အမေများအတွက် တရားတပုဒ်

“သားလှချစ်စွာ မိမာတာ၏၊ နီတျာအတွေးတွေး နှလုံးသွေးသည်၊
သက်ချသူ့သား နို့စို့ငြားသော်၊ သားမြတ်အဖျား ရောက်လာငြား၍၊
ဘော်သာခွာသွေး ဖြူဖြူဖွေးသည်၊ ချစ်သားလူလှ ချစ်သောကြောင့်”
သီတာခုနှစ်တန် အိုင်ကြီးခုနှစ်အိုင် အတွင်းမှာရှိတဲ့ရေထက် မိခင်တို့၏ နို့ရေသည် ပို၍အေးမြပါတယ်။ တန်းဖိုးလည်း ထိုက်တန်ပါတယ်။ ဆာလောင်မှုကိုလည်း ပြေပျောက်စေပါတယ်။ မိခင်တို့၏ နို့ရေထက် တရားဓမ္မ နို့ရေသည် ပို၍အေးမြပါတယ်။ ထို့အတွက်ကြောင့် မေတ္တာအေးဆရာတော် အရှင်သုဇာတ ဟောကြား ဆုံးမတော်မူသော “အမေများအတွက် တရားတပုဒ်” အမည်ပေးထားသော တရားတော်ကို နာယူကြည်ညိုခြင်းဖြင့် ဓမ္မနို့ရည်ကို သောက်စို့ကြပါ။
မင်္ဂလာရှိသော အချိန်အခါမှာ စာဖတ်သူများ၊ တရားနာသူများ ကိုယ်စိတ်နှလုံးမှာ အေးချမ်းသာယာ နိုင်ကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ နိုင်ကြပါစေ…။


မိဘမေတ္တာသားလိမ္မာ

ဆရာတော် အရှင်သုဇာတ ဟောကြားတော်မူသော “မိဘမေတ္တာ သားလိမ္မာ” တရားတော်ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ နာကြားကုသိုလ်ယူနိုင်စေရန် ဓမ္မဒါနပြုအပ်ပါတယ်။ ဘလော့မှ ဓမ္မတေးသီချင်းကို ညာဘက်အစွန်ဆုံးကော်လံ “ချမ်းသာကိုယ်စိတ်မြဲပါစေ” ခေါင်းစဉ်အောက်ရှိ Player မှ ပိတ်ထားနိုင်ပါတယ်

အသိရှိလေ ချမ်းသာလေ

ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော အသိရှိလေ ချမ်းသာလေ အမည်ရှိတဲ့ တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး တရားတော်ကို နာယူကြည်ညိုနိုင်၍ တရားအသိတိုးပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြပါစေ…

သာမညဖလ အခါတော်နေ့

ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့…

အပြစ်ကို အပြစ်လို့ ရှုမြင်၊ တရားနဲ့ အညီကုစား၊
နောင်ဘယ်သောအခါမှ မဖြစ်စေရဘူးလို့ ဆုံးဖြတ်စောင့်စည်း။
ဒါဆိုရင် မြတ်စွာဘုရားရှင်ရဲ့ တရားသဖြင့်
ဆုံးမရာ သာသနာတော်မှာ
ကြီးပွားချမ်းသာကြောင်းသာ ဖြစ်တယ်။
(သာမညဖလသုတ်၊ ဒီဃနိကာယ်)
သာသနာတော်နှစ် (၂၅၅၃)၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ခရစ်နှစ် (၁.၁၁.၂၀၀၉)ခုနှစ်၊ တနင်္ဂနွေနေ့ သည် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်ပါတယ်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် သာမညဖလသုတ် ဒေသနာတော်ကို ဟောကြားတော်မူခဲ့သောကြောင့် သာမညဖလ အခါတော်နေ့ ဟု ခေါ်ဆိုခဲ့ကြပါတယ်။ ထိုအကြောင်းကို ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ က ကုမုဒြာတွေ ပွင့်တဲ့ည ဆိုတဲ့ တရားခေါင်းစဉ်ဖြင့် ဟောကြားခဲ့ပါ တယ်။
ဓမ္မမိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနှင့် နာယူနိုင်ကြပါစေ…

သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး အထူးပူဇော်မယ်… ဓမ္မဆောင်းပါးကို သစ္စာအလင်း မှာ ဖတ်ရှု၍ တရားအသိများတိုးပွား နိုင်ကြပါစေ…


ကုမုဒြာတွေ ပွင့်တဲ့ည(၂)

သာသနာ့ အံ့ဖွယ်ရှစ်ဖြာ

အစ်ကိုရေ.. သိချင်တာလေးမေးခွင့် ပြုပါဦး။ သိရင်လည်း ဖြေကြားညွှန်ပြပေးပါဦး။ အံ့ဖွယ်သာသနာ ရှစ်ဖြာအကြောင်းကို သိချင်လို့ပါ။ အဓိပ္ပါယ်လေးလည်း ရှင်းပြပေးပါခင်ဗျာ။
ကိုထိုက်

သာသနာ့ အံ့ဖွယ်ရှစ်ဖြာ

အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်
ရွံဖွယ်ဆယ်ပစ်၊ တမည်ဖြစ်ခြင်း
မယွင်းမတိုး၊ ၁၀မျိုးရတနာ
ရသာဆားတူ၊ ကြီးသူနေရာ
ဤ ၈-ဖြာ၊ မှတ်ဖွယ် အံ့ဖွယ် သာသနာ။



အစဉ်နက်ဝှမ်း = သမုဒ္ဒရာကြီးသည် ကမ်းစပ်မှ အလယ်သို့ တဖြည်းဖြည်း နက်သွားသလို သီလ၊ သမာဓိ၊ ပညာ ဟူ၍ အစဉ်အတိုင်း နက်သွားတယ်။

ကမ်းကိုမလွန် = သမုဒ္ဒရာထဲက ရေတွေ ဘယ်လောက်များများ ကမ်းကိုမလွန်လာသကဲ့သို့ ဘယ်ပုဂ္ဂိုလ်မဆို မြတ်စွာဘုရားဟောထားသော ကျင့်စဉ်များထက် ပိုကျင့်လို့ မရဘူး။

ရွံဖွယ်ဆယ်ပစ် = သမုဒ္ဒရာထဲက အညစ်အကြေးတွေက ကမ်းစပ်မှာ အလိုလိုတင်နေသကဲ့သို့ သာသနာမှာ အညစ်အကြေးတွေ ဖြစ်လာရင်လည်း သူ့ဘာသာ ဆယ်ထုတ် သွားပါလိမ့်မယ်။

တမည်ဖြစ်ခြင်း = မြစ်၊ ချောင်း၊ အင်းအိုင်ထဲက ရေတွေ သမုဒ္ဒရာထဲရောက်လျှင် သမုဒ္ဒရာရေလို့ ခေါ်သလို ဘယ်သူမဆို သာသနာ့ ဘောင်ထဲရောက်လျှင် ဘိက္ခုသမဏ လို့ တမည်ပဲခေါ်ပါတယ်။

မယွင်းမတိုး = သမုဒ္ဒရာကြီးသည် လျော့ခြင်း၊ တိုးခြင်းမရှိ ပုံမှန်ရှိနေသလိုဘဲ နိဗ္ဗာန်ဆိုတာလည်း မကျင့်လို့ လျော့သွား၊ ပျောက်သွားတာ မရှိသလို ကျင့်သူရှိလို့ တိုးလာတာလည်း မရှိဘူး။

(၁၀)မျိုးရတနာ = သမုဒ္ဒရာကြမ်းပြင်မှာ ပုလဲတွေ၊ ရတနာတွေ၊ ကျောက်သံတွေ ရှိနေသလို သာသနာမှာလည်း ဗောဓိပက္ခိယ တရားရတနာတွေရှိပါတယ်။
(ဗောဓိပက္ခိယရတနာ= ၃၇ပါးသော တရားရတနာ)

ရသာဆားတူ = သမုဒ္ဒရာထဲက ရေတွေသည် ငန်တဲ့အရသာတစ်ခုတည်း ရှိသလို သာသနာ မှာလည်း ဘယ်တရားကိုပဲ လိုက်နာကျင့်သုံးပါစေ ၀ိမုတ္တိရဿ ဆိုတဲ့ ကိလေသာက လွတ်မြောက်တဲ့ အရသာတစ်မျိုးဘဲ ရှိပါတယ်။

ကြီးသူနေရာ = သမုဒ္ဒရာထဲမှာ အလွန်ကြီးတဲ့ သတ္တ၀ါတွေ နေသလိုဘဲ သာသနာမှာလည်း ထေရ်ကြီး ၀ါကြီးတွေ၊ ရဟန္တာ အရှင်မြတ်တွေ၊ သီလ၀ံသ မထေရ်တွေ ပျော်ပါးတဲ့၊ ပျော်မွေ့တဲ့နေရာဖြစ်ပါတယ်။


အကိုသိတာ ဖြေပေးလိုက်တယ် ညီ။ သုတေသန သရုပ်ပြ အဘိဓာန်မှာလည်း ရှင်းထားတာရှိပါတယ်။ အကို စာရေးချိန်မရ တော့လို့ ဒီလောက်ပဲ တင်လိုက်တယ်။ နားလည်မယ်လို့ ထင်ပါတယ်။

စိတ်ချမ်းသာပါစေ...


မင်္ဂလာတရား၁၂ပါး

မြန်မာလူမျိုးတွေ သတ်မှတ်သောမင်္ဂလာတရား၁၂ပါးကို သိချင်ပါတယ်ခင်ဗျာ... သိရင်ပြောပြပေးပါ။
kohtike

အကိုပြောတာ လောကီမင်္ဂလာ ၁၂ပါးကို ပြောတာထင်ပါတယ်။ မြန်မာလူမျိုးတွေ သတ်မှတ်ထားတဲ့ မင်္ဂလာဆိုတာတော့ သီးသန့် မတွေ့ဖူးပါဘူး။ လောကီမင်္ဂလာကိုပဲ မင်္ဂလာလို့ ယူဆထားကြတာပါ။

လောကီမင်္ဂလာ ၁၂-ပါး
(၁) ပဋိသန္ဓေ အချိန် အခါ၊ လ၊ ရက် စေ့ရောက်သဖြင့် ဖွားမြောက်အောင်မြင်ခြင်း ၀ိဇာတ မင်္ဂလာများ။
(၂) ဖွားသည်မှနောက် ၃-ရက် မြောက်သောနေ့၌ ရတနာသုံးပါးဘိုးဘွားဟူသော နန္ဒိမုခနတ်တို့အား ရှိခိုးပူဇော်စေခြင်းမုခ ဒဿနမင်္ဂလာ။
(၃) ဖွားသည်မှနောက် ၇-ရက် မြောက်သောနေ့၌ ဆံရိတ်ခြင်းဟူသော ကေသစ္ဆေဒန မင်္ဂလာ။
(၄) ကမ္ဘာဦးပညတ် ရှေးသူဟောင်းတို့အမှတ်ဖြင့် ကောင်းမြတ်တင့်တယ်သော နေ့ရက်၌ ပုခက် ဧယာဉ် တင်ခြင်း ဟူသော ဒေါလာ ကရဏမင်္ဂလာ။
(၅) ဖွားသည်မှနောက် ၇၅-ရက် မြောက်သောနေ့၌ ကွမ်းဦးခွန့်ခြင်းဟူသော တမ္ဗုလ ပတ္တမင်္ဂလာ။


(၆) ဖွားသည်မှနောက် ၃-လ မြောက်သောနေ့၌ နေ လ တို့ကို ပြသကြည့်ရှု စေခြင်း ဟူသော ရ၀ိန္ဒု ဒဿန မင်္ဂလာ။
(၇) ဖွားသည်မှနောက် ရက်ပေါင်း ၁၀၀-မြောက်၌ အမည်သညာမှည့်ခြင်း ဟူသော နာမ ကရဏမင်္ဂလာ။
(၈) ဖွားသည်မှနောက် ၆-လ မြောက်၍ ထမင်းဦး ခွန့်ခြင်း ဟူသော ပဌမ ဘတ္တ မင်္ဂလာ။
(၉) သင့်တင့်လျောက်ပတ် ချိန်ရွယ် ရောက်လတ်သောအခါ ဆံထုံးဥသျှောင် ဖွဲ့ထုံးခြင်း ဟူသော ကေသ ဗန္ဓန မင်္ဂလာ။
(၁၀) သင့်တင့်လျောက်ပတ် ချိန်အရွယ် ကျရောက်လတ်သောအခါ နားထွင်းခြင်း ဟူသော ကဏ္ဏစ္ဆိဒ္ဒ မင်္ဂလာ။
(၁၁) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ သာသနာတော် တွင်းသို့ သွတ်သွင်း ချီးမြှင့်ခြင်းဟူသောသာသနာ နုဂ္ဂဟ မင်္ဂလာ။ ပဗ္ဗဇ္ဇမင်္ဂလာ လည်း ဟူ၏။
(၁၂) သင့်တင့်လျောက်ပတ် အချိန်အရွယ် ကျရောက်သောအခါ မျိုးနွယ်ဇာတ် ဂုဏ် လုံးစုံတူသော သတို့သား သတို့သမီးနှင့် စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား ရခြင်း ဟူသော အာဝါဟ ၀ိဝါဟမင်္ဂလာ။
သုတေသန သရုပ်ပြအဘိဓာန်စာအုပ်မှ...။

မင်္ဂလာတရားနဲ့ ပတ်သတ်လို့ အနည်းကျဉ်းထပ်ဖြည့် ပြောချင်ပါတယ်။ မင်္ဂလာမှာ ဆောင်ရမယ့် မင်္ဂလာနဲ့၊ ပယ်ရမယ့် မင်္ဂလာ ဆိုပြီးရှိပါတယ်။ ဆောင်ရမယ့် မင်္ဂလာက ဘုရားဟော မင်္ဂလာသုတ်မှာပါတဲ့ ၃၈ဖြာ မင်္ဂလာတရားတော်တွေပဲ ဖြစ်ပါတယ်။ (ဒီနေရာမှာ မင်္ဂလာဆောင်(လက်ထပ်) တော့မယ့် မိတ်ဆွေတွေကို မင်္ဂလာဆောင်တယ်ဆိုပြီး လက်ထပ်ကြ သလို ၃၈ဖြာ မင်္ဂလာတရားတွေကိုလည်း ဆောင်ကြပါလို့ အသိပေးလို့ ရပါတယ်)။
ပယ်ရမည့် မင်္ဂလာများ ဆိုတာက တရားနဲ့ စပ်တဲ့ ၃၈-ဖြာ မင်္ဂလာအစစ်တွေ မဟုတ်ပါဘူး၊ လောကသားတွေက မင်္ဂလာလို့ ယူဆစွဲလမ်းအပ်တဲ့ မင်္ဂလာ အတုတွေကိုသာ ဆိုလိုပါတယ်၊ အဲဒါတွေက ဒိဋ္ဌမင်္ဂလာ၊ သုတမင်္ဂလာ၊ မုတမင်္ဂလာလို့ သုံးမျိုးရှိပါတယ်။

ဒိဋ္ဌမင်္ဂလာ
ဒိဋ္ဌမင်္ဂလာဆိုတာ အကောင်းအမြတ်ကို မြင်တွေ့ရရင် ကောင်းကျိုးကိုရတယ်၊ မကောင်းတာ ဆိုးတာကို မြင်ရရင် မကောင်းကျိုးကို ရတယ်လို့ ယူဆချက်ပါပဲ။ ဘယ်လိုဟာလဲဆိုတော့ နံနက် အိပ်ရာမှ ထခါစမှာ ပျံလွှားငှက်၊ မိုးစာငှက် လူ့စကားပြောတတ်တဲ့ ငှက်ကို မြင်ရရင်၊ ကိုယ်ဝန်ဆောင်၊ အပျို၊ လူပျိုကို၊ ရေပြည့်အိုး၊ အာဇာနည်မြင်း၊ နွားလားဥဿဖ စတဲ့ နှစ်သက်ဖွယ်အဆင်းကို မြင်ရရင် ကောင်းခြင်းမင်္ဂလာ ဖြစ်တယ်လို့ ယူဆကြတယ်။ ရှေးတုန်းက အိန္ဒိယမှာ ယူဆပုံ တွေပါပဲ။ ယခုခေတ် မြန်မာပြည်မှာလဲ ထိုက်သည့်အားလျော်စွာ ယူဆစွဲလမ်းချက်ဟာ အတော်အတန်တော့ ရှိတာပါပဲ။ သူတောင်းစား ဒွန်းစဏ္ဍားကိုမြင်ရရင် အမင်္ဂလာဖြစ်တယ်လို့ ရှေးခေတ်က အယူအဆရှိခဲ့တယ်။

သုတမင်္ဂလာ
သုတမင်္ဂလာဆိုတာကတော့ အကြားကောင်းကို မင်္ဂလာလို့ယူပြီး အကြားဆိုးကို အမင်္ဂလာလို့ ယုံကြည်စွဲလမ်းတာပါပဲ။ ၀မ်းမြောက်ပျော်ရွင်ဖွယ် အသံကောင်း အဆိုကောင်းကို ကြားရရင် မင်္ဂလာလို့ ထင်မှတ်တယ်။ မသာ(လူသေ) အကြောင်း၊ လွမ်းဆွတ်ငိုကြွေးသံ တို့ကို ကြားရရင် အမင်္ဂလာလို့ ယူဆတယ်။ ဇီးကွက်မြည်သံကြားရရင် မင်္ဂလာရှိတယ်လို့ ယူဆတယ်၊ ငှက်ဆိုးသံ ကြားရရင် အမင်္ဂလာဖြစ်တယ်လို့ ယူဆတယ်၊ ဒါမျိုးတွေပါပဲ။

မုတမင်္ဂလာ
မုတမင်္ဂလာ ဆိုတာကတော့ အနံ့ကောင်းကို နံရတာ၊ အရသာအထူးကို စားရတာ၊ အတွေ့ကောင်းကို တွေ့ထိရတာ ဒါမျိုးတွေကို မင်္ဂလာလို့ ယူဆတယ်။ အဲဒါနဲ့ ဆန့်ကျင်တဲ့ အနံ့အရသာ အတွေ့မျိုးကို အမင်္ဂလာလို့ ယူဆတယ်။ အိန္ဒိယက
ဇာတ်အယူဝါဒအရဆိုရင် ဇာတ်နိမ့် ဒွန်းစဏ္ဍားကိုယ်နဲ့ ထိတာကို အမင်္ဂလာလို့ ယူဆတယ်။

အမှန်တကယ်ပဲ တရားအလုပ် အားထုတ်တဲ့ သူတွေအနေနဲ့ အထက်က ပြောခဲ့တဲ့ မင်္ဂလာတရားတွေကိုလည်း ပယ်ရပါမယ်။ လောကီမင်္ဂလာတွေကိုလည်း ပယ်ရမယ်။ တရားအားထုတ်နေပြီး ဒီလို အယူတွေ စွဲနေသေးတယ်ဆိုရင် မဟုတ် သေးဘူးလို့ ဆုံးဖြတ်ချက် ချလို့ ရပါတယ်။ ဒါတွေက မြန်မာအတော်များများ စွဲနေကြတဲ့ အယူတွေလည်း ဖြစ်ပါတယ်။ အားလုံးကိုလည်း ဒီအကြောင်းတွေ သိစေချင်ပါတယ်။ ရေးသားဖြစ်အောင် မေးလိုက်တဲ့ ကိုထိုက် ကို ကျေးဇူးတင်ပါတယ်။


သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…


သညာသိနှင့် ပညာသိ

ကျေးဇူးတော်ရှင် အရှင်ဇ၀န (မေတ္တာရှင်) ဟောကြားတော်မူသော သညာသိနှင့် ပညာသိ တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး တရားတော်ကို နာယူကြည်ညိုနိုင်၍ တရားအသိတိုးပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြပါစေ…

ဝဲမစုပ်ပုပ်ဆွေးဝေးရပြီ

ကျေးဇူးတော်ရှင် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဟောကြားတော်မူသော ၀ဲမစုပ်ပုပ်ဆွေးဝေးရပြီ ဆိုတဲ့ တရားတော် ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများအားလုံး တရားတော်ကို နာယူကြည်ညိုနိုင်၍ တရားအသိတိုးပြီး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်စုံနိုင်ကြပါစေ…

အဘိဓမ္မာ နေ့မြတ်ခါ

သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ စနေနေ့သည် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင်မာယာဒေ၀ီမှ ဖွားမြင်တော်မူခဲ့ပါ တယ်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာနှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါတယ်။ အသက် (၂၉)နှစ်မှာ သားရာဟုလာ ဖွားမြင်သော ညမှာပင် ကာမဂုဏ်ရဲ့ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလ တောကို ၀င်ခဲ့ပါတယ်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲတဲ့ ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါတယ်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုတဲ့ ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါတယ်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လ ပြည့်နေ့မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။ ဘုရားဖြစ်ပြီးနောက်-


(၁) ပလ္လင်္ကသတ္တာဟ။ ။ဘုရားဖြစ်တဲ့ ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်မှာပဲ ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူပါတယ်။
(၂) အနိမိသ သတ္တာဟ။ ။ဗောဓိပင်ရဲ့အနီး အရှေ.မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူပါတယ်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူပါတယ်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ = မျက်စိမမှိတ်ပဲ)
(၃) စင်္ကမ သတ္တာဟ။ ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ (၇)ရက်တွင် ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် ထပ်မံသီတင်းသုံးတော်မူပါတယ်။ ဒီနေရာမှာ နတ်တွေက “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးတယ်၊ ဘုရားစင်စစ်မဖြစ်သေး” ယုံမှားသံသယဖြစ်ကြတယ်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူပါတယ်။ စင်္ကြံကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါတယ်။
(၄) ရတနာဃရ သတ္တာဟ။ ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါတယ်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါတယ်။
(၅) အဇပါလသတ္တာဟ။ ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆) မုစလိန္ဒ သတ္တာဟ။ ။ဗောဓိပင်ရဲ. အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းဟာ တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်ပေမယ့်် သူရဲ. ပကတိ ကိုယ်တော်နဲ့သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါတယ်။
(၇) ရာဇာယတန သတ္တာဟ။ ။ဗောဓိပင်ရဲ.တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။
(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ မြန်မာနိုင်ငံ၊ ရာမညတိုင်း၊ ဥက္ကလာ ဇနပုဒ်၊ ပေါက္ကရ၀တ္တီ ဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့ကနေ ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ပါတယ်။ အဲဒီ ကုန်သည်ညီနောင်ကို သံဃာမရှိသေးတဲ့ အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးပဲ ပေးပါတယ်။ ဆံတော် (၈)ဆူ စွန်.တော်မူပါတယ်။ အဲဒီဆံတော်တွေကို ရွှေတိဂုံစေတီမှာ ဌာပနာပြုပါတယ်။
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါကို မကုဠတောင် စတဲ့ နေရာဌာနများမှာ ၀ါကပ်တော်မူပါတယ်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတ နတ်သားကို အမှူးထားကာ တာဝတိံတာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူပါတယ်။
မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ။
ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း(၉၀)၊ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်းကျမ်းကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမိုက်ကျမ်းကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန်းကျမ်းကို ( ၂၅ ) ရက် ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း(၃)နည်း ဖြင့် ဟောကြားခဲ့ပါတယ်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါတယ်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါတယ်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါတယ်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရားကို ဟောကြားတဲ့ အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအ တည်ပြု တော်မူခဲ့ပါတယ်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါတယ်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။ ဒါ့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါတယ်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါတယ်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါတယ်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါတယ်။ ထိုနေ့ အထိဝါဆိုကြ သည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြ ပါတယ်။
အချုပ်အားဖြင့်ဆိုရသော်.. သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြား ပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ် ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသ အဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင် ဖြစ်ပါတယ်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အားလုံး တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြ သဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ…

www.live.dhammathukha.com တွင် စင်္ကာပူ စံတော်ချိန် ည (၈း၁၅)နာရီမှာ တရားတော်ကို ထုတ်လွှင့်မှာ ဖြစ်သော ကြောင့် ဓမ္မမိတ်ဆွေများ အားလုံးကို တရားနာ ဖိတ်ပါတယ်။
www.shwepyithu.com တွင်လည်း တရားတော်ကို နာယူနိုင်ပါတယ်။

ကိုးကား။ ။ပဋ္ဌာန်း (အဘိဓမ္မာသင်တန်း) ကောက်နှုတ်ချက်။
သီတဂူဆရာတော်ကြီးဟောကြားသော သတ္တဌာန ခုနှစ်ပတ်ဖြစ်စဉ် ဗုဒ္ဓ၀င်။
ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ ရေးသားသော “သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ်” ဆောင်းပါး။


ပဋ္ဌာန်းဒေသနာတော်

ပဋ္ဌာန်းဒေသနာတော်ကို နာယူကြည်ညို နိုင်ကြပါစေ။

လောကဇာတ်ခုံ

လူတိုင်းလိုလိုပဲ လောကဇာတ်ခုံဆိုတဲ့ စကားလုံးကို ပြောဖူးကြ၊ ကြားဖူးကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ် ကတည်းက ကြားဖူးခဲ့ပါတယ်။ မှန်ပါတယ်။ လောကဟာ ဇာတ်စုံ ကနေတဲ့ ဇာတ်ခုံကြီးလိုပါပဲ။ လောကကြီးဟာ ဇာတ်ခုံ ဆိုရင် ဒီလောကမှာ ဖြစ်တည်နေထိုင်ကြတဲ့ အများသူငါ သတ္တ၀ါတွေဟာ ဘာတွေဖြစ်မလဲ?။ ရုတ်တရက်တွေးလိုက်ရင် တော့ သရုပ်ဆောင်ဇာတ်ကောင်လေး တစ်ကောင်လို့ ထင်လိုက်ကြမှာပါ။ အမှန်ကတော့- မိမိကိုယ်တိုင်လျှင် မိမိရဲ့ ကိုးကွယ်အားထားရာ ဖြစ်တယ်လို့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ အတိုင်း လူတစ်ကိုယ် ဇာတ်လမ်းတစ်ပုဒ်အဖြစ်နဲ့ ကိုယ်တိုင် ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင် နေကြရတာပါ။ လူတိုင်းဟာ မွေးဖွားလာချိန်မှစလို့ သေတဲ့ အထိ ကိုယ့်ဇာတ်ထုပ်ကို နေရာပေါင်းစုံက သရုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အချို့က ကိုယ့်ဇာတ်ကို နိုင်အောင် သိမ်းကြနော်လို့ ပြောတာဖြစ် နိုင်ပါတယ်။ ဘ၀ဇာတ်ထုပ်ကို ကပြသရုပ်ဆောင်ရာမှာ တချို့က ကြီးကျယ်မှုကို ရည်မှန်းပြီး တချို့ကတော့ မြင့်မြတ်မှုကို ရည်မှန်း သရုပ်ဆောင်ကြပါတယ်။ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာ ဘုရားမဖြစ်မှီ သိဒ္ဓတ္ထမင်းသားရဲ့ အတွေးလေးတွေဟာ စိတ်ဝင် စားဖို့ကောင်းပါတယ်။

ဘုရားအလောင်း တောမထွက်ခင် ကာလမှာ ဖခင်သုဒ္ဓေါသနမင်းကြီး အပါအ၀င် ဆွေးတော် မျိုးတော်အားလုံးတို့က လောကမှာ အကြီးကျယ်ဆုံးဆိုတဲ့ စကြ၀တေးမင်း ဖြစ်ဖို့ ၀ိုင်းပြီး တွန်းအားပေးနေချိန်မှာ သိဒ္ဓတ္ထ မင်းသားက- “သူတို့က ငါ့ကို အကြီးကျယ်ဆုံး ဖြစ်ဖို့အတွက် အနိမ့်ကျဆုံးတွေကို လုပ်စေလိုကြတယ်၊ ငါက အမြင့်မြတ်ဆုံး ဖြစ်ဖို့အတွက် အကြီး ကျယ်ဆုံးတွေကို စွန့်လွှတ်ရမယ်၊ ကြီးကျယ်မှုကိုသာ မျှော်မှန်းသူဟာ အနိမ့်ကျဆုံးကိုပင် လုပ်ရဲကြတယ်၊ ကြီးကျယ်ခြင်းနဲ့ မြင့်မြတ်ခြင်းတို့ရဲ့ တန်ဖိုးကို နားမလည်ကြဘူး၊ ကြီးကျယ်မှုဟာ အမြင်ခမ်းနားသလောက် အနှစ်အခိုင်အမာမရှိတဲ့ တစ်ဘ ၀ တစ်နပ်စာသာဖြစ်တယ်၊ မြင့်မြတ်မှုဟာ အမြင်မခမ်းနားပေမယ့် အနှစ်သာရ ပြည့်ဝခိုင်မာတယ်” လို့ ဆင်ခြင်သုံးသပ်ပြီး သစ္စာတရားရှာဖို့ တောထွက်တော်မူခဲ့ပါတယ်။

တောထွက်ခါနီးမှာ အလောင်းတော်မင်းသားရဲ့ ယသော်ဓရာကို သတိပေး၊ ကတိပေး စကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ်လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်” ဆိုကာ မြင်းမြတ်မှုအတွက် ကြီးမြတ်မှုတွေကို ကျောခိုင်းခဲ့တာလည်း အတုယူစရာပါ။

လောကဇာတ်ခုံမှ ကြီးမြတ်မှုအတွက် သရုပ်ဆောင်သွားကြတဲ့ နပိုလီယံ၊ ဟစ်တလာ တို့ကိုကြည့်မယ်ဆိုရင် အမြင်မှာ ကြီးကျယ်သလောက် လုပ်ရက်တွေက အနိမ့်ကျဆုံးလို့ ဆိုရလောင်အောင် အသက်ပေါင်းများစွာကို မညှာမတာ သတ်ခဲ့တာ တွေ့ရပါတယ်။ မာသာထရီဇာ (Mother Theresa) ဆိုတဲ့ အမျိုးသမီးကတော့ သူပိုင်တဲ့ ကြီးကျယ်မှုတွေကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံမှာ အပယ်ခံ ခိုကိုးရာမဲ့ ဖြစ်နေကြသူတွေ အတွက် အမြင့်မြတ်ဆုံး ကရုဏာလုပ်ငန်းကို သရုပ် ဆောင်သွားတာဟာ ရင်သပ်ရှုမောပြီး သာဓု ခေါ်ကြရမှာပါ။ သူ့ဘ၀ဇာတ်လမ်းဟာ အမြင်မှာ ခမ်းနားထည်ဝါတယ်လို့ မထင်ရပေမယ့် တကယ့်ကို မြင့်မြတ်တဲ့ သရုပ်ဆောင်မှုတွေပါ။ ဒါကြောင့်လည်း သူ့ရဲ့ တဘ၀တာ ဇာတ်သိမ်းခန်းကို အိန္ဒိယနိုင်ငံ သာမက တကမ္ဘာလုံး အမြင့်ဆုံး ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လူသားစိတ်ရှိသူ အားလုံးက တလေးတစား ဂါရ၀ပြု ကောင်းချီး ပေးကြတာပေါ့။

ယနေ့အချိန်မှာလည်း သူဋ္ဌေးအတော်များများ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ပရဟိတ လုပ်ငန်းအတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်နေကြတဲ့ သတင်းကို မကြာခဏ ကြားသိရပါတယ်။ လောကကြီး ကျက်သရေရှိဖို့ အတွက် ဒီလို သရုပ်ဆောင် ကောင်းတွေ အများကြီးလိုပါတယ်။ (အခုစာဖတ်နေသူ ကိုယ်တိုင် ဖြစ်ခဲ့ရင် အတိုင်းထက် အလွန်ပေါ့)။ မြတ်ဗုဒ္ဓရဲ့ အလိုအရ ဘ၀ဇာတ်လမ်းတခုကို လုပ်ကိုင်ကြတာဟာ နှလုံးသားကို တည်မှီတဲ့ အတွေးအကြံ (မနောကံ)၊ နှုတ်က ပြောဆိုတဲ့ (၀စီကံ)၊ ကိုယ်နဲ့ လှုပ်ရှားလုပ်ကိုင်ရတဲ့ (ကာယကံ) စသဖြင့် သုံးမျိုးပဲရှိပါတယ်။ ဒီသုံးမျိုးထဲမှာလည်း မနော ပုဗ္ဗင်္ဂမာ ဓမ္မာ= သက်ရှိတို့ရဲ့ လုပ်ဆောင်မှု(ဓမ္မ) အားလုံးကို မနောကံက ရှေ့သွားဦးဆောင် ပြုတယ် ဆိုတဲ့ မြတ်ဗုဒ္ဓ မိန့်ကြားခဲ့တဲ့ တရားတော်အရ ဘ၀ဇာတ်လမ်းမှာ နှလုံးသား (မနောကံ)က ဒါရိုက်တာဖြစ်ပြီး၊ အပြော(၀စီကံ)နဲ့ အပြုအမူ (ကာယကံ) တို့က သရုပ်ဆောင်တွေ ဖြစ်တယ်လို့ ဆိုရမှာပေါ့။

မိမိတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သိသာမြင်စေတာက အပြောနဲ့ အပြုအမူဆိုတဲ့ သရုပ်ဆောင်ကံ နှစ်မျိုးပါပဲ။ ဒီကံ နှစ်ခုဟာ ကောင်းရင် ကောင်းသလောက် မိမိအတွက်ရော ပတ်ဝန်းကျင့်အတွက်ပါ ကောင်းကျိုးရစေတဲ့ ဘ၀ဇာတ်လမ်း ကောင်းဖြစ်ပြီး ဆိုးရင်တော့ ဇာတ်လမ်းဆိုးကြီး ဖြစ်သွားမှာပါ။ ဒီကံနှစ်မျိုး သရုပ်ဆောင်တာကို ညွှန်ကြားနေတာက မနောကံ (နှလုံးသား) ဖြစ်တာမို့ ဘုရားရှင်ကတော့ နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ရေးဟာ ဘ၀ဇာတ်လမ်း အတွက် အရေးအပါဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နှလုံးကောင်း ဒါရိုက်တာရဲ့ ဇာတ်ညွှန်းအတိုင်း ကိုယ်နဲ့ နှုတ်က သရုပ်ဆောင် လိုက်ရင် အမြင့်မြတ်ဆုံး ဇာတ်လမ်းဖြစ်မှာ မလွဲပါပဲ။

နှလုံးကောင်းစိတ်မြတ် ဒါရိုက်တာဖြစ်ဖို့ အတွက် အရည်အချင်း လေးချက်လိုအပ်တယ်လို့ အင်္ဂုတ္ထိုရ်၊ စတုက္ကနိပါတ်၊ အပဏ္ဏကသုတ် အရ သိရပါတယ်။ အဲဒီလေးချက်ကတော့-
၁။ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ စွန့်လွှတ်ရဲတဲ့ စိတ်ဓာတ် (နေက္ခမ္မ၀ိတတ်)။
၂။ ရန်ငြိုးအာဃာတ လုံးဝကင်းရှင်းပြီး ခွင့်လွှတ်သည်းခံ တတ်တဲ့စိတ်ဓာတ် (အဗျာပါဒ၀ိတတ်)။
၃။ သူတစ်ပါးအပေါ် သတ်ဖြတ်ငြှင်းဆဲလိုမှု၊ မထီမဲ့မြင်ပြုမှု၊ နိုင်ထက်စီးနင်းပြုလိုမှု ကင်းရှင်းပြီး ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ဓာတ် (အ၀ိဟိံသ ၀ိတတ်)။
၎။ အကောင်းအဆိုး အကြောင်းအကျိုးမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတဲ့ အသိမှန် (သမ္မာဒိဋ္ဌိ) တို့ဖြစ်ပါတယ်။
ဘယ်သူမဆို ဒီစိတ်ဓာတ်ကောင်းလေးခုကို နှလုံးအိမ်မှာတည်ရှိပြီး နှလုံးကောင်းစိတ်မြတ်ရဲ့ ဦးဆောင်ညွှန်ပြတဲ့ အတိုင်း ကာယကံ၊ ၀စီကံ တို့နဲ့ သရုပ်ဆောင် ပြောဆို ပြုမူနေထိုင်မယ်ဆိုရင် သူတို့ရဲ့ ဇာတ်လမ်းဟာ လောကနဲ့လည်း အံဝင် သာသနာနဲ့လည်း မဆန့်ကျင်တဲ့ အတွက် လောကအနေနဲ့လည်း အမြတ်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်သလို သာသနာတော် (ဓမ္မ)အရ ကြည့်ရင်လည်း အာသဝေါ ကုန်ခမ်းတဲ့ ရဟန္တာ အဖြစ်ထိ အမြင့်ဆုံး ဆုလာဘ်နဲ့ ထိုက်တန်အောင် ကျင့်ဆောင် နေထိုင်သူလို့ ဆိုနိုင်ပါတယ်။

မိမိတို့တွေ မွေးဖွားခြင်းကနေ စခဲ့ရတဲ့ ဘ၀ဇာတ်လမ်းမှာ ဇာတ်ညွှန်းကောင်း သရုပ်ဆောင်ကောင်းစွာနဲ့ လောကဇာတ်ခုံမှာ ဇာတ်သိမ်းနိုင်သလို ဇာတိ အစ မရဏအဆုံးဆိုတဲ့ ဘ၀တိုတိုမှာ စိတ်ကောင်းနှလုံးမြတ် ရှိပြီး ခန္ဓာဇာတ်သိမ်း ငြိမ်းနိုင်ကြပါစေ။


ကိုးကား။ ။ဓမ္မဘေရီ အရှင်ဝီရိယ ရေးသော လောကကျက်သရေ စာအုပ်။


တကယ်ရော သုံးဆောင်ပါသလား?

အချိန်ရမယ်ဆိုရင် ကျွန်မရဲ့ အကူအညီတောင်းခံသော စာလေးအား ပြန်ကြားပေးစေလိုပါသည်။ သူငယ်ချင်း တစ်ယောက်က သူ့စိတ်ထဲမှာ မရှင်းတဲ့အချက်လေးအဖြစ် တနေ့က ကျွန်မကို မေးပါတယ်။ သူကို နားလည်းအောင် ရှင်းပြပေမယ့် သူ့စိတ်ထဲ့မှာ ရှင်းလင်းကြည်လင်ပုံမရပါဘူး။ မေးသူ သူငယ်ချင်းသည် ဘာသာရေးကို အလေးထားအမြဲ အားထုတ်သူဖြစ်သည်။ ကျွန်မတို့ အပြန်အလှန် ဘာသာရေး ဗဟုသုများ မျှဝေကြပါသည်။ အကြောင်းအရာက ကျွန်မ နေ့စဉ်အိမ်မှ ဘုရားပုံတော်အား ဆွမ်း၊ ရေချမ်း၊ သစ်သီးများကပ်လှူပါသည်။ သူအား အနည်းဆုံး ရေချမ်းတော့ အိမ်မှ ဘုရားအား ကပ်လှူရန် တိုက်တွန်းမိပါသည်။ သူက အဲဒါဘာများ ထူးခြားလဲ။ ဘုရားက တကယ်ရော သုံးဆောင်ပါသလား ဟု မေးပါသည်။ ကျွန်မက သက်ရှိထင်ရှား မြတ်စွာဘုရားကဲ့သို့ ကိုယ်ကွယ်ခြင်းဖြစ်သည်။ သုံးဆောင်ပါသည်၊ ကပ်ဖို့လိုအပ်ပါသည်၊ ဟု တချို့ ဥမာများဖြင့် ဖြေကြားခဲ့ပါသည်။ သို့သော် ပိုမိုဗဟုသုတများသော ဆရာတော်များထံတွင် မေးမြန်းပါဟု သူအား အကြံဥာဏ်ပေးခဲ့ပါသည်။ အဲဒါလေးကို ကိုအောင်ဦးကို တဖန်ပြန်ပြီး မေးချင်ပါတယ်။ သူ့ကျေနပ်လောက်မယ့်အဖြေ ပေးနိုင်မယ့်လို့ ယုံကြည်ပါတယ်။ အကြောင်းအရာတစ်ခုဖြစ်စေ။ တရားတစ်ပုဒ်ဖြင့်ဖြစ်စေ၊ အဆင်ပြေသလို့ အနည်းငယ် အကျဉ်းမျှသာ ဖြစ်နိုင်မယ်ဆိုရင် ကိုအောင်ဦး နားလည်းခံယူသလို လက်ဆင့်ကမ်းမျှဝေ ဖြေကြားပေးစေလိုပါတယ်။
ခင်မင်လေးစားစွာဖြင့်
ကျေးဇူးတင်လျှက်...
LLM


မေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ နားလည်ခံယူထားတဲ့ ပုံစံချင်း တူချင်မှ တူပါလိမ့်မယ်။ လူအတော်များများ လည်း ဒီအကြောင်းတွေနဲ့ ပတ်သတ်လို့ ကိုယ်နားလည် ခံယူထားသလို ပူဇော်ကိုးကွယ်နေကြတာပါပဲ။
ဒီနေရာမှာ မေးတဲ့မေးခွန်းကိုလည်း သဘောပေါက်ဖို့ အဓိက ကျပါတယ်။ သူမေးတာက ဘုရားရှင်ကို ရေချမ်း၊ ဆွမ်း၊ သစ်သီး စတာတွေကို ကပ်လှူပူဇော်တာက တကယ်သုံဆောင်နိုင်ရဲ့လား၊ ဘာထူးခြားလို့လဲလို့ မေးတဲ့ အတွက် ဖြေရမှာ က တမျိုးဖြစ်ပါတယ်။ ဒါကကျတော့ ကပ်လှူနေခြင်း အပေါ်မှာ နားမလည်လို့ မေးလိုက်တာပါ။
တချို့က ကပ်လှူပူဇော်တာကို လက်ခံတယ်။ ဒါပေမယ့် ဘယ်လို နှလုံးသွင်းပြီး ကပ်လှူရမယ်ဆိုတာကို မသိတဲ့ အတွက် မေးကြပါတယ်။ အဲဒီအတွက်က အဖြေတမျိုးဖြစ်ပါလိမ့်မယ်။ ဒါကတော့ ကပ်လှူရမယ်ဆိုတာ သိတယ်။ နှလုံးသွင်းနည်း မသိတာပါ။
ဘုရားရှင်က တကယ်သုံးဆောင်ပါသလား ဆိုတဲ့ အတွက် ဘုရားက အခုချိန်မှာ သက်ရှိမဟုတ်တဲ့ အတွက်ကြောင့် တကယ် မသုံးဆောင်ဘူးလို့ မြင်နေလို့ ထင်ပါတယ်။ ဒါကတော့ သာမန် အမြင်ပေါ့။ ဘုရားရှင် ပရိနိဗ္ဗာန် မပြုခင်မှာ ဘုရားရှင် အဖြစ်ကိုးကွယ် ပူဇော်ထိုက်တဲ့ စေတီ(၄)မျိုးကို ဟောခဲ့ပါတယ်။ စေတီတွေကတော့ အားလုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။
၁။ ဓာတုစေတီ- ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ။
၂။ ဓမ္မစေတီ- ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ။
၃။ ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ။
၎။ ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွား ဆင်းတုတော်များ။
အထက်ပါ စေတီလေးခုကို ကိုးကွယ်ပူဇော်တဲ့ အချိန်မှာ ဘုရားရှင်သက်ရှိထင်ရှား ရှိသလို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဂုဏ်တော်တွေကို အာရုံပြုပြီး ပူဇော်ရပါတယ်။ ဘုရားကို ဆွမ်း၊ ရေချမ်းကပ်လှူတယ်ဆိုတာ ဥဒ္ဒိဿစေတီကို ကပ်လှူနေ တာ ဖြစ်တဲ့ အတွက်ကြောင့် ဘုရားရှင်ကို ကပ်လှူရာ ရောက်ပါတယ်။
ဘုရားရှင်က ၀ိမာန ၀တ္ထု ပါဠိတော် မှာ-
တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
လို့ ဟောတော် မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့-
တိဋ္ဌန္တေ စ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ- ပရိနိဗ္ဗာန်စံကြွသွားသော မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌ လည်းကောင်း၊ စိတ္တေ- ကြည်ညိုသောစိတ်၊ ပြစ်မှားလိုသော စိတ်သည်၊ သမေ- တူမျှသည် ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။ တသ္မာ- အဘယ့်ကြောင့်နည်းမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသော ကြောင့်သာလျှင်၊ သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏။ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။
ဒါကြောင့် ဘုရားရှင် သက်တော်ထင်ရှားရှိသလို စိတ်ထဲမှာ ကြည်ညိုနှလုံးသွင်းပြီး ပူဇော်ကိုးကွယ်မယ်ဆိုရင် ဘုရားရှင်သက်တော် ထင်ရှားရှိစဉ်က ပူဇော်ရသလိုပဲ အကျိုးရပါတယ်။

ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ကိုးကွယ်းဆည်းကပ်ရမှာကြောင့်- အိမ်မှာ ဘုန်းကြီးတပါး ကြွလာရင် ဘယ်လို ဆွမ်းကပ်လဲ၊ သစ်သီး၊ ရေချမ်း တွေလည်း ဘယ်လိုကပ်လဲ ဆိုတာပဲ စဉ်းစားကြည့်ပါ။ ဆွမ်းကပ်တယ်ဆိုရင် သာမန် အိမ်မှာ စားနေတာထက် ပိုကောင်းတဲ့ ဟင်း၊ ထမင်း၊ လက်သုတ်ပ၀ါ အားလုံးပြည့်စုံအောင် စီစဉ် ကပ်လှူရတယ်။ သစ်သီးဆိုလည်း ခွဲပြီးကပ်ရတယ်၊ ရေချမ်းဆိုလည်း ခွက်နဲ့ သေချာကပ်လှူကြရတယ်။ ဘုန်းကြီးကိုတောင် အဲလို ပူဇော်ရတယ်ဆိုရင် ဘုရားရှင်လည်း သက်ရှိလို ပူဇော်ရမှာ ဖြစ်တာကြောင့် ဆွမ်းတော်ကပ်တာ၊ သစ်သီးကပ်တာ၊ ရေချမ်းကပ်လှူတာလည်း သက်ရှိလူတယောက်ကို ကပ်လှူတဲ့(ကျွေးတဲ့) ပုံစံနဲ့ ကပ်ကြရမှာပါ။

ဒီလိုကပ်လှူတာ ဘယ်လိုအကျိုးရှိမှာလဲ ဆိုတော့- ဗုဒ္ဓမြတ်စွာက "စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊" လို့ဟောကြား တော်မူခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့... ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတော်မူတယ်...။ ဒါကြောင့် မိမိကပ် လိုက်တဲ့ ဆွမ်း၊ ရေချမ်း၊ သစ်သီးကို သုံးဆောင်တာ မသုံးဆောင်တာက အဓိက မဟုတ်ပါ။ မိမိ စိတ်ထဲမှာ ဖြစ်တဲ့ စေတနာ က ကံဖြစ်တာကြောင့် ကောင်းမှုအလုပ်တွေ လုပ်တဲ့ စေတနာဖြစ်တဲ့ အတွက်ကြောင့် ကောင်းတဲ့ အကျိုးကို ရရှိပါတယ်။
ဒါ့ကြောင့် ဘုရားကို ပူဇော် ကပ်လှူတာဟာ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်ပြီးတော့ ကောင်းမှုရဲ့ အကျိုးကျေးဇူး အမှန်တကယ် ရှိတယ်ဆိုတာတော့ ယုံကြည်ဖို့ လိုပါတယ်။ ကုသိုလ်သဘောက မိမိနဲ့ သူတပါးမှာ အပြစ်ကင်းတယ်။ စိတ်ချမ်းသာတယ်။ “အပြစ်ကင်းကွာ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ် သဘောတည်း” လို့ ဆိုပါတယ်။

ဒါဆိုရင် ဘုရားမှာ ဆွမ်းတော်တင်၊ ရေချမ်းကပ်လို့ ရှိရင် ဘယ်သူမှလည်း အပြစ်မရှိဘူး။ ကိုယ်တိုင်လည်း စိတ်ချမ်းသာရ တယ်။ ဒါက ကုသိုလ်ဖြစ်နေပြီပေါ့။ ကုသိုလ်က ကောင်းတဲ့ အကျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာ ယုံရင် ဆွမ်းတော်တင်၊ ရေချမ်းကပ်တာလည်း အဓိပ္ပါယ်ရှိတဲ့ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်တယ်ဆိုတာ လက်ခံသင့်ပြီလို့ ထင်ပါတယ်။

ကျနော်နားလည် သလို အတိုချုံ့ဖြေပေးလိုက်ပါတယ်။ မရှင်းတာပါခဲ့ရင် ထပ်မေးပါ။

စိတ်ချမ်းသာကြပါစေ…၊



ယသော်ပမာ ချစ်တတ်ပါစေ

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘ၀တသက်တာကာလမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သဘောကို လူတိုင်းမကင်း နိုင်ကြပါဘူး။ မချစ်တတ်၊ မမုန်းတတ်တဲ့ သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လူတိုင်းက အချစ်နဲ့မှ မကင်းနိုင်သေးပဲလေ။ အချစ်ဆိုတာကို အမျိုးမျိုး ပြောဆိုကြတာရှိပါတယ်။ အချစ်ဆိုတာ ပကတိ အနေအထား အတိုင်းရှိနေတဲ့ လူတယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ရဲ့ အမှန်အတိုင်း ချစ်နေဖို့ပဲ လိုတယ်။ ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင် လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာ ခံခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာဦးကတည်းက စခဲ့တဲ့ အချစ်ဟာ ကမ္ဘာဆုံးလည်း မဆုံးနိုင်ပါ။ သံသရာ မဆုံးသေး သရွေ့ အချစ်မဆုံးနိုင်၊ သံသရာ ဆုံးမှသာ အချစ်ဆုံးပါမယ်။

ဂေါတမဘုရားရှင် နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့တဲ့ သုမေဓာ ရသေ့ဘ၀ကို မှန်းဆကြည့်မိပါတယ်။ အဲဒီအချိန် တုန်းက ရမ္မာဝတီမြို့ကို သုမဓာရသေ့ ရောက်သွားတဲ့ အခါမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာမှာ ဖြစ်လို့ လမ်းများကို သန့်ရှင်း ပြင်ဆင်နေတဲ့ လူတွေကို တွေ့လိုက်တယ်။ ဘုရားကြွလာမယ် ဆိုတာကို သိလိုက် ရတဲ့ သုမေဓာရသေ့ဟာ သူလည်းပဲ ဒီလို လမ်းတွေ သန့်ရှင်းပြင်ဆင်နေတဲ့ ကုသိုလ်ပွဲမှာ ပါဝင်လိုက်ပါတယ်။ သူတာဝန်ယူပြီး မြေဖို့တဲ့ ညွန်ဗွက်မပြီးခင် ခန္ဓာကိုယ်တလျားလောက် ကျန်နေချိန်မှာပဲ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတာကြောင့် သူ့ရဲ့ ခန္ဓာကို အလျားစင်းပြီး တံတားခင်းပေးလိုက်ပါတယ်။ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေက သုမေဓာရသေ့နားကို ရောက်တဲ့ အချိန်မှာ တံတားသဖွယ်ခင်းထားတဲ့ ခန္ဓာ ကိုယ်ပေါ်ကို နင်းကြွခြင်းမပြုပဲ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင် ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာ တကိုယ်တည်း လွတ်မြောက်ရာကို မျက်မှောက်ပြုလိုရင် ဂါထာဝက် (အက္ခရာ ၁၆လုံး) ဟောလိုက်တာနဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရင် သဗ္ဗညုတ ဘုရားရှင် အဖြစ် သတ္တ၀ါတွေကို ကယ်တင်နိုင်မယ့် ဘုရားဖြစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိမြင်တော်မူတဲ့ အတွက် သုမေဓာရသေ့ကို အကြောင်းစုံ ရှင်းပြပြီး ကြိုက်ရာရွေးနိုင်ကြောင်း မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးက အနီးမှာ ရှိတဲ့ ရေကန်ထဲက ကြာပန်းရှစ်ခိုင်ကို ယူပြီး သုမေဓာ လက်ထဲကို ကြာပန်းငါးခိုင် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကြာပန်းသုံးခိုင်ကို ကိုင်ပြီး သုမေဓာရသေ့ ခြေရင်းမှာ ထိုင်ဖူးမြော်ရင်း ဒီပင်္ကရာ ဘုရားရှင် မိန်းကြားတဲ့ စကားတော်ကို နာယူနေပါတယ်။ သုမေဓာရသေ့က ငါကိုယ်တိုင် ကိလေသာ အနှောက်အယှက် အပူအပင်တွေ ကင်းဝေးငြိမ်းအေးပြီး ငိုကြွေးခြင်း များ ရပ်သွားသလို သူတပါးတို့လည်း ကိလေသာ ကင်းပြတ် ငိုကြွေးခြင်းတွေ ရပ်စေရမယ် ဆိုကာ ကိုယ်တိုင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိလိုတဲ့ ဆန္ဒ၊ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားချမ်းသာကို ဆောင်ရွက်လိုတဲ့ ဆန္ဒများနဲ့ သဗ္ဗညုတဉာဏ်ဆီ စွဲမြဲစူးစိုက် ရှေးရှုဆောင်မှု အဘိနီဟာရ (ဘုရားဆုကို ပန်ဆင် ခြင်း) ပြုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခြေတော်ရင်းမှာ ထိုင်နေတဲ့ သုမိတ္တာက ပီတိအဟုန် တုန်ခါသွားပြီး “ဒီ ရှင်ရသေ့ ပါရမီတော်တွေကို ဖြည့်ကျင့်နေစဉ် ကာလတလျောက် သူလည်း လိုအပ်သမျှကို ဖြည့်ဆည်း ပေးတဲ့ ပါရမီ ဖြည့်ဘက် ဖြစ်ပါရစေ” လို့ ဆုပန်လိုက်ပါတယ်။

ဒီနေရာမှာ နှစ်ဦးလုံး ချစ်ခြင်းမေတ္တာ အပြည့်ရှိသူတွေပါပဲ။ သုမိတ္တာက ဘုရားအလောင်းတော် အလိုပြည့်ဖို့ ချစ်တတ်သူ၊ သုမေဓာကတော့ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ချစ်တတ်သူလို့ ဆိုရမှာပေါ့။ ဘုရားဆုပန်ပြီး ချိန်မှ စလို့ ပါရမီ ဖြည့်ကျင့်ရမှာ ပါရမီ ဆယ်ပါးကို မိမိရဲ့ ပစ္စည်းဥစ္စာ၊ စည်းစိမ်အာဏာ၊ သားမယား အပါအ၀င် သက်ရှိ သက်မဲ့ တွယ်တာစရာမှန်သမျှကို စွန့်လွှတ်ပြီး ဖြည့်ကျင့်ရတဲ့ ရိုးရိုးပါရမီ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ဥပပါရမီ။ မိမိအသက်ကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ပရမတ္ထပါရမီ စသဖြင့် ပါရမီ ဆယ်ပါးလုံးကို သုံးဆင့်ပြည့်အောင် ဖြည့်ရပါတယ်။ ဒါကို ပါရမီဆယ်ပါး အပြားသုံး ဆယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ ပါရမီတော်တွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ ဘုရားလောင်းမွေးဖွား ပြီးတာနဲ့ ဖခင် သုဒ္ဓေါဓနမင်းကြီးက ဘုရားမဖြစ်စေလို ပဲ စကြ၀တေးမင်း ဖြစ်စေလိုတဲ့ အတွက်ကြောင့် တောမထွက်နိုင်အောင် အခိုင်မြဲဆုံးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ဖို့ သိဒ္ဓတ္တမင်းသားကို အသက် ၁၆နှစ် မှာပဲ ယသော်ဓရာနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ယသော်ဓရာ ဆိုတာ ဒီပင်္ကရာ ဘုရားလက်ထက်မှာ နိယတဗျာဒိတ်ကို ခံယူစဉ်ကတည်းက ပါရမီဖြည့်ဖက်အဖြစ် ဆုပန်ခဲ့ပြီး ဘ၀ပေါင်းများစွာ မရေတွက်နိုင်အောင် ဆင်ရဲချမ်းသာကို မျှဝေခံစားဖက်အဖြစ် အတူနေခဲ့ဖူးတဲ့ သံယောဇဉ် ဓာတ်ခံအားကြီးသူ ဖြစ်လို့ အခုတွေ့တော့လည်း သံယောဇဉ်ဓာတ်ခံချင်း ပေါင်းစပ်မိပြီး ငြင်းဆန်ဖို့ ခွန်းအား ရပ်တန့်စေခဲ့ပါတယ်။

ဘုရားလောင်း ၂၉နှစ်ရောက်တဲ့ အချိန်မှာတော့ အိုသူ၊ နာသူ၊ သေသူ တို့ကို မြင်တွေ့ပြီး သတ္တ၀ါအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကရုဏာဓာတ်တွေ ပြန်လည်နိုးထလာသလို ဒုက္ခလွတ်လပ်ရေးအတွက် တရားကျင့်နေတဲ့ ရဟန်းတပါးကို တွေ့မြင်လိုက်ရတဲ့ အခါမှာ တောထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်တဲ့ နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သားဦးရတနာလေးဖွားမြင်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ရဲ့ဘ၀လမင်းကို ဖမ်းချုပ်မယ့် ရာဟုဂြိလ်တခု တိုးလာပြန်ပါပေါ့” လို့ သံဝေဂနဲ့ ညဉ်းညူရေရွတ် လိုက်ပါတယ်။ အဲဒီညရဲ့ သန်းခေါင်ယံမှာပဲ ကြီးမားတဲ့ စည်စိမ်များနဲ့ အတူ နှလုံးသားရဲ့ ကိုယ်ပွားပမာ တွယ်တာရတဲ့ ဇနီးနဲ့ သားဦးလေး ကိုပါ စွန့်ခွာပြီး တောထွက်ခဲ့ပါတယ်။

သားဦးလေးဖွားမြင်တဲ့ နေ့မှာပဲ ဇနီးနဲ့ သားကို စွန့်ခွာသွားတာဟာ ခင်ပွန်းတဦးအနေနဲ့ကော ဖခင်တယောက် အနေနဲ့ပါ တရားမျှတမှု ရှိပါရဲ့လားလို့ စောဒကတတ်ချင်ရင် “ဒါတွေကို သံသရာအဆက်ဆက် ပါရမီ ဖြည့်လာခဲ့ရတဲ့ ယသော်ဓရာသာ အသိဆုံးပါ” လို့ ဖြေရပါလိမ့်မယ်။ နိယတဗျာဒိတ်ကို ခံယူပြီးတဲ့ သဗ္ဗညုတ ဗုဒ္ဓလောင်းလျာ တစ်ယောက် ပါရမီ ဖြည့်တယ်ဆိုတာ ဇနီးမယားကို သာမက အင်္ဂါခြေလက် အသက်ကိုပါ စွှန့်လွှတ်ပြီး ဖြည့်ရတယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်ထံ တော်မှောက်ကတည်းက သုမေဓာကော သုမိတ္တာပါ ကြားသိကြပါတယ်။ သုမေဓာက ဒါတွေအားလုံးကို ဖြည့် ကျင့်မယ်လို့ ခံယူတာကို ကြားသိရတဲ့အခါ သုမိတ္တာအမျိုးသမီးလေးက ယောကျာ်းသားတစ်ယောက်တည်း ပါရမီဖြည့်ရမယ် ဆိုရင် ဇနီးမယားနဲ့ သားသမီးတို့ကို စွှန့်လွှတ်စရာ ဘယ်မှာ ရှိတော့မလဲ။ လစ်လပ်နေတဲ့ ဒီကွက်လပ်ကို သူဖြည့်စွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ “ပါရမီဖြည့်ဖက်” အဖြစ် ခံယူခဲ့တာမို့ အစွန့်လှူခံ ဇနီးမယား တစ်ယောက်ရဲ့ ရုတ်တရက် ငိုကြွေးရခြင်းနဲ့ နောက်ဆက်တွဲ ဂုဏ်ယူကြည်နူးရခြင်း ဆိုတဲ့ ဆန့်ကျင် ဘက်ရသ နှစ်ခုကို သုမိတ္တာဘ၀ကနေ ယသော်ဓရာ ဘ၀အထိ ဘ၀ပေါင်းအသင်္ချေတွေမှာ အတူယှဉ်တွဲ သရုပ်ဆောင်ခဲ့ဖူးတာက လွှဲလို့ ဘယ်သူမှ မျှဝေခံစား နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။

နောက်ဆုံး ယသော်ဓရာ ထေရီမကြီးကိုယ်တိုင် ဘုရားရှင်ကို လျှောက်ထားရာမှာတော့ ဒီလိုပါရမီဖြည့်ဖက် ဖြစ်ရဖို့ ဘုရားပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာမထေရ် မရေမတွက်နိုင်တို့ ထံမှာ ဆုတောင်းခဲ့ရတယ်။ ဘ၀ပေါင်းများစွာမှာ ဇနီးအဖြစ်သိမ်းပိုက်ရန် အတွက်သာမက အစားအစာအဖြစ် အသုံးပြုရန်ပါ သူတပါးကို ပေးလှူခဲ့ပေမယ့် စိတ်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။ အရှင်ဘုရား သဗ္ဗညုတဉာဏ်ကို ရရှိရေးအတွက် ပါရမီဖြည့်စွက်ရာမှာ ချမ်းသားခြင်းနဲ့ ကြုံတဲ့အခါ ၀မ်းမြောက်ခဲ့ပါတယ်။ ဆင်းရဲမှုတို့နဲ့ ကြုံရတဲ့ အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါဘူး။ ရှေးဆုတောင်များကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဘ၀များစွာ ချစ်ကြင်နာခဲ့ပြီး နှစ်လိုဖွယ်ရာ စွဲဆောင်နိုင်စွမ်းရှိတဲ့ အရှင်ဘုရားအလောင်းအလျာ သုမေဓာရှင်ရသေ့ရဲ့ မျက်နှာကို ဖူးမြင်လိုက်ရ ကတည်းက “ငါ့ရဲ့ အသက်ရှင်ခြင်းဟာ ရကျိုးနပ်လိုက်လေ” အောက်မေ့မှတ်ထင် ခဲ့ပါတယ်။ အဲဒီကတည်းက ပါရမီ ဖြည့်ဖက် အဖြစ် ကျေနပ်စွာဆုပန်ခဲ့သလို ဒီအခွင့်ကို လက်မလွတ်စေဖို့လည်း ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအဆူ ဆူတို့ ထံမှာ အကြိမ်များစွာ ဆုတောင်းခဲ့ရပါကြောင်း ကျေနပ်ပီတိ အဟုန်နဲ့ လျှောက်ထားခဲ့တာတွေကို ကြည့်မယ် ဆိုရင် ယသော်ဓရာရဲ့ရင်မှာ ဘယ်လိုခံစားမှုရှိတယ်ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။

တောထွက်ခါနီးမှ အလောင်းတော်မင်းသားရဲ့ သတိပေး၊ ကတိပေးစကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ် လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”။

“သောကကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကို ဆေးကြောပေးမယ့် ကမ္ဘာပြိုမိုးကြီး ဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီး မင်း ဖြေရစ်လေဦး” ဆိုတဲ့ သိဒ္ဓတ္ထရဲ့ ရင်တွင်းစကားကိုလည်း သားငယ်ကို ချော့မြူသိပ်ရင်း နိုးတ၀က် အိပ်တ၀က်နဲ့ မျက်ရည်စက်လက် ဖြစ်နေတဲ့ ယသော်ဓရာ သိလိုက်ပါတယ်။ မိုးဖြစ်မယ့် မျက်ရည်တွေကို မိုးဖြစ်အောင် စွမ်းဆောင်မယ့်လက်နဲ့ မသုတ်စေလိုလို့သာ မတားခဲ့လေသလား ဆိုတာလည်း ယသော်ဓရာပဲ အသိဆုံးဖြစ်မှာပါ။ ဒီနေရာမှာ ဘ၀အဆက်ဆက် ပါရမီ ဖြည့်ဖက်တယောက်မို့ သာ ယသော်ဓရာနှလုံးသားမှာ ခွဲခွာခြင်းခံနိုင်ခဲ့ရတာပါ။ သာမန် ချစ်တတ်လွန်းတဲ့ မိန်းမသားတယောက် အတွက်ဆိုရင် စိတ်နှလုံးမှာ တုန်လှုပ် ၀မ်းနည်းသွားစေမယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ဘုရားလောင်းဟာ ဆန္ဒအမတ်၊ စီးတော်မြင်း တို့ကို ခေါ်ပြီး ယသော်ဓရာကို ကျောခိုင်းလို့ သစ္စာရှာဖို့ အတွက် လှမ်းခဲ့ပါတော့တယ်။ သန်းခေါင်ယံအချိန်ရဲ့ တိတ်ဆိတ်မှုနဲ့ အတူ နန်းဆောင်ကို ကျောခိုင်းလို့ ခြေလှမ်းတွေကို လှမ်းထွက်ခဲ့ပါတော့တယ်။ ချစ်တာသိပေမယ့် သစ္စာရှာရမှာမို့ ခွဲခွာခဲ့တာကို ယသော်ဓရာ ကိုယ်တိုင် သိခဲ့ပါတယ်လေ။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် ကပ္ပိလ၀တ်ပြည် ပြန်လာတဲ့အချိန်မှာ ယသော်ဓရာ ရှိတဲ့ နန်းဆောင်ကို အရောက်သွားလို့ တရားရေအေးနဲ့ သောကတွေကို ငြိမ်းအေးရအောင် ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ပါရမီဖြည့်ဖက် အဖြစ်နဲ့ ရှည်လျားတဲ့ ကာလတလျောက် မိမိအပေါ်မှာ တန်ဖိုး ထား ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ ယသော်ဓရာကို ဘုရားရှင်ကိုယ်တိုင် “ယသော်ဓရာသည် မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့ပါပေတယ်” လို့ ဖွင့်ဟ ၀န်ခံခဲ့ပါတော့တယ်။

ချစ်လျှင်မြတ်နိုး ချစ်ပင်ပျိုးကြသူတိုင်း ကောင်းသောချစ်ခြင်းနှင့် ထာဝရချစ်နိုင်ကြပြီး ကောင်းကျိုးချမ်းသာကို အတူရရှိ ခံစားနိုင်ကြပါစေ…


ကိုးကားချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော ဘုန်းရယ် ကံရယ် ကုသိုလ်ရယ် စာအုပ်။

ဒဿနသမ္ပဒါ ဟူသည်

သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း (၁၁)ရက်၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့၊ အမေရိကန် နိုင်ငံ၊ အော်စတင် မြို့တွင် ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ ဟောကြားတော်မူခဲ့သော တရားတော် ဖြစ်ပါတယ်။
တရားချစ်ခင် သူတော်စင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် တရားတော်ကို နာယူကြည်ညို နိုင်ကြပါစေ…


ပဋ္ဌာန်းတရားတော်(၁)

ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒဟောကြားတဲ့ ပဋ္ဌာန်းတရားတော် ဖြစ်ပါတယ်။ တရားတော်ကို နာယူကြည်ညိုနိုင်ကြ၍
တရားအသိတိုးပြီး မိမိတို့ အလိုရှိရာ ပန်းတိုင်ကို ရနိုင် ရောက်နိုင်ကြပါစေ...။


ပဋ္ဌာန်းတရားတော်(၂)

တရားအားထုတ်တယ် ဆိုရာဝယ်

ဗုဒ္ဓမြတ်စွာဟောကြားခဲ့ တရားဓမ္မများကို လိုက်နာကျင့်သုံးသူတွေသည် လောကီ လောကုတ် နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။ ဘ၀နေထိုင်ရာမှာ ချမ်းသာရုံမကပဲ သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်အောင်လည်း ကျေးဇူးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က အလုံးစုံသော ကောင်းကျိုးချမ်းသာကို ဆောင်ယူနိုင်တယ်ဆိုတာ သက်ဝင်ယုံကြည်ကြတဲ့ အတွက်ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားနည်းလမ်းများ အတိုင်း လိုက်နာအားထုတ် နေကြတာပါ။ တရားဓမ္မများကို မေ့လျော့ပြီး နေချင်သလိုနေ၊ လုပ်ချင်တာကို ရမ်းလုပ်နေကြတယ်ဆိုရင်တော့ တရားဓမ္မတွေကို အမှန်တကယ်ပဲ မယုံကြည် သေးဘူးလို့ အရိုးသားဆုံး ပြောရမှာပါပဲ။ တချို့က ပြောကြတယ်။ “ငါတို့က တရားဆိုတာဘာလဲ သိတယ်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ ဘယ်လိုလဲသိတယ်၊ မလုပ်နိုင်သေးလို့ မလုပ်သေးတာ” စသဖြင့်ပေါ့။ လက်ရှိနေ နေတဲ့ အချိန်ကျတော့လည်း တနေ့ထက် တနေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကလည်း လျော့နည်းမသွားကြဘူး။ အဲလို ဖြစ်နေကြတယ်ဆိုတော့ တရားနဲ့နေတယ်၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာအတွက်ကြောင့်လဲ? ဘယ်လိုတွေ ကျင့်မှ တရားအားထုတ်ကြတယ်။ တရားနဲ့ နေတယ်လို့ ဆိုကြမလဲ?။ တွေးကြည့်စေချင်ပါတယ်။

တရားအားထုတ်ကြတယ် ဆိုတော့လည်း လူတွေအများစုက တရားထိုင်နေမှ အားထုတ်နေတာလို့ လက်ခံထား ကြတယ်။ တရားမထိုင်ရင်ပဲ တရားအားထုတ်တာ မဟုတ်သေးဘူးလို့ မြင်ကြတယ်။ ထိုင်တိုင်းရော တရားရသွားလားလို့ ပြန်တွေးကြည့်စရာ ရှိပါတယ်။ တရားထိုင်ရင်း လောဘ၊ ဒေါသ ဖြစ်နေတာတွေ ရှိပါတယ်။ ထိုင်မှပဲ ကောင်းတဲ့ အာရုံလေးတွေ ပုံဖော်စိတ်ကူးလို့ ပျော်နေတာတွေလည်း ရှိတာပါပဲ။ မကျေနပ်တာတွေ တွေးမိလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်က နာလို့၊ ကျင်လို့ပဲ ဖြစ်ဖြစ်၊ ငါ့စိတ်တွေ တည်ငြိမ်မှု မရသေးဘူးဆိုပြီး မကျေနပ်လို့ ဒေါသဖြစ်ရတာတွေလည်း ရှိကြတာပါပဲ။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံးပြောရရင် ကိလေသာ နည်းပါးအောင်၊ ကုန်ဆုံးသွားအောင် ကျင့်ကြံတာပါပဲ။ လောဘ၊ ဒေါသ ဆိုတာတွေ ဖြစ်နေသေးတယ်ဆိုရင် တရားမဟုတ်သေးဘူးလို့ ဆုံးဖြတ်ထားရမယ်။ ဒါကြောင့် တရားထိုင်နေတိုင်း တရားမဟုတ်သေးဘူးလို့ နားလည်ဖို့ လိုအပ်ပါတယ်။ တရားမထိုင်းတိုင်းလည်း တရားမရဘူးလို့ ယုံကြည်မထားရပါဘူး။ ဘုရာရှင် ရှိစဉ်က သာဝတ္ထိပြည် လူ(၉)ကုဋေရှိရာမှာ (၇)ကုဋေသည် အရိယာဖြစ်ပါတယ်။ နေ့စဉ် နေစဉ်မှာ သီလတွေ စောင့်ထိန်းပြီး လောဘ၊ ဒေါသနည်းအောင် ကျင့်ကြံကြရင်းနဲ့ တရားရသွားကြတာပါပဲ။

တရားကျင့်ရာမှာ ၀ိပဿနာယာနိက၊ သမထယာနိက ဆိုပြီးရှိပါတယ်။ သမထယာဉ် သပ်သပ် စီးသွားရင်နိဗ္ဗာန် မရောက်နိုင်သေးပါဘူး။ သမထယာဉ်စီးပြီး ၀ိပဿနာယာဉ်ကို ပြောင်းစီးလိုက်တာနဲ့ အဲဒီ ၀ိပဿနာယာဉ်က တဆင့် အရိယာမဂ္ဂင်ယာဉ်ကို ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ နိဗ္ဗာန်ရောက်တာပါပဲ။ ဒီတော့ သမထပဲ အရင် အားထုတ်ရမှာလား မေးစရာရှိပါတယ်။ တချို့က ၀ိပဿနာ သပ်သပ်ပဲ အားထုတ်ကြတယ်။ ဈာန်တွေ၊ အဘိဉာဉ်တွေ မရကြဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်သွားပါတယ်။ စာပေတွေမှာတော့ အဋ္ဌကထာ ဆရာတော် ကြီးတွေက သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ သမာဓိ ပညာနှစ်မျိုးလုံး တွဲတဲ့ ဘာဝနာလို့ သုံးမျိုးပြပါတယ်။ ရှင်းအောင်ပြောရရင် သမထ အားထုတ်ပြီးမှ ၀ိပဿနာ အားထုတ်လို့ရတယ်။ သမထချည်းပဲ အားထုတ်လို့ ရတယ်။ ၀ိပဿနာချည်းပဲ အားထုတ်လို့ရတယ်။ ၀ိပဿနာ အားထုတ်ပြီးမှ သမထ အားထုတ်လို့လည်း ရတယ်။ သမထချည်းပဲ အားထုတ်ရင်မြေလျှိုး၊ မိုးပျံတဲ့ အထိတော့ ရတယ်။ ဒါပေမယ့် သောတပန်တောင် မဖြစ်ဘူး။ ၀ိပဿနာချည်းပဲ အားထုတ်ရင် ရဟန္တာတော့ ဖြစ်တယ်။ ဒါပေမယ့် ဈာန်တွေ အဘိဉာဉ်တွေ မရဘူး။ ဒါကို ဆရာတော်ကြီးတွေက မြေလျှောက်ရဟန္တာလို့ သုံးကြပါတယ်။

မိမိတို့ကိုယ်တိုင် ဘယ်လိုအားထုတ်ကြမလဲ ဆိုတာတော့ ကိုယ်တိုင် ရွေးချယ်ထားကြမှာပါ။ သမထ အားထုတ် ရင်လည်း စရိုက်ကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတွေကို ဟောခဲ့ပါတယ်။ (လောဘစရိုက်များရင် အသုဘကမ္မဌာန်းရှု။ ဒေါသစရိုက်များရင် မေတ္တာဘာဝနာပွား။ မောဟစရိုက်များရင် မရဏနုဿတိပွား။ သဒ္ဓါစရိုက်များရင် ဗုဒ္ဓါနုဿတိပွား။ ၀ိတက်စရိုက်များရင် အာနာပါနကမ္မဌာန်း။ ပညာစရိုက်များရင် ဓာတ်ကြီး လေးပါးရှု)။ ၀ိပဿနာ ဆိုတာကျတော့ ပညတ်နှင့် ပရမတ် ကွဲကွဲပြားပြား သိအောင် ကြားနာမှတ်သားပြီးမှ၊ ပရမတ်ရဲ့ သဘာဝကို လက်တွေ့မြင်အောင် ရှုခြင်းဖြစ်ပါတယ်။

နိဗ္ဗာန်နဲ့ သံသရာဟာ တဆက်တည်းမှာ ရှိပါတယ်။ သူတို့ နှစ်ခုဟာ ကမ်းပါး နှစ်ခုလိုပါပဲ။ အဲဒီ နှစ်ခုကြားထဲမှာ ကိလေသာဆိုတဲ့ ရေက ကြားခံနေတဲ့ အတွက်ကြောင့် ကမ်းနှစ်ခုဟာ မနီးစပ်နိုင်ပဲ ဖြစ်နေတာပါ။ ကိလေသာက ချောင်းရေ ပမာဏ လောက်ရှိရင် ကမ်းနှစ်ခုက နီးမယ်။ မြစ်လောက်ရှိရင် ပိုဝေးမယ်။ ပင်လယ်ကြီးလောက်ရှိ ရင်တော့ ကမ်းနှစ်ခုက ပိုပြီးဝေးမှာပေါ့။ ရေလုံးဝမရှိတော့ရင် ကမ်းနှစ်ခုက တဆက်တည်းဖြစ်သွားမယ်။ ရေဆိုတာက ကိလေသာကို ဆိုလိုတာပါ။ ဒီတော့ ရေတွေကုန်မှ ကမ်းနှစ်ခု ထိစပ်ရမှာ ဖြစ်သလို ကိလေသာကုန်မှလည်း သံသရာကနေ နိဗ္ဗာန်ကို ထိတွေ့ခွင့်ရမှာပါ။ တရားအလုပ် အားထုတ်ကြတယ်ဆိုတာ ရေနဲ့တူတဲ့ ကိလေသာတွေကို ကုန်ဆုံးအောင် လုပ်နေကြရတာပါ။ တနေ့ထက် တနေ့ ကိလေသာတွေ ပါးလာမယ်ဆိုရင်ပဲ တရားလုပ်နေတာပါ။ ကိလေသာ မဖြစ်တော့ပဲ ကုသိုလ်တွေဖြစ်နေရင် တရားလုပ်နေတာပါပဲ။ ဒါကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ အမူအယာတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်ဖို့ နေသွားဖို့ အဓိကကျပါတယ်။

ဓမ္မတွေကို အားထုတ်ရာမှာလည်း သီလ၊ သမာဓိ၊ ပညာ အစဉ်အတိုင်းသွားရပါတယ်။ သီလဆိုတာလည်း လူ့ရဲ့ ခါးဝတ်ပုဆိုးလို ဥပမာပေးကြပါတယ်။ အခြေခံအားဖြင့် ငါးပါးသီလကို လူတိုင်းစောင့်ထိန်းရပါမယ်။ တရားအား ထုတ်မယ်ဆိုတော့ တရားထိုင်မှပဲလို့ စဉ်းစားကြတာများပါတယ်။ အခြေခံ သီလတရားကိုမှ လုံအောင် မစောင့် ထိန်းသေးပဲ တရားအားထုတ်ရင် တရားရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာက ဓမ္မနည်းလမ်းတကျ ပြောခြင်း ပါ။ ဘုရားရှင်လက်ထပ်က သန္တတိအမတ်၊ အင်္ဂုလိမာလတို့လို သီလတွေ ဖောက်ဖျက်ပြီးတော့မှ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲလို ပါရမီရှင်တွေ ဖြစ်ဖို့ဆိုတာတော့ အင်မတန် ခက်ခဲပါတယ်။ ၀ိပဿနာ၊ သမထ တွေလုပ်နေတယ်ဆိုပြီး သီလမရှိသေးရင် ပုဆိုးမနိုင်ပဲ အမြင့်ကို ခုန်လှမ်းနေတာနဲ့ တူပါလိမ့်မယ်။ ၀ိပဿနာသာ အဓိက ဒါန၊ သီလတွေ မလိုပါဘူးလို့ ဆိုကြရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ ဒါန၊ သီလ တရားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ မလိုအပ်ပဲ ဟောခဲ့တယ်လို့ ပြောရာရောက်ပါတယ်။ ဘုရားရှင် (၄၅)၀ါ ကာလပတ်လုံးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောတာဖြစ်ခြင်းကြောင့် တရားတိုင်းဟာ သစ္စာထိုက် ပါတယ်။ ဒါကြောင့် ဒါန၊ သီလ အလုပ်တွေသည်လည်းပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအမှု တွေ အပေါ်မှာ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတဲ့ သံသရာ နယ်ချဲ့တဲ့ ပပဉ္စတရားတွေ မကပ်ငြိဖို့ လိုတာပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း ဒါန၊ သီလ လုပ်ရမှာ ရမ်းပြီး မလုပ်ကြဖို့ သတိပေးတာပါ။ သစ္စာသိပြီး လုပ်မယ် ဆိုရင် ခန္ဓာကို ရောင်းပြီး ဒါန ပြုပါလို့ မိန့်တော်မူခဲ့ပါတယ်။

မိမိတို့တွေ အတွက် အားကိုးစရာ တရားလက်မဲ့ မဖြစ်ဖို့၊ တရားရှိထားဖို့ အတွက် တရားတော်တွေကို အရင်ဆုံး နာယူ၊ ဖတ်မှတ်လေ့လာ သင့်ပါတယ်။ တရားတော်ကို နာယူနေတာလည်းပဲ တရားအားထုတ်တာပါပဲ။ နှလုံးသွင်းမှန်ဖို့တော့ အဓိက ကျတာပေါ့။ တရားကို အပြစ်ရှာတဲ့ ပုံစံနဲ့ ဆိုရင်တော့ ဘုရားရှင် ဟောနေလည်း တရားရမှာ မဟုတ်ပါဘူး။ ရိုသေကြည်ညိုစွာနဲ့ နာမယ်ဆိုရင် တရားတော်ကို လိုက်ပြီးတွေးတော စဉ်းစားနေတာ ဖြစ်လို့ ဒေသနာဉာဏ် ဖြစ်နေပါတယ်။ မိမိသန္တာန်မှာ စိတ်အေးချမ်းမှု ဖြစ်နေတဲ့ အတွက်ကြောင့် ကုသိုလ် စိတ်ဖြစ်ပါတယ်။ ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတဲ့ အတိုင်း မင်္ဂလာရှိတဲ့ အချိန်ဖြစ်နေပါတယ်။ ပုညကိရိယာ ၀တ္ထုဆယ်ပါးမှာ ဓမ္မသ၀န ဆိုတဲ့ တရားနာခြင်း ပါပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနည်း လေးမျိုးမှာ ကာလေနဓမ္မသာဝနာ ဆိုတဲ့ အချိန်အားလျော်စွာ တရားနာခြင်းသည်လည်း တစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် တရားနာနေတာသည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာနေရာ ရောက်ပါတယ်။ ကုသိုလ် ဖြစ်ခြင်း၊ ဘုရားဆုံးမတဲ့အတိုင်း နေထိုင်ခြင်းကို တရားအားထုတ်တယ်လို့ သိရှိနားလည်စေချင်ပါတယ်။

အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးအတန်ုဆုံးသော သာသနာရဲ့ အနှစ်သာရကို ရရှိခံစားနိုင်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရနိုင် ရောက်နိုင်ကြပါစေ…


မေတ္တာနှလုံး အလှဆုံး

ဓမ္မမိတ်ဆွေ သူတော်စင်တို့ …
ယနေ့ သာသနာတော်နှစ် ၂၅၅၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ၀ါခေါင်လပြည့်၊ ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။

မေတ္တာနဲ့သာ ပြုမူပါ သူငါ အောင်မြင်မှာ၊
မေတ္တာနဲ့သာ ပြောဆိုပါ သူငါ နားဝင်မှာ၊
မေတ္တာနဲ့သာ ကြံစည်ပါ သူငါ စိတ်ချမ်းသာ၊

~ ဤသာသနာ၊ ငြိမ်းချမ်းစွာ၊
ကမ္ဘာကြီးကို လှစေသည်။

~ မြန်မာ၌သာ၊ သာသနာ၊
ခိုင်မာပြည့်စုံသည်။

~ ဗုဒ္ဓ၀ါဒ၊ မြတ်ဓမ္မကြောင့်၊
ကမ္ဘာ့အလယ်၊ ဂုဏ်ရည်ကြွယ်၊
ခန့်ထည်(ထယ်) မြန်မာပြည်။



~ မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊
ရွှင်ပြုံးကြည်သာ၊ တို့မြန်မာ၊
ကမ္ဘာကပင် မော်ကြည့်သည်။

~ ဗုဒ္ဓမြတ်စွာ၊ သာသနာကြောင့်၊
ကမ္ဘာလည်းလှ၊ လူလည်းလှ၊
အေးမြချမ်းသာသည်။

~ စိတ်ဓာတ်ကြည်လင်၊ ကောင်းတာမြင်၍၊
မိခင်စိတ်ထား၊ မေတ္တာပွား၊
ထူးခြားလူ့စွမ်းရည်။

~ ကျယ်ပြန့်မြင့်မြတ်၊ မကန့်သတ်ဘဲ၊
ဒေါသစဲ၊ ဆင်းရဲဘေးရန်ကင်းဝေးသည်။

~ ဒါန သီလာ ဘာဝနာ၊
မေတ္တာပါမှခိုင်မာသည်။

~ မေတ္တာနှလုံး၊ အလှဆုံး၊
ရွှင်ပြုံးအေးချမ်းသည်။

မိမိတို့အားလုံး စိတ်ဓာတ်ရွှင်လန်း လူ့စွမ်းရည်ထုတ် ကုသိုလ်လုပ်နိုင်ကြတာဟာ တကယ်တော့ ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခွင့်ရနေလို့ပါ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာလောကကြီးကို ငြိမ်းချမ်းစွာ အလှဆင်ပေးဖို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ သာသနာဟာ မြတ်ဗုဒ္ဓရဲ့မေတ္တာနှလုံးသားမှ ပေါ်ထွက်လာခဲ့ပြီး ယနေ့ထိ မေတ္တာ ရှင်တို့ရဲ့ မေတ္တာနှလုံးသားအဆက်ဆက် ဖြတ်သန်းလာခဲ့ရတဲ့ မေတ္တာလမ်းစဉ်ပါ။ မေတ္တာနှလုံးဟာ အလှဆုံးပါ။ အပြန်အားဖြင့် ဒေါသနှလုံးဟာ အဆိုးဆုံးပါ။ ဒေါသဟာ အကြီးမားဆုံးခွဲအား၊ ၂-ယောက်တည်းတောင်ခွဲ ပစ်တယ်၊ မေတ္တာက အကြီးမားဆုံးဆွဲအား၊ အများကြီးကို စုစည်းနိုင်တယ်။ မေတ္တာသာသနာဟာ ကမ္ဘာကို ငြိမ်းချမ်းစွာ အလှဆင်ပေးတယ်၊ ဘယ်သူ့ကိုမှ တာဝန်အပို မတက်စေပါဘူး၊ သာသနာနှင့် ထိတွေ့ခွင့်ရသူ အားလုံးကို ငြိမ်းချမ်းသွားစေတာချည်းပဲ၊ လူတစ်ယောက်ထံ သာသနာပြန့်သွားရင် လူတစ်ယောက် ငြိမ်းချမ်း တယ်၊ မိသားတစ်စုထံ သာသနာပြန့်သွားရင် မိသားတစ်စု ငြိမ်းချမ်းသွားမယ်၊ သာသနာပြန့်ပွားသလောက် ငြိမ်းချမ်းရေး နယ်ပယ် ကျယ်ဝန်းသွားနိုင်တယ်။ တစ်ကမ္ဘာလုံးခြုံကြည့်ရင် ထေရ၀ါဒ သက်သက် သန့်သန့်ရှင်း ရှင်း ပြည့်ပြည့်စုံစုံ သာသနာကို ထိန်းသိမ်းထားနိုင်တာဟာ မြန်မာ တစ်နိုင်ငံတည်းပဲရှိပါတယ်၊ သဒ္ဓါ မေတ္တာ ပညာ ဆိုတဲ့ သာသနာပြုခွန်အား ၃-ခု နဲ့ ထိန်းသိမ်း စောင့်ရှောက်မှု ကောင်းနေတဲ့ကြောင့်ပါ၊ အချို့ ထေရ၀ါဒနိုင်ငံတွေမှာ သာသနာထဲ လောကီတွေ အများကြီး ရောနှောကုန်ကြပြီ။ မေတ္တာတရားနဲ့ ပေါင်းစုစောင့်ရှောက်မှုကြောင့် တစ်ကမ္ဘာလုံး မြန်မာမှာသာ သာသနာ အပြည့်စုံဆုံး အခိုင်မာဆုံးပါ။ တရားငတ်နေတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေအတွက် ဖြန့်ဝေပေးရလောက်အောင် ပြည့်စုံပါတယ်။ နိုင်ငံခြားသား တွေက ပြောကြတယ်၊ “တရားဟာ မြန်မာ့ထွက်ကုန်” တဲ့၊ သတိပဋ္ဌာန် ၀ိပဿနာတရားဟာ မြန်မာ့ ထွက်ကုန်ပစ္စည်းတဲ့၊ ဒီထွက်ကုန်တွေ အဆက် မပြတ်ဖို့ စာချ-စာသင်-ချီးမြှောက်သူ သံဃာ-လူ-အုပ်ချုပ်သူ ဆိုတဲ့ မေတ္တာပန်း ၃-ပွင့်ပုံစံနဲ့ စာသင်တိုက်ကြီးတွေ ရပ်တည်နိုင်အောင် အားပေးချီးမြှောက် စောင့်ရှောက် နေကြရတာ ဖြစ်တယ်။

သာသနာနဲ့ပတ်သက်လို့ ဂုဏ်ယူစရာ အကောင်းဆုံးကတော့ မြန်မာပါ။ ဗုဒ္ဓသာသနာကြောင့် မြန်မာကို ကမ္ဘာကမော်ကြည့်နေတာ၊ သာသနာကြောင့် မြန်မာလှတာပါ။ မြန်မာတွေ အားလုံး ဗုဒ္ဓသာသနာ ရတနာ ကြောပေါ် ရောက်နေကြတယ်၊ အလုပ်လုပ်ဖို့ပဲလိုတယ်၊ နိဗ္ဗာန် မဂ်ဖိုလ်ထိတောင် အာမခံတာဝန်ယူထားတဲ့ သာသနာပဲ။ လောကီကောင်းကျိုးရဖို့လောက်တော့ အသာလေးပေါ့၊ သီလဆိုတဲ့ ကိုယ် နှုတ် စည်းကမ်း သမာဓိဆိုတဲ့ စိတ်စည်းကမ်း၊ ၀ိပဿနာပညာဆိုတဲ့ အသိစည်းကမ်း၊ ၃-ချက် အတိုင်းသာ လိုက်နာဆောင်ရွက် လုပ်ကိုင်နိုင်ကြရင် လောကုတ်လောကီ ကောင်းကျိုးအစုံ ရဖို့ သေချာပေါက်ပါ။ ပင်ကိုယ်အကျည်းတန် အရုပ်ဆိုးသူတွေတောင် သာသနာနဲ့တွေ့သွားရင် လှပထည်ဝါ ကျက်သရေရှိသွားတာချည်းပဲ။ ဗုဒ္ဓသာသနာဟာ ကမ္ဘာကိုရော လူကိုပါအလှဆင်ပြီး အေးမြ သာယာ ချမ်းသာစေပါတယ်၊ လူလှမှလဲ ကမ္ဘာက လှမှာပါ။

မေတ္တာသာသနာထဲကနေပြီး အသိနည်း အကျင့်နည်းတွေနဲ့ မေတ္တာဓာတ်တွေ ကူးယူနေကြရမှာပါ။ ကိုယ့်နှလုံး သားမှာ မေတ္တာထုံနေအောင် လေ့ကျင့်ဖို့လိုမယ်။ လူဆိုတာ အကောင်းဓာတ်နဲ့တကယ်တွေ့သွားရင် သူကျိုး ကိုယ်ကျိုး အစုံတိုးအောင် စွမ်းဆောင်ပေးနိုင်သည်ထိ တကယ်စွမ်းပါတယ်။ သတိ၊ ဉာဏ် အမြဲလိုအပ်မယ်ပေါ့။
မေတ္တာဆိုတာ တစ်ယောက်တည်းသော သားရင်းအပေါ် အသက်နှင့်ထပ်တူ ချစ်ခင် စောင့်ရှောက်နေတဲ့ မိခင်ရဲ့စိတ်မျိုး ကိုယ့်မှာ ဖြစ်ပေါ်တိုးပွားအောင် ထပ်တစ်လဲလဲ လေ့ကျင့် နေရတဲ့အလုပ်ပါ။ ခွင့်လွှတ်မှုနဲ့ ကောင်းကွက်ကို ရှုမြင်တတ်မှုကလဲ အားကောင်းမှ စိတ်ထဲမှာ မေတ္တာ နေရာရနိုင်ပါတယ်။ မိခင်ကိုပဲ ကြည့်ပါ။ သားသမီးအပေါ် အားလုံးခွင့်လွှတ်တယ်၊ ကောင်းကွက်ကိုရှာပြီး အမြဲချစ်တယ်၊ ရင်ခွင်ပေါ်မှာ ချီထား သိပ်ထားတုန်း သားသမီးငယ်က အညစ်အကြေးတွေ စွန့်ပစ်လိုက်တာတောင် မိခင်အပြုံး မပျက်ဘူး။ နည်းနည်းမှ အချစ်ပြယ်မသွားဘူး။ ခါတိုင်းထက် အချစ်သာတိုးနေတတ်တယ်၊ ကိုယ်လဲဒီလိုအရည်အသွေးပါတဲ့ မေတ္တာစိတ်နဲ့ သတ္တ၀ါတွေကို ချစ်တတ်အောင် လေ့ကျင့်ရမယ်၊ တစ်သံသရာလုံး ခြုံကြည့်ရင် သတ္တ၀ါအားလုံး
ဟာ ကိုယ့်ရဲ့ သားသမီးဟောင်းတွေချည်းပဲ။

မေတ္တာပွားဖန်များရင်-
(၁) စိတ်ထားကျယ်ပြန့်လာရတယ်။
(၂) မြင့်မြတ်တဲ့စိတ် ဖြစ်ပေါ်တိုးပွားလာရတယ်။
(၃) ခွဲခြမ်းခွဲခြမ်းမလုပ်ပဲ ကန့်သတ်ချက်ဘောင် တစ်စ တစ်စ ကင်းသွားရတယ်။
(၄) သူများအပေါ် ဒေါသရန်စိတ်တွေ မုန်းတီး စိတ်တွေ ကင်းစင်သွားတယ်။
(၅) စိတ်ဆင်းရဲမှုတွေလဲ ကင်းသွားတယ်။
သူများတွေကကိုယ့်ကို ရန်မလုပ်နိုင်အောင် အရည်အသွေးတွေလဲ တက်လာတယ်။
အဲဒါ မေတ္တာဂုဏ်ရည်ပဲ။

မေတ္တာပါမှ ဒါနလဲ စွမ်းအားတိုးတက် လေးနက်တယ်။ ကိုယ့်ပစ္စည်းကြောင့် သူချမ်းသာပါစေဆိုတဲ့ စိတ်ကောင်း တွေ မွှမ်းထုံပေးနိုင်ရင် ဒါနအကျိုးပေး သိပ်ထက်သန်သွားမယ်ပေါ့။ သီလလဲခိုင်မြဲတယ်၊ ကိုယ့်ကြောင့် ဘယ်သူ မှ ဒုက္ခမရောက်စေရဘူး၊ အားလုံးချမ်းသာစေရမယ် ဆိုတဲ့ စိတ်ကောင်းရှိနေရင် သီလဟာ အလိုအလျောက် ပြည့်စုံလုံခြုံနေပြီပေါ့။ မေတ္တာ ကြိုတင်ပို့ထားမှပဲ ဘာဝနာလဲ အနှောင့်အယှက်ကင်းပြီး တိုးတက်အောင်မြင် တယ်။ ဘာမဆို မေတ္တာပါမှပဲ အဆင်ပြေပါတယ်။ လူဆိုတာ တစ်ယောက်တည်း ချည်းနေ ရတာ မဟုတ်ပဲ အများနဲ့လဲ တွဲတွဲနေရတာဖြစ်လို့ မေတ္တာကိုင်မှ အများနဲ့အဆင်ပြေပြီး ပျော်ရွှင်အေးချမ်းမှာပါ။ တစ်ယောက် တည်း တည့်အောင် သတိကိုသုံးပေါ့၊ အများနဲ့တည့်ဖို့ မေတ္တာကို ကိုင်ရုံပေါ့၊ ဒါဆိုနေပျော်ပါတယ်။ မေတ္တာလို ချင်ရင် ခန္တီနဲ့ အမာခံတည်ဆောက်ရတယ်၊ ဥပေက္ခာ နဲ့လဲ ဘောင်ခတ်တတ်ရတယ်၊ ဒါမှတိုးတက် မှာပဲ။

စာဖတ်သူများအားလုံး မေတ္တာဓာတ်တွေ တိုးပွားပြီး တိုတောင်းလှတဲ့ လူ့ဘ၀မှာ ငြိမ်းချမ်းစွာနေနိုင် သဖြင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တိုင်အောင် ရနိုင် ရောက်နိုင်ကြပါစေ…

တိပိဋက ယောဆရာတော်ရေးသော
မေတ္တာနှလုံး အလှဆုံး စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။


သာသနာ့အလံ

သာသနာ့ အလံအကြောင်း အပြည့်အစုံကို အစ်မရွှေပြည်သူ ဘလော့မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီမှာ ဖတ်လိုက်ရင် ပိုမို ပြည့်စုံစွာ သိရမှာပါ။
သာသနာ့အလံအရောင် နဲ့ပတ်သတ်လို့ ဓမ္မစေတီဆရာတော်က မှတ်သားရ လွယ်ကူအောင် လင်္ကာနဲ့ ဟောကြားခဲ့ပါတယ်။
ခြောက်ရောင် ကွန့်မြူး၊ တင့်ထူးပေဟန်၊
သာသနာ့အလံ၏၊ ဓိပ္ပါရံကို၊ ဖွင့်ဆိုရန်မှာ၊
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊
နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း
တဏှာကင်းပြောင် လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်
ဓမ္မစေတီ။


အရောင်များ
အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။
ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။
ဝါသောရောင်ခြည် (ပီတ) = အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။
နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။
ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊
လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။
အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးနဲ့တွေ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။
သာသနာ့ အလံနှင့် ပတ်သတ်လို့ ယခုလောက်သိခွင့်ရကြရင် ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။

သာသနာကို စောင့်ရှောက်နိုင်တဲ့ သူတောင်ကောင်းများ ဖြစ်ကြပါစေ…