားအသံတွေရော သံစုံမြည်နေတာပေါ့။ သံစုံမြည်နေတဲ့ ဒီလှည်းကြီး ရွာထဲဝင်လာပြီဆိုရင် ရွာထဲက ခွေးတွေက အဲဒီလှည်းကြီးကို ၀ိုင်းပြီး ဟောင်ကြတယ်တဲ့ဗျ။ ဒီလိုပိုင်းပြီး ဟောင်ကြပေမယ့် လှည်းကြီးကတော့ သူသွားရမယ့်ဆီ သွားမြဲပါပဲ။ The dogs bark, but the caravan goes on တဲ့။ ကျွန်တော်လည်း ကျွန်တော်သွားမယ့် ပန်းတိုင်ဆီ သွားမြဲသွားနေတာပါပဲ။ အများအကျိုး ရှေးရှုလုပ်နေတာဖြစ်ပေမယ့် ဒါကို သဘောမပေါက် နားမလည်သူတွေက ကျွန်တော့်ကို ၀ိုင်းပြီး အပြစ်ပြောကြ၊ သရော်ပြောင်လှောင်ကြ၊ အတင်းအဖျင်းချကြနဲ့ နှောင့်ယှက်လိုက်ကြတာ အများကြီးပါ။ ၀ိုင်းဟောင်ကြတိုင်း လှည်းကြီးက ရပ်ရမယ်ဆိုရင် လိုရာအရပ်ကို ဘယ်ရောက်တော့မှာလဲဗျာ။ သူတို့က ၀ိုင်းပြီး သရော်လှောင်ပြောင် အပြစ်ပြောတိုင်းသာ ကျွန်တော်သွားရမယ့် ခရီး။ လုပ်ရမယ့် အလုပ်ကို ရပ်ရမယ်ဆိုရင်လဲ ပန်းတိုင်ကို ဘယ်ရောက်တော့မှာလဲ။ လှည်းကြီးကတော့ သွားမြဲပင် ဆိုတာကို ကျွန်တော်လဲ သွားရမယ့် ပန်းတိုင်ဆီကို သွားမြဲပါပဲ…။
           သူ့စကားသံက မာကျောပါသည်။ ပြတ်သားပါသည်။ သူ့မှာ အားမာန်အပြည့်ရှိနေပုံလည်း ပေါ်နေပါသည်။
           အထက်ပါ လူနှစ်ဦးကို ကျွန်တော်က ကျေးဇူးအထူးတင်ပါသည်။ အဘယ့်ကြောင့်ဆိုသော ထိုသူတို့နှင့်စာလျှင် ဘာမျှမပြောပလောက်သည့်အလုပ်၊ မကြီးကျယ်သည့် အခက်အခဲ အနှောင့်အယှက်ဖြင့် တွေဝေရပ်တန့်နေသော ကျွန်တော့်ကို ထို့နေ့ကတည်းက စ၍ ရှေ့သို့ ဆက်သွားဖို့ သွားမြဲသွားနေဖို့ ထိုသူနှစ်ဦး၏ စကားများက လှုံ့ဆော် တိုက်တွန်းလိုက်ရာ ရောက်ခဲ့သောကြောင့်ပါတည်း။

                                                                                                                                                    နန္ဒာသိန်းဇံ

5 comments:

တတိယမြောက်သမီးတော် said...

လာဖတ်သွားတယ် မောင်လေး
သူများတွေရဲ့ဝေဖန်မှူကိုလေ့လာပြီး
အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ပါစေ

Nyein Chan KoKo said...

ဖေ့ဘုတ်​​ပေါ် တင်​လိုက်​ပြီ

Nyein Chan KoKo said...

ဖေ့ဘုတ်​​ပေါ် တင်​လိုက်​ပြီ

Nyein Chan KoKo said...

ဖေ့ဘုတ်​​ပေါ် တင်​လိုက်​ပြီ

Chanmyae Yannaing said...

ကူးယူမျှဝေခွင့်ပြုပါ